19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ကင်ဆာကြိုတင်ကာကွယ်ရေးနှင့် အဆုတ်ကင်ဆာ ကုထုံးသစ်

 

        မိုးကတဖွဲဖွဲ ရွာနေ၏။

        ကြီးမားသောထီးကြီး၏ အကာအကွယ်ကြောင့် မိုးစိုမည့်ဘေးမှကင်းဝေးကာ အေးဆေးစွာ စကား စမြည်ပြောနိုင်၏။

        ညနေခင်းတွင် 'လေညိုကုန်း' လက်ဖက်ရည်ဆိုင်ကလေးတွင် ဆုံနေကြဝိုင်းတော်သားများ စုဝေးရောက် ရှိနေ၏။

အဂ္ဂိရတ်ဝါသနာပါသော အငြိမ်းစားကျောင်းအုပ်ကြီး ဦးမြသာ၊ အင်းစိန်သား ကဗျာဆရာ မောင်တိုင်ပြာ၊ ပိတောက်ပန်းကဗျာများဖြင့် နာမည်ကြီးနေသော ကဗျာဆရာကျော်ခေါင်၊ ဆန်းဗေဒင်ဟောတတ်သော ကဗျာဆရာမ မကြည်ဆွေ၊ စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်တို့သည် စာ ပေရေးရာများကို အာပေါင်အာရင်း သန်သန်ဆွေးဆွေးနေကြ၏။

        ထိုစဉ် စာပေဝါသနာရှင် ဒေါက်တာတင်မောင်ဆွေ ရောက်ရှိလာ၏။

        ''ကြွပါဆရာ၊ ဒီနေ့ဆရာနောက်ကျနေပါလား''

        ''ဆေးရုံမှာ မိတ်ဆွေတစ် ယောက်ဆေးရုံတက်နေတာ သွားသတင်းမေးတာနဲ့ နောက်ကျသွား တယ်ဗျာ''

        ''ဘာရောဂါလဲဆရာ''

        ''အဆုတ်ကင်ဆာဗျ၊ မိတ်ဆွေက ဆေးလိပ်သိပ်သောက်တယ်''

        ''ကင်ဆာဆိုရင် သေမှာပဲထင်တယ်''

        ''နည်းပညာတွေ သိပ်ကိုတိုးတက်လာပြီဗျ။ ကင်ဆာဆိုတိုင်း မသေတော့ဘူး''

        ''ဟုတ်လား၊ ကုထုံးသစ်တွေပေါ်လာပြီလား''

        ''ဟုတ်တယ်၊ ပေါ်လာပြီ၊ အဆုတ်ကင်ဆာနဲ့ ပတ်သက်နေတယ်''

        ''ဟုတ်လား၊ ရှင်းပြပါဦးဆရာ''

''ဒီလိုဗျ၊ Maimi Herald Tribune ဆိုတဲ့ စာစောင်မှာပါလာတာဗျ။ အမေရိကားမှာ Roswell Park Cancer Institute ဆိုတဲ့ ကင်ဆာသုတေသနဌာနကြီးရှိတယ်ဗျ။ အဲဒီဌာနမှာ အဆုတ်ကင်ဆာ လူနာတစ်ဦးကို လက်တွေ့စမ်းသပ်နေတယ်။ သူ့ကို လစဉ် Vaccine ထိုးပေးနေတယ်။ ဒီ Vaccine က အဆုတ်ကင်ဆာကုပြီးရင် ပြန်မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်။ Vaccine နာမည်က CIMA Eax-EGF တဲ့၊ ဒီသုတေသနကို Roswell Trail လို့ နာမည်ပေးထားတယ်''

        ''ဟုတ်ကဲ့ ဆရာ''

        ''ထူးဆန်းတာက ဒီ Vaccine က အမေရိကားမှာ စတီထွင်တာမဟုတ်ဘူး။ ကျူးဘားက Vaccine ဗျ၊ Havana မှာရှိတဲ့ Center of Molecular Immunology ဆိုတဲ့  သုတေသနဌာနကြီးက တီထွင်တာ''

        ''ဟာ- ထူးဆန်းတယ်ဆရာ၊ အမေရိကန်နဲ့ ကျူးဘားက မတည့်ကြဘူးလေ''

''နိုင်ငံရေးအရ မတည့်တာ မှန်ပေမယ့် လူသားတွေ ကောင်းကျိုးအတွက် ဆေးပညာရှင်တွေ ပူးပေါင်း လုပ်ဆောင်တဲ့သဘောပါပဲ၊ ဒီသုတေသနကို အမေရိကန်နိုင်ငံ အစားအစာနဲ့ ဆေးဝါးကွပ်ကဲထိန်းချုပ်ရေး ဗဟိုအဖွဲ့ကြီးကလည်း ခွင့်ပြုထားတယ်။ FDA ရဲ့ သဘောတူညီမှု ရပြီးသားပေါ့ဗျာ''

        ''ကောင်းပါတယ်ဗျာ''

 “Gisela Gonzalez ဆိုတဲ့ ကျူးဘားသုတေသီတစ်ဦးရဲ့ ကြိုးပမ်းမှုကြောင့် အမေရိကားက သုတေသီတွေဟာ ဒီ Vaccine ကို ကောင်းမှန်းသိလာတယ်။ CIMA Vax ကို ကျူးဘားမှာ ကျယ်ကျယ်ပြန့်ပြန့် သုတေသနလုပ်ပြီးသားဗျ၊ ပြီးတော့ Colombia ရယ်၊ Peru ရယ်၊ Paraguay ရယ်၊ Bosnia  ရယ်၊ Herzovina ရယ်မှာလည်း လုပ်ပြီးသားဗျ''

        ''ဟာ-တိုင်းပြည်တွေ အများကြီးပဲ''

''ဟုတ်တယ်၊ အတော်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီးသား။ ဒါကြောင့်လည်း အမေရိကန် သုတေသီတွေက သုတေသနဆက်လုပ်တာပေါ့။ Rosewell Park Cancer Institute မှာ ဌာနခွဲတွေ အများကြီးရှိတယ်။ အဲဒီထဲမှာ Department of Immunology ဆိုတာရှိတယ်။ အဲဒီဌာနခွဲက Chairman က Dr.Kelvin Lee တဲ့။ သူက ကျူးဘားမှာ သွားလေ့လာခဲ့တယ်။ ပြီးမှ သုတေသန ဆက်လုပ်တာ''

        ''ဟုတ်ကဲ့ ဆရာ''

 ''ဒီ Vaccine ကလည်း ထူးဆန်းတယ်။ တခြား Immunotherapy တွေမှာ ကင်ဆာဆဲလ်ကို အဓိကထားပြီး ချေမှုန်းကြတာ၊ ခု Vaccine က တစ်မျိုးဗျ။ EGF ကို တိုက်ခိုက်တာ EGF ဆိုတာက ကင်ဆာဆဲလ်တွေ ပွားများဖို့လိုတဲ့ ဓာတုဒြပ်ပေါင်းပေါ့ဗျာ။ EGF မရှိရင် ကင်ဆာဆဲလ်တွေ မပွားနိုင်တော့ဘူး။ ကင်ဆာဆဲလ် ကြီးထွားမှုရပ်ဆိုင်းသွားတယ်။ တိုက်ခိုက်ရေး နည်းဗျူဟာ တစ်မျိုးပြောင်းပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တာဗျ''

        ''ဟုတ်ကဲ့ ဆရာ''

''ဒီ Vaccine က နောင်အတွက်လည်း အလားအလာကောင်းတယ်။ အဆုတ်ကင်ဆာလိုပဲ အူမကြီးကင်ဆာ၊ ဦးခေါင်းပိုင်းကင်ဆာ၊ လည်ပင်းပိုင်းကင်ဆာတွေက EGF ကို မှီခိုရတယ်။ EGF မရှိရင် မကြီးထွားနိုင်ဘူး။ အနာဂတ်ကာလမှာ Vaccine ဟာ ကင်ဆာအတော်များများမှာ အသုံးဝင်လိမ့်မယ်''

        ''ဟာ-ဒီသတင်းက သတင်းကောင်းပဲ''

 “Dr.loger Pruzanov က Rosewell မှာ Director of the Clinical Trial Programme ဗျ၊ သူက ဒီအလားအလာကို ထောက်ပြသွားတယ်။ နောက်တစ်ခု ထူးခြားတာရှိသေးတယ်။ တခြား ကင်ဆာကုထုံးတွေမှာ ဘေးထွက်ဆိုးကျိုးများတယ်၊ ရောဂါသက်သာပေမယ့် ဆေးဒဏ်ခံရတယ်။ ခု Vaccine က ဘေးထွက်ဆိုးကျိုးနည်းတယ်''

        ''ဟုတ်ကဲ့ ဆရာ''

 “Dr.Grace Dy ဆိုတဲ့ပါရဂူက Chief of Thoracic Oncology  ဗျ၊ ပြီးတော့ CIMAVax Trial မှာလည်း သူကခေါင်းဆောင်ဗျ။ သူက Vaccine  ရဲ့ အားသာချက်ကို တင်ပြခဲ့တယ်''

        ''စမ်းသပ်ခံ လူနာအတော်များခဲ့ပြီလား''

        ''များခဲ့ပြီဗျ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ပြောရရင် လူနာစုစုပေါင်း ငါးထောင်ကျော်ပြီ။ ဒီ Vaccine က ကုန်ကျစရိတ်လည်း သက်သာတယ်။ ကျူးဘားမှာ လူနာတစ်ထောင်ကို ထိုးပြီးပြီ၊ လူနာတွေက အခမဲ့ ကုသခံရတယ်''

        ''ချို့တဲ့တဲ့ လူနာတွေ ဝမ်းသာစရာဗျ''

''ဟုတ်တယ်။ Dr.Lee က ခုလို တွက်ချက်ပြတယ်။ နိုင်ငံခြားသားဆိုရင်တော့ အခမဲ့ မရဘူးပေါ့ဗျာ။ ဒီ Vaccine ကို သုံးပြီးကုရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၂ဝဝဝ ကုန်ကျမယ်။ တကယ်လို့ ကင်ဆာကုဆေးဝါးဖြစ်တဲ့ Nivoumab ကိုသုံးရင် တစ်နှစ်ကို ဒေါ်လာ ၁၅ဝဝဝ ကုန်ကျ မယ်၊ ဒါကိုကြည့်ရင် Vaccine က ကုန်ကျစရိတ်လည်း နည်းတာတွေ့ရလိမ့်မယ်''

        ''ခု အမေရိကားမှာ လူနာဘယ်လောက်စမ်းသပ်မှာလဲ''

''ရည်ရွယ်ထားတာက လူနာစုစုပေါင်း ၆ဝ ကနေ ၉ဝ အထိ ရည်ရွယ်ထားတယ်။ သုတေသနက သုံးနှစ်ကြာမယ်။ ပထမအသုတ်လူနာတွေက အဆုတ်ကင်ဆာလူနာတွေ၊ တခြားနည်းတွေနဲ့ကုပြီးသား။ Vaccine သုံးတာက နောက်ထပ်ပြန်မဖြစ်အောင် ကြိုတင် ကာကွယ်တာဗျ''

        ''ဟုတ်ကဲ့ ဆရာ''

 ''အမေရိကားမှာလုပ်သလို ကျူးဘားမှာလည်း ဆက်တိုက်လုပ်နေတယ်။ နောက်ဆုံး သုတေသနမှာတွေ့တာက CIMAVax နဲ့ကုတာ လူနာအခြေအနေ ကောင်းလာတာတွေ့တယ်။ Quality of Life တိုးတက်လာတယ်။ Overall Survival Rate မြင့်တက်လာတယ်။ Roswell က သုတေသီတွေကလည်း ခုတွေ့ရှိချက်ကို သဘောကျကြတယ်''

        ''ဟုတ်ကဲ့ ဆရာ''

“Dr.Puzanov က သူတို့တွေ့ရှိချက်တွေကို မကြာမီဖြန့်ဝေမှာဖြစ်ကြောင်း၊ ကင်ဆာကုထုံးတွေဟာ ရှုပ်ထွေးကြောင်း၊ နားလည်ရခက်ကြောင်း၊ လူနာဘာကြောင့် ကောင်း လာရသလဲဆိုတာ ရှင်းပြမှာဖြစ်ကြောင်း ပြောသွားတယ်ဗျ''

        ''ကျန်တဲ့ ပါရဂူတွေလည်း ဗဟုသုတတိုးတာပေါ့ ဆရာ၊ ပညာကိုဖွက်မထားဘဲ ဖြန့်ဝေတာ ဒါနတစ်မျိုး ပါပဲ ဆရာ''

''မှန်တယ်ဗျ၊ ကျွန်တော်တို့လို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒါကို ပညာဒါနလို့ခေါ်ထိုက်ပါတယ်။ ခု Vaccine က အလားအလာသိပ်ကောင်းတယ်။ အနာဂတ်မှာ ဆေးလိပ်စွဲနေသူတွေအတွက်ပါ အသုံးဝင်လိမ့်မယ်။ ဆေးလိပ်စွဲနေတဲ့ လူတွေက သာမန်ဆေးလိပ်မသောက်တဲ့ လူနဲ့စာရင် အဆုတ်ကင်ဆာဖြစ်ဖို့ပိုပြီး နီးစပ်နေတယ်။ ဒီသတင်းကလည်း ဆေးလိပ်သောက်သူတွေအတွက် အနာဂတ်မျှော်လင့်ချက်ပေါ့ဗျာ''

        ''ဟုတ်ကဲ့ ဆရာ''

''ခု Roswell မှာ လုပ်နေတာက Phase One Trail ဗျ၊ ပထမအဆင့် သုတေသနပေါ့ဗျာ။ ရလဒ်က သိပ်ကိုစိတ်ဝင်စားစရာကောင်းတယ်။ Roswell က ပါရဂူတွေမျှော်လင့်တာက ခုသုတေသနအောင်မြင်ရင် FDA အသိအမှတ်ပြုလိမ့်မယ်။ ပြီးရင် အမေရိကားက လူနာတွေမှာ သုံးခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်''

        ''ဟုတ်ကဲ့ ဆရာ''

“Dr.Grace Dy က ပြောတယ်။ အဆုတ်ကင်ဆာက သူတို့ တိုင်းပြည်မှာ အဖြစ်အများဆုံးတဲ့၊ Number One Cancer တဲ့၊ ပြီးတော့ ယောက်ျားမှာရော မိန်းမမှာပါ Number One ပဲတဲ့။ ဘယ်လောက်များသလဲဆိုရင် တစ်နှစ်တာကာလမှာ ကင်ဆာနဲ့သေတဲ့ လူနာစုစုပေါင်းဦးရေကို နှိုင်း ယှဉ်ပြတယ်။ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာတွေကြောင့် သေတဲ့လူနာ စုစုပေါင်းဦးရေထက် အဆုတ်ကင်ဆာတစ်မျိုးတည်းကြောင့်သေတဲ့ လူနာဦးရေက ပိုများ နေတယ်တဲ့''

        ''ဟာ-ဒါဆို အတော်ဆိုးတဲ့ရောဂါပဲ''

        ''ဒါလောက်ဆိုးတာတောင် ဒီရောဂါဟာ သူတို့ တိုင်းပြည်မှာ ထိုက်သင့်တဲ့ အလေးဂရုပြုမှု မရပါဘူးတဲ့''

        ''တိုးတက်တဲ့ တိုင်းပြည်ဆိုပေမယ့် အားနည်းချက်ရှိတုန်းပဲကိုး''

''ဟုတ်တယ်ဗျ၊ Havanaက ပါရဂူတွေက Roswell ကပါရဂူတွေနဲ့တွဲပြီး သုတေသနလုပ်နေ တယ်။ Dr.Agustin Lage က ကျူးဘားပါရဂူပဲ။ သူက Director of CIM တဲ့၊ သူကပြောတယ်။ ခုလို နှစ်နိုင်ငံတွဲလုပ်တော့ တိုးတက်မှုက အရမ်းမြန်လာပါတယ်တဲ့''

        ''ဒါပေါ့ဗျာ၊ သုတေသနဆိုတာက အချိန်သိပ်ကုန်တယ်။ အဆင့်တွေအများကြီး ဖြတ်ကျော်ရတယ်။ စုပေါင်းလုပ်ရင် အချိန်တိုတိုနဲ့ အောင်မြင်လိမ့်မယ်''

        ''မှန်တယ်ဗျ၊ CIMAVax က ခုလောလောဆယ်မှာ ကင်ဆာဖြစ်ပြီး သားလူနာကိုကုနေတာ၊ အနာဂတ် အလားအလာက ကင်ဆာမဖြစ်ခင် ကြိုတင်ကာကွယ်ရေးအထိ မျှော်လင့်ထားတယ်။ အလားအလာ သိပ်ကောင်းတယ်''

        ''ဝမ်းသာစရာဗျာ''

''ကာကွယ်ဆေးကောင်းလာပေမယ့် တခြားကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကိုလည်း ပေါ့ဆမှု မရှိစေချင်ဘူး၊ အဓိကက ဆေးလိပ်ပဲ၊ ဆေးလိပ်ဖြတ်ရမယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကိုယ်တိုင်ဦးဆောင်ပြီး ဆေးလိပ်ကင်းစင်ရေးလုပ်နေတာ။ ဒါပေမယ့် လူတွေဆေးလိပ်သောက်နေ တုန်းပဲ၊ ဆေးလိပ်မသောက်ဖို့ ဆက်လုပ်ရဦးမယ်''

''ကျန်းမာရေးဝန်ထမ်းတွေချည်းပဲ လုပ်လို့မရဘူးဗျ။ ရပ်မိရပ်ဖတွေ၊ ကျောင်းဆရာတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုဝန်ထမ်း အဖွဲ့အစည်တွေအားလုံး ပူးပေါင်းဆောင် ရွက်ကြရမယ်ဗျ''

        ''ဒါပေါ့ဗျာ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုလည်း လိုတယ်ဗျ၊ ဆေးလိပ်ကင်းစင် မြန်ပြည်တစ် ခွင်ဖြစ်အောင် ကြိုးစားကြတာပေါ့ဗျာ''

        မိုးတဖွဲဖွဲရွာနေဆဲတွင် ဆွေးနွေးပွဲက အရှိန်ကောင်းနေဆဲဖြစ်၏။

 

အောင် (ဆေး-၁)

ရည်ညွှန်းချက်။      ။ မလေးရှား နိုင်ငံထုတ် Star သတင်းစာပါ Fit For Life ကဏ္ဍမှ “New Cancer Therapy Being Tested” ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.