16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသော ပဲတစ်မျိုး

        မြို့စွန်တစ်နေရာတွင် ကြီးမားသော ခရေပင်ကြီးများစီတန်းလျက် ပေါက်နေသော နေရာတစ်ခုရှိ၏။

        ထိုခရေပင်တန်းအနီးတွင် 'လမ်းပြကြယ်'ဟု ဆိုင်းဘုတ်တပ်ထားသော ကိုယ်ပိုင်ဆေးခန်းတစ်ခုရှိ၏။

        အနီးနေရပ်ကွက်ပြည်သူများ  က 'ခရေတန်း' ဆေးခန်းဟုသာ အလွယ်တကူခေါ်ကြ၏။

        ဆေးခန်းပိုင်ရှင် ဒေါက်တာတင်မောင်ဆွေသည် လွန်စွာသဘောကောင်းသူဖြစ်ပြီး ချို့တဲ့သူများကို မေတ္တာဖြင့် ကူညီလေ့ရှိ၏။

        ဆေးခန်းလာဖူးသူ လူနာဟောင်းများက 'ခရေပင်စောင့်နတ်ကြီး'ဟု ချစ်စနိုးနာမည်ပြောင်ပေး ထား၏။

        ထိုဆေးခန်းလူနာပါးချိန်တွင် အငြိမ်းစားတရားသူကြီးဦးမြသာသည် စကားစမြည်ပြောဆိုရန် ရောက်လာလေ့၏။

ဦးမြသာသည် တစ်ကိုယ်တည်းလူပျိုကြီးဖြစ်၍ စကားပြောရန်အဖော်မရှိပေ။ ဒေါက်တာတင်မောင် ဆွေအားလပ်ချိန်ကို စောင့်မျှော်နေရ ရှာသူဖြစ်၏။

ဥပဒေရေးရာ ဆေးပညာ ဘာသာရပ်ကို အထူးစိတ်ဝင်စားသော ဒေါက်တာတင်မောင်ဆွေက လည်း အလုပ်ပါးသည်နှင့် ဦးမြသာ ကို ဖုန်းဆက်၍ ဖိတ်ခေါ်တတ်၏။

 နှစ်ပေါင်းသုံးဆယ်ကျော်တရား စီရင်ရေးလောကတွင် ကျင်လည်ခဲ့သူ ဖြစ်သော ဦးမြသာအဖို့ ထူးဆန်းသော အမှုအခင်းများအကြောင်း ပြောစရာများ အများအပြားရှိနေ၏။

အချို့သောအမှုများတွင် အမှုအခင်းဖြစ်ပွားပုံသည် ထူးဆန်းလွန်းလှ၍ ကမ္ဘာကျော် စုံထောက်ကြီး ရှားလော့ဟုမ်းပင်လျှင် မျက်စိလည်သွားနိုင်၏။

ဦးမြသာသည် တရားစီရင်ရေးတွင် ဥပဒေရေးရာဆေးပညာ၏ အရေးပါပုံကို ကောင်းစွာသိရှိနားလည်၏။ ဒေါက်တာတင်မောင်ဆွေ နားထောင်ချင်သော ထူးဆန်းသော အမှုများကိုလည်း နားထောင်သူစိတ် ဝင်စားအောင် ပြောဆိုနိုင်၏။

ယနေ့ခေတ်စားနေသော ကိုရီးယား ဒရာမာကားများထက်ပင် ဇာတ်လမ်းဇာတ်ကွက်က အလှည့်အ ပြောင်းများလှ၏။ အမှုစစစ်စဉ်က လုံးဝမထင်မှတ်သူက အမှုပြီးဆုံးချိန်တွင် တရားခံဖြစ်နေတတ်၏။

ဦးမြသာသည် လူပျိုကြီးဖြစ်သော်လည်း လွန်စွာအချက်အပြုတ်ကောင်း၏။ လူပျိုလူလွတ်ဖြစ်သော ဒေါက်တာတင်မောင်ဆွေအဖို့  ဆိုင်ထမင်းဆိုင်ဟင်းငြီးငွေ့ချိန်တွင် ဦးမြ သာဟင်းများက လွန်စွာမှပင် ထမင်း စားကောင်းစေ၏။

ယနေ့ညနေတွင် ချစ်တီးထမင်းဆိုင်များတွင် ထမင်းပေါ်တွင်ဆမ်းစားရသော ပဲဟင်းပုံစံချက်ထား သောဟင်းကို ဦးမြသာက ချိုင့်ဖြင့် သယ်ဆောင်လာ၏။

''ကြွပါအန်ကယ်၊ ချိုင့်ဆွဲလာရတာ အားနာစရာအန်ကယ်၊ ကျွန် တော့်ဖုန်းဆက်လိုက်ရောပေါ့။ တပည့် ကျော်မောင်စိန်ဝင်း လွှတ်လိုက်မှာပေါ့''

''ချိုင့်က မလေးပါဘူး။ အန်ကယ်က ငယ်ငယ်ကအလေးမတယ်။ ဒီချိုင့်လောက်ကတော့ ချိုင့်ကိုင်ရင်း အောင်မောင်းခြေထိုးအကလေးတောင် ကလို့ရသေးတယ် ဟဲဟဲ''

တပည့်ကလေးမောင်စိန်ဝင်း က ချိုင့်ကို အပြေးအလွှားလာယူကာ ပန်းကန်အလွတ်ထဲသို့ ထည့်လိုက်၏။

''ဒီဟင်းကရာဇဝင်ရှိတယ်။ အန်ကယ် ကုလားသူဌေးကြီးတစ် ယောက်ဆီကနည်းရလိုက် တယ်။ ကုလားသူဌေးကြီးက ကွယ်လွန်ရှာပါ ပြီ၊ သူ့အမှုက အရမ်းထူးဆန်းတယ်။ ညအန်ကယ် အမှုတွဲ မိတ္တူသိမ်းထားတယ်။ ပြန်ရှာပြီး ဆရာ့ကို ပြောပြ မယ်''

        ''ဟုတ်ကဲ့ အန်ကယ်''

''အန်ကယ်ကပဲကြိုက်တယ်။ ပဲကို အမျိုးမျိုးလုပ်စားဖူးတယ်။ အန် ကယ်ဝန်ထမ်းဘဝ ကပဲကြိုက်လွန်းလို့ အပေါင်းအသင်းတွေက ''ပဲမြသာ'' လို့တောင် နာမည်ပြောင်ပေးထားကြ တယ်''

 ''ဒါက အန်ကယ်တို့ခေတ်ကမို့လို့ အန်ကယ်၊ ခုခေတ်သာဆိုရင် ဒီဘန်းစကားက အဓိပ္ပာယ်တစ်မျိုးဖြစ်သွားပြီ။ ဒါနဲ့ ပဲအမျိုးမျိုးဆိုလို့ သတိရတယ် အန်ကယ်၊ အန်ကယ်ရဲ့ ထူး ဆန်းတဲ့ အမှုမပြောခင် ထူးဆန်းတဲ့ပဲ အကြောင်း အရင်ဆွေးနွေးရအောင်''

        ''ဟား-ဟောင်းတာပေါ့၊ ဒီပဲက ဘယ်မှာရသလဲ''

''လောလောဆယ် ဂျာမနီမှာရ တယ်၊ ဒီပဲက သိပ်လူသိမများသေး ဘူး အန်ကယ်၊ ဂျာမန်ဘာသာနဲ့ ရေးထားတဲ့ ဟင်းချက်နည်းစာအုပ်ထဲ က ဖတ်ရတာ၊ ကျွန်တော့်မိတ်ဆွေက ဂျာမနီပြန်၊ ဂျာမန်လိုကောင်းကောင်း တတ်တယ်။ သူပြောပြလို့ သိရတာ''

        ''ဟုတ်လား လှမ်းမှာလို့ရလား''

''ဒီလိုလုပ်ပါအန်ကယ်၊ ကျွန်တော့်မိတ်ဆွေက ဆရာဝန်ပဲ။ ဆေးကျောင်းတစ်နှစ်တည်း အောင်ကြတာ၊ သိပ်ခင်တယ်၊ သူက တစ်နှစ်တစ်ခါ မြန်မာပြည်အလည်လာတယ်။ ကျွန် တော်မှာပေးပါ့မယ်''

        ''ဟုတ်ပြီဆရာ၊ ပဲနာမည်က ဘာတဲ့လဲ''

''Lupin Beans တဲ့ အန်ကယ်၊ လူတွေသိပ်မသိကြသေးဘူး။ ဒီပဲက Legume Family  ထဲကပဲ၊ လွယ်လွယ်ပြောရင် ပဲကျပ်ပျဉ်တို့၊ ပဲပိစပ်တို့၊ မြေပဲတို့နဲ့အမျိုးတော်တယ်။ ဒါကြောင့် ဒီပဲကိုတင်စားပြီး New Tofu လို့တောင် ခေါ်ဖို့ စဉ်းစားနေကြတယ်''

        ''သြော်-တို့ဖူး အမျိုးပဲ၊ အန်ကယ်က တို့ဖူးသုပ်သိပ်ကြိုက်တာ၊ ခဏခဏ လုပ်စားဖူးတယ်''

 ''ဒီပဲက ခုမှစပြီး ခေတ်စားလာတာ၊ Martina Kittler  ဆိုတာက ဂျာမန်အချက်အပြုတ်ပါရဂူပဲ၊ သူက Lupin Beans အကြောင်း ကောင်းကောင်းသိတယ်။ ဟင်းချက်နည်း စာအုပ်တွေ ရေးခဲ့တယ်။ ဒီပဲက ဂျာမနီမှာစိုက်တယ်။ အပင်က အပွင့်ရောင်စုံပွင့်တယ်။ အပွင့်တွေက ရှည် ရှည်ချွန်ချွန်ကလေးတွေ''

        ''ဟုတ်ပြီ၊ ဆက်ပါဦး''

''တချို့က အပွင့်လှလို့ အလှစိုက်ထားတယ်။ တချို့ကစားဖို့ စိုက်တယ်။ ခုမှ ခေတ်စားတယ်ဆိုပေမယ့် ကမ္ဘာပေါ်မှာ တချို့ဒေသတွေမှာ စိုက်ပျိုးပြီး စားသုံးလာတာ နှစ်ပေါင်း ထောင်ချီရှိနေပြီတဲ့။ ဒါပေမယ့် လူသိမများဘဲ တိမ်မြုပ်နေတယ်။ ဥရောပ မှာတောင် ခုမှသိကြတာ''

        ''ဒါဆို ရှေးဟောင်း အမွေအနှစ်ပဲ၊ ခုမှရတနာသိုက်ကို တူးမိတာကိုး''

''ဟုတ်တယ် အန်ကယ်၊ Kittler က ကောင်းကောင်းချီးမွမ်းထားတယ်။ Lupin Beans အကြောင်း ဋီကာချဲ့ထားတယ်။ သူကလည်း အရမ်းကာရော ပြောတာမဟုတ်ဘူး။ သိပံ္ပနည်းကျ အထောက်အထားပြည့်စုံလို့ ပြောတာ''

        ''ဒါဆို ယုံပါတယ်။ ဘာတွေ ကောင်းကျိုးရှိလဲဆရာ''

''အသားဓာတ်ကြွယ်ဝတယ်။ အသားဓာတ်က ပဲပိစပ်လိုပဲ အပင်ကရတဲ့ အသားဓာတ်မျိုးတဲ့၊ Vegetable Propein ပေါ့ အန်ကယ်၊ ပြီးတော့ အဆီဓာတ်နည်းတယ်၊ ပါတဲ့ အဆီဓာတ်ကလည်း ကျန်းမာရေး ကောင်းစေတဲ့ အဆီဓာတ်တဲ့၊ ကစီဓာတ်ကျတော့ မဖြစ်စလောက်ပဲပါ တယ်''

''ဟာ - ဟန်ကျပြီ၊ အန်ကယ်က ကိုးနဝင်းပုတီးစိပ်တယ်။ တစ်ပတ်တစ်ခါ သက်သတ်လွတ်စားတယ်။ အသက်ကြီးလာတော့ အသားဓာတ် ချို့တဲ့မှာလည်း စိုးရိမ်တယ်။ ခုပဲက အသားဓာတ်လုံလောက်တယ်ဆို တော့ အဆင်ပြေပြီ''

''ဟုတ်တယ် အန်ကယ်၊ မိတ် ဆွေကလည်း ရက်ပိုင်းအတွင်း ရောက်မယ်၊ များများသယ်ခဲ့ဖို့မှာ လိုက်မယ်။ နမူနာကို လေယာဉ်နဲ့ သယ်လာမယ်၊ အဆင်ပြေရင် သင်္ဘောနဲ့ များများတင်ပို့ပေးမယ်''

        ''ဟုတ်ပြီ ဆရာ၊ ဟုတ်ပြီ''

''ပြီးတော့ ကောင်းကျိုးတွေရှိသေးတယ်။ ဒီပဲက အမျှင်ဓာတ်များများပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းကျိုးပြုတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ နည်းစေတယ်။ အန်ကယ်တို့လို နှလုံး ရောဂါကြောက်တဲ့ လူတွေအတွက် အတော်ပဲ''

''ဟာ-ကောင်းတာပေါ့၊ အန်ကယ်က အတွေ့အကြုံရှိတယ်။ မိတ် ဆွေတရားသူကြီး တစ်ယောက်ဟာ သိပ်တော်တယ်။ ဥပဒေစာအုပ်အထူကြီးတွေကို အလွတ်ရတယ်။ ရာထူးတက်ဖို့ အခွင့်အရေးကောင်းတယ်။ ဒါပေမယ့် အသက်လေးဆယ်ကျော်လေးမှာ နှလုံးသွေးကြောပိတ်ပြီး ရုတ် တရက်ဆုံးပါးသွားရှာတယ်။ အဲဒီကတည်းက အန်ကယ်လန့်နေတာ''

        ''မလန့်နဲ့တော့ အန်ကယ်၊ Lupin Beans  သာ မှန်မှန်စား''

        ''ပါရဂူတွေ ဘာပြောလဲ ဆရာ''

''ဂျာမနီနိုင်ငံ မြူးနစ်မြိုမှာ နာမည်ကြီး တက္ကသိုလ်တစ်ခုရှိတယ်။ Rechts Der Isar University  တဲ့၊ နာမည်က ဂျာမန်နာမည်ဆိုတော့ ခေါ်ရခက်တယ်။ ဒီတက္ကသိုလ်မှာ Institute for Nutritional Medicine ဆိုတဲ့ အာဟာရဗေဒဆိုင်ရာ သုတေသနဌာနကြီးရှိတယ်။ Christina Holzapfel ဆိုတာက သုတေသနပညာရှင်။ သူက အဲဒီသုတေသနဌာနကြီးမှာ လုပ်တယ်။ သူက ပြောတယ်။ Lupin Beans ဟာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို လျော့ပါးစေပါတယ်တဲ့။ ဒီပဲက သက် သတ်လွတ်စားသူတွေ သဘောတွေ့နေပါတယ်တဲ့။ သက်သတ်လွတ်သမားတွေကြားမှာ ရေပန်းစားနေပါတယ်တဲ့။ ပြီးတော့ Lupin Filed ဆို တာရှိသေးတယ်။ အသားတုပေါ့ အန်ကယ်၊ Meat Substitute ပေါ့၊ အသားတုလုပ်စားလို့လည်းရတယ်''

''ကောင်းတယ်ဆရာ၊ ဟင်းကို မငြီးငွေ့အောင် ပုံစံမျိုးစုံချက်လို့ရတာ ကိုး။ ကျွန်တော့်လို စားဖိုမှူးတစ်ပိုင်း ဖြစ်နေတဲ့ လူအတွက် အတော်အဆင်ပြေတာပဲ''

''ဟုတ်တယ် အန်ကယ်၊ ပါရဂူက ပြောတယ်၊ သူဟာတို့ဖူးကြိုက်တယ်တဲ့၊ ဒါပေမယ့် တို့ဖူးက တိုင်းတစ်ပါးကသွင်းတာတဲ့၊ ခု Lupin Beans က ဂျာမနီက ထွက်တာဆိုတော့ ပိုအဆင်ပြေတယ်တဲ့။ သူက လည်း အန်ကယ်လို ပဲသမားပဲ''

        ''ပါရဂူကပဲသမားဆိုတော့ ကောင်းတာပေါ့ဆရာ၊ သူက ပဲကို အသေးစိတ် သုတေသနတွေလုပ်မှာ''

''လုပ်ထားပါတယ်။ Kittler က ပဲချက်နည်း၊ အသေးစိတ်တွေ ရေးထားပါတယ်။ မိတ်ဆွေလာမှ ဟင်း ချက်နည်း စာအုပ်တွေ သယ်လာခိုင်းမယ်။ ပြီးတော့ သူ့ကိုဘာသာပြန်ခိုင်း မယ်''

        ''လုပ်ပါ ဆရာ၊ တခြား Product တွေ ရှိသေးလား''

''ရှိတယ် အန်ကယ်၊ Lupin Based Product တွေရှိသေးတယ်။  Lupin Flour  ဆိုတာရှိတယ်။ ဂျုံကို အမှုန့်လုပ်ထားသလိုမျိုးပေါ့။ ပြီး Yoghurt Alternative  အနေနဲ့လည်း သုံးနိုင်တယ်။ီDessert အနေနဲ့လည်း သုံးနိုင်တယ်။ Crean Cheese ပုံစံ လည်းသုံးနိုင်တယ်။ Milk Substute လည်း ရှိတယ်။ Mayonnise ပုံစံ လည်းသုံးနိုင်တယ်။ Noddle ပုံစံလည်း သုံးနိုင်တယ်။ ထူးထူးဆန်းဆန်း ပြောရဦးမယ်။ Ice Cream ပုံစံ တောင်သုံးနိုင်တယ်''

        ''ဟာ - တယ်ဟုတ်ပါလား''

 ''ဂျာမနီမှာ ကုမ္ပဏီတစ်ခုရှိတယ်။ နာမည်က Prolupin တဲ့၊ ဒီကုမ္ပဏီက Managing Director က Malte Stampe တဲ့။ သူက Lupin ကလုပ်တဲ့ Ice Cream ကောင်းကြောင်းကိုယ်တွေ့နဲ့ ယှဉ်ပြီးပြောသွားတယ်''

        ''ဟာ-ဒါဆို တကယ်ကောင်းလို့ပဲ''

''ကျွန်တော်လည်း အန်ကယ့်ကိုအားကျတယ်။ အိမ်ထောင်မပြုတော့ဘူး။ လူပျိုကြီးပဲလုပ်မယ်။ အန်ကယ့်ဆီက ဟင်းချက်နည်းမျိုးစုံသင်မယ်။ ပြီးတော့ ကိုယ့်ဘာသာကိုယ် ချက်စားမယ်။ မိန်းမယူရတာ ဒုက္ခ များပါတယ် အန်ကယ်ရာ''

''ဟုတ်တယ် ဆရာ၊ ဆရာသူငယ်ချင်း ဆရာကျော်ကိုပဲကြည့်လေ၊ ဖတ်ဖတ်ကိုမောနေတာပဲ။ ဟုတ် တယ်နော်၊ အပူမရှာပါနဲ့ ဆရာရယ်၊ လူပျိုကြီးပဲ လုပ်ပါ''

 ဆွေးနွေးပွဲက အရှိန်ကောင်းနေဆဲဖြစ်၏။ တပည့်ကလေးမောင်စိန်ဝင်းခမျာ ရေနွေးကြမ်းတစ်အိုးပြီးတစ်အိုး ထည့်ပေးနေရလေ၏။

အောင် (ဆေး-၁)

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.