23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသော ပဋိဇီဝဆေးဝါး

       မိုးက တဖွဲဖွဲရွာနေ၏။

 ဒေါက်တာဝေမျိုးဆန်းမောင်သည် Novotel ဟိုတယ်တွင် The Square စား သောက်ဆိုင်သို့ ရှောက်ရှိနေသည်။ ထိုဆိုင်သည် ဟိုတယ်၏ အဓိကကျသော စားသောက်ဆိုင်ဖြစ်၏။

ထိုဆိုင်၏ အဆင်အပြင်ကို သဘာဝထွက်ကုန်များဖြင့် ပြုလုပ်ထား၍ စားသုံးသူကို ဆွဲဆောင်ခြင်း တစ်မျိုးဖြစ်စေ၏။ ထိုဆိုင်အဆင်အပြင်ကို လူအများစိတ်ဝင်စားကြ၏။

ထိုဆိုင်တွင် မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားချက်ကြောင့် ဘူဖေးသုံးဆောင်ရန် ရောက်ရှိနေ၏။ ညစာ ဘူဖေးကို ညနေ ၆ နာရီမှ ည ၁ဝ နာရီ ခွဲအထိ မှာယူသုံးဆောင်နိုင်၏။

       မကြာမီ ဒေါက်တာမင်းလှသီဟ သူရောက်ရှိလာ၏။

       ''ကိုဝေမျိုး၊ စောင့်နေရတာ အားနာလိုက်တာဗျာ''

       ''ရပါတယ် ဆရာ၊ စောစောကမှ ရောက်တာပါ''

''ညစာ ဘူဖေးကနာမည်ကြီးဗျ၊ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ စားဖိုမှူးတွေ ချက်ပြုတ်တာဗျ၊ ကြာသပတေးမှာ အထူးညစာရှိတယ်။ Sea Food Night တဲ့ဗျ၊ နာမည်ကြီး ပင်လယ်စာတွေရတယ်။ King Grab ရယ်၊ Oyster ရယ်၊ Salmon ရယ် ရတယ်၊ လတ်ဆတ်တဲ့ဆူရှီနဲ့ ဆာရှီမီကို ကောင်တာမှာ ချက်ချင်းကင်ပြီး စားလို့ရတယ်''

       ''ကောင်းတယ် ဆရာ''

''ဘူဖေးတင်မကဘူး၊ မီနူးထဲကလည်း စိတ်ကြိုက်မှာစားလို့ရသေးတယ်။ ဆရာတို့ ယမကာ မသုံးဆောင်တော့ သစ်သီးဖျော်ရည်မျိုးစုံမှာထားတယ်။ ကြိုက်ရာသုံးဆောင် ပါ၊ ဖျော်ဖြေရေးလည်းရှိတယ်။ Live Band တေးဂီတကို ကြည့်ရှုခံစားနိုင်တယ်''

       ''ကောင်းတယ် ဆရာ၊ ဒါနဲ့ ပရိသတ်က ကျွန်တော်တို့ပဲလား''

''လာဦးမှာ ဆရာ၊ ကိုဝေမျိုး အံ့အားသင့်သွားမှာပါ၊ ညောင်ရမ်းဆေးတိုက်က သူနာပြုဆရာမ ဖြူဖြူချောချောလေး သုံးယောက်လာလိမ့်မယ်။ ကျွန်တော့်မွေးနေ့ သူတို့သိသွားပြီး အတင်းကျွေးခိုင်းတာ ကိုဝေမျိုးရေ''

       ''သြော် - ဒီလိုကိုး၊ ဒါဆို ပျော်စရာကြီးပဲ''

       ''ဟုတ်တယ်ဗျ၊ ကျွန်တော်တစ်ယောက်တည်းဆို ကြောင်တောင် တောင်ဖြစ်နေရာဗျ၊ ကိုဝေမျိုးပါတော့ အဖော်ရတာပေါ့ဗျာ''

       ''ဟုတ်ပြီ၊ ဘုရားလည်းဖူး လိပ်ဥလည်း တူးပေါ့ဗျာ''

       ''ဒါတင်ဘယ်ကမလဲ၊ လိပ်မကြီးပါ ဖမ်းမှာဗျ''

       ''ဟားဟားဟားဟား''

       နှစ်ဦးသား သဘောကျစွာ ရယ်မောလိုက်ကြ၏။

 လုပ်ငန်းသဘာဝအရ သူနာပြုဆရာမလေးများနှင့် လုပ်ငန်းခွင်တွင် တွဲဖက်လုပ်ကိုင်ရသော်လည်း ယခုကဲ့သို့ ညစာစားပွဲတွင် ရင်းရင်းနှီးနှီးတွေ့ ဆုံရမည်ဆို၍ လူငယ်ပီပီရင်ခုန်မိ၏။

 ညောင်ရမ်းဆေးတိုက်မှ သူနာပြုဆရာမလေးနွဲ့ယမင်းတွင် နွဲ့သဇင်ဆိုသော ညီမတစ်ဦးရှိ၏။ နွဲ့ယမင်းက ဒေါက်တာကျော်ဆွေသိန်းနှင့် ချစ်သူဘဝရောက်နေ ပြီဖြစ်၏။

       နွဲ့သဇင်က ချစ်သူမရှိသေးပေ။ နွဲ့သဇင်၏ သူငယ်ချင်းနှစ်ဦးဖြစ်သော သဉ္ဇာနွဲ့မွန်နှင့် သန္တာချစ်စုတို့ကလည်း ထိုနည်းတူဖြစ်၏။

       ''ဆရာမင်း၊ ဆရာမလေးတွေက ဖြူဖြူချောချောလေးတွေ၊ ပြီးတော့ ရည်းစား လည်း မရှိသေးဘူး''

       ''ချက်ဆိုနားခွက်က မီးတောက်ပါတယ် ကိုဝေမျိုးရာ၊ စကားပုံရှိသားပဲ၊ ဒီယုန်မြင်လို့ ဒီချုံထွင်တာလေ၊ ဟဲဟဲ''

       ''ဆရာမင်းက တယ်တော်တာပဲ''

''ပြီးတော့ အကွက်ကောင်းလေး တစ်ကွက်ပြောပြဦးမယ်၊ နွဲ့သဇင်က သူ့အဘွားကို သိပ်ချစ်တယ်။ အဘွားက အဆုတ်ရောဂါသည်၊ ဆေးမပြတ်သောက်နေရတယ်၊ အဲဒီတော့ ရှားပါးဆေးတွေ ခုထဲကစုဆောင်းထား၊ အဘွားအတွက် ဆေးလက်ဆောင်ဆို ရင် အဆင်ချောမယ့် သဘောရှိတယ် ဟုတ်ပြီနော်''

       ''ဟုတ်ပြီ ဆရာ၊ ဟုတ်ပြီ''

       ထိုစဉ်သူနာပြု ဆရာမလေးများ ရောက်ရှိလာ၏။ စားသောက်ဖွယ်ရာ စားသုံးရင်း စကားစမြည်ပြောဆိုကြ၏။

       စကားပြောရင် အဘွား၏ ရောဂါအကြောင်း ရောက်ရှိသွား၏။

''ဆရာမျိုးရယ်၊ အဘွားက ဆေးသောက်ရင်း ရောဂါမသက်သာဘူး ဖြစ်နေတယ်။ သေချာပြန်စစ်တော့ First Line Drug တွေ မတိုးဘူးတဲ့၊ ဒါနဲ့  Second Line တွေ ပြောင်းသုံးနေရတယ်။ ဆေးကလည်း ရှာရခက် လိုက်တာ''

       ''ဟာ-ဘာမှမပူနဲ့ သဇင်၊ ဆရာမျိုးက ဆေးဝါးရှာတာတော်တယ်၊ ခုလည်း သူ့ဆီမှာ Second Line တွေ စုံအောင်စုထားတယ်၊ ဟုတ်တယ်နော် ဆရာမျိုး''

       ဒေါက်တာမင်းလှသီဟသူက လမ်းကြောင်းပေးလိုက်၏။

       ''ဟုတ်တယ် သဇင်၊ ဘာမှမပူနဲ့၊ ကျွန်တော့်မှာ  Second Line အစုံရှိတယ်''

 ဒေါက်တာဝေမျိုးဆန်းမောင်က ဆေးကုမ္ပဏီများတွင် အားကိုးရသော ဝန်ထမ်းမိတ်ဆွေများရှိနေ၍ ရဲရဲဝံ့ဝံ့အာမခံနေ၏။ လောလောဆယ် လက်ထဲတွင် ဘာမှမရှိသေးပေ။

       “Drug Resistance ကလည်း ဆိုးတယ်နော်''

''ဟုတ်တယ်၊ ဆိုးတယ်၊ ပဋိဇီဝဆေးတွေ ဆေးမတိုးဘဲ ဆေးယဉ်ကုန်တဲ့ ပြဿနာကအတော်ကြီးတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတောင် ဂရုတစိုက်လှုံ့ဆော် စည်းရုံးနေရတယ်''

       ''သတင်းကောင်း ကြားရင်လည်းပြောပါဦး''

       ''ဟာ-အတော်ပဲဗျ၊ သတင်းကောင်းတစ်ခုပြောပြမယ်။ ကျွန်တော် PNAS ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖတ်လိုက်ရတယ်''

       ''ဟုတ်လား ရှင်းပြပါဆရာ''

       စာသင်ခန်းမကြီးအတွင်း၌ သင်ကြားပို့ချနေသော ပါမောက္ခကြီးဟန်ပန်ဖြင့် ဒေါက်တာဝေမျိုးဆန်းမောင်က ရှင်းပြနေ၏။

 ''အမေရိကန်သုတေသီတွေက Vancomycin ဆိုတဲ့ဆေးကို သုတေ သနလုပ်ခဲ့ကြတယ်။ အရင်တုန်းက Vancomycin ဟာ သိပ်ကိုစွမ်းတဲ့ဆေးဗျ၊ ခုရောဂါပိုးတွေက မဖြုံတော့ဘူး၊ ဆေးမတိုးဘူး၊ ဆေးယဉ်ကုန်ပြီ၊ ဒါကို ပြန်ပြီးပြုပြင်တယ်။ Re Engineered လုပ်တယ် ခေါ်တယ်''

       ''ဟုတ်ကဲ့ ဆရာ''

''ခုဆေးသစ်က ဆေးဟောင်းနဲ့နှိုင်းယှဉ်ရင် အဆတစ်ထောင်လောက်ပိုပြီး အစွမ်းထက်တယ်တဲ့။ ဒါကြောင့် ဆေးသစ်ကို Ultra Tough ဆိုပြီး တင်စားနေကြတယ်။ အရင်ဆေးဟောင်းက ရောဂါပိုးကိုလမ်းတစ်သွယ်နဲ့ပဲ တိုက်ခိုက်နိုင်တယ်၊ ခုဆေးသစ်က လမ်းသုံးသွယ်နဲ့ တိုက်ခိုက်တာ၊ Three Different ပေါ့၊ ဒါကြောင့် ရောဂါပိုးက ဆေးယဉ်တာဖြစ်ဖို့ သိပ်ကို ခဲယဉ်းသွားပြီ''

       ''ဟုတ်ကဲ့ ဆရာ''

 ''ဒီသုတေသနကို Scripps Research Institute ဆိုတဲ့ သုတေသနဌာနကြီးက လုပ်တာ၊ ဌာနကြီးရဲ့အဆိုအရ နောက်ထပ် ဆေးဖက်ဆိုင်ရာ စမ်းသပ်ချက်တွေပြီးပြည့်စုံမယ်ဆိုရင် လာမယ့်ငါးနှစ်အတွင်းမှာ ဆေးသစ်ကို လူနာတွေအတွက် သုံးနိုင်လိမ့်မယ်တဲ့''

       ''ဟာ-ငါးနှစ်ဆို မကြာပါဘူး၊ အဆင်ပြေခါနီးပြီပဲ''

''ဟုတ်ပါတယ်၊ သိပ်မကြာတော့ပါဘူး။ ဒါက သတင်းကောင်းပါပဲ၊ အရင်က Enterococci ဆိုတဲ့ပိုးကို Cancomycin နိုင်တယ်၊ ခုမနိုင်တော့ဘူး၊ ဆေးဟောင်းကို ရောဂါပိုးက ဆေးယဉ်သွားပြီ၊ ဒါကြောင့် ပိုးကို နာမည်အသစ်ပေးထားတယ်။ Cancomycin Resstant Enerococci  တဲ့၊ အတိုကောက် VRE လို့ခေါ်တယ်၊ VRE က သိပ်ကြောက်စရာကောင်းတယ်၊ ဆေးရုံတွေမှာ တွေ့ရများတယ်။ VRE ကြောင့် အနာမှာပိုးဝင်တယ်။ သွေးထဲကို ပိုးဆိပ်တွေရောက်တယ်၊ အန္တရာယ်သိပ်ကြီးတယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထိပ်သီးရောဂါပိုး စာရင်းပြုစုထားတယ် “The Greatest Threat to Human Health” လို့ တင်စားထားတယ်။ ထိပ်သီးရောဂါပိုး စာရင်းမှာ VRE လည်း ပါတယ်''

       ''ကြောက်စရာကြီးနော်''

''ဟုတ်တယ်၊ သိပ်ကို အန္တရာယ်ကြီးပါတယ်၊ အသက်ဆုံးရှုံးရတာလည်း မနည်းတော့ပါဘူး။ Vancomycin ပေါ်တာ အနှစ်ခြောက်ဆယ်ရှိပြီ၊ အရင်က သိပ်ကိုစွမ်းပေမယ့် ခုဘာမှမတတ်နိုင်ဘူး။ Scripps က သုတေသီတွေက နည်းလမ်းရှာကြတယ်။ ဆေးအဟောင်းရဲ့ မော်လီကျူး ဖွဲ့စည်းတည်ဆောက်ပုံကို တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲကြည့်တယ်။ Vancomycin က ရောဂါပိုးရဲ့ ဆဲလ်နံရံကို တိုက်ခိုက်တာ၊ ခုပြောင်းလဲလိုက်တော့ တိုက်ခိုက်တာပိုပြီး အစွမ်းထက်လာတယ်။ ပါရဂူတွေပြောစကားအရ Strength and Durability of Drug က သိသိသာသာတိုးတက်လာတယ် တဲ့''

       ''ဟုတ်ကဲ့ ဆရာ''

''သုတေသန အဖွဲ့ခေါင်းဆောင်က ပါရဂူ Dr.Dale Boger တဲ့၊ သူက ရှင်းပြတယ်။ ပထမအဆင့်မှာ မော်လီကျူးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ အပြောင်းအလဲ တစ်ခုလုပ်ပါတယ်တဲ့၊ ဒုတိယအဆင့်မှာ အသေးစားပြောင်းလဲမှုနှစ်ခုကို မော်လီကျူးထဲမှာ ထပ်တည့်ပါတယ်တဲ့၊ ခုလိုပြောင်းလဲလိုက်တော့ တိုက်ခိုက်ရာမှာ သိပ်ကို အစွမ်းထက်လာပါတယ်တဲ့၊  Drug Resistance ပြဿနာကို ဖြေရှင်းနိုင်ပါပြီ တဲ့''

       ''ဟုတ်ကဲ့ ဆရာ''

''ဆေးသစ်ကို ဓာတ်ခွဲခန်းမှာ အရင်စမ်းကြတယ်ဗျ၊ စမ်းကြည့်တော့ VRE ကို နိုင်တာတွေ့ရတယ်၊ 50 Rounds of Exposure ပြီးသွားတာတောင် ဆေးက စွမ်းတုန်းပဲတဲ့၊ ပိုးကိုသတ်တဲ့နေရာမှာ “Three Independent Mechanisms of Action ရှိတယ်၊ ဆေးယဉ်ဖို့မလွယ်ဘူး၊ အင်မတန် ခဲယဉ်းတယ်၊ Mechanism တစ်ခုကို ခံနိုင်ရည်ရှိလာရင်တောင် ကျန်တဲ့ Mechanism နှစ်ခုကြောင့် ပိုးသေမှာပဲတဲ့''

       ''ဟုတ်ကဲ့ ဆရာ''

 “Dr Boger က ပြောတယ်၊ Modified Form of Vancomycin ကို စိတ်ချလက်ချ သုံးနိုင်မှာပါတဲ့၊ ဆေးယဉ်တာအတွက် စိတ်ပူစရာ မလိုတော့ပါဘူးတဲ့၊ တခြား ပါရဂူတွေ ကလည်း ထောက်ခံကြတယ်။ Microbiology S၀ciety က Professor Nigel Brown ကလည်း ခုသုတေသနဟာ အလွန်အရေးပါပါတယ်တဲ့၊ Vacomycin ဟာ တချို့သော ပြင်းထန်တဲ့ ရောဂါကူးစက်မှုတွေအတွက် နောက်ဆုံးဆေးပါပဲတဲ့။ ဆေးယဉ်တဲ့ ပြဿနာဟာ အလွန်ကြီးမားတဲ့ ပြဿနာကြီးပါတဲ့''

''အားရစရာပါပဲ ဆရာ၊ ကျွန်မ ကိုယ်တွေ့ပြောရရင် ဆေးယဉ်တဲ့ ပြဿနာက အတော်ဆိုးတာပဲ၊ သင်တန်းသူဘဝက ဆေးရုံကြီးတစ်ရုံမှာကြုံဖူးတယ်၊ လူနာက နယ်က ဆရာကျန်းမာရေး ဗဟုသုတနည်းပါးတယ်။ နီးစပ်ရာ ကွမ်းယာဆိုင်က ပဋိဇီဝ ဆေးဝါးကို ဝယ်သောက်တယ်၊ ဆေးပတ်မလည်ဘူး။ မထိရောက်ဘူး ရောဂါက ငုပ်သွားသလိုရှိတာကို ပျောက်ပြီထင်တယ်၊ ရောဂါပိုးကဆေးမတိုးဘူး၊ ကိုယ်ခံအင်အားကျ ဆင်းချိန်မှာ ထပ်ပြီးဒုက္ခပေးတယ်၊ ရောဂါကျွမ်းမှ ဆေးရုံကြီးကို ရောက် တယ်၊ လွန်မှဆိုတော့ ဘာမှမတတ် နိုင်ဘူး၊ လက်လွှတ်လိုက်ရတယ်''

       ''ကြေကွဲစရာပါပဲဗျာ''

''ခုလို ဖြစ်ရပ်ဆိုးတွေ မဖြစ်ရလေအောင် လုပ်သားပြည်သူတွေကို ပညာပေးရမှာပေါ့နော် နီးစပ်ရာ ကွမ်းယာဆိုင်အားမကိုးဘဲ တတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်ကို ပြသဖို့လမ်းညွှန်ရမယ်။ ပဋိဇီဝဆေးသောက်ရင် ဆေးပတ်လည်အောင် သောက်ရမယ်။ မထိတထိ မလုပ်ရဘူး။ ဒါတွေ ပညာပေးရမှာပေါ့ ဆရာ''

 ''ဟုတ်ပါတယ် သဇင်ပြောတာ မှန်ပါတယ်။ ကျန်းမာရေး ပညာပေးလုပ်ငန်းက ကျယ်ပြန့်ပါတယ်။ ဝန်ထမ်းတွေတင်မကဘူး။ ရပ်မိရပ်ဖတွေ၊ အစိုးရမဟုတ်တဲ့ စေတနာ့ ဝန် ထမ်းအဖွဲ့အစည်းတွေ၊ လုပ်သားပြည်သူတွေပါ ဝိုင်းဝန်းကူညီလုပ်ဆောင် ကြရပါလိမ့်မယ်။ ကဲ-စားစရာတွေစုံနေပြီ၊ သုံးဆောင်ကြပါ။ မွေးနေ့ရှင်လည်း ဆုတောင်းပေးကြလေ''

 ဒေါက်တာ မင်းလှသီဟသူ အတွက်အားလုံးက ညီညာဖြဖြဝိုင်းဝန်းကာ သက်တော်ရာကျော်ရှည်စေ ကြောင်းဆုတောင်းပေးကြလေ၏။

အောင် (ဆေး-၁)

 ရည်ညွှန်းချက်။   ။ BBC News မှ “Ultra Toug Antibiotic to Fight Superbugs” ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.