14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
မွေးရာပါရောဂါ ကုထုံးသစ်

မိုးလေကင်းစင်၍ ရာသီဥတုက သာယာနေ၏။

မြို့စွန်တစ်နေရာတွင် ကြီးမားသော ညောင်ပင်ကြီးတစ်ပင်ရှိ၏။

ထိုညောင်ပင်ကြီးနှင့် မလှမ်းမကမ်းတွင် 'လမ်းပြကြယ်'ဟု ဆိုင်းဘုတ်တပ်ထားသော ကိုယ်ပိုင်ဆေးကု ဂေဟာတစ်ခုရှိ၏။

အနီးအနားနေရပ်ကွက် လူထုက တရားဝင်အမည်အစား 'ရွှေညောင်ပင်' ဆေးခန်းဟုသာ အလွယ် တကူခေါ်ကြ၏။

ဆေးခန်းပိုင်ရှင်ဒေါက်တာရဲ ခေါင်မိုးမြင့်ကိုလည်း ကွယ်ရာတွင် 'ရုက္ခစိုးကြီး' ဟု ခေါ်ကြ၏။

သားသမီးမရနိုင်သော စုံတွဲအချို့ကို  အဆင်ပြေစေရန် ကူညီခဲ့ဖူး၍ ထိုသတင်းပျံ့နှံ့သွားသောအခါ ၄င်းအမည်ပြောင်ကို ရရှိသွားလေ၏။

ယနေ့တွင် အငြိမ်းစားကျောင်းအုပ်ကြီး ဦးမြသာ၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းနှင့် ဒေါက်တာမင်းလှသီဟသူတို့ ရောက်ရှိလာကြ၏။

ဧည့်သည်လာပါကအနီးရှိ လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးတွင် ဒေါက်တာရဲကျော်မိုးမြင့်က ဧည့်ခံလေ့ရှိ၏။

ထိုဆိုင်ကလေးတွင် တရားဝင် အမည်မရှိပေ။

လက်ဖက်ရည်ဝါသနာအိုးများက 'ရွှေညောင်ပင်ကဖီး'ဟု အလွယ်တကူ ကင်ပွန်းတပ်လိုက်ကြ၍ ထိုအမည်ဖြင့်သာ လူသိများနေ၏။

ဒေါက်တာရဲခေါင်မိုးမြင့်တို့ အုပ်စုရောက်ရှိသွားသောအခါ စားပွဲထိုးကလေး သာဂိက လျင်မြန်စွာလက်ဖက်ရည်နှင့် ရေနွေးကြမ်းကရားများ လာရောက်ချပေး၏။

''ဟာ- သာဂိ၊ မြန်လှချည်လား၊ ဘယ်တုန်းက ဖျော်လိုက်သလဲ''

''ဘဘဦးမြသာလျှောက်လာ တာမြင်ကတည်းက ဖျော်လိုက်တာ၊ ဘဘဦးဥာဏ်အုန်း ရော၊ ဆရာရော ထပ်ရောက်လာတော့ ထပ်ဖျော်ထားတယ်၊ မကြာခင် ဆိုင်ကိုလာမှာ ကြိုသိနေတယ်လေ''

''ဟာ-တယ်တော်တဲ့ သာဂိပဲ''

ယခင်က 'လေညိုကုန်း' လက်ဖက်ရည်ဆိုင်ကလေးတွင် ကြွက်နီဟူသော စားပွဲထိုးကလေးတစ်ဦးရှိခဲ့ဖူး၏။  ယခုထိုဆိုင်ကလေးမရှိတော့ပေ။

'လေညိုကုန်း'ကို မှီလိုက်သော ဒေါက်တာရဲခေါင်မိုးမြင့်အဖို့ သာဂိ သည် 'ဒုတိယ ကြွက်နီ'ဖြစ်တော့၏။ လျင်မြန်ဖျတ်လတ်မှု၊ အကွက်မြင်မှု၊ ပါးနပ်မှုတို့တွင် သာဂိသည် ကြွက်နီနှင့် တန်းတူဖြစ်၏။

'ရွှေညောင်ပင်ကဖီး' လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် တပည့်မွေးတော်လေစ္စဟု စိတ်ထဲမှ ကျိတ်၍ ချီးကျူးမိ၏။

မကြာမီ စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်နှင့် အင်းစိန်သား ကဗျာဆရာမောင်တိုင်ပြာတို့ ထပ်မံရောက်ရှိလာ၏။ သာဂိက နက်(စ်)ကော်ဖီတစ်ခွက်နှင့် ပေါင်မုန့်ထောပတ်သုတ် တစ်ပန်းကန်လာချပြန်၏။

ဦးလွင်ဆင့်က နက်(စ်)ကော်ဖီ သောက်လေ့ရှိပြီး မောင်တိုင်ပြာက လက်ဖက်ရည်မသောက်ဘဲ မုန့်သာစားတတ်၏။ ထိုအချက်ကိုလည်း သာဂိက ကောင်းစွာမှတ်မိနေပြန်၏။

''သုံးဆောင်ကြပါ၊ ဆေးခန်းက ညနေမှဖွင့်တာ၊ ခုလိုနေ့လယ်ခင်းမှာ အေးအေးဆေးဆေးဆွေးနွေးရင် သုံးဆောင်ကြတာပေါ့''

''ဆရာ့လူနာပေါက်တောက အဘိုးကြီး သက်သာလား''

''သူ့ရောဂါက မွေးရာပါဗျ၊ မျိုးရိုး ဗီဇချို့ယွင်းချက်ဆိုတော့  သက်သာရုံပဲ မပျောက်ဘူး''

''မွေးရာပါရောဂါဆိုလို့ သတိရပြီး ကျွန်တော်တလောက ဖတ်မိတာရှိတယ်။ တရုတ်ပညာရှင်တွေက သန္ဓေသားဘဝမှာတင်ခွဲစိတ်ပြုပြင်ပြီး ရောဂါပါမလာအောင် လုပ်နိုင် ပြီတဲ့၊ ခုလိုလုပ်နိုင်တာလည်း ကမ္ဘာမှာပထမဆုံးတဲ့''

''ဟုတ်လား၊ သန္ဓေသားကို ခွဲစိတ်တယ်ဆိုတော့  ခဲရာခဲဆစ်ပဲ၊ စိတ်ဝင်စားစရာပဲ''

''ဟုတ်တယ်၊ စိတ်ဝင်စားစရာပဲ၊ ခွဲစိတ်မှုကို Precise Chemical Surgery လို့ တင်စားပြီး နာမည်ပေးထားတယ်၊ ဒီစမ်းသပ်ချက်လုပ်ခဲ့တဲ့ နေရာက Sun Yat-Sen University မှာပဲ၊ သုတေသီတွေက Base Editing ဆိုတဲ့ နည်းပညာကို သုံးခဲ့တယ်။ လူသား ခန္ဓာကိုယ်မှာ မျိုးရိုးဗီဇဆိုင်ရာ လျှို့ဝှက်သင်္ကေတတွေ အများကြီးရှိတယ်။ Genetic Code ပေါ့ဗျာ၊ Genetic Code ကို Letter စုစုပေါင်း၊ 3 Billion နဲ့ တည်ဆောက်ထားတယ်။ အဲဒီဘီလျံနဲ့ချီတဲ့ Letter တွေထဲက Single Error ကို ဖယ်ထုတ်လိုက်တာ၊ သိပ်ကိုအံ့သြစရာကောင်းတယ်''

''3 Billion ဆိုတော့ သန်းသုံးထောင်ပဲ၊ သန်းသုံးထောင်ထဲက တစ်ခုကို ရှာရတာဘယ်လွယ်ပါ့မလဲ''

''ဟုတ်တယ်၊ မလွယ်ဘူး၊ သုတေသီတွေက Beta-Thalasemia ဆိုတဲ့ မွေးရာပါသွေးရောဂါတစ်မျိုးကို ကုနိုင်ခဲ့တယ်။ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ သန္ဓေသားထဲက ရောဂါရှိတဲ့အရာကို ဖယ်ထုတ်နိုင်ခဲ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတွေက ခုနည်းသစ်ဟာ တစ်နေ့သိပ်ကို  အသုံးဝင်လာမှာပါတဲ့၊ မျိုးရိုးဗီဇရောဂါတော်တော်များများကို ဒီနည်းနဲ့ ကုနိုင်ပါလိမ့်မယ်တဲ့''

''ဒါဆို သိပ်ကောင်းတာပေါ့ဗျာ၊ မျိုးရိုးဗီဇရောဂါတွေက ခုလောလော ဆယ်မှာ အမြစ်ပြတ်ကုနိုင်ဖို့က မလွယ်သေးဘူးလေ''

''လူသားမျိုးရိုးဗီဇကို DNA လို့ ခေါ်တယ်။ DNA မှာ Fundamental Building Block တွေရှိတယ်။ Base Editing က ဒီ Block တွေကို ပြောင်းလဲပစ်တယ်။ Building Block တွေက Adenine ရယ် Cytosine ရယ် Guanine ရယ် Thymine ရယ် လေးခုရှိတယ်''

''ဟုတ်ကဲ့ ဆရာ''

''ဒီ Block တွေကို အတိုကောက် A,C,ွ နဲ့ T လို့ခေါ်တယ်၊ လူ့ခန္ဓာ  ကိုယ်တည်ဆောက်မှုကို ဒီအက္ခရာလေးလုံးက ထိန်းချုပ်တယ်။ လုပ်ငန်း ဆောင်တာကိုလည်း ဒီအက္ခရာလေးလုံးကပဲ ထိန်းချုပ်တယ်။ ဒီအက္ခရာလေးလုံး ပေါင်းစပ်မှု မှန်ကန်ရင် ရောဂါကင်းတယ်၊ လွဲချော်ရင် ရောဂါပါလာရော''

''ဟုတ်ကဲ့ ဆရာ''

''Beta Thalassemia ဆိုတဲ့ သွေးရောဂါက မွေးရာပါရောဂါ၊ ဒီရောဂါဟာ အက္ခရာလေးလုံးပေါင်းစပ်မှု လွှဲချော်လို့ဖြစ်လာတာ၊ လွဲချော်လို့ ရောဂါဖြစ်လာတယ်။ ဒီရောဂါက လူနာအတွက် အသက်အန္တရာယ် တောင်ဖြစ်စေနိုင်တယ်။ ဒီရောဂါမှာ လွဲချော်တာက တစ်ခုတည်းပဲ၊ Genetic Code မှာ Single Base ပဲ လွဲချော်တာ၊ ဒါကို  ဆေးပညာဝေါဟာရ နဲ့ Point Mutation လို့ ခေါ်တယ်''

''ဟုတ်ကဲ့ ဆရာ''

''တရုတ်သုတေသီအဖွဲ့က ဒီချို့ယွင်းချက်ကို ပြုပြင်ခဲ့တယ်။ သူတို့က DNA တစ်ခုကို မွှေနှောက်စစ်ဆေးတယ်။ Scan လုပ်တယ်၊ အဲသလိုလုပ်ပြီး Error ကိုရှာတယ်၊ တွေ့တော့ D ကို A ပြောင်းလိုက်တယ်၊ G က Error ၊ A က အမှန်၊ A ဖြစ်သွားတော့ ရောဂါ မရှိတော့ဘူး''

''ထူးဆန်းတယ် ဆရာ''

''သုတေသီတစ်ဦးဖြစ်တဲ့ Junjiu Huang က ပြောတယ်၊ သူတို့ဟာ ကမ္ဘာမှာ ပထမဦးဆုံးအကြိမ်မျိုးရိုး ဗီဇကုထုံးသစ်ကို ရှာတွေ့ခဲ့တာပါတဲ့၊ Base Editor System ကို သုံးပြီး မျိုးရိုးဗီဇကုထုံးကို တီထွင်ခဲ့တာပါတဲ့''

''ဟုတ်ကဲ့ ဆရာ''

''သူက ဆက်ပြောတယ်၊ ခုလို နည်းသစ်ရလာလို့ လူနာတွေကို ကုနိုင်လာပါလိမ့်မယ်တဲ့၊ ရောဂါမဖြစ်ခင် မွေးစကလေးငယ်တွေကိုလည်း ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်တဲ့၊ နောင်ကျရင် သွေးရောဂါသာမက တခြားမွေးရာပါရောဂါတွေကိုလည်း ကုသနိုင်ပါလိမ့်မယ်တဲ့''

''သတင်းကောင်းပဲ ဆရာ''

''ဒီစမ်းသပ်ချက်မှာ သွေးရောဂါရှိတဲ့ လူနာဆီက အသားစနမူနာတွေ ယူခဲ့တယ်၊ ပြီးတော့ Cloning လုပ်ပြီး ရလာတဲ့ လူသားသန္ဓေသားကို စမ်းသပ်ခဲ့တယ်''

''သိပံ္ပလောကမှာ တိုးတက်မှုတွေ အများကြီးရှိလာနေပြီး မကြာခင်က Crispr ဆိုတဲ့ နည်းသစ်ပေါ်လာတယ်။ ဒီ Crispr က Gene-Editing နည်းတဲ့၊ ဒီနည်းဟာ သိပံ္ပလောကမှာ တော်လှန်ရေးတစ်ရပ်လိုပဲ ထူးခြား တယ်။ ခုနည်းကလည်း Crispr နည်းကို အခြေခံပြီး ထပ်ဆင့်ထားတာ၊ ပိုပြီးကောင်းအောင်လုပ်ထားတာ၊ ခုနည်းကို Base Editing လို့ ခေါ်တယ်''

''ဟုတ်ကဲ့ ဆရာ''

''Crispr နည်းကို ပြန်ပြောရရင် အဲဒီနည်းမှာ DNA ကို ဖြိုခွဲတယ်။ DNA ကို ခန္ဓာကိုယ်က ပြန်ပြုပြင်တယ်။ ပြုပြင်တဲ့နေရာမှာ တချို့ညွှန်ကြားချက်ကို ပြုပြင်တယ်။ Deactivate လုပ်တယ်။ New Genetic Information ကိုလည်း Insert လုပ်နိုင်တဲ့ အခွင့်အရေးရတယ်''

''ဟုတ်ကဲ့ ဆရာ''

''UK က သုတေသီတွေကလည်း Human Embryo တွေပေါ်မှာ စမ်းသပ်ခဲ့တယ်။ Professor David Liu ဆိုတာက Base Editing  ကို ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့လူပဲ၊ ဒီသုတေသီက Harvard Universityက ပါရဂူပဲ၊ Chemical Surgery ကို ရှေ့ဆောင်လမ်းပြခဲ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''Professor Liu က ပြောတယ်။ Base Editing က Crispr နည်းထက်ပိုကောင်းတယ်တဲ့၊ ပြီးတော့ နောက်ဆက်တွဲ ဆိုးကျိုးလည်း နည်းပါးတယ်တဲ့၊ သူက ဆက်ပြောတယ်။ လူတွေမှာဖြစ်တဲ့ မွေးရာပါ ရောဂါမျိုးစုံရဲ့ စုစုပေါင်းအရေအတွက်မှာ သုံးပုံပုံနှစ်ပုံက Point Mutation ကြောင့် ဖြစ်တာတဲ့''

''ဟုတ်ကဲ့ ဆရာ''

''ဒါကြောင့် Base Editing ဟာ ဒီရောဂါတွေကိုကုနိုင်ဖို့ သိပ်ကိုအသုံးဝင်လာမှာတဲ့၊ အားရစရာပါဗျာ''

''ဟုတ်ကဲ့ ဆရာ''

''Guangzhou မြို့မှာရှိတှဲ့ကည့ အေ-ှနည Sun Yat-Sen University နာမည် ကျော်ပဲဗျ၊ Crispr ကိုလည်း သူတို့ပဲ ပထမဆုံးလုပ်ခဲ့တာ၊ အဲဒီတုန်းကလည်း နာမည်ကြီးခဲ့တယ်။ ခုလည်း နာမည်ကြီးပြန်ပြီ''

''ကျော်ကြားထိုက်ပါပေတယ်ဗျာ''

''London မှာ Francis Crick Institute ဆိုတဲ့ သိပံ္ပသုတေသန ဗဟိုဌာနကြီးရှိတယ်။ ဒီဌာနကြီးက ပါရဂူ Professor Robin Lovell-Badge က ခုသုတေသနကို ချီးကျူးထား တယ်၊ ခုသုတေသနအကြောင်းကို ကမ္ဘာကသိသွားအောင် Protein and Cell ဆိုတဲ့ သိပံ္ပပညာဂျာနယ်မှာ ဖော်ပြပြီးပါပြီ''

''ဟုတ်ကဲ့ ဆရာ''

''ခုသုတေသနတွေ အောင်မြင်တော့ ပညာရှင်တွေဟာ Human DNA ကို လိုသလို ပြုပြင်နိုင်စွမ်းရှိပြီ ဆိုတာသိရပြီ၊ တစ်ခုတော့ရှိတယ်။ ဆေးပညာကျင့်ဝတ်သိက္ခာအရ ဆွေး နွေးငြင်းခုံစရာတွေရှိလာပြီ၊ လူမှုရေးအရ ဆွေးနွေးငြင်းခုံစရာလည်း ရှိလာပြီ''

''ရှိလာတာလည်း ကောင်းပါတယ်ဆရာ''

''ဒါပေါ့ဗျာ၊ အစွန်းရောက်တလွဲ အသုံးချမှုတွေ ဖြစ်မလာဖို့လည်း အရေးကြီးသေး တာကိုး၊ ကြပ်မတ်မှုလည်း လိုတယ်၊ ထိန်းကျောင်းမှုလည်းလိုတယ်၊ အန္တရာယ်မဖြစ်အောင် စဉ်းစားဖို့လည်းလိုတယ်၊ ဒါကြောင့် ဆေး ပညာကျင့်ဝတ်သိက္ခာအရ ဆွေးနွေးသင့်တာ ဆွေးနွေးရမှာပေါ့ဗျာ''

''ဟုတ်ပါတယ်၊ လုပ်သင့်လုပ် ထိုက်တဲ့ ကိစ္စပါပဲ''

ထိုစဉ် ဒေါက်တာပွင့်နဒီစိုး၊ ဒေါက်တာယုစန္ဒာ၊ ဒေါက်တာတင် တင်ဦးနှင့် ဒေါက်တာမြမြအေးတို့ ရောက်ရှိလာ၏။ ၄င်းတို့ကစာပေ ဝါသနာရှင်များဖြစ်ကြ၏။ ယခင်က 'လေညိုကုန်း'သို့ လာနေကြဖြစ်၏။ ယခု 'လေညိုကုန်း' မရှိတော့သဖြင့် ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်၏။

''ကြွပါ ဒေါက်တာတို့၊ လက်ဖက်ရည်လည်း အဆင်သင့်ပါပဲ''

''ခု ဘာတွေဆွေးနွေးနေလဲ''

''မွေးရာပါ ရောဂါတွေကို နည်းသစ်တွေနဲ့ ကုနိုင်ပြီဆိုတဲ့ အကြောင်း ဆွေးနွေးနေတာပါ၊ ဒေါက်တာတို့ကိုလည်း ပြန်ပြောပြပါ့မယ်''

''ဟုတ်ကဲ့ ပြောပြပါ''

Base Editing နည်းသစ်အကြောင်းထပ်မံဆွေးနွေးကြပြန်၏။

''သတိရတုန်းမေးဦးမယ်၊ ဦးဥာဏ်အုန်းကို ရွှေဘုံသာလမ်းမှာ မတွေ့မိပါလား''

''ဟုတ်တယ် ဒေါက်တာ၊ ကျွန်တော်က ပြောင်းလာပြီ၊ ညောင်ရမ်းဆေးတိုက်မှာ မလုပ်တော့ဘူး၊ ခု သမိုင်းခဝဲခြံမှာပဲနေတယ်။ တွေ့ချင်ရင် သမိုင်းခဝဲခြံလာခဲ့ပေါ့၊ ဒေါက် တာ''

''ကျွန်မတို့က ဆရာမောင်ညိုပြာ ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွေ ခဏငှားချင်လို့ပါ။ ဦးဥာဏ်အုန်းဆီမှာများ ရှိသလားလို့ပါ''

''ဟာ- ရှိတာပေါ့၊ အစုံလိုက်ရှိ တယ်။ ဒါတင်မကဘူး။ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ပါရဂူ၊ ချစ်ဦးညို စာအုပ်တွေ စုံအောင်ရှိတယ်။ လာခဲ့ပါ''

''ဘာကျွေးမှာလဲ''

  ''ဒေါ်ပြုံးထမင်းကြော်ဆိုင်က ဝက်သားဟင်းနဲ့ ထမင်းကြော်စားရမယ် လာသာလာခဲ့ပါ''

စာပေဝါသနာရှင် တစ်စုက စာအုပ်ငှားနိုင်မည်ဆို၍ ဝမ်းမြောက် ဝမ်းသာဖြစ်သွားကြလေတော့၏။

 

'အောင် (ဆေး-၁)

ရည်ညွှန်းချက်။ ။ BBC News မှ “DNA Surgery on Embryos Removes Disease” ဆေးပညာ ဆောင်းပါးကို မှီငြိမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.