16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အူယောင်ငန်းဖျားရောဂါ အစွမ်းထက်သောကာကွယ်ဆေး

မိုးလေကင်းစင်၍ ရာသီဥတုက သာယာနေ၏။

ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်တွင် ယာဉ်မျိုးစုံသွားလာနေ၏။

ဒေါက်တာကျော်ဆွေသိန်းသည် ဒေးဗစ်ရွှေနုလမ်းထိပ်မှ ဓားလွယ်ခုတ်အရပ်သို့ မျှော်ကြည့်လိုက်၏။

''ငွေတောင်'' လက်ဖက်ရည်ဆိုင်သို့သွားရန် ကားအသွားအလာ နည်းပါးချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်၏။

'ငွေတောင်'လက်ဖက်ရည်ဆိုင်သည် လက်ဖက်ရည်အရသာ ကောင်းသဖြင့် သမိုင်းခဝဲခြံတစ်ဝိုက်တွင် နာမည်ကြီးလျက်ရှိ၏။

မကြာမီ ထိုဆိုင်ရှိရာသို့ ရောက်ရှိသွား၏။

အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးမြသာ၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းနှင့် ဒေါက်တာမင်းလှသီဟသူတို့ ကို တွေ့လိုက်ရ၏။

''ကြွပါဆရာကျော်၊ ဒေါ်ပြုံးထမင်းကြော်ဆိုင်က ဝက်သားဟင်းနဲ့ ထမင်းကြော်လည်း မှာထားတယ်၊ လက်ဖက်ရည်လည်း အဆင့်သင့်ပါပဲ''

''ကျေးဇူးပဲဗျာ၊ ဗိုက်ဆာနေတာ နဲ့ အတော်ပဲ''

''ဆရာကျော် မနေ့က မတွေ့ပါလား၊ ခရီးလွန်နေလို့လား''

''ဟုတ်တယ် ဦးဥာဏ်အုန်း၊ လှည်းကူးသွားနေတာ၊ မိတ်ဆွေတစ်ယောက်ရဲ့ ကလေးနေမကောင်းလို့၊ ကလေးက အူရောင်ငန်းဖျားဖြစ်နေတာ၊ အခြေအနေဆိုးတာနဲ့ ခေါ်လာပြီး ဆေးရုံတင်ထားတယ်''

''ခုခေတ်မှာ အူရောင်ငန်းဖျား ဖြစ်သေးလား''

''ဖြစ်သေးတယ်ဗျ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးအားနည်းရင် ကြိုကြား ကြိုကြားဖြစ်နေတုန်းပဲ၊ ဒါပေမယ့်  သိပ်စိတ်ပူစရာတော့မရှိဘူး။ ခုခေတ်မှာ ကာကွယ်ဆေးတွေ သိပ်စွမ်းတယ်၊ မကြာခင်က စွမ်းရည်ထက်မြက်တဲ့ ကာကွယ်ဆေးသစ်အကြောင်းဖတ်လိုက်ရတယ်''

''ဟုတ်လားဆရာ၊ ပြောပြပါဦး''

ဒေါက်တာမင်းလှသီဟသူက သိချင်သဖြင့် မေးလိုက်၏။

''ဒီလိုဗျ၊ ကာကွယ်ဆေးသစ်က အတော်စွမ်းတယ်။ ၉ဝ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်းက ရှိလာတယ်။ ဒါကြောင့် ဒီကာကွယ်ဆေးသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုပြီး ထောက်ခံချက်ပေးထားတယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုခေတ်မှာလည်း အူရောင်ငန်းဖျားရောဂါက ဖြစ်နေဆဲပဲတဲ့။ ပါရဂူတွေအဆိုအရ တစ်နှစ်တစ်နှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရရင် လူနာပေါင်း ၂၂ သန်းက ရောဂါ ခံစားနေရတယ်တဲ့၊ သေပျောက်နှုန်းက နှစ်သိန်းကျော်ရှိတယ်တဲ့။ ဒါကြောင့် ခုကာကွယ်ဆေးသစ်က ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်မှာဖြစ်လို့ အားကိုးလောက်တယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ခုကာကွယ်ဆေးသစ်မှာ ထူးခြားချက်လည်းရှိတယ်။ အရင်ကလည်း အူရောင်ငန်းဖျားကာကွယ် ဆေးတွေရှိခဲ့ဖူးပါတယ်၊ ခုဆေးက အထူးသဖြင့် ကလေးငယ်တွေကို ကာကွယ်ပေးတယ်။ အူရောင်ငန်းဖျားကလည်း ကလေးငယ်တွေမှာဖြစ်ဖို့ ပိုပြီးအလားအလာများတယ်တဲ့''

''ဒါပေါ့ ဆရာ၊ ကလေးတွေကို  ကာကွယ်ဖို့ အရေးကြီးတယ်''

''ပါရဂူတွေက အူရောင်ငန်းဖျား  အဖြစ်များတဲ့ တိုင်းပြည်တွေမှာ ရောဂါကို အမြစ်ပြတ်အောင် တိုက်ဖျက်ဖို့ ဒီကာကွယ်ဆေးက အသုံးဝင်ပါလိမ့်မယ်တဲ့''

''မျှော်လင့်ချက်ရှိလာပြီပေါ့ ဆရာ''

''အူရောင်ငန်းဖျားက ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဗျ၊ ဆေးပညာမှာတော့ Salminella Typhi ခေါ်တာပေါ့''

''ရောဂါလက္ခဏာတွေ ပြန်ပြောပါဦးဆရာ''

ဦးမြသာက တောင်းဆိုလိုက်၏။

''ဒီလိုပါဆရာကြီး၊ လူနာဟာ ရက်ကြာကြာဖျားမယ်၊ ခေါင်းကိုက်မယ်၊ ပျို့မယ်၊ အစားအသောက်ပျက်မယ်၊ ဝမ်းချုပ်မယ်၊ ရောဂါပြင်းထန်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဝင်လာမယ်၊ အူမှာဖြစ်နေတဲ့ အနာတွေကနေ အူပေါက်ထွက်ပြီး သေတတ် တယ်''

''ရောဂါက ဘယ်လိုကူးစက်လဲ ဆရာ''

''ရောဂါက ကူးစက်လွယ်တဲ့ရောဂါမျိုးဗျ၊ မသန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်ကနေ ကူးစက် တတ်တယ်၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အဖြစ်များတယ်။ အာရှတောင် ပိုင်းနိုင်ငံတွေရယ် အာဖရိကက ဆာဟာရသဲကန္တရကြီးရဲ့ တောင်ဘက်မှာရှိတဲ့ နိုင်ငံတွေရယ်၊ ဒီဒေသတွေမှာ အဖြစ်များတယ်။ ဒီဒေသတွေမှာ ပတ်ဝန်းကျင် သန့်ရှင်းရေး အားနည်းတယ်၊ ရေကောင်းရေသန့် ရှားပါးတယ်။ ဒါကြောင့် ရောဂါကူး စက်လွယ်တယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုခေတ်မှာ နည်းပညာတွေတိုးတက်လာပြီး အရင်က ရောဂါမျိုးစုံအတွက် ကာကွယ်ဆေးတွေကို တစ်ခုစီတန်းစီထိုးရတယ်။ ကာကွယ်ဆေးကလည်း ကလေးတွေတွက် ဦးစားပေးထိုးရတာ၊ ခုတော့ ဆေးမျိုးစုံကို တစ်ခါတည်းထိုးလို့ရအောင် ကြိုးစားနေကြပြီ။ ခုကာကွယ်ဆေးသစ်က New Conjugate Tphoid Vaccine တဲ့ဗျ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှာ လက်အောက်ခံပါရဂူအဖွဲ့တစ်ဖွဲ့ရှိတယ်။ နာမည်က Strategic Advisory Group of Experts on Immunization တဲ့၊ အတိုကောက် Sage လို့ ခေါ်တယ်၊ Sage ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Professor Alejandro Cravioto က ပြောတယ်။ နည်းပညာတိုးတက်လာ မှုကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် သိပ်ကိုအစွမ်းထက်တဲ့ ကာကွယ် ဆေးရလာပါပြီတဲ့''

''သတင်းကောင်းပါပဲ ဆရာ''

''ဒီအဖွဲ့ကြီးက အသက်ခြောက်လရှိတဲ့ ကလေးငယ်တွေကို ထိုးပေးဖို့ အကြံပြုထားတယ်။ ပြီးတော့ အသက် ၁၅ နှစ်အရွယ်အထိ ဆေးထိုးလုပ်ငန်းမှာ အကျုံးဝင်လာအောင်လည်း ဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်''

''ဟုတ်ကဲ့ ဆရာ''

''ပါမောက္ခကြီးက ပြောတယ်။ ခုခေတ်မှာ အူရောင်ငန်းဖျားရောဂါပိုးတွေက ခေါင်းမာလာပြီတဲ့၊ ပဋိဇီဝဆေးတွေကို မဖြုံတော့ဘူးတဲ့၊ ဆေးယဉ်ကုန်ပြီတဲ့၊ ဆေးမတိုးတော့ဘူးတဲ့၊ ရောဂါဖြစ်မှကုရင် ခက်ခဲလာပြီတဲ့၊ ဒါကြောင့် ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ရပါမယ်တဲ့၊ ကာကွယ်ဆေးကလည်း အရေးကြီးလာပါပြီတဲ့''

''ဟုတ်ကဲ့ ဆရာ''

''ခုကာကွယ်ဆေးသစ်ကို ဆေးလက်တွေ့စမ်းသပ်ချက်တွေလုပ်ခဲ့တယ်။ Oxford University  က ပါရဂူတွေလုပ်တာ၊ Clinical Trial ခေါ်တာပေါ့ဗျာ၊

ဒီအကြောင်းကို Lancet ဆိုတဲ့ ကမ္ဘာကျော်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''လက်တွေ့စမ်းသပ်တဲ့ နေရာမှာ Challenge Study ဆိုတာကိုလုပ်ခဲ့တယ်။ ကာကွယ်ဆေးကို အစမ်းသပ်ခံလူပေါင်း ၁၁၂ ဦးကို ထိုးပေးတယ်။ ပြီးတော့ ရောဂါကူးစက်စေတယ်။ ပြီးတော့ ကာကွယ်ဆေးရဲ့ စွမ်းရည်ကို လေ့လာတယ်။ ရလဒ်က ၈၇ ရာခိုင်နှုန်းထိရောက်တယ်။ အစွမ်းထက်တယ်''

'' ၈၇ ရာခိုင်နှုန်းဆိုတော့ အတော်ကောင်းတဲ့ ရလဒ်ပဲဆရာ''

ဒေါက်တာမင်းလှသီဟသူက ထောက်ခံလိုက်၏။

''မှန်တယ်ဆရာ၊ ၈၇ ရာခိုင်နှုန်းဆိုတာ အတော်အစွမ်းထက်တယ်လို့ ယူဆတယ်။ ခုလို Challenge Study လုပ်တော့အားသာချက်ရှိတယ် ဆရာ၊ အစမ်းသပ်ခံလူတွေကို အရေအတွက် ထောင်ချီပြီးကာကွယ် ဆေးထိုးပြီး စမ်းသပ်စရာမလိုတော့ဘူး''

''ဟုတ်ကဲ့ ဆရာ''

'' Professor Andrew Pollard က ခုစမ်းသပ်ချက်ကို ဦးဆောင်ခဲ့တယ်။ သူက ပြောတယ်။ ခုရလဒ်ကကောင်းပါတယ်တဲ့၊ ထိရောက်မှုရှိပါတယ်တဲ့။ လူထုကြားမှာ သုံးနိုင်ပါပြီတဲ့၊ ကာကွယ်ဆေးကောင်းတယ်လို့ သတ်မှတ်နိုင်ဖို့က ကူးစက်မှုအများစု ကို ကာကွယ်နိုင်ရပါမယ်တဲ့၊ လူတစ် ဦးက တခြားလူတစ်ဦးကို ကူးစက်တာကိုလည်း ဖြတ်တောက်နိုင်ရပါမယ်တဲ့၊ ဖြတ်တောက်နိုင်ခဲ့ရင် အဲဒီဒေသမှာ ရောဂါမျိုးပြုတ်သွားမှာပါတဲ့''

''ဟုတ်ကဲ့ ဆရာ''

''Gavi ဆိုတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေးထောက်ပံ့နေတဲ့ အဖွဲ့ကြီးပဲ၊ တစ်ကမ္ဘာလုံးကို ထောက်ပံ့နေတာဗျ၊ လက်ရှိမှာ ဖွံ့ဖြိုးဆဲနိုင်ငံ စုစုပေါင်း ၆၈ နိုင်ငံကို ထောက်ပံ့နေတာပဲ၊ ဒီအဖွဲ့ကြီးက အူရောင်ငန်းဖျားကာကွယ်ဆေးကို ထောက်ပံ့တဲ့ ကာကွယ်ဆေး စာရင်းမှာ ထည့်သွင်းဖို့ စဉ်းစားနေပြီတဲ့''

''ဟုတ်ကဲ့ ဆရာ''

''Gavi အဖွဲ့ကြီးက Chief Executive ဖြစ်တဲ့ Dr.Seth Berkley က ပြောတယ်၊ ခုကာကွယ်ဆေးသစ်ဟာ ရောဂါကြိုတင်ကာကွယ်ရာမှာ အသုံးဝင်ပါလိမ့်မယ်တဲ့၊ အသက်ပေါင်းများစွာ ကယ်တင်နိုင်ပါလိမ့်မယ်တဲ့၊ ဒါတင်မကသေးပါဘူးတဲ့၊ ပဋိဇီဝဆေး တွေ ယဉ်ကုန်ပြီးဆေးမတိုးတဲ့ ပြဿနာကို ဖြေရှင်းရာမှာလည်း လက်နက်ကောင်း တစ်ခုဖြစ်လာပါလိမ့်မယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''အရင်က ကာကွယ်ဆေးတွေကို တစ်ခုစီတန်းစီထိုးရတယ်၊ လက်ဝင်တယ်၊ အချိန်ကုန်တယ်၊ ခုတော့ တစ်ခါတည်းနဲ့ ကာကွယ်ဆေးမျိုးစုံ ထိုးလို့ရအောင် အမေရိကန် သုတေ သီတွေက စမ်းသပ်ခဲ့တယ်''

''ကောင်းတာပေါ့ဆရာ၊ တစ်ခါတည်း ကိစ္စပြီးတာပေါ့''

''One-Shot Solution ထဲမှာ ကာကွယ်ဆေးတွေကို Microscopic Capsule တွေနဲ့ထည့်ထားတယ်။ တစ်ချက်ထိုးတာနဲ့ ဆေးမျိုးစုံပါသွားတယ်၊ ဒါကို ကြွက်မှာစမ်းသပ်ပြီးပြီ၊ ဒီသုတေသနအကြောင်းကို Science ဆိုတဲ့ သိပံ္ပပညာဂျာနယ်မှာ ဖော်ပြထားတယ်''

''ဒါနဲ့ ဆရာကို မေးရဦးမယ်၊ ကလေးဘဝမှာ ထိုးရတဲ့ ကာကွယ်ဆေးတွေဘာတွေလဲ ဆရာ၊ အရေအတွက်များလား''

ဦးမြသာက မေးလိုက်၏။

''များတယ် ဆရာကြီး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အကြောသေ၊ အသည်းရောင်မျိုးစုံပဲ ဆရာကြီး၊ ပြီးတော့ ဦးနှောက်ရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်တွေလည်း ရှိသေးတယ်။ အသက်အရွယ်လိုက်ပြီး ထိုးရတယ်၊ ကာကွယ်ဆေးစာရင်းက အတော်ရှည်တယ် ဆရာကြီး''

''တစ်ခါတည်း ထိုးရုံနဲ့ ကိစ္စပြီးရင် သိပ်ကောင်းတာပေါ့ ဆရာ''

''ဟုတ်ပါတယ်။ Massachusetts Institute of Technology က သုတေသီတွေက Micro-Particle အသစ်တစ်မျိုးကို တီထွင်ထားတယ်။ Particle လေးတွေက Miniature Coffee Cup နဲ့ ပုံသဏ္ဌာန်တူတယ်၊ Cup သေးသေးကလေးထဲကို ကာကွယ်ဆေးထည့်ထားပြီး အဖုံးပိတ်ထားတယ်၊ လူနာကိုယ်ထဲမှာအဖုံးက လိုအပ်တဲ့ အချိန်မှာ ပြိုကွဲပြီးအထဲက ကာကွယ်ဆေးထွက်လာတယ်''

''ထူးဆန်းတယ်နော်''

''Professoe Rorert Langer က ဦးဆောင်တဲ့ သုတေသီပဲ၊ သူက ပြောတယ်။ ထိုးလိုက်တဲ့အခါ သေးငယ်တဲ့ Encased Vaccine Particle လေးတွေက သတ်မှတ်ထားတဲ့ အချိန်ကျမှ အခွံပြိုကွဲပြီးထွက်လာအောင် လုပ်ထားတယ်တဲ့၊ တစ်ခါထိုးပေမယ့် Multiple Booster ရစေပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ဒီနည်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သိပ်ကိုကောင်းတဲ့နည်းပဲ ဆရာကြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံမှာက ကျန်းမာရေး ဝန်ထမ်းအင်အားနည်းပါးတယ်၊ ပစ္စည်းမပြည့်စုံဘူး၊ ခုလိုတစ်ခါတည်းထိုးရရင် သိပ်ကိုအဆင်ပြေမယ်''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတစ်ဦးဖြစ်တဲ့ Dr Kevin Mchugh ကလည်း ပြောတယ်၊ ဖွံ့ဖြိုးနိုင်ငံတွေမှာက ရောဂါကို ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးထိုးခြင်းဟာ သိပ်ကိုအရေးကြီးပါ တယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ဆရာကျော် လက်ဖက်ရည်နဲ့ ထမင်းကြော်သုံးဆောင်ပါဦး၊ ရှင်းပြရတာ အာခြောက်သွားရောပေါ့''

''ရပါတယ် ဦးဥာဏ်အုန်း၊ ဒီဆိုင်ကလေးက နေရာထိုင်ခင်းကောင်းတယ်၊ လေညိုကုန်းက ပြောင်းလာရပေမယ့် ဝိုင်းတော်သားတွေ ဆုံမြဲဆုံနိုင်တယ်၊ ဆွေးနွေးပွဲတွေလည်း စဉ် ဆက်မပြတ်လုပ်နိုင်တယ်''

ထိုစဉ် ဒေါက်တာတင်မောင်ဆွေနှင့် ဒေါက်တာရဲခေါင်မိုးမြင့်တို့ ရောက်ရှိလာပြီး ဆက်လက်ဆွေးနွေးကြပြန်၏။

 

အောင် (ဆေး-၁)

 

ရည်ညွှန်းချက်။   ။

(1)       BBC News မှ “Every Childhood Vaccine May Go into A Single Jab”

(2)       BBC News မှ “Typhoid Vaccine Set to Have Huge Impact” ဆေးပညာဆောင်းပါးများကို မှီငြမ်း ကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.