14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသော ဘက်တီးရီးယားပိုး

မိုးလေကင်းစင်၍ ရာသီဥတုက သာယာနေ၏။

ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်တွင် ယာဉ်မျိုးစုံသွားလာနေ၏။

ဒေးဗစ်ရွှေနုလမ်းထိပ်မှ ကြည့်လျှင် ဓားလွယ်ခုတ်အရပ်၌ တည်ရှိသော 'ငွေတောင်' လက်ဖက်ရည်ဆိုင်တွင် လူစည်ကားလျက်ရှိ၏။

ထိုဆိုင်သည် လက်ဖက်ရည် အရသာကောင်းသဖြင့် သမိုင်းခဝဲခြံ တစ်ဝိုက်တွင် နာမည်ကြီးလျက်ရှိ၏။

နံနက်ခင်းတွင် လာရောက်ပါက ဒေါ်ပြုံးထမင်းကြော်ဆိုင်မှ ထမင်းကြော်နှင့် ဝက်သားဟင်းကိုလည်း မှာယူစားသောက်နိုင်၏။

ယနေ့  နံနက်ခင်းတွင် အငြိမ်း စားကျောင်းအုပ်ဆရာကြီး ဦးမြသာ၊ အင်းစိန်သားကဗျာဆရာ မောင်တိုင် ပြာ၊ ဆန်းဗေဒင်ဟောတတ်သော  ကဗျာဆရာမ မကြည်ဆွေ၊ ဝတ္ထုတို ဆရာမ မစပယ်၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၊ စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်တို့ ရောက်ရှိနေကြ၏။

ယခင်က ထိုလူစုသည် ရွှေဘုံသာလမ်းရှိ 'လေညိုကုန်း' လက်ဖက် ရည်ဆိုင်တွင် စုဝေးနေကြဖြစ်၏။

ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းက 'ညောင်ရမ်း' ဆေးတိုက်တွင် မလုပ်တော့သဖြင့် ဝိုင်းတော်သားများ ရွှေဘုံသာလမ်းသို့ မရောက်ကြတော့ပေ။

ယခုအခါ 'ငွေတောင်' လက် ဖက်ရည်ဆိုင်တွင်သာ စုဝေးကြ၏။

အငြိမ်းစားကျောင်းအုပ်ကြီး ဦးမြသာသည် အဂ္ဂိရတ်ဝါသနာပါသူဖြစ်၏။ ရင်းနှီးသူများက 'မြေလျှောက် ဝိဇ္ဇာ'ဟု ခေါ်ကြ၏။

ဝိုင်းတော်သားများသည် စာပေရေးရာများကို ဆွေးနွေးလေ့ရှိရာ စာပေဝါသနာရှင်များကလည်း လာ ရောက်နားထောင်ကြ၏။

ယနေ့တွင် ဒေါက်တာရဲမိုးမြင့် ဆန်း၊ ဒေါက်တာမင်းလှသီဟသူ၊ အင်ဂျင်နီယာကိုသုတ၊ ကျူရှင်ဆရာ ကိုညီထွဋ်မိုးတို့လည်း ရောက်ရှိနေ၏။

စာပေရေးရာများ ဆွေးနွေးရင်းမှ ကဗျာဆရာမောင်ဒေါနအကြောင်း ရောက်ရှိသွား၏။ မောင်ဒေါန၏ မော် ဒန်ကဗျာများကို ဝေဖန်ရေးလုပ်နေ ကြ၏။

''ကိုတိုင်ပြာရေ၊ မောင်ဒေါနအကြောင်းပြောမှ သတိရတယ်။ မောင်ဒေါန တစ်ယောက်မမြင်တာ ကြာပြီ''

''မောင်ဒေါန မလာနိုင်ဘူး ဦးမြသာ၊ သူ့ဘကြီးက အဆုတ်ကင်ဆာနဲ့ ဆေးရုံတက်နေရတယ်။ ကင်ဆာ ဆေးသွင်းနေရတယ်။ ဘကြီးက မိသားစုမရှိရှာတော့ မောင်ဒေါနကပဲ  လူနာစောင့်လုပ်နေရတယ်''

''ဟုတ်လား၊ ဒါဆို ဘယ်လာနိုင်မလဲ''

''ဒါပေါ့၊ အလုပ်ရှုပ်နေရှာမှာပေါ့''

ထိုစဉ် ဒေါက်တာမင်းလှသီဟ သူက ဝင်ပြောလိုက်၏။

''ကင်ဆာဆေးသွင်းတယ်ဆိုတော့  ရောဂါရင့်နေတဲ့ သဘောပဲ၊ တလောက ကျွန်တော်ထူးဆန်းတာ ဖတ်လိုက်ရတယ်''

''ဘာများလဲ ဆရာ၊ စိတ်ဝင်စား စရာဆိုရင် ပြောပြပါဦး''

''ဒီလိုဗျ၊ လူတွေရဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ သဘာဝအလျောက် ဘက်တီးရီးယားပိုးတွေရှိနေတယ်။ ဒါကို ပြင်သစ်သုတေသီတွေနဲ့ အမေရိကန်သုတေသီတွေ လေ့လာကြတယ်။ ဒီပိုးတွေက ကင်ဆာဆေးသွင်းရင် ထိရောက်မှုရှိ မရှိပေါ်မှာ သြဇာသက်ရောက်တယ်ဆိုပဲ''

''ဟာ-ထူးဆန်းတယ်ဗျာ၊ ဘက်တီးရီးယားပိုးဆိုတာက သေးသေးကလေးပဲ၊ သာမန်မျက်စိနဲ့မမြင်ရဘူး။ အားကောင်းတဲ့ မှန်ဘီလူးနဲ့မှမြင်ရ တာ၊ ဒီလောက်သေးတဲ့ အရာက ကင် ဆာကုသရေးမှာ သြဇာသက်ရောက်တာ အံ့စရာပဲဗျ''

''ဟုတ်တယ်၊ အံ့စရာပဲ''

''ဒီသုတေသနအကြောင်းကို Science ဆိုတဲ့ သိပံ္ပပညာဂျာနယ်မှာ ဖော်ပြခဲ့တယ်။ သုတေသီတွေက Immunotherapy ရဲ့ အစွမ်းထက်မှုနဲ့ အူထဲက ဘက်တီးရီးယားပိုး အမျိုးအစား ဆက်စပ်မှုကို လေ့လာခဲ့တယ်။ Specipic Species ကိုရော Overall Diversity ကိုပါ လေ့လာခဲ့တယ်''

''ပြည့်ပြည့်စုံစုံ လေ့လာခဲ့တာပဲ''

''ဟုတ်ပါတယ်။ ရလဒ်က စိတ်ဝင်စားစရာကောင်းတယ်။ အားရစရာလည်းကောင်းတယ်။ နောင် အနာဂတ်အတွက် အလားအလာ လည်းကောင်းတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''လူသားတွေရဲ့ အူလမ်းကြောင်းမှာ ပိုးပမာဏက အကြီးကြီးပဲ၊ ပိုးကောင်ရေက Trallion နဲ့ ချီပြီးရှိတယ်တဲ့။ Billion ထက်တောင်များသေးတယ်။ ပြီးတော့အရင်က သိခဲ့တာက ပိုးဆိုရင် ရောဂါဖြစ်စေတာပဲသိခဲ့တယ်။ ခုတော့ ပိုးတိုင်းရောဂါဖြစ်စေတာ မဟုတ်ဘူး။ ကောင်းကျိုးပေးတဲ့ ပိုးလည်းရှိတာ သိလာပြီ။ ကူးစက် ရောဂါတင်ဖြစ်စေတာ မဟုတ်ဘူး။ တချို့ပိုးက ကုသရေးမှာလည်း အထောက်အကူပြုတာ သိလာရပြီ''

''ဟုတ်ကဲ့ ဆရာ''

''ဘက်တီးရီးယားပိုးတွေက အစာချေရာမှာလည်း ကူညီတယ်။ တခြားပိုးတွေ ဝင်မလာအောင်လည်း  တားဆီးပေးတယ်။ ကိုယ်ခံစွမ်းအား စနစ်ပုံမှန်ဖြစ်အောင်လည်း ကူညီထိန်းကျောင်းပေးတယ်''

''ဟုတ်ကဲ့ ဆရာ''

''တချို့ပိုးက အထူးမတဲ့တာမဖြစ်အောင် ကူညီတယ်။ Allergy ပေါ့ဗျာ။ ပိုးတွေကကောင်းတဲ့အချက် တွေရှိတာ သိလာရပြီ။ ယခင်ကတော့ ပိုးဆိုရင် ရောဂါဖြစ်စေတာပဲသိတယ်''

''ဟုတ်ကဲ့ ဆရာ''

''သုတေသနကနှစ်ခုလုပ်ခဲ့တာ၊ နှစ်ခုစလုံးရဲ့ရလဒ်က ကောင်းတယ်တဲ့။ အစမ်းသပ်ခံလူနာတွေက Immunotherapy နဲ့ ကုသမှုခံယူနေရတဲ့ လူနာတွေတဲ့၊ တချို့လူနာတွေဆိုရင် ရောဂါကျွမ်းတဲ့ အဆင့်ရောက်နေပြီ။ ဒါတောင်ပိုးတွေကူညီလို့ အခြေအနေ ကောင်းလာတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''သုတသနေတစ်ခုက Paris မှာ လုပ်တာ၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကင်ဆာအထူးကုဗဟိုဌာနကြီး တစ်ခုရှိတယ်။ Gustace Roussy Cancer Campus လို့ ခေါ်တယ်။ အဆုတ်ကင်ဆာနဲ့ ကျောက်ကပ်ကင် ဆာဖြစ်နေတဲ့ လူနာစုစုပေါင်း ၂၄၉ ဦးကို စမ်းသပ်လေ့လာခဲ့တယ်။ တချို့ လူနာကခံတွင်းမှာ ရောဂါပိုးစွဲလို့ ပဋိဇီဝဆေးသောက်ရတယ်။ ပဋိဇီဝဆေးကြောင့် အူထဲကပိုးကောင်းတွေ သေကုန်တယ်။ အူထဲကပိုးကောင်းတွေရဲ့ အကူအညီမရတော့ဘူး။ ဒီလို လူနာမျိုးမှာ ကုသနေဆဲမှာပဲ ကင်ဆာကျိတ်က ကြီးကြီးလာတယ်''

''Immunotherapy က မတိုးဘူး ဖြစ်နေတာပေါ့နော်''

''ဟုတ်တယ်၊ ကုသမှု မထိရောက်ဘူး။ ဘက်တီးရီးယားပိုးတစ်မျိုး အူမှာရှိနေတဲ့ လူနာမျိုးကျတော့ ကုသမှုအောင်မြင်တာတွေ့ရတယ်။ ဒီဘက်တီးရီးယားပိုးနာမည်က Akkermansia Muciniphla လို့ ခေါ်တယ်။ ဒီပိုးကို အူလမ်းကြောင်းမှာ တွေ့ရရင် အခြေအနေကောင်းတယ်''

''ဟုတ်ကဲ့ ဆရာ''

''ဒီပိုးကို ကြွက်မှာလက်တွေ့စမ်း သပ်ကြည့်ခဲ့တယ်။ ဒီပိုးရဲ့ အကူအညီကြောင့် ကြွက်ဟာ Immunotherapy လုပ်ရင် အကျိုးရှိတာတွေ့ရတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ခုပြောတာက ပထမသုတေသနပေါ့ဗျာ၊ ဒုတိယ သုတေသနက အမေရိကားမှာလုပ်ခဲ့တာ၊ Texas ပြည်နယ်မှာရှိတဲ့ University of Texas လက်အောက်ခံ MD Anderson Cancer Center မှာ လုပ်ခဲ့တာ၊ အစမ်းသပ်ခံလူနာပေါင်း ၁၁၂ ဦးကို  လေ့လာခဲ့တယ်။ ဒီလူနာတွေမှာ Advanced Melanoma ရှိနေတယ်။ အရေပြား ကင်ဆာတစ်မျိုးပေါ့။ ရောဂါက အခြေအနေဆိုးနေတဲ့ အ ဆင့်ဗျ၊ ဒီလူနာတွေရဲ့ အူထဲက ပိုးတွေကို ခွဲခြမ်း စိတ်ဖြာပြီးလေ့လာခဲ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''ရလဒ်က အူလမ်းကြောင်းထဲမှာ ပိုးတွေ စုံစုံလင်လင်ရှိတဲ့ လူနာတွေက ဆေးကုတဲ့အခါ ပိုပြီးထိ ရောက်တာတွေ့ရတယ်တဲ့။ အထူးသဖြင့် တချို့ပိုးတွေက ကောင်းကျိုး သိသိသာသာပေးတာတွေ့ရတယ်တဲ့၊ ပိုးနာမည်က င်္Faecalibacerium ရယ်၊ Clostridiales ရယ် နှစ်မျိုးတဲ့၊ ဒီနှစ်မျိုးက ပိုပြီးအကျိုးပြုတယ်''

''ဟုတ်ကဲ့ ဆရာ''

''ပိုးတိုင်းတော့လည်း ကောင်းကျိုးမပေးဘူး။ ဥပမာ Bacteroidales အုပ်စုဝင်မျိုးစိတ်တွေဆိုရင် ဆိုးကျိုးပေးတယ်''

''ဟုတ်ကဲ့ ဆရာ''

''ကောင်းကျိုးပေးတဲ့ ဘက်တီးရီးယားပိုးရှိနေတဲ့ လူနာတွေဆီက အသားစနမူနာတွေယူပြီး လေ့လာခဲ့ တယ်။ ကင်ဆာကျိတ်ရှိတဲ့နေရာက အသားစနမူနာကို လေ့လာတဲ့အခါ Cancer Killing Immune Cell အရေအတွက်ပိုပြီး များများရှိနေတာတွေ့ရတယ်တဲ့။ Immune Cell များများရှိရင် အခြေအနေကောင်းတာပေါ့ဗျ''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတွေက Trans-Poo-Sion ဆိုတဲ့စမ်းသပ်ချက်ကိုလည်း လုပ်ကြည့်ခဲ့တယ်။ သူတို့က Melanoma ဆိုတဲ့ အရေပြားကင်ဆာ တစ်မျိုးရှိနေတဲ့ ကြွက်တွေကို ရွေးချယ်ခဲ့တယ်။ ပြီးတော့ လူဆီကပိုးတွေကို ကြွက်ထဲရောက်စေတယ်။ ရောက်ပုံရောက်နည်းက လူဆီက Faecal Matter ကို ကြွက်ထဲ ထည့်တာ''

''ထူးဆန်းတယ်နော်''

''သုတေသနက ထူးဆန်းတာတွေလည်း လုပ်ရတယ်။ တချို့ ကြွက်ကို Good Mix of Bacteria ရှိနေတဲ့ လူနာဆီက ပိုးကိုထည့်တယ်။  တချို့ ကြွက်ကို Bad Bacteria ရှိတဲ့ လူနာဆီက ပိုးကိုထည့်တယ်။ ယှဉ်ကြည့်လိုက်တော့ Good Mix of Bacteria ထည့်ထားတဲ့ ကြွက်က အခြေအနေကောင်းတယ်။ Good Mix of Bacteria ထည့်လိုက်ရင် ကင်ဆာကျိတ်ရဲ့ ကြီးထွားနှုန်းက နှေးသွားတယ်''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတစ်ဦးဖြစ်တဲ့ Dr.Jennifer Wargo က ပြောတယ်။ တကယ်လို့ လူနာရဲ့ အူလမ်းကြောင်း က ပိုးတွေပုံမှန်မဟုတ်အောင်လုပ်ခဲ့ရင် ကင်ဆာကုရာမှာ ထိရောက်မှု လျော့ပါးသွားပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''Dr.Wargo က Clinical Trial တွေ ထပ်လုပ်ဖို့ စီစဉ်ထားတယ်။ ကင်ဆာကုရာမှာ ပိုးအမျိုးမျိုးရဲ့ ထိ ရောက်ပုံကို လေ့လာဖို့အတွက်ပဲ၊ လူနာကိုယ်ထဲက ပိုးအပြောင်းအလဲတို့ လေ့လာမယ်။ အကျိုးရှိပုံကို လေ့လာမယ်။ ပါရဂူတွေ ယူဆချက်က အကူအညီပေးမယ့် ပိုးကောင်းရအောင် လုပ်ပေးရင် ကုသမှုမှာ အထောက်အကူပြုမှာဖြစ်ပါတယ်တဲ့။ ဒီယူဆချက်ကို သက်သေပြဖို့ပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာ''

''အူထဲက ဘက်တီးရီးယားပိုးတွေက အတော်အရေးပါတယ်။ ကင်ဆာကုရာမှာတင်မကဘူး။ အထွေ ထွေ ကျန်းမာရေးမှာလည်း  အရေးပါတယ်။ ဒါကြောင့် ပါရဂူတွေက တင်စားပြီး “Game-Changing” ဆိုတဲ့ စကားလုံးကိုတောင် သုံးစွဲပြီး အမွှမ်းတင်ကြတယ်''

''ဟုတ်ကဲ့ ဆရာ''

''Kingston University က Professor of Medical Biology ဖြစ်တဲ့ Mark Fielder က ပြောတယ်။ သူက President of the Society of Applied Microbiology လည်းဖြစ် တယ်။ သူကပြောတယ်။ လူသား ခန္ဓာကိုယ်ထဲမှာ သဘာဝအလျှောက် ဘက်တီးရီးယားပိုးမျိုးစုံရှိနေပါတယ်တဲ့။ ဒီပိုးတွေဟာ လူသားတွေ ကျန်းမာရေးအတွက် အရေးကြီးပါတယ်တဲ့။ ခုသုတေသနတွေက ဒီအချက်ကို ဖော်ပြနေပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''သူက ဆက်ပြောတယ်။ ခု သုတေသနတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်တဲ့။ အလားအလာ လည်း ကောင်းပါတယ်တဲ့။ အနာဂတ်မှာ ကုထုံးသစ်တွေရလာမှာပါတဲ့။ နောက်ထပ် သုတေသနတွေလည်း လုပ်သင့်ပါတယ်တဲ့။ ဘက်တီးရီးယားပိုး အနေအထားကို ပြုပြင်ပြောင်းလဲ နိုင်ရင် အကျိုးရှိမှာဖြစ်ပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''UK မှာရှိတဲ့ Cancer Research ဆိုတဲ့ ကင်ဆာသုတေသနဌာနကြီးက ပါရဂူ Dr.Emma Smith က ပြောတယ်။  ခုသုတေသနတွေဟာ စိတ်ဝင်စားစရာကောင်းပါတယ်တဲ့။ ကင်ဆာကုသရာမှာ Immunotherapy ဟာ အရေကြီးပါတယ်တဲ့။ ဘယ် လူနာတွေက ကုသမှုနဲ့ အကျိုးရှိမယ်ဆိုတာကို ရွေးချယ်ရပါမယ်တဲ့။ ခုလို ရွေးချယ်ရာမှာ ခုသုတေသန ရလဒ်တွေက အထောက်အကူပြုမှာဖြစ်ပါ တယ်တဲ့''

''သတင်းကောင်းပါပဲ ဆရာ''

''နောင်ဆိုရင် Immunothrapy ကိုလည်း ထိထိရောက်ရောက်သုံးစွဲ နိုင်တော့မှာပေါ့ဗျာ။ ကင်ဆာလူနာ တွေအတွက် မျှော်လင့်ချက်ပေါ့ဗျာ''

''ဟုတ်ပါတယ် ဆရာ''

''ဒီနေ့တော့ စာပေဗဟုသုတ တင်မကဘူး။ ဆေးပညာဗဟုသုတ ပါရလိုက်တယ်ဗျာ၊ မကြာမကြာလာ နားထောင်ဦးမယ်''

စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်က ပြောလိုက်၏။

''ဒီဝိုင်းက စနေ၊ တနင်္ဂနွေမနက်ပိုင်းပဲ ရှိတယ်။ 'လေညိုကုန်း'နဲ့ မတူဘူး။ ဦးလွင်ဆင့်အားရင် မနက် ပိုင်းပဲလာဗျ''

''လက်ဖက်ရည် အလှူရှင်က ရော''

''အဲဒါကတော့ မပြောင်းလဲဘူး။ အရင်လိုပဲ ဦးဥာဏ်အုန်းပါပဲ''

လက်ဖက်ရည် အလှူရှင်အမည် သိလိုက်ရ၍ ဦးလွင်ဆင့်က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်လေ ၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။      ။ BBC News မှ “Gut Backeria Boost Cancer Therapy” ဆေးပညာဆောင်းပါးကို မှီးခြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.