22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဝသူ ပိန်စေ ထို ရှစ်ထွေ

ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်းတစ်လျှောက် လူစည်းကားလျက်ရှိ၏။

 ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာမဝေး ကွာလှသော အရပ်တွင် 'လေညိုကုန်း' လက်ဖက်ရည်ဆိုင်ကလေးတည်ရှိ၏။

 ထိုဆိုင်ကလေးသည် သာမန်လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေး ဖြစ်သော်လည်း ထူးခြားမှုရှိနေ၏။

ဘဝသရုပ်ဖော် ဝတ္ထုတိုများကိုပြောင်မြောက်စွာရေးသားခြယ်မှုန်းခဲ့ သော ဝတ္ထုတိုဆရာမောင်ညိုပြာသည် စာပေလောကတွင်'မြန်မာ ချက်ကော့(ဗ်)'ဟု ကျော်ကြားလျက်ရှိ၏။

 ဆရာမောင်ညိုပြာကို အကြောင်းပြု၍ ထိုလက်ဖက်ရည်ဆိုင် ကလေးသည်လည်း စာပေလောက၌လူသိများနေ၏။

စာပေလောကသားဖြစ်ပါက ထိုဆိုင်ကလေးတွင် လက်ဖက်ရည် အခမဲ့သုံးဆောင်နိုင်၏။

သာမန် ခရီးသွား အရပ်သားများအနေဖြင့် လမ်းကြုံ၍ ထိုဆိုင်ကလေး တွင် ခေတ္တခဏနားကာ လက်ဖက်ရည်သောက်စဉ် ထိုဖြစ်ရပ်ကို တွေ့ရ သောအခါ ထူးဆန်းနေကြ၏။

 မြောက်များလှစွာသော စာပေလောကသားများကို ထိုဆိုင်ကလေးက မည်သို့မည်ပုံ မှတ်မိပါသနည်း။

 သာမန်စားသုံးသူနှင့် စာပေလောကသားကို မည်သို့မည်ပုံ ခွဲခြား သိရှိပါသနည်း။

 ဖြေရခက်သော ပုစ္ဆာများဖြစ်ကြ၏။

တစ်ခါတစ်ရံထူးဆန်းသော ပုဂ္ဂိုလ်များကိုလည်း ထိုဆိုင်ကလေးတွင် တွေ့ရတတ်၏။

ယနေ့ညနေတွင်လည်း ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦးရောက်ရှိနေ၏။

 ထိုပုဂ္ဂိုလ်သည် အရပ်ခြောက်ပေကျော်မြင့်မား၏။ မြန်မာလူမျိုးများ တွင် တွေ့ရခဲသော အရပ်အမောင်း ဖြစ်၏။

ထိုပုဂ္ဂိုလ်သည် လွန်စွာပိန်လှီ၏။ ရှည်လျားသော နှုတ်ခမ်းမွေးနှင့် မုတ် ဆိပ်မွေးများရှိ၏။ အထက်အောက် ယောဂီဝတ်စုံကိုဝတ်ဆင်ထား၏။ ကြီးမားလှသော အနက်ရောင် ပုတီးကြီးတစ်ကုံးကို လည်ပင်းတွင်ဆွဲထား ၏။ကြီးမားလှသော ရှမ်းလွယ်အိတ်ကြီးကိုလည်း စလွယ်သိုင်းကာလွယ် ထား၏။ ကြီးမားလှသော ဝါးတောင်ဝှေးကြီး တစ်ချောင်းကိုလည်းလက်က မချဘဲ အစဉ်အမြဲကိုင်ထားတတ်၏။

ထိုပုဂ္ဂိုလ်ကြီးထံတွင် တစ်ခါတစ်ရံပြဒါးပြာရနိုင်သည်ဟု သိုးသိုးသန့် သန့်ကြားရတတ်၏။ ထိုပုဂ္ဂိုလ်ကြီးသည် အငြိမ်းစားကျောင်းအုပ်ကြီး ဦးရွှေသာနှင့် အဂ္ဂိရတ်ပညာရပ်များအကြောင်း အာပေါင်အာရင်းသန် သန်နှင့် ဆွေးနွေးနေတတ်၏။

 ဦးရွှေသာသည် အငြိမ်းစားယူပြီးနောက်အဂ္ဂိရတ်ကို ဝါသနာ အလျောက်လိုက်စားကာ စွဲစွဲမြဲမြဲဖိုထိုးတတ်၏။ ရင်းနှီးသူများက'မြေ လျှောက်ဝိဇ္ဇာ'ဟု ခေါ်ကြ၏။

ယနေ့ ညနေတွင် ထူးဆန်းသော ပုဂ္ဂိုလ်ကြီးနှင့် 'ပီယသိဒ္ဓိ' ဓာတ်လုံး အကြောင်း ဆွေးနွေးနေရာ ဝိုင်းတော်သားများက ထူးဆန်းသောအ ကြောင်းအရာများကို ကြားနာရသဖြင့် ပါးစပ်အဟောင်းသားဖြင့် စိတ်ပါ ဝင်စားစွာ နားထောင်နေ၏။

ဓာတ်လုံးပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြနေရာမှ နောက်ဆုံး အဆင့်ရောက်ခါနီးမှ တစ်စုံတစ်ဦးမှခေါ်လိုက်သကဲ့သို့ အသံသဲ့သဲ့ကြားရ ကာ ထိုပုဂ္ဂိုလ်ကြီးသည် ရုတ်တရက်ထိုင်ရာမှထကာ အလွန်လျင်မြန်စွာ ထွက်ခွာသွားရာ ဝိုင်းတော်သားများမှာ ဟာခနဲဟင်ခနဲဖြစ်ကာ ကျန် ရစ်ခဲ့ကြ၏။

ထိုစဉ် ဒေါက်တာကျော်ဆွေသိန်း၊  ဒေါက်တာတင်မောင်ဆွေ၊ ဒေါက်တာ မင်းလှသီဟသူနှင့် ဒေါက် တာရဲမင်းကျော်စွာတို့ ရောက်ရှိလာ ၏။

       ''ဝိဇ္ဇာကြီး၊ ဘာတွေဆွေးနွေးနေ ကြတာလဲ''

       ''ပီယသိဒ္ဓိဓာတ်လုံးဗျ၊ တောက်-ပြီးခါနီးမှ ကပ်လွတ်သွားတယ်ဗျာ''

       ဦးရွှေသာက မချင့်မရဲဖြစ်ကာ ဇာတ်ကြောင်းပြန်နေ၏။

       လူငယ်များ ပီပီ ဆရာဝန်ငယ်များက စိတ်ဝင်စားကြ၏။

       ''ကဲပါ ဆရာတို့ရယ်၊ နောက်ဆုံးအဆင့်မှမသိရတာ၊ ဘာမှလုပ်လို့ မရပါဘူး''

       စာပေတိုက်ပိုင်ရှင် ဦးဘောဂက ဝင်ပြော၏။

       ''အန်ကယ်က မပိန်သေးပါလား၊  အစားလျှော့စားတယ်ဆို''

       ဒေါက်တာကျော်ဆွေသိန်းကပြောလိုက်၏။

''ဟုတ်တယ် ဆရာကျော်၊ လျှော့တာကတကယ်လျှော့တာပါ။ ဒါပေ မယ့် ကိုယ်အလေးချိန်မကျတာ ဇီဝကမ္မဖြစ်စဉ်နှေးလို့များလား ဆရာ ကျော်ရယ်''

''ဒါဆို ဒီလိုလုပ်၊ ဇီဝကမ္မဖြစ်စဉ်ကို ပြောင်းလဲလို့ရတယ်။ အဲဒီအ ကြောင်း ကျွန်တော်ရှင်းပြမယ်၊  Michael West ဆိုတဲ့ ပါရဂူက Endorinologist ဗျ။ ဟော်မုန်းဗေဒဆိုင်ရာ အထူးကုပေါ့ဗျ၊ သူက Washington D.C က ဟော်မုန်းရောဂါဆိုင်ရာ အထူးကုဌာနမှာ အ လုပ်လုပ်တယ်။ သူက ဇီဝကမ္မဖြစ်စဉ်နှုန်းထားကိုပြုပြင်ပြောင်းလဲနိုင် တဲ့အကြောင်း ရှင်းပြထားတယ်။ ဒါကို ကျွန်တော် ပြန်ပြောပြမယ်''

       ''ဟုတ်ကဲ့ ဆရာကျော်၊ စိတ်ဝင် စားပါတယ်။ ပြောပါ''

''အချက်ရှစ်ချက်ရှိတယ်။ တချို့အချက်ကို ထိန်းချုပ်နိုင်တယ်။ တချို့  အချက်ကိုတော့ ထိန်းချုပ်လို့ မရဘူး။ တစ်အချက်က အသက်အရွယ်ဗျ။ အသက်ကြီးလာရင်တော့ ဇီဝကမ္မဖြစ်စဉ်နှုန်းထားက နှေးကွေးလာတယ်။ ဒါက သဘာဝတရားပဲ၊ ရောဂါမဟုတ်ဘူး။ အသက်ကြီးတာကို ပြန်ငယ်အောင်လုပ်လို့မရပေမယ့်  လုပ်လို့ရတာရှိတယ်။ အဲဒါက ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပဲ၊ အသက်ကြီးတယ်ဆို ပြီး မလှုပ်မရှား မနေရဘူး လူအတော်များများကအိုလာပြီဆိုပြီး လေ့ကျင့်ခန်းမလုပ် ဘူး။ ဒါမှားတယ်ဗျ၊ အမေရိကားမှာရှိတဲ့ Centers For Disease Control and Prevention က လမ်းညွှန် ထားတာရှိတယ်။ ဒီဌာနကြီးကို အတိုကောက် CDC လို့ခေါ်တယ်။ လမ်းညွှန်ချက်အရအသက် ၆၅ နှစ်အထက် လူကြီးတွေဟာ တစ်ပတ်ကိုနှစ်နာရီခွဲကြာ လေ့ကျင့်ခန်းလုပ်ရမယ်တဲ့၊ အပတ်စဉ်လုပ်ရမယ်တဲ့၊ လုပ်ရမှာက Moderate Intensity Aerobic Activity  ဗျ။ အသင့်အတင့်လုပ်ရမယ့် အနေအထားပါ။ ပြီးတော့ တစ်ပတ်ကို နှစ်ခါ Strengthening Exercise လုပ်ရမယ်။ Major Muscle Group တွေပါဝင်စေရမယ်။ လေ့ကျင့်ခန်းနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့ နည်းပြတွေကို အကူအညီတောင်းနိုင်တယ်။ နာမည်ကြီး GYM တွေမှာ နည်းပြတွေရှိပါတယ်''

       ''ဟုတ်ပြီ ဆရာကျော် လုပ်မယ်ဗျာ''

''နှစ်အချက်က စိတ်ဖိစီးမှုဗျ၊ စိတ်ဖိစီးမှုများရင် Corisol ဆိုတဲ့ ဟော်မုန်းထွက်တယ်။ ဒီဟော်မုန်းက ကိုယ်အလေးချိန်များတာနဲ့ ဆက်စပ် မှုရှိတယ်။ ကိုယ်အလေးချိန် ထိန်းချင်ရင်စိတ်ဖိစီးမှုနည်းပါးစေရမယ်။ စိတ်ဖိစီးမှုနည်းအောင်လုပ်တဲ့ နေရာမှာအထောက်အကူဖြစ်စေတာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းရယ်၊ အသက်ပြင်းပြင်းရှူတာရယ်ပါ တယ်။ လိုအပ်ရင် Psychologist ဆီမှာဖြစ်ဖြစ်၊ Counselor ဆီမှာဖြစ်ဖြစ် အကြံÓဏ်တောင်းခံလို့ ရပါတယ်''

       ''ဟုတ်ပြီ၊ ဒါလည်းလိုက်နာလို့ရပါတယ်''

 ''သုံးအချက်က အိပ်ရေးဝဝ အိပ်တာဗျ၊ အိပ်ရေးပျက်ရင် အဝလွန် စေတယ်။ တစ်ညလောက်အိပ်ရေး ပျက်ရင်သိသာတယ်။ အိပ်ရေးပျက်ရင် ဇီဝကမ္မဖြစ်စဉ် နှေးကွေးသွားတာတွေ့ရတယ်။ Nsulin resistance  ဖြစ်လာတာတွေ့ရတယ်။ ဒီလိုဖြစ်လာရင် ဆီးချိုရောဂါလည်းရတတ်တယ်။ လူကြီးတွေဟာ တစ်နေ့ကို ခုနစ်နာရီလောက်အနည်းဆုံးထားပြီး အိပ်သင့် တယ်''

       ''ဟုတ်ပြီ အိပ်ပါ့မယ်''

''လေးအချက်က ကိုယ်လက်လှုပ်ရှားမှု မရှိတာဘဲ။ လေ့ကျင့်ခန်း လုပ်ရင် ကယ်လိုရီတွေ လောင်ကျွမ်းတယ်။ ဒါတင်မကသေးဘူး။ Resting Metabolic Rate  ကိုလည်း မြန်စေတယ်။ သဘောကနားနေရင်းနဲ့လည်း ဇီဝကမ္မဖြစ်စဉ်နှုန်းထားကမြန်နေတယ်။ ဒါကလေ့ကျင့်ခန်းရဲ့ ကောင်းကျိုးပေါ့၊ မလုပ်ရင်ဇီဝကမ္မဖြစ်စဉ်နှေးသွားမယ်။ လေ့ကျင့်ခန်း လုပ်ပုံလုပ်နည်းကို ရှင်းပြပြီးပါပြီ''

       ''ရှင်းပြပြီးတာဟုတ်ပါတယ်။ နားလည်ပါပြီ ဆရာကျော်''

''ငါးအချက်က အစာစားတာဗျ၊ Diet ပေါ့ဗျာ၊ တချို့က ပိန်အောင် အစာငတ်ခံတယ်။ တချို့က မနက်စာမစားဘူး၊ ဒီနည်းကမှားတယ်ဗျ၊ တကယ်က မနက်စာစားရမယ်၊ အသင့်အတင့်စားပေးရင် ဇီဝကမ္မဖြစ်စဉ်ကို မြန်လာစေတယ်''

       ''ဟုတ်ကဲ့ မနက်စာမှန်မှန်စားပါ့မယ်''

 ''ခြောက်အချက်ကဆေးဝါးဗျ၊ Medication  ပေါ့ဗျာ၊ တချို့ဆေးတွေ က ဝစေတယ်။ Antipsychotic Drug လို့ခေါ်တဲ့ဆေးတွေက ကိုယ် အလေးချိန်တိုးစေတယ်။ Bipolar Disorder တို့ Depression တို့လို ရောဂါမျိုးတွေမှာ ဒီဆေးတွေသုံးရတယ်။ ဥပမာတစ်ခုပြောရရင် Olanzapine ပေါ့ဗျာ၊ Zyprexa လို့ လည်းခေါ်တယ်။ ဒီဆေးသောက်ရင်ဝလာတယ်။ နောက်ဆက်တွဲဆိုးကျိုးပေါ့ဗျာ။ ရောဂါတစ်စုံတစ်ရာကြောင့် ဆေးသောက်ရင် ဝလာရင် ဆရာဝန်ကိုတင်ပြရမယ်။ ဒါဆို ပထမဆေးကို ရပ်လိုက်ပြီး တခြားသင့်တော်ရာကို ပြောင်းပေးလိမ့်မယ်''

       ''ဟုတ်ကဲ့ ဆရာကျော်''

 ''ခုနစ်အချက်ကရာသီဥတုဗျ၊ ဆောင်းတွင်းမှာ ဇီဝကမ္မဖြစ်စဉ်မြန် လာတယ်။ ဒါပေမယ့် ဥရောပလိုနေရာမျိုးကျတော့ ဆောင်းရာသီက ရှည် လျားလွန်းတယ်။ ဆောင်းရာသီသိပ်ရှည်ရင် စိတ်ကျရောဂါရတတ်တယ်။ စိတ်ကျရောဂါရရင်လည်း ဝလာတတ်တယ်။ စိတ်ကျရောဂါလို့ မသင်္ကာရင် ဆရာဝန်ကို တင်ပြပါ''

       ''ဟုတ်ကဲ့ ဆရာကျော်''

''ရှစ်အချက်ကတချို့သော ရောဂါခံအဖြစ်ရှိနေတာမျိုးဗျ။ ဥပမာ-ံHypothyroidism လို ရောဂါမျိုးဗျ။ Thyroid Hormone လုံလုံလောက်လောက်မရှိဘူး။ ဇီဝကမ္မဖြစ်စဉ်နှေးလာတယ်။ လူကလည်း ဝလာတယ်။ ယောက်ျားကြီးတွေမှာ နောက်တစ်ခုတွေ့ရတာက Low Testo Sterone ဗျ၊ သဘာဝဟော်မုန်းနည်းပါးတာဗျာ။ ဒီရောဂါတွေအတွက် ဆေးရှိပါတယ်။ ပူစရာမလိုပါဘူး။ တကယ်လို့ ကိုယ်အလေးချိန်လျှော့ချတဲ့ အချက်တွေ လိုက်နာပါရဲ့သားနဲ့ပိန်မသွားရင် ဒီရောဂါတွေရှိနေတတ်တယ်။ ဆရာဝန်ကို တင်ပြပါ''

       ''ဒါဆို ရောဂါရှာဖွေရေးလုပ်မှာပေါ့နော်''

       ''ဟုတ်တယ် အန်ကယ်၊ Screening Test တွေလုပ်မှာပါ။ ရောဂါ ရှာတွေရင်ကုမှာပါ။ ဒီရှစ်ချက်ကို မမေ့စေချင်ဘူး''

''မမေ့ပါဘူး ဆရာကျော်၊ အန်ကယ်က မနက်မနက် သက်တူရွယ် တူတွေ စုပြီးလမ်းလျှောက်တယ်။ အပြန်မှာ လက်ဖက်ရည်ဆိုင်ဝင်ထိုင် တယ်။ အလ္လပသလ္လပပြောကြတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြော တာများပါတယ်။ ငယ်ငယ်တုန်းက နောက်ပိုးပိုးခဲ့တာတွေလည်းပါသ ပေါ့ကွယ်''

''ဟာ-ဟုတ်ပြီ၊ အန်ကယ်ဆီကပညာယူရမယ်။ နည်းလမ်းလေးဘာ လေးမိန့်ပါဦး အန်ကယ်၊ ပီသသိဒ္ဓိ ဓာတ်လုံးရောမရနိုင်ဘူးလား''

''ဟဲဟဲ ပေးရမှာပေါ့၊ ဆရာကျော်က ကျေးဇူးရှိတယ်လေ။ ဘယ်ခေတ် ရောက်ရောက် မရိုးနိုင်တဲ့နည်းတွေရှိတယ်။ ဆရာကျော်ကညောင်ရမ်း ဆေးတိုက်က သူနာပြုဆရာမဖြူဖြူချောချောလေးကို ချိန်နေတာမဟုတ် လား၊ အန်ကယ်သိပါတယ် ''

       ''ဟာ-ထူးဆန်းတယ်၊ အန်ကယ် ဘယ်လိုသိတာလဲ ''

       ''ဟဲဟဲ အဂ္ဂိရတ်သမားလေကွာ၊ အကြားအမြင်ပေါ့''

       ''ဟာ-အန်ကယ်က ဘိုးတော် အဆင့်ရောက်သွားပြီကိုး၊ မြေလျှောက် ဝိဇ္ဇာဘဝကနေ မိုးပျံဝိဇ္ဇာဖြစ်သွားပြီကိုး''

''အလကား နောက်တာပါကွာ၊ ခင်လို့စတာစိတ်မရှိနဲ့၊ မြေလျှောက် ဝိဇ္ဇာပဲရှိပါသေးတယ်။ တစ်နေ့တစ် နေ့လမ်းပဲလျှောက်နေရာတာ ဟဲဟဲ''

       ''ရပါတယ် အန်ကယ်၊ စိတ်မဆိုးပါဘူး''

''မိန်းကလေးမှန်ရင် လှချင်တာချည်းပဲ၊ အာဖရိကတိုက်က ကပ္ပလီ မကလေးကလည်း အသားသာမည်းတာ၊ လှချင်တာပဲ၊ ဒီတော့ကာ အလှ အပပစ္စည်းဘက် လှည့်ကြစို့။ ဥပမာကွာ Silky Girl တို့ May Belline တို့  Bio Essence တို့ကွာ၊ ဆရာကျော် သိမှာပါ''

       ''ဟဲဟဲ သိပါတယ် အန်ကယ်''

       ''ဥစ္စာရင်လို ဥစ္စာရင်ခဲတဲ့၊ ပထမတော့ ရင်းနှီးမြှုပ်နှံရမယ်၊ ဒါမှရေရှည် မှာ အကျိုးအမြတ်ရှိမှာလေ''

       ''သဘောပေါက်ပြီ အန်ကယ်၊ အလှအပပစ္စည်းတွေ ပြေးဝယ်တော့ မယ်''

 ''နောက်တစ်ခုကျန်သေးတယ်။ အန်ကယ်က အဂ္ဂိရတ်တင်မကဘူး၊ ဗေဒင်လည်း ဝါသနာပါတယ်။ ဆရာကျော်ဇာတာရယ်၊ ဆရာမလေး ဇာ တာရယ်ရထားတယ်။ တွက်ချက်ကြည့်တော့ ပန်းလက်ဆောင်ပေးရမယ်၊ ဘာပန်းလည်းဆိုတော့ ခရေကွ။ ခရေကိုပန်းကုံးသီပြီးပေးရမယ်၊ စောစောက ထူးဆန်းတဲ့ ပုဂ္ဂိုလ်ကြီးက ပီယသိဒ္ဓိဂါထာပေးသွားတယ်။ ဒါပေမယ့် ဒါကလျှို့ဝှက်ချက်ကွပြောလို့မဖြစ်ဘူး။ ခရေပန်းရှာလာခဲ့၊ အန်ကယ်ဂါထာစုပ်ပေးမယ်၊ မုချအောင်မြင်စေရမယ်၊ အာမခံတယ်''

       မြေလျှောက်ဝိဇ္ဇာကြီးအား ထိုင်ကန်တော့ချင်စိတ်ပေါက်သွားလေ တော့၏။

 

 

အောင် (ဆေး-၁)

 

ရည်ညွှန်းချက်။   ။ Everydayhelth စာစောင်မှ “8 Triggers That Change your Metabolism”  ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.