21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အိပ်ချိန်မှန်က ကောင်းကျိုးရ

မိုးကတဖွဲဖွဲရွာနေ၏။

ဒေါက်တာ ဝေယံမင်းသူ၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းနှင့် အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးမြသာတို့သုံးဦးသည် 'မလိခူး' ကချင်ဆိုင်တွင် ရောက်ရှိနေ၏။

'မလိခူး' ကချင်ဆိုင်သည် စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းမှတ်တိုင်၊ ဗားကရာလမ်းနှင့် ကျွန်းတောလမ်း ထောင့်၊ စမ်းချောင်းမီးသတ်ဘေးတွင်တည်ရှိ၏။

အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးမြသာသည် အဂ္ဂိရတ်ဝါသနာပါသူဖြစ်၍ ရင်းနှီးသူများက 'မြေ လျှောက်ဝိဇ္ဇာ'ဟု အမည်ပြောင်ပေးထား၏။

''ကဲ- ဝိဇ္ဇာကြီး၊ ကချင်စာ စားချင်တယ်ဆို၊ ကြိုက်တာမှာဗျာ''

''ဘာတွေရလဲ ဒေါက်တာလေး''

''ပထမ ကျွန်တော်ရှင်းပြချင်တာက ကချင်ရိုးရာထမင်းနယ်ဗျ။ ကချင်စကားနဲ့ ရှက်ဂျမ်တဲ့၊ နောက် အမျိုးစားတွေက မဂရန့်တဲ့၊ မကျန်စေ့တဲ့။ ဖယ်ဖယ်ရွက်တဲ့၊ အသားဟင်းနဲ့ထမင်းကို ရောနယ်ထားတာ၊ အသားကမျိုးစုံရတယ်။ ကြက်၊ ဝက်၊ ငါး၊ အမဲ ကြိုက်ရာမှာဗျာ''

''ကောင်းတယ်ဗျာ''

''ကချင်ရိုးရာ ပဲပုပ်ထမင်းနယ်လည်း ရှိသေးတယ်။ ပဲပုပ်ရယ်၊ ဆားရယ်၊ ဆီမွှေးရယ်၊ ကြက်သွန်ကြော် ရယ်ပါတယ်။ မျှစ်ချဉ်တို့၊ ကမ်ချီတို့နဲ့ တွဲစားရတယ်။ ဦးဥာဏ်အုန်းလည်း ကြိုက်တာမှာဗျာ''

''သစ်သီးဖျော်ရည်ရလား''

''ရတယ်ဝိဇ္ဇာကြီး၊ ဖျော်ရည်မျိုးစုံရတယ်။ Soft Drink တွေလည်း ရတယ်၊ ကြိုက်တာမှာသောက်ပေတော့''

''ကဗျာဆရာတွေလာကြဦးမလား''

''လာကြလိမ့်မယ်။ ဒါပေမယ့် ကဗျာရွတ်ပွဲရှိလို့ နည်းနည်းနောက်ကျမယ်။ ကဗျာဆရာကျော်ခေါင်ရယ်၊ မောင်တိုင်ပြာရယ်၊ ကဗျာဆရာမ မကြည်ဆွေရယ်လာမယ်''

''ကဗျာဆရာ မောင်ဒေါနရော''

''မောင်ဒေါနက ညညမအိပ်ဘူး၊ ညလုံးပေါက် ကဗျာရေးတယ်။ Facebook သုံးတယ်။ ပြီးတော့ နိုင်ငံခြား ဘောလုံးပွဲတွေ ကြည့်တယ်။ အိပ်ရေးပျက်ပါများတော့ ကျန်းမာရေး ချို့တဲ့လာတယ်''

''ခေတ်ပေါ်ကိရိယာတွေက သုံးတတ်မှဗျ၊ အလွန်အကျွံသုံးရင် မကောင်းဘူး''

''မှန်တယ် ဝိဇ္ဇာကြီး၊ တန်ရင်ဆေးပဲ၊ လွန်ရင်တော့ဘေးဖြစ်လိမ့်မယ်''

''အိပ်စက်တာနဲ့ ပတ်သက်လို့ နောက်ဆုံးပေါ်သုတေသနတွေအကြောင်း ဖတ်မိသေးလား ဒေါက်တာလေး''

''ဖတ်မိပါတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ ရုံးပိတ်ရက်တွေမှာ အားတယ်ဆိုပြီး အိပ်ရေးပျက်ခံတာ၊ အိပ်ချိန်မမှန်တာတွေဟာ ကျန်းမာရေး ထိခိုက်စေတယ်တဲ့။ American Study တစ်ခုအရ သိရတယ်''

''ဆက်ပါဦး ဒေါက်တာလေး''

“Sleep Pattern က ကျန်းမာရေးအတွက် အရေးကြီးပါတယ်တဲ့။ Importand Carcadiam Marker For Future Health တဲ့ဗျ''

''ဟုတ်ကဲ့ ဆရာလေး''

''သဘောက အိပ်ချိန်ဟာအချိန်မှန်ရမယ်။ အားတယ်ဆိုပြီး အိပ်ချိန်မမှန်တာမဖြစ်စေရဘူး။ ခန္ဓာကိုယ်မှာ ဇီဝနာရီဆိုတာရှိတယ်။ နာရီဆိုတာက တင်စားပြောတာပါ။ Circandiam Rhytm ကို ဆိုလိုတာ။ အချိန်မှန် အိပ်ရမယ်။ အချိန်မှန် နိုးရမယ်၊ ဒါဆိုရင် ကျန်းမာမယ်။ ခုခေတ်မှာ အိပ်ရေးပျက်ခံကြတယ်။ အဓိကက Facebook ပေါ့ဗျာ။ အလွန်အကျွံသုံးတော့ ကျန်းမာရေး ထိခိုက်တယ်။ ဒါကိုတင်စားပြီး Social Jet Lagလို့ ခေါ်ကြတယ်''

''ဟုတ်ကဲ့ ဆရာလေး''

''အမေရိကန်နိုင်ငံ Arizona ပြည်နယ်မှာ Tucson မြို့ရှိတယ်။ အဲဒီမြို့မှာ Sleep and Health Reserch Program ဆိုတဲ့ သုတေသနတစ်ခုလုပ်ခဲ့တယ်။ Arizona University က ပညာရှင်တွေလုပ်တာ''

''ဟုတ်ကဲ့ ဆရာလေး''

''ဦးဆောင်တာက Michael A Grandner တဲ့၊ သူတို့အဖွဲ့က SHADES Study လို့ခေါ်တဲ့ သုတေ သနတစ်ခုက ရလဒ်တွေကို ထပ်ပြီးအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခဲ့တယ်။ SHADES Study က အသက် ၂၂ နှစ်နဲ့ ၆ဝ ကြားမှာရှိတဲ့ အစမ်းသပ်ခံလူပေါင်း ၉၈၄ ဦးကို လေ့လာခဲ့တာ''

''SHADES ဆိုတာက အတိုကောက်လား''

''ဟုတ်တယ် ဝိဇ္ဇာကြီး၊ နာမည်အပြည့်အစုံက Sleep and Healthy Activity, Diet, Environment, and Socialization တဲ့။ ဒီသုတေသနက Community-Based ဗျ။ ဒီသုတေသနက Survey အမျိုးအစားဗျ။ အစမ်းသပ်ခံတွေရဲ့ ရုံးဖွင့်ရက်အိပ်ချိန်တွေ၊ ရုံးပိတ်ရက်အိပ်ချိန်တွေကို လေ့လာတယ်။ Sleep Shedules တွေ၊ Sleep Duration တွေ၊ Insomnia တွေကို လေ့လာတယ်။ နှလုံးရောဂါနဲ့ ဆက်စပ်မှုရှိမရှိ လေ့လာ တယ်။ ပင်ပန်းနွမ်းနယ်မှုတွေ၊ အိပ်ရေး မဝတာတွေကိုလည်းလေ့လာမယ်''

''အတော်စုံတာပဲ''

''သုတေသနဆိုတာ ပြည့်စုံရတယ်။ ထောင့်စေ့ရတယ်။ ရေပက်မဝင်အောင် လုပ်ရတယ်။ ဒီသုတေသနကို Journal of Clionical Sleep Medicine ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြပြီးပြီ၊ ရလဒ်တွေအရ Social Jet Lag နဲ့ Poorer Health  ရယ်၊ Worse Mood ရယ်၊ Fatigue ရယ် ဆက်နွယ်နေတာတွေ့ရတယ်''

''ကျန်းမာရေး ထိခိုက်တာ သေချာပြီပေါ့''

''ဟုတ်တယ်၊ သေချာတယ်။ Social Jet Lag တစ်နာရီရှိတိုင်းရှိတိုင်း နှလုံးရောဂါဖြစ်နိုင်ခြေက ၁၁ ရာခိုင်နှုန်းတိုးလာတယ်တဲ့''

''ဒါဆို အရေးကြီးတာပဲ ပညာရှင်တွေ ဘယ်လောက်အိပ်ချိန်ရှိသင့်တယ်လို့ ပြောကြလဲ''

“American Academy of Sleep Medicine  ဆိုတဲ့ ပါရဂူတွေပါတဲ့ ဆေးပညာအဖွဲ့ကြီးတစ်ခုရှိတယ်။ ဒီအဖွဲ့ကြီးက ထောက်ခံထားတာက အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး တစ်နေ့ကို ခုနစ်နာရီ အိပ်ရမယ်တဲ့''

''ညစဉ် ပုံမှန်ပေါ့နော်''

''ဟုတ်တယ် ဝိဇ္ဇာကြီး၊ အိပ်ချိန်နိုးချိန်ကလည်း ပုံမှန်ဖြစ်ရမယ်။ ရုံးဖွင့်ရက်မှာမှန်ပြီး ရုံးပတ်ရက်ကျတော့ အိပ်ရေးပျက်တာလည်း မလုပ်ရဘူး။ ပုံမှန်သွားရမယ်။ Regular Basic ရှိရမယ်။ ဒါမှ Optimal Health ရနိုင်မယ်တဲ့''

''ကျန်းမာရေး ပြည့်စုံမယ်ပေါ့နော်''

''မှန်တယ် ဝိဇ္ဇာကြီး သုတေသနအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Sierra B. Forbush က Sleep Duration တစ်ခုတည်း အရေးကြီးတာမဟုတ်ကြောင်း Regular Sleep Schedule ကလည်း အရေးကြီးကြောင်း ထောက်ပြထားတယ်။ တစ်နည်းပြောရရင် Sleep Regularity ကလည်း အရေးကြီးတယ်တဲ့''

''နေ့စဉ် အိပ်ချိန်နဲ့ ထချိန်က အချိန်မှန်ရမှာပေါ့နော်''

''ဒါပေါ့ဗျာ၊ ဥပမာ ညစဉ် ၉ နာရီ အိပ်ရင် ပုံမှန် ၉ နာရီထိုးတာနဲ့အိပ်ဗျ၊ ပြီးတော့ နေ့စဉ် ၆ နာရီ။ ထရင်နေ့တိုင်း ၆ နာရီထဗျ။ တတ်နိုင်သမျှ အချိန်မှန်စေရမယ်။ အရေးပေါ် ကိစ္စကလွဲလို့ပေါ့ဗျာ။ Facebook တွေ၊ ဘောလုံးပွဲတွေ လျှော့ပေါ့ဗျာ''

''ခုလို အချိန်မှန်ရင် ကျန်းမာမယ်ပေါ့''

''ကျန်းမာမယ်။ ပါရဂူကြီးပြောတာက Effective, Relatively Simple and Inexpensive Preventive Treatment for Heart Disease တဲ့၊ ရိုးရှင်းလွယ်ကူတဲ့ နှလုံးရောဂါ ကြိုတင်ကာကွယ်နည်းပေါ့ဗျာ။ ဒီနည်းက အကုန်အကျနည်းတယ်။ ထိရောက်တယ်။ သာမန်လူလည်း လုပ်နိုင်တယ်''

''ဟုတ်တယ်။ လိုက်နာဖို့ ကောင်းတယ်''

''ပါရဂူတွေ အဆိုအရ နှလုံးရောဂါသာမက တခြားရောဂါတွေပါ ကြိုတင်ကာကွယ်နိုင်တယ်တဲ့''

''ကောင်းတာပေါ့''

“American Academy of Sleep Research Society ဆိုတဲ့အဖွဲ့ကြီးက Sleep Research Society ဆိုတဲ့အဖွဲ့ကြီးနဲ့ပူးပေါင်းပြီး သုတေသနလုပ်ခဲ့သေးတယ်။ သုတေသနရလဒ်အရ  Regular Sleep Patteru က အရေးကြီးကြောင်း သိရတယ်။ ဒီသုတေသနကို ကောလိပ်ကျောင်းသားတွေနဲ့လုပ်ခဲ့တယ်။ Regular Sleep Pattern  ရှိရင် ပျော်ရွှင်မှုရတယ်။ နေလို့ထိုင်လို့ ကောင်းလာတယ်တဲ့''

''ဒါဆို  Regular Sleep Pattern ရှိအောင် ကြိုးစားမယ်''

'' Boston မှာ သုတေသန ညီလာခံတစ်ခုလုပ်ခဲ့သေးတယ်။ ညီလာခံနာမည်က 31st Annual Meeting of the Associated Professional Sleep Sicieties တဲ့။ ပြီးတော့ သုတေသနတစ်ခုလည်း လုပ်ခဲ့သေးတယ်။ Brigham amd Women Hospital က သုတေသီတွေရယ်၊ MIT Media Lab Affective Computing Group ရယ် တွဲလုပ်ခဲ့တယ်''

''သုတေသနတွေက အများကြီးပါလား''

''ဟုတ်တယ်၊ အများကြီးပဲ။ စောစောက ညီလာခံမှာ စာတမ်းတွေ အများကြီးတင်သွင်းခဲ့ကြတယ်''

''ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိလာဖို့ပေါ့''

''ဟုတ်ပါတယ်။ Brigham amd Women’s Hospital က အုပ်စုနဲ့ MIT အုပ်စုကတွဲလုပ်တဲ့ သုတေသနမှာ ကောလိပ်ကျောင်းသားစုစုပေါင်း ၂ဝ၄ ဦးကို လေ့လာခဲ့တယ်။ ကျောင်းသားတွေက အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြားမှာရှိတယ်။ ဒီသုတေသနမှာ ကျောင်းသားတွေရဲ့ Sleep Timing ရယ်၊ Duration ရယ်ကို လေ့လာခဲ့ ပါတယ်။ အစမ်းသပ်ခံတွေက Self-Report တွေ လုပ်နေတယ်။ Report ထဲမှာ Well-Being, Happiness, Healthiness, Calmness စတာတွေကိုထည့်ပြီး အစီရင်ခံရတယ်''

''သုတေသနက အတော်စနစ်ကျတာပဲ''

''ဟုတ်တယ်။ စနစ်ကျတယ်။ သုတေသနရလဒ်အရ High Level of Sleep Regularityက HIGH Level of Happiness နဲ့ ဆက်စပ်မှုရှိတယ်တဲ့။ အိပ်ချိန်မှန်ရင် ပျော်ရွှင်မှုရစေတယ်တဲ့။ ပြီးတော့ High Level of Healthiness ရယ်။ High Level of Happiness ရယ် ရစေတယ်တဲ့''

''အိပ်ချိန်ထချိန်မှန်ရင် ကျန်း မာမယ်၊ စိတ်တည်ငြိမ်မယ်။ ဒါက ကောင်းကျိုးတွေပေါ့နော်''

''ဟုတ်တယ် ဝိဇ္ဇာကြီး''

''ဒါဆို အိပ်ရေးပျက်မခံသင့်ဘူး''

''မှန်တယ်။ Irregular Weekly Sleep Pattern ရှိရာကနေ Regular ကို ပြောင်းလာတဲ့ လူတွေကိုလည်း လေ့လာခဲ့တယ်။ အကျိုးရှိတာတွေ့ရတယ်။ ဒါကိုလည်း သိထားသင့်တယ်။ ပြောင်းလဲသင့်ရင် ပြောင်းရမယ်''

''ခုခေတ်မှာ ဘဝနေထိုင်မှု ပုံစံတွေ ပြောင်းနေကြတယ်။ အိပ်ရေးပျက်ခံကြတယ်''

''ဟုတ်တယ်၊ သုတေသီတစ်ဦးဖြစ်တဲ့ Akane Sano ကလည်း ပြောတယ်။ ခုခေတ် လူနေမှုအဖွဲ့အစည်းမှာ Irregular Sleep Wake Schedule တွေ အတွေ့ရများနေပါတယ်တဲ့။ အိပ်ချင်တဲ့အချိန်အိပ်၊ ထချင်မှထ ဗြောက်သောက်ဖြစ်နေတယ် ဒါကို ပါရဂူက ထောက်ပြနေတယ်''

''ဒါလည်း တွေ့နေရတာပဲ။ နိုင်ငံခြားမှာရော ဒီမှာရော တွေ့နေရတယ်။ ကဗျာဆရာမောင်ဒေါနကို ကြည့်ပါလား။ ညလုံးပေါက် Facebook ကြည့်တယ်။ ညလုံးပေါက် ကဗျာရေးတယ်။ နိုင်ငံခြားဘောပွဲ ကြည့်တယ်။ အိပ်ရေးပျက်ခံတယ်။ အိပ်ချင်သလိုအိပ်တယ်။ ထချင်မှထတယ်။ ခုနေမကောင်းဖြစ်ပြီ''

''ဒါပေါ့ ဝိဇ္ဇာကြီး အိပ်ချိန်မှန်ရမယ်။ အိပ်ချိန်လုံလောက်ရမယ်။ အိပ်ရေးပျက်မခံရဘူး။ ဇီဝနာရီနဲ့ ကိုက်ညီရမယ်။ ဒါမှကျန်းမာမယ်''

ထိုစဉ် ဒေါက်တာ မင်းလှရဲခေါင်နဲ့ ဒေါက်တာကျော်ဆွေသိန်းတို့ ရောက်ရှိလာ၏။

''ကြွကြပါဆရာတို့၊ ဆရာတို့လည်း ကချင်အစားအစာကြိုက်တာကိုး''

''ဆရာကျော်က ညညအိပ်မပျော်လို့တဲ့''

''ဟာ-ဟုတ်လား ဘာဖြစ်လို့လဲ''

''ဒီလိုဗျ၊ ဆရာကျော်က ကချင်ပြည်နယ်မှာ တာဝန်ကျတယ်။ ကချင် သူနာပြုဆရာမလေးနဲ့ ခင်တယ်ပေါ့ ဗျာ။ ခင်ရာကနေ ရင်းနှီးတယ်ဆိုပါတော့''

''သိပြီ၊ ခုတာဝန်အရ ပြောင်းလာရတော့ ဆရာမလေးကို သတိရပြီး အိပ်မပျော်ဘူး မဟုတ်လား''

''ဟာ-ဓာတ်ခွဲမှူးကြီးက တယ်တော်ပါလား''

''ဓာတ်တင်ခွဲတာတော်တာ မဟုတ်ဘူး။ စိတ်ကိုလည်း ခွဲတတ်ပါလား''

''ဟုတ်တယ်။ အတွေ့အကြုံပေါ့ဗျာ''

''ကဲပါလေ၊ ဆရာမလေးကို သတိရပြီး ကချင်စာ စားတာမဟုတ်လား။ ကချင်မြေ အလွမ်းပြေပေါ့ဗျာ''

''ဟုတ်ပါတယ်။ ကချင်စာ စားလိုက်ရရင် ရင်ထဲပေါ့သွားမလားပေါ့ဗျာ''

''ဖြစ်နိုင်ပါတယ်။ စားသာစားပါ''

''ဆရာကျော်ကို အိပ်ချိန်မှန်အောင်ရယ်၊ အိပ်ရေးဝအောင်ရယ် လုပ်မှဖြစ်မယ်။ တော်ကြာကဗျာ ဆရာမောင်ဒေါနလို ဖြစ်မှာစိုးရတယ်''

''လွယ်ပါတယ်ဗျာ။ ကျွန်တော် စုံစမ်းပြီးပါပြီ။ ကချင်ဆရာမလေးက ပြောင်းဖို့အချိန်စေ့နေပါပြီ။ ရန်ကုန် ပြောင်းရတော့မှာပါ။ ဆရာကျော်လည်း အိပ်ရေးဝမှာပါ''

''ဟာ-တယ်ဟုတ်ပါလား၊ ဆရာဝေယံက အိပ်ရေးဝအောင်လည်း ကုတတ်သကိုး ဟဲဟဲ''

''ကုရမယ်လေ၊ ဒါမှ ကိုယ့် အလှည့်ကျရင် ကုမယ့်လူပေါ်မှာပေါ့ ဟဲဟဲ''

ဒေါက်တာကျော်ဆွေသိန်း သည်  ဝမ်းသာအားရနှင့် ကချင်ရို ရာ ထမင်းနယ်ကို စားလိုက်ရာ လိုက်ပွဲများပင် ထပ်မံမှာယူရလေတော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။       ။ မလေးရှားနိုင်ငံထုတ် Star သတင်းစာပါ Fit for Life ကဏ္ဍမှ “Sleep For Health ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.