လျှပ်တစ်ပြက် မဲဇလီ ပုံရိပ်များ
ကောင်းကင်၌ တိမ်စိုင်တိမ်ခဲ တချို့ကွက်တိကွက်ကျား ဖြစ်ပေါ်နေသော်လည်း အပူဓာတ်မှာ သိသိသာသာ လျော့မသွား။ အနည်းငယ် သက်သာရုံမျှသာ ရှိ၏။ လမ်းဘေးဝဲယာမှာ မုန်းချောင်းရေ၏ အစိမ့်ဓာတ်ကြောင့် စိမ်းစိမ်းစိုစို ရှိနေသော်လည်း တောင်ကုန်းကွက်လပ် တချို့တွင် တံလျှပ်ပမာ အပူလှိုင်းများ ထနေသည်။
ကျွန်တော် စီးနင်းလိုက်ပါလာသော ဂျစ်ကားလေးပေါ်တွင် ကျွန်တော်နှင့်အတူ ရေးဖော်ရေးဖက်ဖြစ်သော မောင်ခက်ကျူ(ရွှေစကု)လည်း ပါလာသည်။ အထက်တန်းကျောင်းမှ ဆရာဦးမြင့်ဆွေ (ခွာညိုဆွေ)လည်း နွေကျောင်းပိတ်ချိန် ဖြစ်နေ၍ အားလပ်သဖြင့် လိုက်ပါလာသည်။ ကျွန်တော်တို့ အမျိုးသားများနှင့်အတူ စကုမြို့မှ သာသနာ့ ဝေပုလ္လ အသင်းသူ(တစ်နည်းအားဖြင့်) ဘောဇနကာရီ အသင်းသူများ ဖြစ်သော အန်တီမော်၊ အန်တီကျော်နှင့် ကျွန်တော်၏ဇနီး ဒေါ်သိန်းနွဲ့တို့လည်း ပါလာကြသည်။ ကျွန်တော်တို့သည် စကုမြို့၏ ဘာသာရေးပွဲများ ကို အတူတကွဝိုင်းဝန်းဆောင်ရွက် ကြသူများဖြစ်ပါ၏။
ကျွန်တော်တို့သည် ပူပြင်းသော နွေရာသီ နေ့တစ်နေ့၏ နံနက် ၈း၄၅ နာရီတွင် စကုမြို့မှ ထွက်လာခဲ့ကြသည်။ လယ်ကိုင်းမြို့သို့ခြောက်မိုင် မောင်းရပြီး ပွင့်ဖြူမြို့သို့ ၁၃ မိုင် မောင်းရသည်။ ကိုးနာရီခွဲတွင် ပွင့်ဖြူ မြို့သို့ရောက်ပြီး ဆည်တော်မဲဇလီ မြောင်းဘောင်လမ်းအတိုင်း ခရီးဆက် လက်ထွက်ခွာခဲ့ကြသည်။ ပွင့်ဖြူမြို့နယ်သည် နွေစပါးစီမံကိန်းတို့ကို နှစ်စဉ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မုန်းမြောင်း အတွင်း၌ မြစိမ်းရောင်ရေလွှာတို့မှာ မြောင်းနှုတ်ခမ်းသား ထိမတတ်ပင် ဖြစ်သည်။
ဤသို့ဖြင့် အုတ်ဖို သနဝကျေး ရွာများအနီး မုန်းချောင်းတောင်ဘက် မလှမ်းမကမ်းနေရာရှိ မြို့စဖိုစေတီ တော်ကြီးရှိရာသို့သွားရောက်ဖူးမြော် ရင်း ဘက်စုံနဝကမ္မအတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။ အနီးဝန်းကျင်ကျေးရွာများမှ အလှည့်ကျဂေါပကများ လာရောက် စောင့်ရှောက်ရကြောင်း ယနေ့အလှည့် ကျဂေါပကလူကြီး ဘဘဦးသန်းရွှေက ပြောပြသည်။ အုတ်တိုက်အဆောက် အအုံအတွင်းမှ ရှေးဟောင်း ဘုရားဆင်းတုတော် နှစ်ဆူကိုလည်း ရွှေရောင်ဝင်းလက်စွာဖြင့် သပ္ပာယ်ကြည်ညိုဖွယ် ဖူးမြော်ခွင့်ရခဲ့ကြသည်။
''မြတ်စွာဘုရားရှင်လေးဆူတို့ရဲ့ ရုံလေးရုံအပါအဝင် စေတီတော်ကြီးတစ်ဆူဖြစ်လို့ ထူးခြားတယ်လို့ ဆိုရမှာပါ။ ရှေးဟောင်းအဆောက်အအုံတွေ ရှိနေသေးသလို သာသနိက အဆောက်အအုံသစ်တွေလဲ တိုးချဲ့ ဆောက်လုပ်နေတဲ့အတွက် သာဓုခေါ်ကြပါစို့ဗျာ''
ဆရာမောင်ခက်ကျူ(ရွှေစကု) ကပြောလာသည်။
''အေးအေးဆေးဆေးနဲ့လာပြီး တရားဘာဝနာ ပွားများအားထုတ်ဖို့ ကောင်းတဲ့နေရာ တစ်နေရာပါပဲဗျာ။ အေးချမ်းငြိမ်သက်ပြီး တိတ်တိတ် ဆိတ်ဆိတ်ရှိလို့ စိတ်ကြည်နူးချမ်းမြေ့ နေမှာကတော့ မလွဲဧကန်ပါပဲဗျာ''ဟု ကျွန်တော်က မှတ်ချက်ပေးလိုက်သည်။ ကားဆရာလေးကို ဝင်းချိုကတော့ ကားကိုကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနေသည်။ မြောင်းဘောင်လမ်း ဆိုသော်လည်း ချိုင့်ခွက်မရှိသလောက် ရှားသည်။ ကတ္တရာလမ်းချောတော့ မဟုတ်ပေ။ မုန်းချောင်းအတွင်း၌ စကုမြို့ အိုင်းမဆည်မြောင်းတစ်လျှောက် မတွေ့နိုင်သော ချောင်းတစ်ထပ်၊ မြောင်းတစ်ထပ်နေရာ အတော်များ များတွေ့ရသည်။ ချောင်းကအပေါ်က၊ မြောင်းကအောက်မှာ။ ချောင်းထဲ မှာကသဲပြင်တွေသာတွေ့ရသည်။ ချောင်းရေကတစ်စက်မျှမရှိ။ မိုးမှမရွာ ပဲကိုး။
မြောင်းရေကိုအလျှံပယ်လွှတ် ပေးထား၍ နွေစပါးများစိုက်ပျိုးထား ရာ တစ်မျှော်တစ်ခေါ် ရှု၍မဆုံး။ မကြာမီ ဆည်တော်ရွာဟူသော ဆိုင်း ဘုတ်ကို ခံ့ခံ့ညားညား တွေ့ရသည်။ ရွာဦးကျောင်းအတွင်းသို့ ဝင်၍ကား ရပ်နားကာ အားလုံးကျောင်းပေါ်သို့ တက်ကြသည်။ စကုမြို့က စာသင်တိုက်ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်၏ ဘာသာရေးဆောင်ရွက်ပွဲများတွင် ဆည်တော်ရွာဦးကျောင်းဆရာတော်၏ ကူညီပံ့ပိုးမှုပါရှိမြဲဖြစ်၏။ တစ်နှစ်က စာသင်တိုက် ၂၅ နှစ်ပြည့် ငွေရတုပွဲနှင့် မနှစ်က စာသင်တိုက် မဟာဘုံကထိန် အလှူတော်ပွဲကြီးများတွင် အင်တိုက်အားတိုက် စေတနာ ထက်သန်စွာပါဝင်လှူဒါန်းခဲ့ကြသော ကျေးရွာကြီးတစ်ရွာ ဖြစ်လေသည်။
ရွာဦးကျောင်းသို့ရောက်ချိန်တွင် အချိန်မှာ ၁၁ နာရီထိုးပြီဖြစ်ရာ ဆရာတော်ကြီးများနှင့် တပည့်သံဃာများ ဆွမ်းဘုဉ်းပေး၍အပြီးတွင် မိမိတို့အဖွဲ့ကို စားပွဲဝိုင်းကြီးအပြည့် ဟင်းခွက်ပေါင်းစုံဖြင့် ကျွေးမွေးဧည့်ခံပါသည်။ အမောအပန်းဖြေ၍စားကြ သောက်ကြသည်မှာ ဗိုက်ပြည့်သည်အထိ။ ဟင်းခတ်ဇွန်းတွေမှာလည်း လက်များစွာကြောင့် ရှုပ်ယှက်ခတ် ကူးလူးနေကြရှာသည်မှာ သနားစရာ။ ထမင်းစားသောက်ပြီးသောအခါ ရာသီစာ သရက်သီး၊ ပိန္နဲသီးနှင့် အခြားစားဖွယ်ရာများဖြင့် ဧည့်ခံပြန်သည်။
ဆည်တော်ကျောင်း၏တောင်ဘက် မလှမ်းမကမ်း နေရာတွင် ဆောက်လုပ်ဆဲ ဓမ္မာရုံကြီးတစ်ခုရှိရာ ထိုနေရာသို့ အဖွဲ့လိုက်ရောက်ကြသည်။ ဓမ္မာရုံကြီးနှင့် ပတ်သက်၍ ထူးခြားချက်အချို့ကို ဦးဇင်းလေးတစ်ပါး ကပြောလာသည်။
''ဒီဓမ္မာရုံကြီး အောင်မြင်ဖို့ အမျိုးသမီးအလှူရှင်တွေဆီက အလှူ ခံရတာပါ။ အလှူခံတဲ့နေရာမှာ လူတိုင်းအမြတ်တနိုး ထားကြတဲ့ ဆံပင်တွေကိုဖြတ်ပြီး ရက်ရက်ရောရော လှူကြတာပါ။ တချို့ဒေသတွေမှာ ဆံပင် အလှူခံပြီး ရောင်းရတဲ့ငွေနဲ့ တံတား ကြီးတွေတည်ဆောက်ကြတာ ဒကာကြီးတို့ကြားဖူးကြမှာပါ''ဟု စိတ် ရှည်လက်ရှည်ရှင်းပြနေသည်။ ဓမ္မာရုံ အတွင်းတစ်နေရာတွင် ဆံပင်အလှူရှင်တို့၏ ဓာတ်ပုံနှင့် မှတ်တမ်းအချက် အလက်များကို သုံးထပ်သားပေါ်တွင် ကပ်၍ပြသထားသည်ကို မြင်ကြရသည်။
ဓမ္မာရုံမှာ အမိုးများ မိုးပြီးသော်လည်း အကာနှင့်ပြတင်းပေါက်များ တပ်ဆင်ရန်လိုသေးသည်။ အခင်းမှာလည်း လောလောဆယ် မုန်းချောင်းအတွင်းမှ ကျောက်စရစ်ခဲများ အပြည့်။
ဓမ္မာရုံ၏ခေါင်းရင်းပိုင်း ဂန္ဓကုဋီတိုက်ရှိ ဘုရားခန်းတွင် ပန်းချီရေးသား ခြယ်မှုန်းထားသည်မှာ ဗောဓိညောင်ပင်သည် စိမ်းမှောင်၍ ဆေးသားများပင် မခြောက်သေးပေ။ ပန်းချီလက်ရာရှင်၏ အမည်ကို ရှာဖွေကြည့်ရာ ကိုမြင့်ဟန်ဟူ၍ ရေးထိုးထားသည်ကို တွေ့ရသည်။
''လက်စသတ်တော့ ကိုယ့်မိတ်ဆွေပန်းချီဆရာက ဒီမှာလာပြီး လက်စွမ်းပြခွင့် ရခဲ့တာကိုး။ ဒီဓမ္မာရုံ ဘုရားခန်းက ပန်းချီလက်ရာရှင်က စကုမြို့မှာ ချည်ပန်းထိုးပန်းချီနဲ့ နာမည်ရခဲ့တဲ့ ပန်းချီဆရာတစ် ယောက်ပဲဘုရား။ သူ့လက်ရာကို မြို့ကဝါသနာရှင်တွေ အသိအမှတ်ပြုဖို့ နှစ်ကြိမ်၊ သုံးကြိမ်လောက်အထိ ပြပွဲလုပ်ခဲ့ဖူးပါတယ်။ ချည်ပန်းထိုးပညာကို မျိုးဆက်သစ်တွေအတွက် သင်တန်းတောင် ဖွင့်ခဲ့သေးတယ် ဘုရာ့''
ကျွန်တော်က အံ့သြဂုဏ်ယူစွာဖြင့် ဦးဇင်းလေးကိုပြောပြမိသည်။
ကိုမြင့်ဟန်မှာ ပန်းပျိုးလက် အမည်ဖြင့် ချည်ပန်းထိုးပညာကို သင်တန်းပို့ချပေးရင်း ဓာတ်ပုံပညာရပ်ကို လေ့လာခဲ့ရာ ၂ဝဝ၉ ခုနှစ်က ဓာတ်ပုံ ပြိုင်ပွဲတစ်ခုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ မကွေးတိုင်း ၂၆ မြို့နယ်ရှိ ရှုခင်း၊ သမိုင်းဝင် အဆောက်အအုံ၊ လမ်းတံတား၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ရှုချင်စဖွယ် မြေလတ်အလှဓာတ်ပုံပြိုင်ပွဲခေါင်းစဉ် ဖြင့် မကွေးမြို့၌ ပထမအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်၏။ ထိုပြိုင်ပွဲတွင် ချည်ပန်းထိုးပညာရှင် ဓာတ်ပုံဆရာ လက်သစ်ကိုမြင့်ဟန်က ဒုတိယဆု ဆွတ်ခူးရရှိသဖြင့် ကျွန်တော်တို့ဂုဏ် ယူခဲ့ကြသည်။ သတင်းသမားက ဂျာနယ်တချို့တွင် ပေးပို့၍ဖော်ထုတ်ကာ တိုင်းသိပြည်သိတင်ပြခဲ့၏။ ကိုမြင့် ဟန်ပြိုင်ပွဲဝင်ရန် ရိုက်ကူးခဲ့သော ပုံမှာ ယခုကျွန်တော်တို့ ရောက်ရှိနေသည့် ဆည်တော်ရွာနှင့် မဲဇလီရွာသို့ ဆက်သွယ်တည်ဆောက်ထားသော ကြိုးတံတားကြီးပုံပင် ဖြစ်သည်။ မဲဇလီ ရွာဘက်က ကောင်းကင်အမြင့်ဆီမှ ရိုက်ကူးထား၍ပုံမှာ ရှင်းလင်းပြတ် သားကာ မုန်းချောင်းရေပြင်နှင့် တောတောင်ရှုခင်း သဘာဝမှာလည်း ပေါ်လွင်လှသည်။
''ဘုန်းတော်ကြီးကျောင်းနဲ့ ရွာဘက်သွားတဲ့ လမ်းကြောင်းတွေမှာ လျှပ်စစ်မီးကြိုးတွေ သွယ်တန်းထားတာ တွေ့ရပါတယ်။ လျှပ်စစ်မီးလိုင်းက ဒီဘက်ကျေးရွာတွေမှာ ရောက်ရှိသုံးစွဲခွင့် ရပြီးလား''ဟု ဆရာဦးမြင့်ဆွေက လျှပ်စစ်ကြိုးသွယ်တန်းမှုကို ကြည့်၍မေးလာနေသည်။
''မဟုတ်ဘူး ဒကာကြီးရ၊ စပါးခွံလောင်စာသုံး ဘွိုင်လာစက်တစ်လုံးကို ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ရွာသူရွာသားတွေ စုပေါင်းဝယ်ထားတာ။ နေဝင်တာနဲ့ စက်မောင်းပြီးရွာထဲကို မီးပေးတာပါ။ ၁ဝ နာရီ၊ ၁၁ နာရီ လောက်အထိ စက်မောင်းပြီးနေ့စဉ် ပေးတာမို့ စက်ရဲ့လိုအပ်ချက်ဖြစ်တဲ့ စပါးခွံကတော့ လိုတာပေါ့။ ရွာထဲမှာ ဆန်စက်တစ်လုံးရှိပေမယ့် ဘွိုင်လာစက်အတွက် လိုတဲ့အရေအတွက် မရနိုင်လို့ ပွင့်ဖြူမြို့ပေါ်နဲ့ ကျေးရွာတချို့က ပိုလျှံစပါးခွံကို ဝယ်ယူစုဆောင်း ထားရတယ်။ ရွာရဲ့တခြား တိုးတက်မှုတွေကို ပြောရရင် အော်တိုတယ်လီဖုန်း နှစ်လုံးရှိတယ်။ ပညာရေးအတွက် မူကြိုကျောင်းလဲ ရှိတယ်။ ကျန်းမာရေးအတွက် ကိုယ်ထူကိုယ် ထဆေးခန်းတစ်ခန်း ရှိတယ်။ အစစ အရာရာ လိုလေသေး မရှိသလောက် ပါပဲဒကာကြီး''ဟု ဦးဇင်းလေးရှင်း ပြသည်။
ကျွန်တော်တို့သည် ရွာအတွင်းသို့ တစ်နာရီကြာမျှ ဝင်ရောက်လည် ပတ်ခဲ့ကြရာ အိမ်တိုင်းလိုပင် ကြက် သွန်နီဥများကို အဆောက်အအုံ သီးခြားဖြင့် တစ်မျိုး၊ အိမ်ခန်းနှင့်တွဲလျက် တစ်သွယ်လှောင်၍ထားကြောင်း တွေ့ရသည်။ တချို့က ကြက်သွန်များကို ရွေးချယ်သန့်စင်၍ ကြက်သွန်အိတ်များ အတွင်းသို့ ခြင်တွယ်ကာ ထည့်သိုနေကြသည်။ ကြက်သွန်စိုက်ပျိုးခြင်းသည် ထိုရွာ၏ စီးပွားလုပ်ငန်း ဖြစ်ဟန်တူသည်။ ရွာလမ်းကြောင်း တစ်နေရာတွင် အဆောက်အအုံ ဆောက်ရန် အဆင်သင့် ထပ်၍ထားသော လုံးပတ်နှစ်တောင်ခန့်ရှိသစ်လုံး တိုင်ကြီးများကိုတွေ့၍ ဈေးနှုန်းသိရှိရန် ရွာသားတစ်ဦးကို မေးကြည့်ရာ-
''အဲဒီသစ်လုံးတိုင်တွေက တစ်လုံးကိုလေးသောင်းခွဲ ငါးသောင်းကျပ် နှုန်းရှိပါတယ်။ မုန်းချောင်းအထက် ပိုင်းသစ်တောက ကြိုတင်မှာကြားပြီး ဝယ်ထားတာပါ''ဟုဆိုရာ သစ်သားတိုင်တစ်လုံး ငါးထောင်ကျပ်၊ တစ်သောင်းကျပ်ကိုပင် ဈေးနှုန်းအမြင့်ဆုံးနှင့် အကောင်းဆုံး သစ်လုံးတိုင်အဖြစ် နားလည်ခဲ့သည့် စကုမြို့မှ ဒေါ်သိန်းနွဲ့နှင့် အမျိုးသမီးအုပ်စုမှာ တအံ့တသြနှင့် ငေး၍ နားထောင်နေကြသည်။
ကျွန်တော်တို့သည် ဂျစ်ကားလေးကို ဆည်တော်ရွာအတွင်းမှ ဆက်လက်မောင်းလာခဲ့ကြသည်။ ရွာ အပြင်သို့ ရောက်သည်နှင့် မဲဇလီ ဆည်ကြီးကို ဘွားခနဲ မြင်တွေ့ရတော့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကျော်ကပင် တည်ဆောက်ခဲ့သော ဆည်ကြီးဖြစ်သည်။ ထိုဆည်ကြီးမှာ ၁၉ဝ၃ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ပြီး ၁၉၁ဝ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ဆည်ကြီးကို အမှီပြု၍ ဆည်တော်ရွာ ကိုတည်ထောင်ခဲ့ဟန် တူသည်။ မဲဇလီ ဆည်သည် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီရွာတွင်တည်ရှိ၍ မုန်း ချောင်းမကြီးနှစ်ခုဖြင့် တည်ဆောက်ထားသည်။ မြောက်ဘက်ချောင်းမကြီးသည် အလျား ၂၄.၆ မိုင်ရှည် လျား၍ တောင်ဘက်ချောင်းမကြီး သည် ၂၉.၂ မိုင်ရှည်လျား၏။
မဲဇလီတံတားသည် ပေ ၄၅ဝ ရှည်သော ကြိုးတံတားဟုဆိုနိုင်သော် လည်း ဆည်တော်ရွာဘက်ခြမ်းတစ် ဝက်သည် သံကူကွန်ကရစ်တံတား ဖြစ်ပြီး ချောင်းတစ်ဝက်မှစ၍ မဲဇလီ ရွာဘက်ကမ်းစပ်အထိ ကြိုးတံတား တည်ဆောက်ထားခြင်းဖြစ်သည်။ မိုးရာသီကုန်လွန်၍ နွေရာသီရောက် ရှိသော်လည်း ရေပြင်မှာ ပုံမှန်အတိုင်း ကျယ်ပြန့်မှုရှိသေးကြောင်း တွေ့ရသည်။ မဲဇလီကျေးရွာ၏ ထူးခြားစွဲ မြဲသော ဓလေ့တစ်ခုမှာ တစ်ပတ်လျှင် စနေနေ့တစ်နေ့သာ ဈေးရောင်းဈေး ဝယ်ပြုလုပ်ခြင်း ဖြစ်သည်။ မင်းဘူး ခရိုင်ပွင့်ဖြူမြို့နယ် စလင်းမြို့နယ်တို့တွင် မဲဇလီစနေဈေးသည် နာမည်ထင်ရှား လူသိများသည်။ ပုသိမ်မုံရွာ ကားလမ်းနှင့် ပေါင်းဆက်ဖောက်လုပ် ထား၍လည်း ငဖဲမြို့နယ်နှင့် ပဒန်းရွာတို့ကလည်း လာရောက်ကြသည် ဆို၏။ ထို့အတူ စလင်းဆင်ဖြူကျွန်းမြို့နယ်၊ ပွင့်ဖြူမြို့နယ် ရွာနီးချုပ်စပ် ကျေးရွာများမှ မဲဇလီစနေဈေးတွင် အရောင်းအဝယ်ပြုလုပ်နိုင်ရန် သော ကြာနေ့ကပင် ကြိုတင်၍ အရောက်လာကြသည်။ တောင်း၊ ပလုံး၊ ရိုင်၊ ဖျာအပါအဝင် အခြားဒေသထွက်ကုန် များကို ပြသရောင်းချကြသည်မှာ ကြက်ပျံမကျစည်ကားကြောင်း ဒေသခံတို့က ပြောပြကြသည်။
ယခုရာသီသည် ကြက်သွန်နီ ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်၍ အိမ်တိုင်းလိုပင် လက်ညှိုးထိုးမလွဲ တွေ့ရသည်မှာ ကြက်သွန်နီများ ဖြစ်သည်။
ကားတွေနှင့်လည်း သယ်ကြသည်။ လမ်းဘေးဝဲယာ တချို့တွင် ဝါးသက်ငယ်ပုံများကို တန်းစီညီညာစွာ တွေ့ရ၍ ဈေးနှုန်းပေါက်ဈေးကို မေးကြည့်ရာ သက်ငယ် ၁ဝဝ လျှင် ၄ဝဝဝ ကျပ်ဈေးရှိကြောင်း ပြောပြကြသည်။ သို့သော် တစ်ခါသုံးသက်ငယ် ဖြစ်သော ခေါင်းတို့သက်ငယ်များသာ ရှိသည်။ ခေါင်းလိန်သက်ငယ်များကိုမူ ပြုလုပ်ရောင်းချခြင်း မရှိဟု ဆိုသည်။ ကြက်သွန်နီဈေးနှုန်းမှာလည်း ဒီနှစ် ဈေးသိပ်မပွင့်။ ဒေသ၏စိုက်ပျိုးသီးနှံများမှာ ရာသီနှင့် ညီသော်လည်း ဈေးနှုန်းမှာ အားထားမျှော်လင့်သည်နှင့် တခြားစီ။ တစ်ပိဿာမှ ၁၃ဝ ကျပ်၊ ၁၅ဝ ကျပ်နှင့် ပဒန်း၊ စလင်း၊ ဆင်ဖြူကျွန်းပွဲရုံများမှ လာရောက်ဝယ်ယူကြကြောင်း ပြောပြသည်။ စနေဈေး နေ့ဆိုလျှင်တော့ အရောင်းအဝယ် ဖြစ်ကြမည်ထင်၏။ မိမိတို့ ရောက်လာသည်မှာ စနေနေ့မဟုတ်၍ စနေဈေးနေ့၏ ပုံပန်းသဏ္ဌာန်ကို အမိအရ မြင်တွေ့ခွင့်မရခဲ့။ နောက်တစ်ကြိမ်တွင် စနေဈေးနေ့ကို ရွေးချယ်၍ အရောက်လာနိုင်ရန် အားခဲကြရင်း ညနေ ၆ နာရီတွင် မဲဇလီကြိုးတံတား ကိုဖြတ်၍ မဲဇလီဒေသမှ ပြန်လည်ထွက်ခွာ ခဲ့ကြပါတော့သည်။
မောင်ပြုံးချို(စကု)