16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အ၀လွန်ရောဂါကို ကာကွယ်ပါ

မြို့စွန်တစ်နေရာတွင် ကျယ်ဝန်းသော ခြံကြီးတစ်ခြံရှိ၏။

ထိုခြံကြီးသို့ ဝင်ရာလမ်းကျဉ်း ကလေးတစ်လျှောက်ဝဲယာတွင် ကြီးမားသော ခရေပင်ကြီးများ အစီအရီ ပေါက်နေ၏။

ကျဉ်းမြောင်းသော မြေနီလမ်းတစ်လျှောက် E-200 အမျိုးအစား မာစီးဒီးကားနက်ကြီးသည် ဖြေးညှင်း စွာမောင်းနှင်၍ ဝင်လာနေ၏။

တောင်လေတစ်ချက် အဝှေ့တွင် ခရေပန်းကလေးများ ကြွေကျလာ၏။

မွှေးပျံ့သော ခရေနံ့က နှာခေါင်းဝသို့ ရောက်လာ၍ အားပါးတရ ရှူရှိုက်လိုက်၏။

''အားပါးပါး၊ တယ်လည်း မွှေးပါလား''

ဒေါက်တာကျော်ဆွေသိန်း  သည် ကားမောင်းရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

မွှေးပျံ့သော ပန်းရနံ့ကြောင့် လန်းလန်းဆန်းဆန်းဖြစ်သွား၏။

  လမ်းကျဉ်းကလေးတစ်လျှောက်  မောင်းနှင်လာသော ကားနက်ကြီးသည် မကြာမီ ခေတ်မီနှစ်ထပ်တိုက် ကလေးရှေ့တွင် ရပ်သွား၏။

ကားသံကြား၍ တိုက်ပိုင်ရှင် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးထွက်လာ၏။ ဒေါ်ခင် အေးက အပျိုကြီးဖြစ်၍ တူမဖြစ်သူ မိသားစုနှင့် နေထိုင်၏။

''ဟော-မောင်ကျော်ပါလား၊ လာကွယ်အတော်ပဲ၊ အန်တီအေး မုန့်ဟင်းခါးချက်ထားတယ်''

''ဟာ-ဟန်ကျတာပဲ၊ မုန့်ဟင်းခါး မစားရတာကြာပြီ၊ အဝစားမယ်၊ ပြီးရင်ပါဆယ်ဆွဲသွားမယ်''

''ရပါတယ်၊ စားလည်းစား၊ ပါဆယ်လည်းဆွဲ၊ အန်တီအေး ထည့်ပေးလိုက်မယ်''

အဒေါ်ဝမ်းကွဲဖြစ်သူ ဒေါ်ခင်အေးအိမ်က လူပျိုကလေးဒေါက်တာကျော်ဆွေသိန်း၏ စားအိမ်သောက် အိမ်ဖြစ်၏။

ဆိုင်ပေါင်းစုံ လှည့်လည်၍ ကြုံသလိုစားသောက်နေရ၍ အားလပ်သည်နှင့် ဒေါ်ခင်အေးထံသို့ အိမ်ထမင်း အိမ်ဟင်းစားရန် ဝင်လာလေ့ရှိ၏။

ဒေါ်ခင်အေးက ထမင်းစားခန်းသို့ ခေါ်သွား၏။

ထိုအခန်းတွင် မုန့်စားနေသော ဝဝတုတ်တုတ်ကလေးငယ်တစ်ဦးလည်း ရှိ၏။

''ဟာ-သားသားက စားလှချည်လား''

ကလေးငယ်သည် ဟန်ဘာဂါတစ်ခုကို ပလုပ်ပလောင်းစားနေ၏။

ကလေးငယ်ရှေ့မှ စားပွဲပေါ်တွင် ရေခဲမုန့် တစ်ပန်းကန်၊ ကြက်ကြော်တစ်တုံး၊ ကိတ်မုန့်တစ်တုံးနှင့် ချောကလက်များကိုလည်းတွေ့ရ၏။

''ဟုတ်တယ် ဦးဦးဆရာဝန်၊ သားသား မဝသေးဘူး၊ ဦးဦးက ဘာဝယ်ကျွေးမှာလဲ''

''အေးကွာ၊ ပြီးရင် ဝယ်ကျွေးမှာပေါ့၊ ဖြည်းဖြည်းစား''

ကလေးငယ်သည် လွန်စွာဝဖြိုးနေ၏။ အစားအသောက်ကို အရွယ်နှင့်မလိုက်အောင် လွန်ကဲစွာ စားသုံးခြင်း၏ ရလဒ်ဖြစ်၏။

ဟန်ဘာဂါကုန်သွားသောအခါ ဂိမ်းဆော့ဦးမည်ဟုပြောကာ ဧည့်ခန်းသို့ ပြေးထွက်သွား၏။

''အန်တီအေး၊ စားစရာတွေက များလှချည်လား''

''သူ့အမေက သိပ်အလိုလိုက်တာ၊ အန်တီအေးစကားလည်း နားမထောင်ဘူး၊ ကလေးက အဝလွန်နေ ပြီ၊ ခုလည်း ဂိမ်းဆော့ပြီး လာစားဦးမှာ၊ မနက်ကလည်း မုန့်ဟင်းခါးသုံး ပန်းကန်စားပြီးပြီ''

''ဟာ-သုံးပန်းကန်တောင် စားတယ်''

''ဟုတ်တယ်၊ သိပ်အစားကြီးတာ၊ သူ့အမေလာရင် မောင်ကျော်နားချပါဦး၊ ဒီကလေးကြီးလာရင် အဝလွန်ရောဂါရနိုင်တယ်''

''အဝလွန်ရောဂါက လူကြီးရောဂါသီးသန့်မဟုတ်တော့ဘူး၊ အန်တီအေးရေ၊ ကလေးတွေမှာလည်း ဖြစ်နေပြီ''

''ဟုတ်လား၊ ပြောပြပါဦး၊ ဗဟုသုတပေါ့''

''ဒီရောဂါကို ကမ္ဘာတစ်ဝန်းလုံးမှာ တွေ့ကြုံနေရပြီ၊ Lancet ဆိုတာက ကမ္ဘာကျော် ဆေးပညာဂျာနယ် တစ်စောင်ပဲ၊ ဒီဂျာနယ်မှာလည်း ပါလာပြီ တင်ပြထားတာက အတော်ကျယ်ပြန့်တယ်၊ နိုင်ငံစုစုပါင်း နှစ်ရာကျော်က အခြေအနေတွေကို လေ့လာပြီး တင်ပြထားတယ်၊ လွန်ခဲ့တဲ့ ဆယ်စု နှစ်လေးစုအတွင်းမှာ ကလေးငယ်နဲ့ ဆယ်ကျော်သက်အရွယ် အဝလွန်ဖြစ် နှုန်းကဆယ်ဆတက်လာတယ်တဲ့''

''ဆယ်ဆတောင်လား၊ အများကြီးပဲ''

''ဟုတ်တယ်၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် စုစုပေါင်းကလေးငယ်ဦးရေ ၁၂၄ သန်းဟာ အဝလွန်နေတယ်တဲ့၊ ယူကေနိုင်ငံမှာ လေ့လာကြည့်တော့ အသက် ငါးနှစ်ကနေ ၁၉ နှစ်ကြား အုပ်စုမှာ လူဆယ်ယောက်မှာတစ်ယောက်နှုန်းက အဝလွန်နေသတဲ့''

''ဒါလည်း အတော်များနေတာပဲ''

''ပါရဂူတွေ အဆိုအရ အဝလွန်တဲ့ ကလေးတွေဟာ နောင်တစ်ချိန်မှာ အဝလွန်တဲ့ လူကြီးတွေဖြစ်လာ လိမ့်မယ်တဲ့၊ ပြီးတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါတွေလည်း ဖြစ်လာလိမ့်မယ်တဲ့၊ ကင်ဆာ ရောဂါဖြစ်နိုင်ခြေလည်း များလာလိမ့်မယ်တဲ့''

''အဝလွန်ရောဂါရဲ့ နောက် ဆက်တွဲတွေက ကြောက်စရာတွေပဲ''

''ဟုတ်တယ် အန်တီ၊ ဆေးကုသစရိတ်လည်း ကြောက်ခမန်းလိလိကြီး မားလာလိမ့်မယ်တဲ့၊ World Obesity Federation  ဆိုတဲ့ အဖွဲ့ကြီးရှိတယ်။ ဒီအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ အဝ လွန်ရောဂါကြောင့် ဖြစ်ပွားလာတဲ့ နောက်ဆက်တွဲရောဂါတွေကို ကုသတဲ့စရိတ်က တစ်ကမ္ဘာလုံးအတိုင်း အတာအရဆိုရင် ၂ဝ၂၅ ခုနှစ်လောက်ကျရင် စတာလင်ပေါင် စုစုပေါင်းဘီလျံကိုးရာနှစ်ဆယ်ကျော်ရှိ လိမ့်မယ်တဲ့''

''ကုန်ကျစရိတ်ကလည်း များလိုက်တာနော်''

''ဖွံ့ဖြိုးပြီးဖြစ်တဲ့ ဥရောပနိုင်ငံက ကလေးငယ်အဝလွန်နှုန်းက တည်ငြိမ်နေပေမယ့်ကျန်တဲ့ နိုင်ငံတွေမှာ များနေတုန်းပဲ၊ Imperial College Londaon က ပါရဂူ Professor Majid Ezzati ရဲ့ အဆိုအရ အဝလွန်နှုန်းက လျင်လျင်မြန်မြန်တိုးလာနေတယ်တဲ့၊ ပါမောက္ခကြီးက ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားတယ်''

''လုပ်သင့်ပါပြီ''

''သုတေသီတွေ ယူဆတာက အဝလွန်စေတဲ့ အစားအစာတွေ အဆီပါတဲ့ အစားအစာတွေကို ဈေး ပေါပေါနဲ့ ရနိုင်တာလည်း အကြောင်းရင်းတစ်ခုပဲတဲ့''

''ဖြစ်နိုင်ပါတယ်''

''ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လူအများသိတာလွယ်အောင် ကိုယ်အလေးချိန်ဖော်ပြတဲ့ ဇယားကြီးတွေ တီထွင်ထားတယ်၊ အဝလွန်တာကို  Body Mass Index နဲ့ တိုင်းတာတယ်၊  အတိုကောက် BMI ခေါ် တယ်၊ BMI အနည်းအများပေါ် မူတည်ပြီး အဝလွန်ရှိ မရှိသိနိုင်တယ်''

''BMI က အသုံးဝင်တယ်နော်''

''ဟုတ်တယ် အန်တီ၊ အဝလွန်ရောဂါတိုးနေတဲ့နှုန်းက တချို့နေရာမှာ အတော်မြန်နေတယ်။ အထူးသဖြင့် အရှေ့အာရှဒေသရယ်၊ တရုတ်ပြည်ရယ်၊ အိန္ဒိယရယ်မှာ အတော်မြန်နေတယ်။ မကြာမီနှစ်တွေကဆိုရင် တိုးတာမြန်လွန်းလို့ Ballon ဆိုတဲ့ စကားလုံးနဲ့တောင် တင်စား ပြောဆိုကြတယ်''

''ဒါဆို အတော်မြန်လို့ဖြစ်မယ်''

''ပြီးတော့ Micronesia ဒေသနဲ့ Polynesia ဒေသတွေမှာက နှုန်းထား အမြင့်ဆုံးပဲတဲ့၊ လူငယ်ဦးရေ စုစုပေါင်းရဲ့ တစ်ဝက်က အဝလွန်နေတယ်တဲ့၊ ပါရဂူတွေ ခန့်မှန်းတာက ခုပုံစံအတိုင်း ဆက်သွားနေရင် တစ်ကမ္ဘာလုံးမှာ အဝလွန်သူဦးရေက ကိုယ်အလေးချိန်နည်းတဲ့ ဦးရေထက် ကျော်လွန်သွားလိမ့်မယ်တဲ့''

''ဖြစ်နိုင်ပါတယ်''

''အရင်က ပိန်တဲ့လူဦးရေများတယ်၊ ခုအဝလွန်တဲ့ ဦးရေက များလာနေပြီး ဆယ်စုနှစ်အနည်းငယ် အတွင်းမှာပဲ ပြောင်းလဲသွားတယ်။ အထူးသဖြင့် အရှေ့အာရှဒေသရယ်၊ လက်တင် အမေရိကားဒေသရယ်၊ ကာရစ်ဘီယန်ဒေသရယ်မှာ ထူးထူးခြားခြား ပြောင်းလဲနေတယ်၊ ဒါကို သုတေသီတွေ တင်ပြထားတယ်''

''သုတေသီတွေ ပြောမှပဲ သိရမှာပဲ၊ သုတေသီတွေကို ကျေးဇူးတင်ရမယ်''

''ယူကေမှာ London School of Hygiene and Tropical Medicine ဆိုတဲ့ ကျောင်းတော်ကြီးရှိတယ်၊ အဲဒီက ပါရဂူ Dr.Harry Rutter က ပြောတယ်၊ အဝလွန်ရောဂါဟာ ကြီး မားတဲ့ ပြဿနာပါပဲတဲ့၊ ပိုပိုပြီးလည်း ဆိုးလာနေပါတယ်တဲ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ပိန်ပိန်ပါးပါးရှိခဲ့တဲ့ လူတွေဟာ ခုတော့ အဝလွန်နေကြတယ်တဲ့၊ ပတ်ဝန်းကျင်အခြေအနေ တွေပြောင်းလာတာလည်းပါပါတယ်တဲ့''

''ပတ်ဝန်းကျင်အခြေအနေ ပြောင်းတာလည်း အမှန်ပဲကွယ့်''

''ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပါရဂူ Dr.Fiona Bullက ပြောတယ်၊ အဝလွန်ရောဂါကို ထိထိရောက် ရောက် တိုက်ဖျက်ရပါမယ်တဲ့။ ကယ်လိုရီများပြီး အာဟာရဓာတ်နည်းပါးတဲ့  အစားအစာတွေ ရှောင်ရပါမယ်တဲ့။ ဒီအစားအစာတွေ ကြော်ငြာတာကိုလည်း ဆန့်ကျင်ရပါမယ်တဲ့၊ ကိုယ် လက်လှုပ်ရှားမှုကို ပိုပြီးလုပ်အောင် တိုက်တွန်းရပါမယ်တဲ့''

''ကောင်းတဲ့ အကြံဥာဏ်တွေပါပဲကွယ်''

''သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း ကြိုးစားနေကြပါတယ်၊ ခုဆို နိုင်ငံပေါင်း ၂ဝ ကျော်မှာ သကြားပါတဲ့ အချိုရည်တွေကို အခွန်တိုးကောက်နေကြပြီ''

''ကောင်းပါတယ်ကွယ်၊ အခွန်တိုးကောက်တော့ ဈေးကြီးလာမယ်၊ သောက်နေကျ လူလည်းလျှော့ သောက်လိမ့်မယ်၊ အဝလွန်တာလည်း လျှော့သွားမယ်''

''Public Health England က ပါရဂူ Dr.Alison Tedstone က ပြောတယ်။ သူက Chief Nutritionist ရာထူးရထားတယ်၊ သကြားလျော့ သုံးရေး စီမံချက်ရယ်၊ အစိုးရက အခွန်တိုးကောက်တာရယ်မှာ ယူကေက ဦးဆောင်နေပါတယ်တဲ့၊ ကမ္ဘာမှာ ထိပ်ပါပဲတဲ့၊ ဒါပေမယ့် အောင်မြင်မှုရဖို့က ခရီးရှည်ကြီးချီတက်ရဦးမှာပါတဲ့၊ အဆင့်တွေ အများကြီး ကျော်ဖြတ်ရပါဦးမယ်တဲ့၊ မျိုးဆက်အတော် များများအထိ ကြိုးစားရဦးမှာပါတဲ့''

''ခုကတည်းက စလုပ်တာ ကောင်းပါတယ်ကွယ်''

''ပါရဂူတွေပြောတာက လူတွေကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ပြောရုံနဲ့ မလုံလောက်ပါဘူးတဲ့၊ ကျန်း မာရေး ပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရပါမယ်တဲ့၊ သာမန်ပြည်သူတွေကို နားလည်အောင်ရှင်း ပြရပါမယ်တဲ့၊ သတင်းအချက်အလက်တွေလည်း စုံစုံလင်လင်ဖြန့်ဖြူး ပေးရပါမယ်တဲ့၊ ကယ်လိုရီနည်းပါးတဲ့ အစားအစာစားလာအောင် စည်းရုံးရပါမယ်တဲ့၊ အဝလွန်ရောဂါတိုက်ဖျက်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားကြရပါမယ်တဲ့''

''လိုက်နာသင့်တဲ့ အကြံဥာဏ် ကောင်းတွေပါပဲ''

''ယူကေမှာလည်း အတော်လုပ်ပါတယ်၊ Professor Russell Viner ဆိုတာက Royal College of Paediatrics and Child Health က ပါရဂူပဲ၊ သူကပြောတယ်၊ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေကို ကန့်သတ်ရပါမယ်တဲ့၊ Junk Food တွေပေါ့၊ ဒီအစားအစာ တွေ ကြော်ငြာတာကို ကန့်သတ်ရပါမယ်တဲ့၊ ဈေးကွက်ထဲမှာ ဖြန့်ချိတာကိုလည်း ထိန်းချုပ်ရပါမယ်တဲ့၊ အဝ လွန်ရောဂါဖြစ်ပွားမှုက အရေးပေါ် အခြေအနေလို့ပြောမယ်ဆိုရင် ပြောနိုင်တဲ့ အဆင့်ရောက်နေပါပြီတဲ့၊ ပါမောက္ခကြီးက ခုထက်ပိုပြီး ပြင်းပြင်းထန်ထန်ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းလိုက်တဲ့ သဘောပါပဲ''

''တိုက်တွန်းသင့်ပါတယ်၊ အစိုးရက ဦးဆောင်လုပ်မှ ထိရောက်မှာပါ''

''ကလေးကိုလည်း အန်တီအေး ကြပ်မတ်ပါဦး၊ သူ့အမေလည်း ကျွန်တော်ပြောပါ့မယ်၊ အားကစားလုပ်ချိန် မရှိဘူး၊ ခုခေတ်ကလေးတွေက အားလပ်ချိန်မရှိရှာဘူး။ တစ်ချိန်လုံး ကျူ ရှင်သွားနေရတယ်၊ အားပြန်တော့လည်း ဂိမ်းဆော့တယ်၊ ဖုန်းတွေပေါလာတော့ ဖုန်းနဲ့ပဲ အချိန်ကုန်နေတယ်၊ ဖုန်းသုံးတာ အချိန်ကန့်သတ် သင့်တယ်၊ ပြီးတော့  ကျူရှင်ချိန်ကို လျှော့ပြီး အားကစားလုပ်စေချင်တယ်''

''အေးကွယ်၊ သူ့အမေလာရင် ရှင်းပြပါဦး''

''ဟုတ်ကဲ့ အန်တီအေး၊ ရှင်းပြမှာပါ၊ မုန့်ဟင်းခါးစားလိုက်ဦးမယ်''

''အဝစားမောင်ကျော်၊ ကြက်သွန်ကြော်၊ ဘူးသီးကြော်၊ ပဲကြော်၊ မန်းကြော်အစုံရှိတယ်၊ ငါးဖယ်နဲ့ ဘဲဥ လည်းရှိတယ် ထည့်စား''

''အန်တီအေးလက်ရာသိပ် ကောင်းတယ်၊ ပါဆယ်လည်းဆွဲသွားမယ်''

''ဘာလဲ၊ ကုန်သွားမှာကြောက် လို့လား၊ မစိုးရိမ်ပါနဲ့၊ ပါဆယ်လည်းဆွဲပါ၊ လောက်ပါတယ်၊ ဧကန္တ ညောင်ရမ်းဆေးတိုက်က သူနာပြုဆရာမ ဖြူဖြူချောချောလေးအတွက် ထင်တယ်''

''မဟုတ်ဘူး အန်တီ၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းက ညောင်ရမ်းဆေးတိုက်မှာ မလုပ်တော့ဘူး၊ သမိုင်းခဝဲခြံကို ပြောင်းသွားပြီ၊ ကျွန်တော်လည်း မရောက်တော့ဘူး။ ခုပါဆယ်ဆွဲတာက ကရင်မချောချောလေးအတွက်ပါ သူက မုန့်ဟင်းခါးသိပ်ကြိုက်တယ်''

''ရပါတယ်၊ ရပါတယ်၊ ထည့်ပေးလိုက်ပါ့မယ်၊ အန်တီအေးလို အထီးကျန်မဖြစ်ရအောင် ပါရမီဖြည့် လိုက်ပါ့မယ်''

ပါဆယ်ရမည်ဆို၍ ဒေါက်တာ ကျော်ဆွေသိန်းက ငါးသလောက် ပြုံးကလေးပြုံးသွားလေတော့၏။

 

အောင် (ဆေး-၁)

 

ရည်ညွှန်းချက်။      ။ (1)BBC News မှ “Child Obesity Rates on The Rise” ဆေးပညာဆောင်းပါး နှင့်။

        (2) BBC News မှ “Child and Teen Obesity Spreading Across The Globe” ဆေးပညာ ဆောင်းပါးများကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.