16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
သတိထားသုံးစွဲသင့်သည့် အွန်လိုင်းဈေးကွက်ပေါ်မှ တိုင်းရင်းဆေးများ  

အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြချက်အရ တရုတ်တိုင်းရင်းဆေးတစ်မျိုး၏ ဆိုးကျိုးသံသယအကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ယင်းတရုတ်တိုင်းရင်းဆေးသတင်းသည် ဆေးပညာဂျာနယ်တစ် ဆောင်ဖြစ်သော Science Translational Medicine ဂျာနယ်တွင် အောက်တိုဘာ တတိယပတ်က ဖော် ပြခဲ့ခြင်းကို  အေအက်ဖ်ပီသတင်းက ထပ်မံတင်ဆက်ခဲ့ခြင်းဖြစ်သည်။ အာရှတစ်ဝန်းတွင် အသည်းကင်ဆာဖြစ်ပွားမှုနှင့် တရုတ်တိုင်းရင်းဆေး တစ်မျိုးတို့ ဆက်နွယ်မှုရှိကြောင်း အထောက်အထားကို သုတေသနပညာ ရှင်များက ဖော်ထုတ်ထားသည်ဟု သတင်းက ဆိုသည်။

အရစ်စတိုလိုချစ်အက်ဆစ် AA ဟုခေါ်သော ဓာတုပစ္စည်းကို အရစ်စတိုလိုခီးယား အပင်မျိုးရင်းကထုတ်ယူပြီး ယင်းအက်ဆစ်ကို တရုတ်တိုင်းရင်းဆေးများတွင် ထည့်သွင်းဖော်စပ်ကြကြောင်း လေ့လာမှုကဆိုသည်။  အမျိုးသမီးများ ကလေးမီးဖွားစဉ် ယင်း တရုတ်တိုင်းရင်းဆေးများကို အသုံးပြု၍ ကုသမှုများရှိကြောင်း၊ အက်ဆစ်ပါဝင်သည့် ယင်းတိုင်းရင်း ဆေးများကို မစားသုံးမိစေရန် တင်းတင်းကျပ်ကျပ် ကာကွယ်ရန်လိုအပ်ကြောင်း သုတေသန ပညာရှင်များက အကြံပြုခဲ့သည်ဟုဆိုသည်။

ပညာရှင်များ သုတေသနပြုကြရာတွင် ထိုင်ဝမ်နိုင်ငံရှိ ဆေးရုံများ၌ သိမ်းဆည်းထားသော အသည်းအကျိတ် ၉၈ ခုကို သုတေသနပညာရှင်များ စစ်ဆေးခဲ့ပြီး၊ ယင်းအသည်းများ၏ ၇၈ ရာခိုင်နှုန်းသည် ဗီဇပြောင်းပုံစံများ ပါဝင်နေပြီး ဓာတုပစ္စည်းများနှင့် ထိတွေ့ထားမှုကြောင့် ကင်ဆာဖြစ်ခဲ့ဖွယ်ရှိကြောင်းကို ညွှန် ပြနေခဲ့သည်ဟု လေ့လာမှုရလဒ်က ဖော်ပြနေသည်။

ထို့ပြင် AA အက်ဆစ်များကြောင့် ဗီဇပြောင်းမှုကိုစစ်ဆေးပြီး တရုတ်နိုင်ငံတွင် ကင်ဆာဖြစ်ခဲ့သည့် အသည်းနမူနာ ၈၉ ခုကို လေ့လာကြည့်ခဲ့ကြသေးရာ ၄၇ ရာခိုင်နှုန်း သည် ယင်း AA အက်ဆစ်ပါဝင်နေသော တိုင်းရင်းဆေးပစ္စည်းများနှင့် ဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ရသည် ဟု သုတေသနပညာရှင်များက ပြော ကြားခဲ့ပြန်သည်။ ထို့နောက် သုတေသနကို ဆက်လက်ပြုလုပ်ကြည့်ရာ ဗီယက်နမ်နိုင်ငံတွင် အသည်းအကျိတ် ၂၆ ခုကို လေ့လာခဲ့ရာ၌ အ သည်းအကျိတ်ငါးခုသည် အဆိုပါတိုင်းရင်းဆေးများတွင် ပါဝင်နေသည့်  AA အက်ဆစ်များနှင့် ဆက်နွှယ်မှုရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ ရပြန်သည်ဟုဆိုသည်။

ထို့နောက် အခြားအရှေ့တောင် အာရှနိုင်ငံများက အသည်းကိုးခုကို  ဆက်လက် လေ့လာကြည့်ပြန်ရာ အသည်းငါးခုသည် အလားတူအဖြစ်မျိုး ဖြစ်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု သုတေသန ပညာရှင်များက ဖော်ပြပါ ဆေးပညာဂျာနယ်တွင် ရေးသား ခဲ့သည်။

သို့သော် ယခုပြောဆိုနေကြသော AA အက်ဆစ်ပါဝင်ထုတ်လုပ်ထားသည့် တရုတ်တိုင်းရင်းဆေးများ နှင့် အသည်းကင်ဆာဖြစ်ပွားမှု ဆက်စပ်မှုရှိနိုင်သည်ဟူသော သံသယ သည် မြောက်အမေရိကဒေသများတွင်မူ အနည်းငယ်လျော့ပါးနေသည်။ မြောက်အမေရိကဒေသတွင် အသည်း ၂ဝ၉ ခုကို လေ့လာကြည့်ရာ တရုတ်တိုင်းရင်းဆေးကြောင့် အသည်းကင်ဆာဖြစ်ပွားမှု ဆက်နွှယ် နေသည်ဆိုသည်မှာ ငါးရာခိုင်နှုန်း သာရှိကြောင်း လေ့လာတွေ့ရှိခဲ့ရ သည်ဟု ဆိုသည်။

AA အက်ဆစ်သည် ကျောက် ကပ်ပျက်စီးစေနိုင်ပြီး ဆီးလမ်းကြောင်း ကင်ဆာကိုလည်း ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပြီးနောက် ထိုင်ဝမ်နိုင်ငံ ကျန်းမာရေး အာဏာပိုင်များသည် ၂ဝဝ၃ ခုနှစ်က စတင်ပြီး အရစ်စတိုလိုခီးယား အပင်မှ ထုတ်ယူသည့် ဆေးများဖြင့် ဆေးကုသမှုများကို တားမြစ်ခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ အပါအ ဝင် အာရှနိုင်ငံအများစုသည် တရုတ်တိုင်းရင်းဆေးများကို အများအပြား အားထားယုံကြည်မှုရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် AA အက်ဆစ်ပါဝင်ထုတ်လုပ် ထားသော တိုင်းရင်းဆေးများကို တားမြစ်ထားသည်ဆိုသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် တင်းကျပ်သည့် သဘောမျိုး မဟုတ် ၍ AA အက်ဆစ်ပါဝင်သော  တိုင်း ရင်းဆေးများကတော့ အခြားသောပုံစံများဖြင့် ပေါ်ထွက်သုံးစွဲနေကြဆဲဟု သိရသည်။ ထို့ကြောင့် တရုတ်တိုင်းရင်းဆေး တကယ်အစွမ်းထက်သည်ဟု အယုံအကြည်ရှိထားကြသူများအနေဖြင့် ရှောင်ရှားသုံးစွဲရန် ခက်ခဲနေသေးကြောင်း လေ့လာမှုက ရေးသားထားပါကြောင်း သိလိုက်ရသည်။

ပြောရလျှင် မြန်မာနိုင်ငံတွင်လည်း မြန်မာတိုင်းရင်းဆေး ဆေးစွမ်းကောင်းများ အမျိုးမျိုးပေါ်ထွက်နေသည့်ကြားက တရုတ်တိုင်းရင်းဆေးမှ တရုတ်တိုင်းရင်းဆေးဆိုသည့် အစွဲကြီးသူပုဂ္ဂိုလ်များ အများအပြား ရှိနေသည်။ ရောဂါပျောက်ချင်သူ၏ အစွဲကိုတော့ အပြစ်မတင်သာပါ။ မြန်မာ နိုင်ငံအဖို့ ယခုနေအခါသည် ပြင်ပပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်  ဆေးကုသခံယူရသည့် စရိတ်စက အဆမတန် မြင့်မားနေသဖြင့် စရိတ်စက အကုန်အကျနည်းသော မြန်မာ့ တိုင်းရင်းဆေး၊ တရုတ်တိုင်းရင်းဆေးတို့ကို အားကိုးနေကြသည်မှာ သဘာဝကျပါသည်။ သို့သော် တိုင်းရင်းဆေးဆိုတိုင်း၊ အစွမ်းထက်သည် ဆိုတိုင်း၊ တစ်ခွက်လောက်သောက်ရုံ ဖြင့် ယူပစ်သလိုပျောက်သည်ဆိုတိုင်း  အယုံမလွယ်ကြဖို့လိုသည်။ တိုင်းရင်း ဆေးကြော်ငြာများကိုလည်း ချင့်ချိန်သုံးသပ်တတ်ဖို့လိုသည်။ သူများတကာ အညွှန်းကောင်းတိုင်းလည်း နားမယောင်ကြဖို့ လိုသေးသည်ကိုလည်း သတိရကြဖို့ လိုနေပါသေးသည်။

ယခုအခါ အွန်လိုင်းရောင်း ဝယ်ရေးများ ခေတ်စားနေသည်။ အွန်လိုင်းပေါ်တွင် ပစ္စည်းအမျိုးအမည် ပေါင်းများစွာကို ရုပ်ပုံနှင့်တကွ ကြော်ငြာစာသားကောင်းကောင်းဖြင့် အရောင်းအဝယ်ပြုနေကြသည်။ အွန်လိုင်းပေါ်တင်ထားသော ပစ္စည်းကို မိမိကိုယ်တိုင် ထိတွေ့ကိုင်တွယ် စစ်ဆေးစမ်းသပ်ခွင့်မရဘဲနှင့် ယုံကြည်မှုကို အားကိုးကာ လှမ်းမှာဝယ်ယူသုံးစွဲ နေကြသည်။ အွန်လိုင်းရောင်းဝယ်ရေးတွင် အားနည်းချက်များ များစွာ ရှိနေသည်။ အွန်လိုင်းရောင်းဝယ်ရေးပြုလုပ်သူ ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ ထဲတွင်လည်း လူလိမ်လူညာလူကောက်များ မည်မျှပါဝင်နေသည်လည်း မည်သူမျှမပြောနိုင်။ အွန်လိုင်းရောင်းဝယ်ရေးကို အစိုးရကလည်း တရားဝင်ခွင့်ယူထားခြင်းမရှိသေး။ အရှုပ်အရှင်းရှိလျှင်လည်း မည်သူမျှ  တာဝန်ခံဖြေရှင်းပေးမည်ဟု ကြေညာမထားသေး။ ထို့ကြောင့် ခွင်ရိုက်ချင်သည့် အလိမ်အညာသမားများ တစ်နပ်စားဥာဏ်ကြံချင်လျှင် အွန်လိုင်း ရောင်းဝယ်ရေးအနားရစ်သီရစ်သီ လုပ်ကြမည်ဖြစ်သည်။ ပိုင်ပြီဆိုလျှင် တစ်ချက်ကောင်းရိုက်ချလိုက်မည်။       

ယခုတလော အွန်လိုင်းပေါ်တွင် အစွမ်းထက်ပါသည်ဆိုသော တိုင်းရင်းဆေးစွမ်းကောင်းများ ကြော်ငြာ နေသည်ဟု သိရသည်။ MLM  ဟု ခေါ်သော ဆင့်ပွား ဈေးရောင်းချပေးမည့် သူများကိုလည်း ဖိတ်ခေါ်နေသည်ဟု သိရသည်။ အစွမ်းထက်ပါသည်ဆိုသော တိုင်းရင်းဆေးများထဲတွင် ဘာမှန်းညာမှန်းမသိသော ဓာတုပစ္စည်းများ ရောနှောထုတ်လုပ်ထားသည့် တိုင်းရင်းဆေးများ မပါဘူးဟုမည်သူ အာမခံပေးနိုင်မည်နည်း။ တိုင်းရင်းဆေးဆိုတိုင်း၊ မှာယူရလွယ်ကူတိုင်း၊ အိမ်တိုင်ရာရောက် လာပို့မည်ဆိုတိုင်း ချင့်ယုံရမည်။

အောက်တိုဘာ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ''အွန်လိုင်းပေါ်မှ အလှကုန်၊ အစားအသောက်နှင့် ဆေးဝါးအမျိုးမျိုး ဖြန့်ဖြူးသည့် စနစ် တစ်နေ့တခြား ကြီးထွားလျက်ရှိပြီး အခွန်လွတ်မှုများရှိသည့်အတွက် စနစ်တကျစိစစ်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အရေးယူသွားမည်''ဟု ပြောကြားခဲ့သည်။

ယင်းသည် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက ရန်ကုန်တိုင်းအတွင်း အွန်လိုင်းပေါ်မှနေ၍  တရားမဝင်တင်သွင်းရောင်းချနေသော အလှကုန်၊ စားသောက်ကုန်နှင့် ဆေးဝါးအမျိုးမျိုးတို့ကို တိုင်းဒေသကြီး အစိုးရအနေဖြင့် နိုင်ငံသားများ တရားဝင်ဆောင်ရွက်ရန်နိုင်ရန် အခြေအနေ ဖန်တီးပေးရန် အစီအစဉ်ရှိ မရှိ' မေးခွန်းကို ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

ဝန်ကြီးဦးမြင့်သောင်းက အဆိုပါပစ္စည်းများကို အွန်လိုင်းပေါ်တွင် ရောင်းချချင်လျှင် ရန်ကုန်မြို့တော်စည်ပင်တွင် လုပ်ငန်းလိုင်စင်၊ မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် ခွင့်ပြုမိန့်ယူပြီး ရောင်းချ၍ရကြောင်း၊ ယင်းပစ္စည်းများကို တရားမဝင် တင်သွင်းရောင်းချလျှင်၊ ခွင့်ပြုချက်လုပ်ငန်းလိုင်စင် မရှိဘဲရောင်းချလျှင် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ လောလောဆယ်တွင် အွန်လိုင်းပေါ်တွင် ရောင်းချနေသည်မှာ FDA စစ်ဆေးခြင်းမပြုရသေးသော၊ သုံးစွဲရန် သင့်မသင့် မသိရသေးသော ပစ္စည်းအချို့ ဆေးဝါးအချို့ရှိနေကြောင်း၊ အခွန်မဆောင်ဘဲ ရောင်းချနေသည့် ပစ္စည်းများရှိနေကြောင်း စသည်ဖြင့် ဖြေကြားရာတွင် ထည့်သွင်းပြောကြားသွားပါသေးသည်။

ထို့ကြောင့် အွန်လိုင်းပေါ်တွင် လူပြောသူပြောများနေသည့် တိုင်းရင်းဆေးဆိုတိုင်း တန်းမယုံလိုက်ကြပါနှင့်။ တရုတ်နိုင်ငံက တင်သွင်းလာသည့် အလွန်အစွမ်းထက် သည့် တိုင်းရင်းဆေးဆိုတိုင်းလည်း ရမ်းမယုံလိုက် ကြပါနှင့်။ မိမိအသိဖြင့် ဆင်ခြင်ပါ။ မိမိပညာ ဥာဏ်စွမ်းဖြင့် ချင့်ချိန်သုံးသပ်ကြပါဟု တိုက်တွန်းချင်ပါသည်။

ယနေ့ခေတ်ကာလသည် အတုအလွန်ပေါသော ခေတ်ကာလဖြစ်သည်။ စကားအတု၊ လူအတု၊ အကျင့်အတု၊ စိတ်ဓာတ်အတုများကြားထဲတွင် ဆေးဝါးအတုများကလည်း အလွန်ပေါနေသည်။ တစ်ခါတစ်ရံ အတုဟူသည် မိမိအသက်ကိုပင် နုတ်ယူသွားနိုင်စွမ်း ရှိပါသည်။

 

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.