အိပ်ရေး၀၀ အိပ်နိုင်မှ.....
နွေနေ့လယ်ခင်းဖြစ်၍ ရာသီဥတု က ပူပြင်းလှ၏။
ညက အိပ်ရေးမဝသဖြင့် ဒေါက်တာ ဇင်မင်းမောင်သည် မရွှင်မလန်း ဖြစ်နေ၏။
ထိုစဉ် လက်ကိုင်ဖုန်း မြည်လာသဖြင့် ကောက်ကိုင်လိုက်၏။
''ဟဲလို ဆရာလား။ ဦးဥာဏ်အုန်းပါ။ ဆရာညက အိပ်ရေးပျက်တယ်ဆို၊ လန်းဆန်းသွားအောင် Ken Ko Food Centre ကို လာခဲ့ပါလား''
''ကောင်းပြီလေ။ လိပ်စာ ပြောပြပါဦး''
''၃၈ လမ်းအောက်ဘလောက် မှာဆရာ။ ကားမှတ်တိုင်နဲ့ သိပ်မဝေးဘူး''
''သြော် သိပြီ။ ဟိုတစ်ခါသွား တဲ့ဆိုင်ပဲ။ လာခဲ့မယ်''
မကြာမီ ဒေါက်တာ ဇင်မင်းမောင်သည် Ken Ko Food Centre သို့ ရောက်ရှိသွား၏။ Ken Ko ဆိုသည်မှာ ဂျပန်စကားဖြစ်ပြီး ကျန်းမာခြင်းဟု အဓိပ္ပာယ်ရ၏။ ဂျပန်ရိုးရာ အစားအစာများ ရနိုင်၏။ ဝမည်ကို စိုးရိမ်သူများအတွက် ကယ်လိုရီ နည်းပါးသော ဂျပန်ခေါက်ဆွဲပြုတ်ရည် ရနိုင်၏။ ရိုးရာ အစားအစာများကို ဆီ၊ အချိုမှုန့်နှင့် ငံပြာရည် လုံးဝမသုံးဘဲ စီမံပြုလုပ်ထား၏။
အစားအသောက် ပြုလုပ်ရန် ကုန်ကြမ်းများကို ဂျပန်မှ တိုက်ရိုက်မှာ ယူထားပြီး မြန်မာ့လျှာနှင့် သင့်တော် စေမည့်အရသာကို စီမံပေးထား၍ စားသုံးသူများအတွက် အဆင်ပြေစေ၏။
ဒေါက်တာဇင်မင်းမောင် ဆိုင်အတွင်း ဝင်သွားသောအခါ မျက်စိအေးစရာ အစိမ်းနုရောင် နံရံများပေါ်တွင် ချိတ်ဆွဲထားသော ဂျပန်ရှုခင်း ပန်းချီကားကလေးများကို တွေ့လိုက်ရ၏။ Ken Ko Food Centre ၏ထူးခြားချက်မှာ ဂျပန်စကားပြောလေ့ ကျင့်ရန် အခက်အခဲရှိနေသူများ အတွက် လက်ခံစကားပြောပေးသည့် အစီအစဉ် ပြုလုပ်ပေးထားခြင်း ဖြစ်၏။
ထောင့်တစ်နေရာတွင် ထိုင်နေသော ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်း က ခရီးဦးကြိုပြုလိုက်၏။
''မင်္ဂလာပါဆရာ။ ကြွပါဆရာ။ ကျွန်တော် ဂျပန်ခေါက်ဆွဲပြုတ်ရယ်၊ ဂျပန် ထမင်းလိပ်ရယ်၊ အသားညှပ် ပေါင်မုန့်ရယ်၊ ကော်ဖီရယ်မှာထား တယ်ဆရာ။ Ken Ko ဆိုတာ ဂျပန် စကားပါဆရာ။ ကျန်းမာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒီရောက်ရင် ဆရာလန်းဆန်းသွားမယ်ဆရာ''
''ဒါပေါ့ ဦးဥာဏ်အုန်းရယ် လန်းဆန်းသွားတော့လဲ ကျန်းမာခြင်းနဲ့ ညီညွတ်သွားတာပေါ့။ ဂျပန် ခေါက်ဆွဲပြုတ်ရည်က ကယ်လိုရီ နည်းတယ်။ ကိုယ်အလေးချိန်တက် မှာမစိုးရိမ်ရဘူး။ ဒါလဲ ကျန်းမာခြင်းနဲ့ ညီညွတ်တာပဲ''
''ဟုတ်ပါတယ် ဆရာ။ ဆရာ ညက အတော်အလုပ် များသွားတယ် ထင်တယ်။ ဟုတ်တယ်ဗျာ၊ ဆေးရုံမှာ ညဂျူတီကျတယ်။ တစ်ညလုံး အရေးပေါ် လူနာတွေ လာနေတယ်။ အစာအိမ်ပေါက်တာ၊ မီးလောင်တာ၊ အရိုးကျိုးတာ၊ ခေါင်းကွဲတာ စုံနေတာပဲ။ ခွဲခန်းထဲ ဝင်လိုက်၊ ထွက် လိုက်နဲ့ပဲ မိုးစင်စင်လင်းတာပါပဲဗျာ''
''မိုးလင်းတော့ အိမ်ပြန်ရ ရောလား''
''ဟာ- ဘယ်ပြန်ရဦးမလဲ။ ပါရဂူကြီး Round တာ နောက်က လိုက်ရသေးတယ်။ ဦးဥာဏ်အုန်း ဖုန်းဆက်တော့ ကျွန်တော် ဆေးရုံမှာပဲ ရှိသေးတယ်။ ဆေးမှတ်တမ်းတွေ တစ်ထပ်ကြီးနဲ့ ချာလပတ်လည်နေ တုန်းရှိသေးတယ်''
''အိပ်ရေးမဝတဲ့ ညတွေ အတော်များမှာပဲနော်''
''များတာပေါ့ဗျာ။ ဂျူတီကျတော့လဲ တာဝန်ကျေပွန်အောင် ထမ်းဆောင်ရတာပဲ။ လူနာတွေနေကောင်း သွားတာတွေ့ရတော့လဲ အိပ်ရေး ပျက်ရကျိုးနပ်ပါတယ်ဗျာ''
''အိပ်ရေးပျက်ပါများရင် ဘာဖြစ်တတ်လဲဆရာ''
''အဲဒါသိချင်လို့ ကျွန်တော် ဂျာနယ်တစ်စောင်မှာ ဖတ်ကြည့်လိုက်တယ်။ ဂျာနယ်က ဆေးပညာ ဂျာနယ်ပါ။ နာမည်က Sleep တဲ့။ ပါလာတဲ့ ဆောင်းပါးက အိပ်စက်ခြင်း ဆိုင်ရာ သုတေသန အကြောင်းပါပဲ။ သုတေသနက တခြား သုတေသနတွေကို ပြန်ပြီး ခွဲခြမ်းစိတ်ဖြာတဲ့ သုတေသနပါ။ စုစုပေါင်း သုတေသန ၁၆ ခုကို ပြန်လေ့လာခဲ့တယ်။ သု တေသန ၁၆ ခုမှာ အစမ်းသပ်ခံ လူနာပေါင်းက တစ်သန်းခွဲ ပါဝင်ခဲ့ တယ်''
''လူဦးရေ တစ်သန်းခွဲဆိုတော့ အများကြီးပါလားဆရာ''
''ဟုတ်တယ်၊ လူများများပါမှ ရလဒ်ကလဲ ပိုပြီးခိုင်မာတာဗျ။ များများလုပ်လေ ကောင်းလေပဲ။ အရင် သုတေသနတွေက နိုင်ငံစုံမှာ လုပ် ခဲ့တယ်။ ယူကေပါတယ်။ ယူအက်စ် ပါတယ်။ ဥရောပနိုင်ငံတွေပါတယ်။ အရှေ့အာရှနိုင်ငံတွေပါတယ်။ ခု သုတေသနက အိပ်ချိန်ပမာဏနဲ့ သေ ဆုံးနှုန်းဆက်စပ်ပုံကို လေ့လာခဲ့တာဗျ''
''ဘာတွေ့လဲဆရာ''
''ယူကေ သုတေသီတွေနဲ့ အီတာလျံ သုတေသီတွေ တွေ့တာက တစ်ညကို ခြောက်နာရီထက်နည်းပြီး အိပ်ရင် ကြာလာတဲ့အခါ နေရတဲ့ သက်တမ်း တိုသွားတယ်လို့ ဆိုတယ်''
''ပုံမှန်အိပ်ချိန်က ဘယ်လောက်လဲ ဆရာ''
''ကျန်းမာရေးနဲ့ ပြည့်စုံဖို့ စံသတ်မှတ်ထားတာက ခြောက်နာရီကနေ ရှစ်နာရီသတ်မှတ်ထားတယ်။ နှစ်ပေါင်း ၂၅ နှစ်ကြာအောင် တစ်ည တစ်ညကို ခြောက်နာရီထက် နည်းပြီး အိပ်အိပ်နေရရင် ပြည့်ပြည့်ဝဝ အိပ်ရတဲ့လူတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ အိပ်ရေးမဝတဲ့ လူတွေက ၁၂ ရာခိုင် နှုန်း ပိုပြီးသက်တမ်းတိုတာ တွေ့ရ တယ်တဲ့''
''သက်တမ်းတိုတယ်ဆိုတော့ Premature Death ပေါ့ဆရာ''
''ဟုတ်တယ် ဦးဥာဏ်အုန်း။ စောစောစီးစီး ကိစ္စပြတ်ကုန်တာပေါ့ဗျာ။ သုတေသီတွေက အိပ်ရေးမဝ ခြင်းဟာ ကျန်းမာရေး ထိခိုက်စေတဲ့ တိုက်ရိုက်အကြောင်းတရားတဲ့ဗျ။ ဒါက ယူကေ သုတေသီတွေနဲ့ အီ တာလျံ သုတေသီတွေ ပြောတာနော်''
''ပါရဂူတွေကပြောမှတော့ နား ထောင်ရမှာပေါ့ဆရာရယ်''
''University of Warwick မှာ University of Warwick rSm Professor Francesco Cappuccio ဆိုတဲ့ ပါရဂူကြီးတစ်ဦးရှိတယ်။ ယူကေမှာ Sleep, Health and Society Programme ဆိုတဲ့ သုတေသန တစ်ခုရှိတယ်။ ဒီပါမောက္ခကြီးက သုတေသီ အဖွဲ့ခေါင်းဆောင်ပေါ့ဗျာ။ သူက ပြောတယ်။ ခေတ်ပေါ်လူနေမှု အဖွဲ့အစည်းမှာ အိပ်ချိန်တွေ လျော့လျော့လာတာ တွေ့ရပါတယ်တဲ့။ စံချိန်စံညွှန်းနဲ့ မညီတော့ပါဘူးတဲ့။ ဒါကလဲ အချိန်ပြည့် အလုပ်လုပ်နေ ကြရတဲ့အတွက် ဖြစ်ပါတယ်တဲ့။
ဒါကလဲ ခေတ်ပြောင်းလာလို့ လူတွေ ဟာ ခေတ်နဲ့အညီ လိုက်ပြောင်းနေ ကြရလို့ ဖြစ်ပါတယ်တဲ့။ လူတစ်ဦး တည်းက နှစ်လုပ်၊ သုံးလုပ် လုပ်နေ ရပါတယ်တဲ့။ နေ့ဆိုင်း၊ ညဆိုင်း နဲ့ လုပ်နေကြရ ပါတယ်တဲ့။ အဲသလို ပြောသွားတယ်ဗျ''
''ဟုတ်ကဲ့ဆရာ''
''တခြားပါရဂူတွေကလဲ ပြောတယ်ဗျ။ ခု သုတေသနအရဆိုရင် အိပ်ရေးမဝတာနဲ့ သက်တမ်းတိုတာ ဆက်စပ်နေကြောင်း ယူကေမှာ ၁၆ နှစ်အထက် သေဆုံးမှုပေါင်း ၆.၃ သန်းကျော်ဟာ အိပ်ရေးမဝတာနဲ့ ဆက်စပ်နေကြောင်း ပြောသွားကြတယ်ဗျ''
''ဟုတ်ကဲ့ဆရာ''
''Porofessor Cappuccio က ဆက်ပြောပါတယ်။ နောက်ထပ်သု တေသနတွေလုပ်ဖို့ လိုပါသေးတယ် တဲ့။ အိပ်ရေးဝခြင်းဟာ ကျန်းမာရေး အတွက် ဘယ်လို အထောက်အကူ ပြုတယ်ဆိုတာ အသေးစိတ်သိဖို့ လို ပါသေးတယ်တဲ့။ ဆက်စပ်မှုက ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့ သြဇာ သက်ရောက်တယ်ဆိုတာ ဆက်ပြီး ရှာဖွေရဦးမှာပါတဲ့''
''ပါရဂူတွေက နည်းနည်းပါး ပါးသိရုံနဲ့ မကျေနပ်ဘူးနော်''
''ဟုတ်တယ် ဦးဥာဏ်အုန်း။ ရေဆုံးရေဖျားစူးစမ်းလေ့လာကြ တယ်။ နည်းနည်းပါးပါးသိရုံနဲ့ မကျေနပ်ကြဘူး။ အဲဒီလို သိချင် စိတ်ကြောင့်လဲ ပညာရပ်တွေ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာတာပါဗျ။ နည်းနည်းသိရုံနဲ့ ကျေနပ်ရင် ပညာ ရပ်တွေ မတိုးတက်တော့ဘူး''
''ဟုတ်ပါတယ်ဆရာ''
''Lough Borough Sleep Research Centre က ပါရဂူ Professor Jim Horne က တခြား အချက် အလက်တွေ ရှိနိုင်ပါသေးတယ်တဲ့။ ဒါတွေကိုလဲ ထည့်စဉ်းစားပါတဲ့။ အိပ် ရေးမဝတာ သက်သက်နဲ့တော့ မလုံ လောက်သေးဘူးထင်ပါတယ်တဲ့။ အဲသလို ဝေဖန်တယ်ဗျ''
''ထောင့်စေ့အောင် လုပ်စေချင် တဲ့သဘောပဲဆရာ။ ရေပက်မဝင်အောင် ခိုင်မာစေချင်တဲ့ စေတနာဖြစ်မှာပါ။ ဘက်ပေါင်းစုံက စဉ်းစားမှလဲ ပြည့်စုံမှာကိုး''
''ဟုတ်တယ်လေ။ Professor Cappuccio ကလဲ ဆက်လုပ်မယ် ပြောထားတာပဲဗျာ။ သူလဲ သဘော ပေါက်ပါတယ်''
''ဟုတ်ကဲ့ဆရာ''
''Professor Horne က ပြောတယ်။ အိပ်စက်ခြင်းဟာလစ်တမတ် စက္ကူလိုပဲတဲ့။ လစ်တမတ်စက္ကူ ဆိုတာက ကျွန်တော်တို့ ငယ်ငယ် က သိပ္ပံမှာ သင်ရတယ်ဗျာ။ အက်စစ်တွေ၊ အယ်ကာလီတွေ စမ်းတာလေ။ တိုင်းတာနည်းတစ်ခုပေါ့ဗျာ။ ခုလဲ အဲသလိုပဲ။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်း မာရေးကို အိပ်စက်ခြင်းနဲ့ တိုင်းတာလို့ရတယ်။ ဆိုလိုတာက ရောဂါတစ် ခုခုရှိနေရင် အိပ်မပျော်ဘူး။ ဥပမာ စိတ်ကျရောဂါရှိရင် အိပ်မပျော်ဘူး။ ရောဂါတော်တော်များများကြောင့် အိပ် မပျော်တာရှိတယ်''
''ဟုတ်ကဲ့ဆရာ''
''Professor Horne က ဆက်ပြောတယ်။ တစ်ညကို အိပ်ချိန်ငါးနာ ရီထက် လျော့နေရင် တစ်နည်းအား ဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရင် ဒါဟာ ရောဂါခံတစ်ခုခုရှိနေပြီတဲ့။ အိပ်ချိန် ငါးနာရီဟာ မလုံလောက်ဘူးတဲ့။ အိပ်ရေးမဝရင် နေ့ခင်းဘက် အိပ် ငိုက်နေရောတဲ့။ ဥပမာ ယာဉ်မောင်း ဆိုရင် အိပ်ရေးမဝတာ အန္တရာယ် များတယ်တဲ့''
''ဟုတ်တာပေါ့ဆရာရယ်။ မတော်တဆ ယာဉ်တိုက်မှုတွေ ဖြစ် ကုန်မှာပေါ့''
''ဒါကြောင့် အိပ်ရေးဝဝ အိပ်ဖို့လိုအပ်တယ်ဗျ။ တခြားလုပ်ငန်းတွေမှာလဲ အိပ်ရေးမဝရင် အမှားအယွင်းတွေ ဖြစ်နိုင်တယ်ဗျ''
''ဟုတ်ကဲ့ဆရာ''
ထိုစဉ် မှာထားသော စား သောက်ဖွယ်ရာများ ရောက်ရှိလာ၏။
''သုံးဆောင်ပါဆရာ။ ကယ်လို ရီနည်းတယ်။ အရသာလဲရှိတယ်''
''စားမယ်။ ဗိုက်ဆာပြီ''
ထိုစဉ် ဆိုင်အတွင်းသို့ ဒေါက်တာ ပွင့်သက်တင်နှင့် ဒေါက်တာ ယုစန္ဒာတို့ ဝင်လာကြ၏။ ဒေါက်တာ ဇင်မင်းမောင်ကို မြင်သွားသောအခါ ဝမ်းသာအားရနှင့် ရောက်လာကြ၏။
''ဟဲဟဲ ကိုဇင် ဘယ်ပြေးမလဲ''
''မပြေးပါဘူးပွင့်ရယ်။ ဒီဝိုင်းက ဦးဥာဏ်အုန်း ဒကာခံတာပါ''
''ဒေါက်တာတို့ ထိုင်ကြပါ။ ဘာစားမလဲ။ မှာပေးပါ့မယ်''
ဦးဥာဏ်အုန်းက ဒေါက်တာ ဇင်မင်းမောင်၏ မိတ်ဆွေများဖြစ် ကြောင်း ရိပ်မိလိုက်၏၊ အလိုက်သိစွာ ထိုဆရာဝန်များအား ဖိတ်ခေါ်လိုက်၏။
''ကျွန်မတို့က ဝိုင်ဂျီအိတ်ခ်ျက ဆိုတော့ ဦးဥာဏ်အုန်းကိုလဲ တွေ့ဖူးနေပါတယ်။ လေညိုကုန်းမှာ ဦးဥာဏ်အုန်းက ဒကာတဲ့။ ခု Ken Ko မှာလဲ ဒကာလုပ်လိုက်ပေါ့နော်။ ကုသိုလ်ရပါတယ်''
''ဟုတ်ကဲ့ လုပ်ပါ့မယ်။ ဒေါက်တာတို့ စားချင်တာမှာပါ''
ဂျပန်ပြည်ရောက်ဖူးသော ဒေါက်တာ ပွင့်သက်တင်က အစားအသောက် စာရင်းတွင် မပါသော ဂျပန်ရိုးရာ အစားအစာများ မှာလိုက်၏။ စားပွဲထိုးလေးအား ဂျပန်လို သွက်လက်စွာ ပြော၍မှာနေ၏။
''ခုလို ပြောဆိုနေတာတွေ့တော့ ပွင့်က ဂျပန်မလေးအတိုင်းပါပဲလား''
''မြှောက်မနေပါနဲ့။ နောက်တစ်ခါ ကီမိုနိုဝတ်လာခဲ့မယ်''
''ဝတ်လာပါကွာ။ ဗဟုသုတ ရတာပေါ့။ ကိုယ်လဲ ဂျပန်သွားလည် ချင်တယ်''
''သွားလည်ချင်ရင် ဂျပန်စကား အရင်သင်ဦး။ Ken Ko ကို ခဏခဏ လာပေါ့။ စကားပြော လေ့ကျင့်လို့ ရတယ်''
''ကဲ- ဦးဥာဏ်အုန်းရေ နောက်ရက်တွေလဲ ဒကာခံပါဦးဗျာ''
''ရပါတယ်ဆရာရယ်။ ကျွန်တော်က ပါရမီဖြည့်ချင်နေတာ''
ရည်ညွှန်းချက်။ ။ BBC News မှ Lack of Sleep Poses Death Risk ဆေးပညာ ဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။
အောင်(ဆေး-၁)