16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အစွမ်းထက်သော ငှက်ဖျားဆေး

ဆောင်းရာသီဖြစ်၍ အအေး ဓာတ်က ကြီးစိုးနေ၏။

တစ်ပေါက်ပေါက်ကျနေသော နှင်းစက်များ၏ အသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျက်ရှိ၏။

ပဲခူးရိုးမတောင်ခြေရှိ ရွာကလေးတစ်ရွာသည် နှင်းခြုံလွှာအောက်တွင် အိပ်မောကျလျက်ရှိ၏။

ရွာအစွန်ရှိတဲငယ်ကလေးတစ် လုံးတွင် မီးရောင်မြင်နေရ၏။

''ဆရာလေး၊ မအိပ်သေးဘူး လား''

ရွာမှ ကာလသားခေါင်းသာဂိက ဒေါက်တာကျော်ဆွေသိန်းအားမေး လိုက်၏။

ဝါးကြမ်းခင်းပေါ်တွင် ထိုင်နေသော ဒေါက်တာကျော်ဆွေသိန်းသည် စားပွဲဝိုင်း အပုကလေးပေါ်မှ စာရွက် တစ်ထပ်ကြီးဖြင့် အလုပ်ရှုပ်နေ၏။

''လာဗျို့၊ ကိုသာဂိ၊ ထိုင်ဗျာ၊ စာရင်းဇယားတွေ လက်စသတ်နေလို့ မအိပ်နိုင်သေးပါဘူး။ နက်ဖြန် အစီ ရင် ခံစာတင်ရမှာမို့ အလောတကြီး လုပ်နေရတယ်။ မြို့တက်မယ့် လူကြုံ ရှိတော့ တစ်ခါတည်းပေးလိုက်ချင်လို့''

''အေးဗျာ၊ ဆရာလေးက အရမ်းကြိုးစားတာဗျာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာဗျောက ဆရာလေးကို သိပ်ချီးကျူးတာပဲ၊ ဝီရိယသိပ်ကောင်းတယ်တဲ့''

''ဒါပေါ့ဗျာ၊ သုတေသန အောင်မြင်ရင် လူနာတွေ အကျိုးရှိမှာဆိုတော့ ကြိုးစားရတာပေါ့ဗျာ''

''ဆရာလေး အဆာပြေစားဖို့ ဆတ်သားခြောက်ပါလာတယ်။ ရေနွေးကြမ်းရှိတယ် မဟုတ်လား။ မြည်း ကြည့်ပါဦး''

''ရှိပါတယ်၊ ခုလို ချမ်းတဲ့ ရာသီမှာ ရေနွေးကြမ်းပူပူလေး သောက်ရတာ အရသာရှိတာပဲ''

ဒေါက်တာကျော်ဆွေသိန်းသည် ငှက်ဖျားသုတေသနအတွက် ကွင်းဆင်းကာ စာရင်းဇယားကောက်ယူနေခြင်းဖြစ်၏။

''ဆရာလေးက တစ်ကိုယ်တော်တည်းကိုး၊ လက်ထောက်တွေဘာတွေ ခေါ်လာရောပေါ့''

''လာတုန်းက အဖွဲ့ဝင်နှစ်ယောက်ပါတယ်။ ဒါပေမယ့် ဌာနချုပ်မှာ အရေးတကြီး လုပ်စရာတွေပေါ်လာလို့ ခဏပြန်လွှတ်ထားတယ်၊ မကြာခင် ပြန်လာကြမှာပါ''

''သြော်-ဟုတ်လား၊ လူများတော့  အလုပ်တွင်ကျယ်တာပေါ့။ ဆရာလေးတို့က ရိုးမတောထဲလည်းသွားရသေးတာကိုး''

''လက်တွေ့ လေ့လာဖို့က ခုလို ခရီးထွက်မှဖြစ်မှာမို့ သွားရတာပေါ့ဗျာ''

''ဒါနဲ့ ဆရာလေး၊ တချို့ငှက်ဖျား လူနာတွေက ဆေးသောက်လျက်နဲ့ မသက်သာဘူး။ တလောက ဟိုဖက်ရွာက သစ်ခုတ်သမားတစ်ယောက်ဆိုရင် ဦးနှောက်ထဲပိုးဝင်ပြီးဆုံးသွားတယ်တဲ့၊ ဆေးကုလျက်သားနဲ့ ဆုံးတာ၊ အဲဒါဘာဖြစ်တာလဲ ဆရာလေး''

''ငှက်ဖျားရောဂါမှာ ပြဿနာတစ်ခုက ဆေးယဉ်ပါးတာဗျ၊ ငှက်ဖျားပိုးက ဆေးကိုမကြောက်တော့ဘူး။ ဆေးမတိုးဘူး၊ ဒီပြဿနာကလည်း မသေးဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ တွေ့ကြုံနေတဲ့ ပြဿနာပဲ''

''ဆေးသစ်ဝါးသစ်တွေ မရှာကြဘူးလား''

''ပါရဂူတွေလည်း ကြိုးစားပြီး ရှာနေပါတယ်။ ဆေးဝါးသစ်ဆိုလို့ကို သာဂိကို ဗဟုသုတပြောပြဦးမယ်။ ဆေးဝါးသစ်တစ်ခုအကြောင်းပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာလေးပြောပါ၊ စိတ်ဝင်စားပါတယ်''

''ပါရဂူတွေက ဆေးတစ်ကြိမ် သောက်ရုံနဲ့ကုနိုင်မယ့် ဆေးသစ်ကိုရှာကြတယ်၊ ဆေးအချိန်အဆလည်း နည်းရမယ်ပေါ့၊ ခုလောလောဆယ် တိရစ္ဆာန်တွေမှာ စမ်းသပ်နေတယ်''

''ဟုတ်ကဲ့ ဆရာလေး''

''ဓာတ်ခွဲခန်းမှာ မွေးထားတဲ့ ကြွက်ကလေးတွေမှာ စမ်းကြည့်တော့ ဆေးတစ်ကြိမ်တိုက်ထားရင် ရက်သုံး ဆယ် ငှက်ဖျားကာကွယ်နိုင်တာတွေ့ ရတယ်တဲ့''

''ရက်သုံးဆယ်ဆိုတော့ အတော် ကြာတာပဲ''

''ဒီဆေးဝါးသစ်က ငှက်ဖျားပိုးကို နှစ်နေရာမှာ တိုက်ဖျက်တယ်တဲ့၊ ပထမတစ်နေရာက အသည်းထဲမှာ၊ ဒုတိယတစ်နေရာကသွေးထဲမှာ၊ ငှက်ဖျားပိုးရဲ့ သဘာဝက အသည်း ထဲမှာလည်း ခိုအောင်းတတ်တယ်။ သွေးလှည့်အဖွဲ့ကတစ်ဆင့် တစ်ကိုယ် လုံးကိုလည်း ပျံ့နှံ့တတ်တယ်။ တစ်ကိုယ်လုံးဆိုပေမယ့် တချို့နေရာမှာပဲ ဒုက္ခပေးတာပါ။ ဥပမာ - ဦးနှောက်ကို ဒုက္ခပေးတယ်။ အင်္ဂါအစိတ်အ ပိုင်းတိုင်းကိုတော့ ဒုက္ခမပေးပါဘူး''

''နှစ်နေရာစလုံး တိုက်ဖျက်တာ ကောင်းတာပေါ့၊ ငှက်ဖျားပိုးကို ထိထိ ရောက်ရောက်နှိမ်နင်းနိုင်တာပေါ့''

''ပါရဂူတွေက ဆေးဝါးသစ်ကို မျှော်လင့်ထားတယ်၊ အစွမ်းထက်လိမ့် မယ်တဲ့၊ ခုသုတေသနကို ကမ္ဘာကသိအောင် ဆေးပညာဂျာနယ်မှာ ဖော်ပြ ပြီးပြီ၊ ဗဟုသုတအနေနဲ့ ပြောပြရရင် Nature ဆိုတဲ့ ဂျာနယ်မှာပါပြီးပြီ၊ တခြားပါရဂူတွေလည်း လေ့လာနိုင်ပြီ၊ ခုသုတေသနကို အခြေခံပြီး နောက်ထပ်သုတေသနတွေ ဆက် လုပ်နိုင်ပြီ''

''ဟုတ်ကဲ့ ဆရာလေး''

''ငှက်ဖျားပိုးကို သယ်ဆောင်တာက ခြင်မဗျ၊ ထူးဆန်းတယ်၊ Female Mosquito ပေါ့ဗျာ၊ ကိုသာဂိလည်း မြို့မှာကျောင်းတက်ဖူးတော့ တချို့ဝေါဟာရတွေ ကြားဖူးမှာပါ''

''ဟုတ်ကဲ့၊ ကြားဖူးပါတယ် ဆရာလေး''

''ငှက်ဖျား အန္တရာယ်ကလည်း မသေးဘူး၊ ပါရဂူတွေအဆိုအရ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ပြောရရင် ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ တစ်ဝက်က ရောဂါအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်တဲ့''

''တစ်ကမ္ဘာလုံးရဲ့ တစ်ဝက်ဆိုတော့ အများကြီးပါလား''

''ဟုတ်တယ်၊ အများကြီးပဲ၊ စာရင်းဇယားနဲ့ ပြောမယ်ဆိုရင် ၂ဝ၁၅ ခုနှစ်က ငှက်ဖျားလူနာသစ် စုစုပေါင်း ၂၁၄ သန်းရှိခဲ့တယ်။ ဒါက ၂ဝ၁၅ မှာ ထပ်တွေ့တဲ့ လူနာသစ်တွေဗျ၊ ငှက်ဖျားကြောင့် သေတာကလူပေါင်း ၄၃၈ဝဝဝ ရှိတယ်တဲ့၊ လေး သိန်းကျော်ပေါ့ဗျာ၊ ဒါက ကမ္ဘာ့ကျန်း မာရေး အဖွဲ့အကြီးက ထုတ်ပြန်တဲ့ စာရင်းဇယားဗျ''

''ဟုတ်ကဲ့ ဆရာလေး''

''ငှက်ဖျားရောဂါကြိုတင်ကာ ကွယ်နည်းတွေလည်း ရှိပါတယ်။ ဆေးရည်စိမ်ထားတဲ့ ခြင်ထောင်သုံးစွဲ တာရှိတယ်။  ခြင်တွေကို ပိုးသတ်ဆေးဖျန်းပြီး နှိမ်နင်းတာရှိတယ်။ ပြီး တော့ ကြိုတင်ပြီး ငှက်ဖျားဆေးသောက်တာရှိတယ်။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် ငှက်ဖျားရောဂါဟာ လူတွေကို နှိပ်စက်နေတုန်းပဲ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာပေါ့ဗျာ''

''စီးပွားရေး ချို့တဲ့လို့ ရောဂါတိုက်ဖျက်ရေးမှာ ရန်ပုံငွေ လုံလုံလောက်လောက် မသုံးနိုင်တာလည်း တစ်ကြောင်းပါမယ်ထင်တယ် ဆရာလေး''

''မှန်တယ်ဗျ၊ ဆေးဝါးမလုံလောက်တာ၊ ကျွမ်းကျင်တဲ့ ကျန်းမာရေး ဝန်ထမ်းမလုံလောက်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေလည်း ပါတာပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာလေး''

''ခုလက်ရှိသုံးနေတဲ့ ငှက်ဖျားဆေးက တစ်ကြိမ်ပဲသောက်လို့ မလုံလောက်ဘူး၊ တစ်ကြိမ်ထက်ပို သောက်ရတယ်၊ ပြီးတော့ ငှက်ဖျားပိုးက လက်ရှိဆေးဝါးကို ယဉ်နေပြီ၊ မဖြုံတော့ဘူး။ ဆေးမတိုးတော့ဘူး။ ဆေးယဉ်တဲ့ ပြဿနာကလည်း အ တော်ကြီးမားတယ်''

''ဒါကြောင့် ဆေးဝါးသစ်ရှာတာကိုး''

''ဟုတ်တယ်ဗျ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ငှက်ဖျားပိုးတစ်မျိုးတွေ့တယ်၊ ဒီပိုးကို Plasmodium Falciparum လို့ခေါ်တယ်။ ဒီလို အလားတူပိုးမျိုးတခြားဒေသ တွေမှာလည်း တွေ့တယ်၊ ဒါပေမယ့် ခုတွေ့တာက ပိုးမျိုးစိတ်အသစ်ဗျ၊ တခြားဒေသက Falciparum နဲ့ မတူဘူး''

''ငှက်ဖျားပိုးကလည်း မျိုးစိတ် တွေများတာကိုး''

''ခုနယ်စပ်ကပိုးက လက်ရှိငှက် ဖျားပိုးတိုက်ဖျက်တဲ့ ဆေးဝါးမျိုးစုံကို ခံနိုင်ရည်ရှိတယ်တဲ့၊ ဘယ်ဆေးမှ မတိုးဘူးတဲ့၊ ကြောက်စရာကြီးဗျ''

''ဟာ- တယ်ဆိုးတဲ့ ပိုးပါလား''

''ဒါကြောင့် ပါရဂူတွေက ဆေးဝါးသစ်ရှာကြတယ်၊ အမေရိကားမှာရှိတဲ့ Massachusetts Institute of Technology နဲ့ Harvad University က ပါရဂူတွေစုပေါင်းကြိုးစားကြ တယ်၊ Dr.Nobutaka Kato နဲ့ ပါရဂူအဖွဲ့က ဓာတုဒြပ်ပေါင်း အမျိုးအစား တစ်သိန်းကျော်ကို လေ့လာခဲ့ကြတယ်''

''တစ်သိန်းကျော်တောင် လေ့လာကြတယ်။ အတော်ဇွဲကောင်းတာပဲ''

''ခုလက်ရှိ ဆေးဝါးတွေကို မတိုးတော့ ဆေးသစ်ရှာရတာပေါ့၊ လက်ရှိဆေးဝါးနဲ့ ဆေးအာနိသင်ပြပုံခြင်း မတူတဲ့ ဆေးဝါးမျိုးပေါ့''

''ဟုတ်ကဲ့ ဆရာလေး''

''သူတို့ ရှာတွေတဲ့ ဆေးဝါးသစ်က ထူးခြားတယ်။ လက်ရှိဆေးဝါးတွေနဲ့ မတူဘူး၊ ဆေးသစ်က Enzyme ကို တိုက်ခိုက်တာ ဗဟုသုတအနေနဲ့ ပြောရရင် Enzyme နာမည်က Phenylaanyl-TRNA Systhetase တဲ့၊ ဆေးနာမည်တွေ၊ Enzyme နာမည်တွေက မှတ်ရခက်ပါတယ်။ Enzyme လို့ပဲ မှတ်ထားဗျာ၊ ဒီ Enzyme အလုပ်မလုပ်နိုင်အောင် ဆေးဝါးသစ်က တားဆီးတာ၊ ငှက်ဖျားပိုးကို အသည်းထဲမှာ မခိုအောင်းခင် ကြိုတင်တိုက်ခိုက်တာ၊ ငှက်ဖျားပိုးက အသည်းထဲမှာ ခိုအောင်းပြီး ပွားလာတယ်။ ပြီးတော့ သွေးထဲရောက်တယ်။ ခုတော့ အသည်းထဲမှာလည်း မပွားနိုင်ဘူး။ သွေးထဲလည်း မရောက်နိုင်ဘူး''

''ကောင်းတယ် ဆရာလေး''

''သုတေသီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Professor Stuart Schreiber က ပြောတယ်။ ခုတွေ့ရှိချက်က ထူးခြားပါတယ်တဲ့၊ ဒါကို အခြေခံပြီး အနာဂတ်မှာ ခုထက်စွမ်းတဲ့ ဆေး တွေထပ်ထုတ်နိုင်ပါလိမ့်မယ်တဲ့''

''ဟုတ်ကဲ့ ဆရာလေး''

''Professor ကြီးက ခုသုတေသနကရတဲ့ အချက်အလက်တွေကို သုံးစွဲကြဖို့ တခြားသုတေသီတွေကို တိုက်တွန်းထားတယ်။ ပညာဖြန့်ဖြူးတဲ့ သဘောပေါ့ဗျာ''

''သုတေသနတွေက ငွေကုန်မှာပဲနော်''

''ကုန်တာပေါ့ဗျာ၊ ဒါကြောင့် ရန်ပုံငွေ ထောက်ပံ့မယ့် အလှူရှင်လိုတယ်။ ခုသုတေသနကို Bill & Melinda Gates Foundation က ရန်ပုံငွေထောက်ပံ့တယ်''

''ကမ္ဘာကျော် သူဌေးကြီး Bill မဟုတ်လား ဆရာလေး၊ ရက်ရောတဲ့ အလှူရှင်ပဲ၊ သာဓုခေါ်ပါတယ်ဗျာ၊ သာဓု သာဓု သာဓု''

''ခုလို အလှူရှင်တွေရှိတာ ဝမ်းသာစရာပါဗျာ၊ အင်္ဂလန်မှာရှိတဲ့ Londaon School of Hygene & Tropical Medicine ကလည်း ငှက်ဖျားသုတေသနကို အားပေးနေတယ်။ အဲဒီဌာနကြီးက ပါရဂူတစ်ဦးဖြစ်တဲ့ Professor David Baker က ပြောတယ်။ သုတေသနက စိတ်ဝင်စားစရာကောင်းပါတယ်တဲ့၊ ဆေးသစ် က တစ်ကြိမ်ပဲသောက်ရလို့ အားသာချက်ရှိပါတယ်တဲ့၊ တစ်အချက်က ကုန်ကျစရိတ်ပါတဲ့၊ ဆေးဖိုးသက်သာ ပါတယ်တဲ့၊ ဒုတိယအချက်က လူနာဆေးပတ်မလည်မှာ မစိုးရိမ်ရတော့ဘူးတဲ့။ အရင်ဆေးတွေက တစ်ကြိမ်ထက်ပိုသောက်ရတယ်။ တချို့လူနာက ဆေးပတ်လည်အောင် မသောက်ဘူး၊ ခုဒီဆေးသစ်မှာ ဒီပြဿနာမရှိပါဘူးတဲ့၊ ကောင်းပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာလေး''

ထိုစဉ် ရွာသားတစ်ဦးဖြစ်သော ကြွက်သိုးရောက်ရှိလာ၏။

''ဟာ - ကိုကြွက်သိုးပါလား၊ လာဗျာထိုင်၊ ရေနွေးကြမ်းသောက်ဗျာ''

''ကိုသာဂိလည်း ရောက်နေတာကိုး၊ ဆရာလေးတဲက မီးရောင်မြင်လို့ ဝင်လာတာ၊ မအိပ်သေးဘူးလား''

''အေးဗျာ၊ လုပ်ငန်းတွေ လက်စသတ်နေလို့ပါ''

''မနက်ဖြန် ဆရာလေးကို ရွာတောင်က ဦးရွှေအိုးအိမ်က ထမင်းစားဖိတ်လိမ့်မယ်၊ ဦးရွှေအိုးသမီး ဂွက်ထော်က ဆရာလေးဆီ ခဏခဏ စားစရာလာပို့တယ်ဆိုပဲ၊ ကျွန်တော် သတင်းရထားတယ်''

''ဟဲဟဲ၊ ရိုးရိုးတန်းတန်းခင်တာ ဖြစ်မှာပါဗျာ''

''ဟုတ်ပါ့မလား ဆရာလေးရာ၊ ကိုကြွက်သိုးပြောတာ စဉ်းစားစရာပဲ၊ ဂွက်ထော်တစ်ယောက်တည်း လက်ဖက်သုပ်လာပို့လိုက်၊ ဂျင်းသုပ်လာပို့လိုက်နဲ့ ချောင်းပေါက်မတတ်ဖြစ်နေပြီ၊ ဟဲဟဲ''

''ဂွက်ထော်က ကွမ်းတောင်ကိုင်ဗျ၊ ပြီးတော့ ဦးရွှေအိုးကလည်း ချမ်းသာတယ်၊ ဂွက်ထော်က တော်ရုံလူကို အရေးလုပ်တာ မဟုတ်ဘူး၊ မာန်ကြီးတယ်''

''ကဲပါလေ၊ ဖိတ်တော့လည်း ကြွပေါ့ ဆရာလေးရယ်၊ အားနာစရာကြီး''

''ကိုသာဂိနဲ့ ကိုကြွက်သိုးလည်း လိုက်ခဲ့ကြလေဗျာ''

''ဟဲဟဲ မလိုက်ပါရစေနဲ့၊ အလိုက်မသိရာကျနေပါမယ်၊ ဂွက်ထော်ကလည်း မျက်စောင်းထိုးမှာဗျ''

''ရွာက ကူညီထားတော့လည်း အားနာပါးနာ ထမင်းစားကြွရတာပေါ့ဗျာ၊ ကျွန်တော်ရိုးမတောထဲသွားတုန်းက ဦးရွှေ့အိုးက ကူညီဖူးတယ်''

''ဟုတ်တယ်၊ ဟုတ်တယ်၊ ကြွသာကြွပါ ဆရာလေးရာ''

ကိုသာဂိနှင့် ကိုကြွက်သိုးတို့က ပြုံးစိစိလုပ်နေကြလေ၏။

 

အောင် (ဆေး-၁)

ရည်ညွှန်းချက်။    ။ BBE News မှ “Malaria Stopped with Single dose of new compound ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.