21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အယ်လ်ဇိုင်းမားအတွက် ထိုဆယ်ချက်

မိုးကတဖွဲဖွဲရွာနေ၏။

ကြီးမားသော ထီးကြီး၏ အကာ အကွယ်အောက်တွင် ရှိနေ၍ မိုးစိုမည်ကို မပူရဘဲ အေးဆေးစွာ စကား ပြောနိုင်၏။

'လေညိုကုန်း' လက်ဖက်ရည် ဆိုင်ကလေးတွင် ညနေစောင်းသည်နှင့် စာပေလောကသားများဖြင့် စည်ကားလာ၏။

အဂ္ဂိရတ်ဝါသနာပါသော အငြိမ်းစားကျောင်းအုပ်ကြီး ဦးမြသာ၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၊ ကဗျာဆရာမ မကြည်ဆွေ၊ ဝတ္ထုတိုဆရာမ မစပယ်၊ ကဗျာဆရာ မောင်တိုင်ပြာ၊ စာပေတိုက်ပိုင်ရှင် ကိုလွင်ဆင့်တို့ ဝိုင်းဖွဲ့ဆွေးနွေးနေကြ၏။

ဦးမြသာကို ရင်းနှီးသူများက 'မြေလျှောက်ဝိဇ္ဇာ'ဟု နာမည်ပြောင်ပေးထား၏။

''ဝိဇ္ဇာကြီး၊ ဆောရီးဗျာ၊ ဝိဇ္ဇာကြီး တောင်းထားတဲ့ စာအုပ်မေ့ခဲ့ပြန်ပြီဗျာ''

''ရပါတယ် ကိုလွင်ဆင့်၊ နောက်နေ့ပေါ့ဗျာ''

''အေးဗျာ၊ ကျွန်တော်လည်း အိမ်မှာ တူနဲ့ အိမ်ရိုက်သံတွေကျန်ခဲ့ပြန်ပြီ၊ ညောင်ရမ်းဆေးခန်းပိုင်ရှင်ကိုပေးဖို့ဗျ၊ ခုတော့ တောင်းပန်ရတော့မယ်''

''ကိုတိုင်ပြာက တော်သေးတယ်။ ကျွန်မက ယောက်ျားကို လမ်းစရိတ်ပေးဖို့ မေ့ခဲ့ပြန်ပြီ၊ ယောက်ျားတော့ တက္ကစီအကြွေးစီးပြီး အလုပ်သွားပြီထင်တယ်''

ကဗျာဆရာမ မကြည်ဆွေက ညည်းတွားလိုက်၏။

''ခုလို မေ့ကြတာက အယ်လ်ဇိုင်းမားရောဂါများလား၊ ဒေါက်တာဝေယံမိုးမြင့်လာရင် မေးကြည့်ရအောင်''

ဦးဥာဏ်အုန်းက အကြံပေးလိုက်ရာ အားလုံးက သဘောတူကြ၏။

မကြာမီ ဒေါက်တာဝေယံမိုးမြင့် ရောက်ရှိလာ၏။

''ကြွပါဆရာ၊ ခုတလော ဝိုင်းတော်သားတွေ မေ့ကြလျော့ကြံနဲ့၊    အဲဒါ အယ်လ်ဇိုင်းမားများလား ဆရာ''

''ဝိုင်းတော်သားတွေက လူလတ်ပိုင်းတွေပဲ၊ အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ နည်းပါတယ်။ သတိကလေးထားလိုက်ရင် မေ့တတ်တဲ့ ပြဿနာပြေ လည်သွားမယ်ထင်ပါတယ်။ အယ်လ်ဇိုင်းမားအကြောင်း သိချင်ရင် ကျွန်တော်ရှင်းပြပါ့မယ်''

''ဟုတ်ကဲ့ ဆရာ''

''ပထမဆုံး DEMENTIA ဆိုတာ ရှင်းပြမယ်။ နေ့စဉ်နေ့တိုင်းသွားလာ လှုပ်ရှားနေထိုင်မှုက ဥာဏစွမ်းရည်ရှိလို့ဗျ၊ ဥာဏစွမ်းရည်ကျဆင်းသွားရင် မလုပ်နိုင်တော့ဘူး။ အဲသလို  ကျဆင်းတာကို DEMEMTIA လို့ ခေါ်တယ်''

''ရောဂါလက္ခဏာတွေကကော ဆရာ''

''မှတ်ဥာဏ်လျော့လာတယ်၊ သတိမေ့တယ်၊ စိတ်နေစိတ်ထား ပြောင်းလဲတယ်၊ အပြုအမူ ပြောင်းလဲတယ်၊ သင်ယူနိုင်စွမ်းကျဆင်းတယ်၊ စဉ်းစားတွေးခေါ်တဲ့ စွမ်းရည်လျော့ပါးလာတယ်။ အဲဒါတွေက DEMENTIA ရဲ့ လက္ခဏာတွေပဲ''

''ဟုတ်ကဲ့ ဆရာ''

''သတိမေ့တတ်တာ တစ်ခုတည်းနဲ့တော့ DEMEMTIA လို့ မခေါ်နိုင်ဘူး။ တခြား လက္ခဏာတွေလည်း ရှိရဦးမယ်''

'ဟုတ်ကဲ့ ဆရာ''

''DEMENTIA ဖြစ်စေတဲ့ ရောဂါတွေက အများကြီးပဲ၊ အဖြစ်အများဆုံး ရောဂါက အယ်လ်ဇိုင်းမားပဲ၊ ဒါကြောင့် ဖြစ်ပွားနှုန်းနည်းတဲ့ ရောဂါတွေခဏထားပြီး အယ်လ်ဇိုင်း မားကို ဦးတည်ဆွေးနွေးမယ်ဗျာ''

''ကောင်းပါတယ် ဆရာ''

''ကျန်တဲ့ ရောဂါတွေကို နာမည်လောက်တော့ မှတ်ထားပေါ့ဗျာ၊ စိတ်ကျရောဂါ၊ သိုင်းရွိုက်ဂလင်းရောဂါ၊ နာတာရှည် ပိုးဝင်တဲ့ရောဂါ၊ ဦးခေါင်း ထိခိုက်ဒဏ်ရာရမှု၊ သွေးကြောရောဂါ၊ ပါကင်ဆန်ရောဂါ၊ ဗီတာမင်ချို့တဲ့တဲ့ ရောဂါ စတာတွေပဲဗျ၊ တချို့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း DEMENTIA ဖြစ်နိုင်တယ်''

''ဟုတ်ကဲ့ ဆရာ''

''DEMENTIA ဖြစ်စေတဲ့ မူလအရင်းခံရောဂါကို ဖိဖိစီးစီးမကုခဲ့ရင် ဦးနှောက်ဆဲလ်တွေဟာ တဖြည်းဖြည်း သေဆုံးကုန်တယ်။ ရောဂါလက္ခဏာတွေလည်း ပိုပိုပြီးဆိုးလာတယ်''

''ဟုတ်ကဲ့ ဆရာ''

'' DEMENTIA က မွေးရာပါ မျိုးရိုးဗီဇချို့ယွင်းချက်နဲ့လည်း သက်ဆိုင်နေတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာလည်း ပါတယ်၊ ပတ်ဝန်းကျင် ရိုက်ခတ်မှုလည်းပါတယ်။ ဘဝနေထိုင်မှု  ပုံစံကလည်း သြဇာသက်ရောက်တယ်။ သဘောက ရောဂါဖြစ်ရတာက အချက်တစ်ခုတည်းမဟုတ်ဘူး။ အချက်တွေ အများကြီးသြဇာ သက်ရောက်ပြီးမှ ရောဂါဖြစ်တာ''

'' DEMENTIA ဖြစ်အောင် အားပေးတဲ့အချက်တွေ သိပါရစေ ဆရာ''

''ဟုတ်ကဲ့၊ ရှင်းပြပါ့မယ်၊ ရောဂါဖြစ်အောင် အားပေးတဲ့အချက်တွေကို Risk Factor လို့ ခေါ်ပါတယ်။ DEMENTIA ဖြစ်အောင် အားပေးတဲ့ Risk Factor တွေက ဦးခေါင်း ထိခိုက်ဒဏ်ရာရမှု၊ အရက်စွဲရောဂါ၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးထဲတွင် အဆီဓာတ်များသော ရောဂါ၊ သိုင်းရွိုက်ဂလင်းရောဂါ၊ ဗီတာမင် ဓာတ်ချို့တဲ့ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အာဟာရမပြည့်စုံခြင်း စတာတွေပဲ။ ပြီးတော့ ဆေးဝါးအချို့ရဲ့ နောက်ဆက်တွဲဆိုးကျိုးကလည်း Risk Factor ထဲမှာပါတယ်''

''ဟုတ်ကဲ့ ဆရာ''

'' DEMENTIA ဖြစ်နိုင်ခြေကို လျှော့ချဖို့နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကို လိုက်နာရင် အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ ဒီနည်းလမ်းတွေကို ရှင်းပြပါ့မယ်''

''ဟုတ်ကဲ့ ဆရာ''

''တစ်အချက်က ဘီကွန်ပလက် အုပ်စုဝင် ဗီတာမင်တွေပဲ၊ ဒီဗီတာမင်တွေက ဆဲလ်တွေကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုအပ်တယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲမှာ Homocysteine ဓာတ်များလာရင် မကောင်းဘူး။ ဗီတာမင်ဘီဆစ်ရယ်၊ ဘီတွဲရယ်၊ ဖိုးလစ်အက်ဆစ်ရယ်က Homocysteine ဓာတ်ကို လျော့နည်းစေတယ်၊ ဒီဓာတ်က ခန္ဓာကိုယ်ကို ဒုက္ခပေးတတ်တယ်၊ အထူးသဖြင့် သွေးကြောစနစ်ကို ထိခိုက်စေတယ်။ Homocysteine ဓာတ်များလာရင် လေဖြတ်နိုင်ခြေများလာတယ်။ ပြီးတော့ နှလုံးရောဂါဖြစ်နိုင်ခြေများလာတယ်။ နှလုံးသွေးကြောထိခိုက်တဲ့အခါ ဥာဏစွမ်းရည်ကျဆင်းလာတယ်။ Cognitive Decline လို့ ခေါ်တယ်''

''ဒါဆို ဗီတာမင်တွေ လုံလုံလောက်လောက် မှီဝဲရမှာပေါ့''

''ဟုတ်ပါတယ်။ မှီဝဲရမယ်၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ရနိုင်ပါတယ်။ လိုအပ်ရင် ဆေး ပြားတွေ မှီဝဲရမယ်။ ဘီတွဲဆိုရင် 500 MCG လိုတယ်''

''ဟုတ်ကဲ့ ဆရာ''

''နှစ်အချက်က ကိုယ်အလေးချိန်ကို အဝမလွန်အောင် ထိန်းရမယ်၊ ပြီးတော့ သွေးပေါင်ရယ်၊ သကြားဓာတ်ရယ်၊ အဆီဓာတ်ရယ်ကို ပုံမှန်ဖြစ်အောင် ထိန်းရမယ်၊ သင့် လျော်တဲ့ လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားဆင်ခြင်ရမယ်။ နှလုံးသွေးကြောရောဂါက ဦးနှောက်အပေါ်မှာ သြဇာသက်ရောက်တယ်။ DEMENTIA ဖြစ်နိုင်ခြေများစေတယ်။

သုတေသန လုပ်ကြည့်တော့ လူလတ်ပိုင်းမှာ အမှတ် (၂) အမျိုးအစား ဆီးချိုရောဂါရှိခဲ့ရင် အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေက ၅ဝ ရာခိုင်နှုန်း တိုးလာတယ်တဲ့၊ သဘောက ဆီးချိုရောဂါမရှိခဲ့ရင် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ ၅ဝ ရာခိုင်နှုန်း လျော့သွားမှာပဲ''

''ဒါဆို သွေးထဲက သကြားဓာတ်ကို ထိန်းရမှာပေါ့နော်''

''ဟုတ်တယ်၊ ထိန်းရမယ် ကစီဓာတ်လျှော့စားရမယ်''

''သကြားလည်း လျှော့စားရမယ်''

''မှန်တယ်၊ သုံးအချက်က Fish Oil၊ ငါးကရတဲ့ အဆီပေါ့ဗျ၊ DHA ဆိုတဲ့ ဓာတုဒြပ်ပေါင်းက အရေးကြီးတယ်။ DHA နည်းရင် Congitive Impairment ရနိုင်တယ်၊  DEMENTIA ဖြစ်နိုင်ခြေများတယ်''

''ဒါဆို ငါးစားရမှာပေါ့''

''စားရမယ်၊ ဆယ်လမွန်ငါး၊ တူနာငါး၊ ဆာဒင်းငါးတွေစားရမယ်''

'' DEMENTIA မဖြစ်အောင် ကာကွယ်ဖို့ DHA ဘယ်လောက်လိုသလဲ ဆရာ''

''DHA ကို တစ်နေ့ 1000 MG လိုတယ်''

''ဒါဆို ငါးစားတော့မယ်၊ အရင်က ကျွန်တော် ငါးမကြိုက်ဘူး''

''လေးအချက်က တချို့ဆေးတွေကို သတိထားရမယ်၊ အထူးသဖြင့် Anticholinergic Medicaltion လို့ခေါ်တဲ့ ဆေးဝါးတွေပဲ၊ ဒီဆေးဝါးတွေက Parasympathetic Impulse တွေကို ပိတ်ဆို့တယ်။ ဒီဆေးကို များများသောက်မိခဲ့ရင် Dementia ဖြစ်နိုင်ခြေများလာတယ်။ ဒါကြောင့် ဒီလိုဆေးဝါးမျိုးတွေကို မှီဝဲရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ၊ အရမ်းမသောက်ပါနဲ့''

''ဘယ်လို ဆေးဝါးမျိုးတွေလည်းဆရာ''

''တချို့ Allergy Drug တွေ၊ တချို့အိပ်ဆေးတွေ၊ တချို့ နှလုံးရောဂါကုဆေးဝါးတွေ၊ တချို့ စိတ် ကျရောဂါကုဆေးဝါးတွေမှာ ဒီအာနိ သင်ပါတတ်တယ်။ ဒါကြောင့် ဆရာဝန် ညွှန်ကြားမှ သောက်ပါ။ သောက်နေတုန်းထူးခြားရင်လည်း ဆရာဝန်ကို ပြန်သတင်းပို့ပါ၊ ဆေးရပ်သင့်ရင် ရပ်ပါလိမ့်မယ်။ ဒါမှမဟုတ် အလားတူ ဆေးဝါးအစားထိုးပေးရင် ပေးပါ လိမ့်မယ်''

''ဟုတ်ကဲ့ ဆရာ''

''ငါးအချက်က ဗီတာမင်ဒီပဲ၊ ဗီတာမင်ဒီချို့တဲ့ရင် Congitive Decline ရတတ်တယ်။ ဗီတာမင်ဒီ လုံလုံလောက်လောက် မှီဝဲရမယ်၊ နေစာလှုံရမယ်၊ လိုအပ်ရင် ဆေးပြား မှီဝဲရမယ်''

''ဟုတ်ကဲ့ ဆရာ''

''ခြောက်အချက်က ဦးနှောက်ကို အကာအကွယ်ပေးရမယ်၊ ဆိုင်ကယ်စီးရင် ဦးထုပ်ပါရမယ်၊ ဆိုင်ကယ်က အချိန်မရွေး မှောက်နိုင်တယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုနစ်အချက်က အချိန်မှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ရမယ်၊ လေ့ကျင့်ခန်းလုပ်ရမယ်၊ လေ့ကျင့်ခန်းက နှလုံးသွေးကြောစနစ်ကို သန်စွမ်းစေတယ်။ DEMENTIA ဖြစ်နိုင်ခြေကို လျှော့နည်းစေတယ်။ ဒါ ကြောင့် ပြေးတာ၊ လမ်းလျှောက်တာ လုပ်သင့်တယ်''

''ဟုတ်ကဲ့ ဆရာ''

''ရှစ်အချက်က ဦးနှောက်ကို နေ့စဉ်လေ့ကျင့်ပေးရမယ်။ ဥာဏလေ့ ကျင့်ခန်းလို့လည်း ခေါ်နိုင်ပါတယ်။ Crossword လုပ်တာ၊ Word Puzzle လုပ်တာ၊ ဒါတွေလုပ်ရမယ်။ ဘာသာစကား အသစ်တစ်ခုလေ့လာရမယ်၊ သုတေသနလုပ်ကြည့်တော့ ဘာသာ စကားနှစ်မျိုး ပြောတတ်တဲ့လူက တစ်မျိုးထဲပြောတတ်တဲ့ လူထက် DEMENTIA ဖြစ်တာ ငါးနှစ်နောက် ကျတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ကိုးအချက်က လူမှုဆက်ဆံရေး ရှိရမယ်၊ မိတ်ဆွေတွေနဲ့ မကြာခဏဆုံရမယ်။ အထီးကျန်မနေရဘူး၊ Lone liness တို့၊ Isolation တို့က ကျန်းမာရေး ထိခိုက်စေတယ်တဲ့၊ ဒါကြောင့် မိတ်ဆွေတွေနဲ့ မကြာမကြာ ဆုံပေးရမယ်''

''လေညိုကုန်းက ဒါအတွက် အဆင်ပြေတယ် ဆရာ၊ ညနေ ရုံးဆင်းရင်လာမယ် ဆရာ''

''လာခဲ့ပါ၊ ကြိုဆိုပါတယ်''

''နောက်ဆုံးအချက် ပြောပါဦးဆရာ''

''တစ်ဆယ်က ဆေးလိပ်နဲ့  အရက်ပဲ၊ ဆေးလိပ်သောက်တတ်ရင် ဖြတ်ရမယ်၊ အရက်သောက်တတ်ရင် ဖြတ်ရမယ်။ သုတေသနလုပ်ကြည့်တော့ ဆေးလိပ်သောက်တတ်ရင် ရောဂါဖြစ်နိုင်ခြေက ၄၅ ရာခိုင်နှုန်း  တိုးလာတယ်တဲ့''

''သဘောက ဆေးလိပ်သောက်ရင် အယ်လ်ဇိုင်းမား ပိုဖြစ်မယ်ပေါ့''

''ဟုတ်တယ်ဗျ၊ ဒါကြောင့် ဆေးလိပ်သောက်တတ်ရင် ဖြတ်ရမယ်။ ဖြတ်ဖို့ အခက်အခဲရှိရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆောင်ရွက်ရမယ်။ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးတွေက ဆေးလိပ်ဖြတ်ဖို့ ကူညီလေ့ရှိပါတယ်''

''ဒီဆယ်ချက်ကို လိုက်နာရင် အယ်လ်ဇိုင်းမားကို ကြိုတင် ကာကွယ်ရာ ရောက်တယ်ပေါ့နော်''

''ဟုတ်ပါတယ်၊ ဒီဆယ်ချက်ကို လိုက်နာသင့်ပါမယ်''

ထိုစဉ် ဒေါက်တာ ကျော်ဆွေသိန်း ရောက်ရှိလာ၏။

''ဆရာ ဦးဥာဏ်အုန်းရေ ကူညီပါဦး၊ နှင်းဆီပန်း နီနီရဲရဲ တစ်စီးဝယ်ထားပြီးမှ ဆိုင်မှာ မေ့ကျန်ရစ်ခဲ့တယ်ဗျာ''

''ရပါတယ်၊ ဆရာကျော်မေ့ တတ်မှန်းသိလို့ ဆေးခန်းမှာ နှင်းဆီပန်းတစ်စီး အမြဲဆောင်ထားတယ်၊ ဝင်ယူပေတော့''

''ဟာ-ကျေးဇူးပဲဗျာ၊ ဆရာမလေးက ခုချိန်ဆို နှင်းဆီပန်းမျှော်နေပြီး၊ ပြေးလိုက်ဦးမယ် ဟဲဟဲ''

ဒေါက်တာကျော်ဆွေသိန်းတစ်ယောက် မကြာခဏ မေ့တတ်၍ ဦးဥာဏ်အုန်းက အမြဲကူညီလေ့ရှိ၏။

''နောက်တစ်ခါဆုံရင် ဆရာကျော်လည်း ဒီဆယ်ချက်ကို ပြောပြလိုက်ဦးမယ်။ သူလည်းမေ့တတ်တယ်လေ''

''ဟုတ်တယ်၊ ဟုတ်တယ်၊ ပြောပြလိုက်ပါ''

ဒေါက်တာကျော်ဆွေသိန်း ပျာယီးပျာယာဖြင့် ထွက်သွားပြီးနောက် 'လေညိုကုန်း' တွင် ဆက်လက်ဆွေးနွေးနေကြ၏။

 

အောင် (ဆေး-၁)

 

ရည်ညွှန်းချက်။   ။ BBC News မှ 10” Things to do to Prevent Alzheimers Disease” ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.