အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
ဖွံ့ဖြိုးပြီး စီးပွားရေးများရဲ့ ခြိုးခြံချွေတာရေး လမ်းစဉ်

     ၂ဝဝ၉ ခုနှစ်၊ မတ်လအတွင်း Pew Research Centre က ရံဖန်ရံခါ အတက်ကြမ်း၊ အကျကြမ်းတတ်တဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး - Free Market Economy စနစ်ဟာ ခင်းဗျားတို့ဘဝအတွက် ကောင်းရဲ့လားလို့ အမေရိကန် နိုင်ငံသားတွေရဲ့ သဘောထားကို စစ်တမ်းကောက်ယူ မေးမြန်းတဲ့အခါ ၇ဝ ရာခိုင်နှုန်းက ကောင်းပါတယ်လို့ အဖြေပေးခဲ့ကြတယ်။
          ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလ အတွင်း Gallup က ဆိုရှယ်လစ်ဝါဒ နဲ့ အရင်းရှင်ဝါဒအကြား ဘယ်ဟာကို ပိုကြိုက်သလဲလို့ အမေရိကန် ပြည်သူတွေရဲ့ ဆန္ဒမေးမြန်းတဲ့အခါ ၆၁ ရာခိုင်နှုန်းက အရင်းရှင်ဝါဒ လိုလားကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ ဒီတော့ အမေရိကန် အများစုဟာ စီးပွားရေးအရ ဆုံးရှုံးမှုတွေ အများကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပေမယ့် အရင်းရှင်စီးပွားရေးစနစ်ကိုဖြင့် ဆက်လက်ပွေ့ပိုက်ထားကြဦးမယ်လို့ ဖော်ညွှန်းနေပါတယ်။
          တကယ်တော့အရင်းရှင် စီးပွား ရေးစနစ်ကို ဆက်လက်စွဲကိုင်ထားလို ကြတာ အမေရိကန် နိုင်ငံတစ်နိုင်ငံ သာမဟုတ်ပါဘူး။ ဥရောပ နိုင်ငံများ အပါအဝင် စီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများ - Developed Countries အားလုံးက အရင်းရှင် စီးပွားရေးစနစ်ကို ပြန်လည်ရှင်သန်လာအောင် အသက်သွင်းလိုကြတာပါ။ ပြဿနာက ဒီလို ဖြစ်လာအောင် ဘာလုပ်ကြမလဲ ဆိုတာပါပဲ။
           ဖွံ့ဖြိုးပြီးနိုင်ငံ အတော်များများဟာ ၂ဝဝ၈ နဲ့ ၂ဝဝ၉ ခုနှစ်များ အတွင်းဂလိုဘယ် ဘဏ္ဍာရေး ပြဿနာကို အစိုးရများရဲ့ စီးပွားရေး ပြန်လည်နိုးထ ရှင်သန်ရေး အစီအစဉ်တွေနဲ့ ဆောင်ရွက်လုပ်ကိုင် ခဲ့ကြတယ်။
          အစိုးရတွေ စီမံကွပ်ကဲပြီး အသုံး စရိတ်တွေကို ခေါင်ခိုက်အောင် မြှင့်တင်ခဲ့ကြတယ်။ ပြီးတော့ အခွန် စည်းကြပ်မှုတွေကို လျှော့ချဖြတ် တောက်ခဲ့ကြတယ်။ ဒီစီမံချက်တွေကို ဗြိတိသျှ ဘောဂဗေဒ ပညာရှင်ကြီး ဂျွန်မေနတ်ကိန်းစ် - John Maynard Keynes (၁၈၈၃-၁၉၄၆) ရဲ့ ကျမ်းကြီးကျမ်းခိုင်များကို ကိုးကားပြီး စီမံဆောင်ရွက်ခဲ့ကြတာပါ။ တိုင်းပြည် စီးပွားရေး ပြန်လည်ဦးမော့လာဖို့အတွက် ပုဂ္ဂလိက ဝယ်လိုအား ကျဆင်းနေချိန်မှာ အစိုးရက ငွေကြေး စိုက်ထုတ်ပိုမိုသုံးစွဲရမယ်လို့ ကိန်းစ် ရဲ့ ဥပဒေသတစ်ခုက ဖော်ညွှန်း တယ်။
         ဒီဖော်နည်းကားကို လက်သုံးပြုပြီး ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားဟာ စီးပွားရေးကျဆင်းမှု နက်ရှိုင်းမလာ ရအောင် နိုးထရှင်သန်ရေး အစီအမံ တွေနဲ့ ငွေကြေး အမြောက်အမြား အသုံးပြုခဲ့ကြတယ်။ အမေရိကန် နိုင်ငံဆိုရင် ဒီကိစ္စအတွက် အမေရိ ကန်ဒေါ်လာ တစ်ထရီလီယံကျော် အသုံးပြုခဲ့တယ်။ ကျန်ဖွံ့ဖြိုးပြီး နိုင်ငံတွေကလဲ သူ့အတိုင်းအတာနဲ့သူ ငွေအများအပြား စိုက်ထုတ်အသုံးပြုခဲ့ ကြတယ်။
        ဒါပေမယ့် မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရမလာကြဘူး။ စီးပွားရေးကျဆင်းမှု ရပ်တန့်သွား အောင်ပဲလုပ်နိုင်ခဲ့ကြပြီး စီးပွားရေး ထောင်ထလာအောင် မလုပ်နိုင်ခဲ့ကြဘူး။ ဒီတော့ ရှေ့ဆက်ဘာလုပ်ကြမလဲ။ အမေရိကန်နိုင်ငံ အပါအဝင် ဖွံဖြိုးပြီးနိုင်ငံများအားလုံးမှာ ဒီကနေ့ ချက်ချင်းလက်ငင်း ရင်ဆိုင်နေကြရတဲ့ ပြဿနာဟာ ဒါပါပဲ။ အစိုးရများ အနေနဲ့ နောက်ထပ် ငွေကြေးစိုက် ထုတ်သုံးစွဲလို့လဲ မဖြစ်တော့ဘူး။ အခု တောင် အချို့နိုင်ငံတွေမှာ အကြွေး လည်ပင်းခိုက်နေကြပြီ။
           ဒီလိုအချိန်အခါမှာ ထူးထူး ခြား ခြား လုပ်ဆောင်မှုတစ်ရပ် ဥရောပ တစ်နံတစ်လျားမှာ ပေါ်ထွက်လာတယ်။ ဘတ်ဂျက်လိုငွေပြမှု - Budget Deficits လျှော့ချရေး စီမံချက် ဖြစ်တယ်။ ဒီစီမံချက်ကြောင့် ဥရောပ စီးပွားရေး တိုးတက်လာမလား။ အသေအချာ မပြောနိုင်ကြသေးပေမယ့် ဥရောပတစ်လွှား ပြဿနာတွေ တိုးတက်လာမှာကတော့ သေချာသလောက်ပါပဲ။ ကြွေးထူမပူ သန်းထူမယား ဖြစ်နေကြတဲ့ အနောက်နိုင်ငံတွေမှာ အစိုးရတွေက ကြွေးလျှော့ချရေး စီမံချက်တွေ လုပ် ကြမယ်ဆိုတော့ တကယ်ပဲ ထူးခြားတယ်။
           မကြာသေးမီက ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲမှာ လေဘာပါတီက အစိုးရ ဖွဲ့နိုင်လောက်အောင် အပြတ်အသတ် အနိုင်မရရှိခဲ့တဲ့အတွက် ပါလီမန်မှာ သူမနိုင် ကိုယ်မနိုင် အခြေအနေ - Hung Parliament တစ်ရပ်ပေါ်ပေါက် လာခဲ့တယ်။ နောက်ဆုံးကျတော့ ကွန်ဆာဗေးတစ်ပါတီနဲ့ လစ်ဘရယ် ပါတီတို့ပူးပေါင်းပြီး အစိုးရသစ်ဖွဲ့ စည်းခဲ့ကြတယ်။ ဇွန်လ ၇ ရက်နေ့မှာ ဗြိတိသျှဝန်ကြီးချုပ်သစ် - David Cameron က ဗြိတိန်နိုင်ငံအတွက် အရေးကြီးဆုံးနဲ့ အလျင်အမြန်ဖြေရှင်း ရမယ့်ကိစ္စဟာ လိုငွေပြမှုနဲ့ ကြွေးမြီ ပြဿနာပဲလို့ ပြည်သူတွေကို ထုတ် ဖော်ပြောကြားခဲ့တယ်။
           ဒီပြဿနာ နှစ်ရပ်ကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသလဲဆိုတဲ့ အချက်အပေါ်မှာ ဗြိတိန်စီးပွားရေးနဲ့ ဗြိတိသျှ လူ့ဘောင်အဖွဲ့အစည်းရဲ့ ကံကြမ္မာ မှီတည်နေတယ်လို့ ကင်မရွန်းက ဘွင်းဘွင်းရှင်းရှင်းပဲ ပြောကြားခဲ့တယ်။ ဗြိတိန်ရဲ့ လိုငွေပြမှုဟာ စုစုပေါင်း ပြည်တွင်းထုတ်ကုန် - Gross Domestic Product - GDP ရဲ့ ၁၁ ရာခိုင် နှုန်းရှိပြီး ကြွေးမြီ ဝန်ထုပ်ဝန်ပိုးက အမေရိကန်ဒေါ်လာ ၁.၁၂ ထရီလီ ယံလောက်ကြီးမားတယ်။ ကင်မရွန်းက အစိုးရ အသုံးစရိတ်တွေကို ဖြတ်တောက်လျှော့ချသွားမယ်။ လိုအပ်ရင် အခွန်အတုပ်တွေတိုးကောက် မယ်လို့ ဆိုခဲ့တယ်။
            မကြာသေးမီက ဂရိနိုင်ငံကလဲ ဥရောပသမဂ္ဂ - European Union EU နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ International Monetary Fund - IMF တို့ဆီက ချေးငွေ ရရှိနိုင်ဖို့အတွက် ဘတ်ဂျက်လိုငွေပြမှု ကို ဖြတ်တောက်ပြီး အခွန်အကောက် တိုး မြှင့်ကောက်ခဲ့တယ်။ ပြည်သူ့ ဝန်ထမ်းတွေရဲ့ လုပ်ခလစာငွေနဲ့ အငြိမ်းစား လစာငွေတွေကို ဖြတ်တောက် လျှော့ချခဲ့တယ်။ အငြိမ်းစားယူရမယ့် အသက်အပိုင်းအခြား ပြဋ္ဌာန်းချက်ကို တိုးမြှင့်ခဲ့တယ်။ ဒီလိုလုပ်ဆောင်ခဲ့မှု ကြောင့် ဂရိဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ မကျေမနပ်ဖြစ်လာကြပြီး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတယ်။
             မြင့်မြင့်မားမားကြွေးပိနေတဲ့ စပိန်နိုင်ငံမှာလဲ မေလကုန်ပိုင်းက ပြည်သူ့ဝန်ထမ်းများရဲ့ လစာငွေကို ငါးရာခိုင်နှုန်း ဖြတ်တောက်လျှော့ချခဲ့ပြီး ပင်စင်ကို ရပ်တန့်ထားခဲ့တယ်။ တကယ်တော့စပိန်မှာ ငါးယောက် တစ်ယောက်နှုန်းလောက်ပဲ အလုပ်လက်မဲ့ ဖြစ်နေတာပါ။ စပိန် ဆိုရှယ်လစ်ဝန်ကြီးချုပ် Jose Luis Rodriguez Zapatero က မေလ ၁၂ ရက်နေ့မှာ နှစ်နှစ်ကာလအတွင်း အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ဖြတ်တောက်မယ်လို့ ကြေ ညာခဲ့တယ်။ စပိန်ရဲ့ ဘတ်ဂျက်လို ငွေပြမှုဟာ GDP ရဲ့ ၁ဝ ရာခိုင်နှုန်း လောက်ရှိပြီး စပိန်စီးပွားရေးက ဂရိ နိုင်ငံရဲ့ စီးပွားရေးထက် လေးဆလောက်ကြီးမားတဲ့အတွက် ကြွေးပိ တယ်ဆိုပေမယ့် သိပ်ပြီး အဆိုးရွား ကြီးတော့ မဟုတ်ပါဘူး။ ပြီးတော့ ပြန်လည်ပြုပြင်ဖို့ လိုနေတဲ့ လုပ်သား ဈေးကွက် - Labour Market ကိုလဲ မကြာသေးမီက ပြုပြင်ခဲ့ကြတယ်။
            အီတလီနိုင်ငံရဲ့ ဝန်ကြီးချုပ် Silvio Berlusconi ကဂလိုဘယ် ဘဏ္ဍာရေး ပြဿနာဟာ သူတို့နိုင်ငံ စီးပွားရေးကို သိပ်ပြီး အကြီးအကျယ် မထိခိုက်ခဲ့ပါဘူးလို့ ပြောလေ့ပြောထ ရှိတယ်။ မေလ ၂၄ ရက်နေ့က တောင် IMF က အီတလီဘဏ္ဍာရေး အခြေအနေ ကောင်းပါတယ်လို့ ထောက်ခံပြောဆို ခဲ့သေးတယ်။ ဒါပေမယ့် ဘာမှ မကြာလိုက်ပါဘူး အီတလီအနေနဲ့ ဂရိနိုင်ငံလို မဖြစ်ရအောင် နှစ်နှစ်ကာလအတွင်း ဘတ် ဂျက်လိုငွေပြမှုကို အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ဖြတ်တောက်လျှော့ချမယ်လို့ ကြေညာခဲ့တယ်။ ပြည်သူ့ဝန် ထမ်းလစာငွေကို လေးနှစ်ကာလအတွင်း နှစ်တိုးမပေးဘဲ ရပ်တန့်ထားပြီး လူမှုဖူလုံရေးစရိတ်တွေကို ဖြတ် တောက်ပစ်မယ်လို့ပြောကြားခဲ့တယ်။ တကယ်တော့ အီတလီရဲ့ ပြည်သူ့ ကြွေးမြီဟာ ၂ဝဝ၉ စာရင်းအရ GDP ရဲ့ ၁၁၆ ရာခိုင်နှုန်းရှိတယ်။ ယူရိုဇုန် - Euro Zone အတွင်း အမြင့်မားဆုံး ကြွေးမြီဖြစ်တယ်။
           နိုင်ငံငယ်များဖြစ်ပေမယ့် အစိုးရ ကြွေးမြီ GDP ရဲ့ ၇၇ ရာခိုင်နှုန်းရှိတဲ့ ပေါ်တူဂီနဲ့ ၆၅ ရာခိုင်နှုန်းရှိတဲ့ အိုင်ယာလန်တို့ကလဲ သူတို့ရဲ့ ဘတ် ဂျက်ကို နှစ်ရာခိုင်နှုန်းမှ သုံးရာခိုင် နှုန်းအကြား ဖြတ်တောက်လျှော့ချ ကြမယ်လို့ ဆိုတယ်။ ပြင်သစ်နိုင်ငံ ရဲ့ ၂ဝ၁ဝ ခုနှစ်အတွက် ဘတ်ဂျက် လိုငွေပြမှုဟာ ရှစ်ရာခိုင်နှုန်းခန့် ရှိနိုင် တယ်လို့ ခန့်မှန်းကြတယ်။ ဒါပေမယ့် အသုံးစရိတ်တွေ ဖြတ်တောက် လျှော့ချမယ်လို့တော့ ကြေညာတာ မရှိသေးပါဘူး။ တစ်ခုတော့ရှိတယ်။ အငြိမ်းစားယူတဲ့ ကန့်သတ်ချက်ကို ယခင် ၆ဝ နှစ်သတ်မှတ်ထားခဲ့ရာက ယခု အသက် ၆၂ အထိ တိုးမြှင့်ဖို့ လုပ်ဆောင်လျက်ရှိတယ်။ ပြီးတော့ အခွန်ကင်းလွတ်ခွင့်ပြုမှုတွေကို ရုပ်သိမ်းတော့မယ်လို့ ဆိုတယ်။

            ထူးခြားတာကတော့ ဂျာမနီ နိုင်ငံဖြစ်တယ်။ ဂျာမနီဟာ ဥရောပ သမဂ္ဂထဲမှာ အချမ်းသာဆုံး နိုင်ငံဖြစ်တယ်။ ဘတ်ဂျက်လိုငွေပြမှုကလဲ
          မဖြစ်စလောက် ငါးရာခိုင်နှုန်းပဲရှိ တယ်။ ဒီကြားထဲက ဂျာမနီအနေနဲ့ အမေရိကန်ဒေါ်လာ ၁၄၄ ဘီလီယံ နီးပါး အသုံးစရိတ်တွေ ဖြတ်တောက် လျှော့ချသွားမယ်။ အခွန်အကောက် တိုးမြှင့်သွားမယ်လို့ ဂျာမန် Chancellor ဖြစ်တဲ့ Angela Merkel က ကြေညာခဲ့တယ်။ ''ကျွန်မတို့ဟာ အနာဂတ်ကို ထုဆစ်ပုံဖော်ကြမယ်ဆိုရင် လိုချင်တာ အားလုံးကို မရ နိုင်ဘူး-We can't have everything we want if we are to shape the future ''လို့ Merkel က တဲ့တိုးပဲ ပြောကြားခဲ့တယ်။ ဒီအသုံးစရိတ် ဖြတ်တောက်မှုကို လေးနှစ်ကာလအတွင်း ပြုလုပ်မယ်။ အထူးသဖြင့် ကာကွယ် ရေးအသုံးစရိတ်နဲ့ ပြည်သူ့ ဆောက် လုပ်ရေး လုပ်ငန်းစရိတ်တွေကို လျှော့ ချသွားမယ်လို့ ထောက်ပြတယ်။
            တကယ်တော့ ဂျာမနီနိုင်ငံဟာ ဒီလို အသုံးစရိတ်တွေကို ဖြတ်တောက်ရလောက်အောင် စီးပွားရေး အခြေအနေ ဆိုးရွားနေတာ မဟုတ်ပါဘူး။ အချို့ရဲ့ အမြင်မှာတော့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအတွက် စံပြ ဖြစ်အောင်လို့ ဂျာမနီကလဲ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချနေတာဖြစ်တယ်လို့ ဆိုကြတယ်။ နောက်တစ်ချက်က လောလောဆယ် ငွေဖောင်းပွမှု Inflation ခေါင်းထောင်မလာသေးပေ မယ့် နောင်တစ်ချိန်မှာ အင်ဖလေးရှင်း မြင့်တက်လာမှာ အရမ်းကြောက် တယ်။ ၁၉၂ဝ နှစ်များအတွင်းက ဂျာမနီနိုင်ငံမှာ Hyperinflation လို့ ခေါ်တဲ့ အင်မတန်မြင့်မားတဲ့ ငွေဖောင်း ပွမှု ဖြစ်ပေါ်ခဲ့ဖူးတယ်။ ငွေစက္ကူတွေ ဘယ်လောက်အထိ တန်ဖိုးမဲ့သွား သလဲဆိုရင် အိမ်ရှင်မများ ထမင်း ချက်တဲ့အခါ ငွေစက္ကူတွေနဲ့ မီးမွှေး ခဲ့ကြပါသတဲ့။
            ဥရောပတစ်ခွင် တစ်ပြင်မှာ ဘတ်ဂျက်လိုငွေပြ သုံးစွဲမှုများကို ဖြတ်တောက်လျှော့ချပြီး ခြိုးခြံချွေတာ ရေးလမ်းကို လျှောက်လှမ်းလာကြတဲ့ အတွက် မကြာသေးမီကမှ ခေါင်းပြူထွက်လာတဲ့ စီးပွားရေးကို ပြန်လည် ကျဆင်းအောင် လုပ်သလိုများး ဖြစ်နေမလားဆိုပြီး အချို့က စိုးရိမ်လာကြတယ်။ အခုလို ဘတ်ဂျက်လိုငွေပြ သုံးစွဲမှုကို ခါးပတ်တင်းလိုက်တဲ့ အတွက် စီးပွားရေးများအပေါ် ဘယ်လိုရိုက်ခတ်လာမလဲ အသေအချာ မပြောနိုင်ကြသေးပါဘူး။ ဒါပေမယ့် သေချာတာက ဘတ်ဂျက်ဖြတ် တောက်မှုများဟာ ပေါင်းရုံးဝယ်လိုအား Aggregate Demand ကို ကျုံ့သွားစေတဲ့အတွက် GDP တိုးတက်မှုကို ချည့်နဲ့သွားစေမှာဖြစ်တယ်။ တစ်နည်းပြောရရင် ဘတ်ဂျက် ဖြတ် တောက်မှုများဟာ စီးပွားရေးများ အတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး။
          အမေရိကန်ပြည်ထောင်စုမှာ ရော ဘတ်ဂျက်လိုငွေပြမှု ဖြတ်တောက်နေ ပြီလားလို့ မေးရင် ဖက်ဒရယ် အဆင့် မှာတော့ ဖြတ်တောက်ရေးလုပ်ဖို့ အစီ အမံတွေ လုပ်တာ မတွေ့ကြရသေးပါဘူး။ ဒါပေမယ့် မေလအတွင်းက အောက်လွှတ်တော်မှာ အလုပ်အကိုင် ဖန်တီးရေး ဥပဒေကြမ်းတစ်ခုကို ဘတ်ဂျက်လိုငွေပြမှု တိုးတက်လာမှာ စိုးရိမ်ပြီး ပယ်ချခံခဲ့ရတယ်။
          သမ္မတ အိုဘားမားက ဖက်ဒ ရယ် အေဂျင်စီတွေကို ၂ဝ၁၂ ခုနှစ်မှာ အသုံးစရိတ် ငါးရာခိုင်နှုန်း ဖြတ် တောက်ကြဖို့ ညွှန်ကြားထားတယ်။ ဒါပေမယ့် လောလောဆယ် အသုံး စရိတ်တွေ ဖြတ်တောက်ပြီး အခွန် အတုတ် တိုးမြှင့်ကောက်ခံမှု ပြုလုပ် နေကြတာက အမေရိကန် ပြည်နယ် အစိုးရတွေဖြစ်တယ်။ ပြည်နယ် အတော်များများဟာ ဝင်ငွေနဲ့ထွက် ငွေ မမျှမတဖြစ်နေတာကြောင့် အသုံး စရိတ် အမျိုးမျိုးကို ဖြတ်တောက် လျှော့ချနေကြရတယ်။
         အမေရိကန် ဘောဂဗေဒ ပညာရှင်အချို့က ဖွံ့ဖြိုးပြီး စီးပွားရေးတွေမှာ အသုံးမပြုရသေးတဲ့ လုပ်နိုင်စွမ်း - ဃစေခေငအပ ကြီးကြီးမားမား ရှိနေသေးတဲ့အတွက် ငွေဖောင်းပွမှုဖြစ်မှာ စိုးရိမ် စရာမလိုဘူးလို့ ထောက်ပြကြတယ်။ လက်ရှိအစိုးရတွေအနေနဲ့ လုပ်ခလစာ ဖြတ်တောက်တာတို့၊ အခွန်တိုးမြှင့် စည်းကြပ်တာတို့ဟာ အဆိပ်သင့်နိုင်တယ်လို့ ယူဆတယ်။ အမေရိကန် နိုင်ငံလို ကြီးမားတဲ့ စီးပွားရေးတွေ ဟာ ကာလတိုမှာ ဘတ်ဂျက်လိုငွေပြမှုကို မြှင့်တင်ပြီး စီးပွားရေး တိုးတက်အောင် လုပ်သင့်တယ်လို့ မြင်တယ်။ စီးပွားရေး တိုးတက်လာတော့မှပဲ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချသင့် တယ်လို့ ဆိုကြတယ်။ စီးပွားရေး ကို ကျုံ့ပစ်ပြီးမှ တိုးတက်အောင်လုပ် ဖို့ ခက်တယ်လို့ သူတို့က ထောက် ပြကြတယ်။
           အမေရိကန်နိုင်ငံရဲ့ လောလော လတ်လတ် ပြဿနာက အလုပ်လက် မဲ့နှုန်းမြင့်မားနေခြင်းဖြစ်တယ်။ အလုပ် တစ်လုပ် ပြုတ်သွားပြီးရင် နောက် ထပ် အလုပ်တစ်လုပ်ရဖို့ ခက်တယ်။ အခုအခါ အလုပ်လက်မဲ့နှုန်း ၉.၇ ရာခိုင်နှုန်းရှိတယ်။ လုပ်သားထုရဲ့ ငါး ပုံတစ်ပုံဟာ အလုပ်လက်မဲ့ဖြစ်နေ ကြတယ်။
          ၂ဝဝ၈ နဲ့ ၂ဝဝ၉ နှစ်များအတွင်း အမေရိကန်ရဲ့ စီးပွားရေး အကျကြမ်းခဲ့တဲ့အတွက် အမေရိကန်ပြည်သူတွေဟာ ကောင်းသတင်းကိုပဲဖြစ်ဖြစ်၊ ဆိုးသတင်းကိုပဲဖြစ်ဖြစ် တုံ့ပြန်လွယ်ကြတယ်။ စိုးရိမ်မှု လွန်ကဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် အနာဂတ်ဟာ မှုန်မှုန်ဝါးဝါး ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်။ အိုဘားမားအစိုးရအဖွဲ့ဟာ ဒီလိုအခြေ အနေနဲ့ နပန်းလုံးနေရတယ်။ အစိုးရ အဖွဲ့ဟာစီးပွားရေးကျဆင်းမှုကို ဟန့်တားနိုင်ခဲ့ပေမယ့် အောင်မြင်မှုက တစ် ဝက်တစ်ပျက်ပဲ ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်မခံကြရဘူး။
              Pew Reserarch Center ရဲ့ လူထုသဘောထား ကောက်ယူမှု အသစ်တစ်ခုက အိုဘားမားရဲ့ မူဝါဒများဟာ အမေရိကန် စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ခဲ့သလားမေးတော့ ၂၃ ရာခိုင်နှုန်းကပဲ Yes လို့ ဖြေဆိုခဲ့ကြတယ်။ ဒါပေ မယ့် ၂၉ ရာခိုင်နှုန်းက အိုဘားမားရဲ့ မူဝါဒများကြောင့် စီးပွားရေးဟာ ပိုဆိုးသွားခဲ့တယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ အမေရိကန်အစိုးရအနေနဲ့ အရင်းရှင်စီးပွား ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းလိုတယ်ဆိုရင် အခုထက် ပိုပြီးလုပ်ပြဖို့ လိုလိမ့်မယ်ထင်ပါရဲ့။
Ref: 1. Daniel Gross;" The Politics of Parsimony" Newsweek, June 21, 2010.
2. The Economist, June12, 2010.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.