ရှင်သန်နေဦးမည့် ယူရို
ရှေးဟောင်းဂရိ ဒဏ္ဍာရီ ပုံပြင် တစ်ခုထဲမှာ ထရွိုင်ဘုရင်ကြီးရဲ့ သမီးတော် ကက်ဆန်ဒရာ - Cassandra ဟာ နေနတ်သား အပိုလို - Apollo ရဲ့ အချစ်တော်လေး ဖြစ်ပါသတဲ့။ ဒါနဲ့ နေနတ်သားက ကက်ဆန်ဒရာကို ရှေ့ဖြစ် ကြိုဟောနိုင်အောင် မစထားသတဲ့။ အခြားတစ်ဘက်မှာလဲ ကက်ဆန်ဒရာ ဟောပြောသမျှ ဘယ်သူကမှ မယုံကြည်အောင် လုပ်ထားတယ်။ တစ်နေ့ကျတော့ ကက်ဆန်ဒရာက ထရွိုင်မြို့ - Troy ပျက်ကိန်းရှိတယ်လို့ ဟောကိန်းထုတ်လိုက်တယ်။ ဒါပေမယ့် ဘယ်သူကမှ မယုံကြဘူး။
ဒီကနေ့ခေတ် ဥရောပ တစ်နံတစ်လျားမှာ ကက်ဆန်ဒရာတွေ အများအပြား ပေါ်ထွက်လာနေတယ်။ ဂရိဘဏ္ဍာရေး ပြဿနာနဲ့ ဆက်စပ်ပြီး အမျိုးမျိုးဟောကိန်းတွေ ထုတ်နေကြတယ်။ ဥရောပသမဂ္ဂ European Union - EU ပြိုကွဲတော့မယ်။ ယူရိုငွေကြေး Euro လဲ ဗိုင်းဗိုင်းလဲတော့မယ် စသည်ဖြင့်ပေါ့။ ရှေးဟောင်း ဂရိဒဏ္ဍာရီနဲ့ မတူတာကတော့ ကက်ဆန်ဒရာ လက်သစ်တွေ ဟောကိန်းထုတ်သမျှ လူတိုင်းက ယုံနေကြတယ်။
ဒါပေမယ့် သူတို့ဟောကိန်း ထုတ်သလိုဖြစ်လာဖို့ မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ သမိုင်းကြောင်းအရ ပြောရရင် ဒီလို ပြဿနာ အခက်အခဲ အမျိုးမျိုးကို ဖြတ်သန်းကျော်လွှားပြီးမှ ဥရောပ သမဂ္ဂရယ်လို့ ဖြစ်ပေါ်လာခဲ့ရတာပါ။ ဥရောပ သမဂ္ဂ ထူထောင်စဉ်ကစပြီး ပြဿနာ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရတယ်။ အဲဒီတုန်းကလဲ ဥရောပ ပူးပေါင်းရေးဟာ မဖြစ်လာနိုင်ဘူးလို့ လူအတော်များများက ပြောခဲ့ကြတာပါပဲ။
၁၉၆ဝ နှစ်များအတွင်း ပြင်သစ် သမ္မတ ချားလ်ဒေဂေါလ် - Charles De Gaulle က ဗြိတိန်အနေနဲ့ ဥရော ပဘုံဈေး - European Common Market ထဲပါဝင်ဖို့ လျှောက်ထားချက်ကို ဗီတိုအာဏာနဲ့ ပယ်ချတုန်းက ဥရောပ ဆုံးဖြတ်ချက်ချမှတ်ရေး ယန္တရားဟာ ခြောက်လလောက် တုံ့ဆိုင်းသွားခဲ့ရတယ်။ အဲဒီတုန်းကလဲ ဥရောပ အဖွဲ့ကြီး ပျက်တော့မယ့်အတိုင်း လူတွေက ပြောခဲ့ကြတယ်။ ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာ ဥရောပရဲ့ တစ်ခုတည်းသော ဈေးကွက်ကြီး ငွားငွားစွင့်စွင့် ပေါ်ထွက်လာခဲ့တာပါပဲ။
ဒီလိုပဲ ယူရိုငွေ သုံးစွဲရေးအတွက် ပြင်ဆင်စဉ်ကလဲ မဖြစ်နိုင်ဘူးလို့ လူအများအပြားက ထောက်ပြဝေဖန်ခဲ့ကြတယ်။ ၁၉၉၂ ခုနှစ်မှာ မားစထရိစာချုပ် - Maastricht Treaty က ဥရောပ စီးပွားရေးနဲ့ ငွေကြေးပူးပေါင်းရေးကို လမ်းညွှန်ပြဋ္ဌာန်းခဲ့တယ်။ နောက်တော့ ဥရောပ ငွေကြေးသမဂ္ဂ European Monetary Union -EMU ပေါ်ထွက်လာခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ EMU အဖွဲ့ဝင် နိုင်ငံ များအကြား ယူရိုငွေကြေး သုံးစွဲရေး ကို စတင်အကောင်အထည်ဖော်လာ ခဲ့တယ်။
ယူရိုငွေသုံးစွဲရေး ကိစ္စဟာ လွယ်လွယ်နဲ့ ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ ယူရိုငွေ သုံးစွဲလိုတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသား ငွေကြေးကို စတေးခံ အနစ်နာခံပြီး စွန့်လွှတ်ခဲ့ကြရတယ်။ ဂျာမနီနိုင်ငံဆိုရင် ကမ္ဘာပေါ်မှာ နာမည်ကောင်း ရနေပြီးဖြစ်တဲ့သူ့ရဲ့ ငွေကြေးဒွိုက်ခ်ျ Deutschmark ကို စွန့်လွှတ် ခဲ့ရတယ်။ ယူရိုသုံးစွဲတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသား ငွေကြေးထုတ်ဝေခွင့်ကို စွန့်လွှတ်ခဲ့ကြရရုံသာမက ကိုယ်ပိုင်ငွေကြေး ပေါ်လစီ၊ ကိုယ်ပိုင်ငွေလဲလှယ်နှုန်း စတာတွေကိုပါ စွန့်လွှတ်ကြရပြီး ဘုံငွေကြေး ပေါ်လစီ၊ ဘုံငွေလဲလှယ်နှုန်း Exchange Rate နဲ့ စခန်းသွားကြရတယ်။
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဥရောပ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ဆန္ဒခံယူပွဲတွေ လုပ်ခဲ့ကြစဉ်က ပြင်သစ်၊ နယ်သာလန်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ လူထုထောက်ခံမှု မရရှိခဲ့လို့ ဖွဲ့စည်းပုံတော့ အကောင်အထည် ပေါ်လာမှာ မဟုတ်တော့ဘူးရယ်လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ကြတယ်။ နောက်တော့လဲ ဥရောပ ဖွဲ့စည်းပုံ အခြေခံဥပဒေ European Constitution ပေါ်ထွက်လာခဲ့တာပါပဲ။ ပြီးတော့ မနှစ်က ဆောင်းရာသီမှာ လစ်စ်ဘွန်းစာချုပ် Lisbon Treaty ချုပ်ဆိုနိုင်ခဲ့ကြပြီး ဥရောပသမဂ္ဂရဲ့ ပထမဆုံး သမ္မတ အဖြစ် Herman Van Rompuy နဲ့ နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် Catherine Ashton တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြတယ်။
တကယ်တော့ ဥရောပ နိုင်ငံတွေက ဥရောပ သမဂ္ဂကို ထူထောင်ခဲ့ကြရတဲ့ အကြောင်းရင်းတွေထဲမှာ စီးပွားရေးနဲ့ ငွေရေးကြေးရေးအပြင် ဥရောပတစ်ခွင် ငြိမ်းချမ်းစေချင်တဲ့ မျှော်လင့်ချက်တွေလဲ ပါဝင်တယ်။ ဥရောပရဲ့ ရှေးဟောင်းသမိုင်းကို ဘေးဖယ်ထားပြီး ဥရောပ အလယ်ခေတ် သမိုင်းကို တစေ့တစောင်း ကြည့်ရုံနဲ့ ဥရောပရဲ့ အဓိက လိုအပ်ချက်ကို လှမ်းမြင်နိုင်တယ်။ ငြိမ်းချမ်းရေးပါပဲ။ ဥရောပ အလယ်ခေတ်တစ်ခေတ် လုံးလုံး ဥရောပနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မကျေနပ်ချက် အမျိုးမျိုးနဲ့ စစ်ပဲတိုက်နေခဲ့ကြတယ်။ ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈)နဲ့ ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅) တွေဟာလဲ ဥရောပက စတင် တောက်လောင်ခဲ့တဲ့ စစ်မီးကြီးတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးတဲ့ နောက်ပိုင်းကာလတွေမှာ ဥရောပ နိုင်ငံများအတွင်း ထပ်မံစစ်မဖြစ်ပွားရေး ရည်မှန်းချက်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ကိုင်ခဲ့ကြတာပါ။ သူတို့ရဲ့ ဥရောပ ပေါင်းစည်းရေး အိပ်မက်ကလဲ တစ်စတစ်စ ရုပ်လုံးပေါ်လာနေပါပြီ။ ပြောစရာရှိတာက ဥရောပ နိုင်ငံများအတွင်း တစ်စုံတစ်ခု ဆောင်ရွက်မယ်ဆိုရင် ဆုံးဖြတ်ချက် ချမှတ်မှု ဖြစ်စဉ်ဟာ မြန်ဆန်မှုမရှိဘဲ နှေးကွေးနေခြင်းဖြစ်တယ်။ ဒါကလဲ ဥရောပ သမဂ္ဂကို မောင်းနှင်တဲ့ ယန္တရားများအကြား ရှုပ်ထွေးမှုတွေကြောင့် ဖြစ် နိုင်ပါတယ်။
အခုဆိုရင် ဥရောပသမဂ္ဂကို ကြိုးကိုင်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းလေးရပ်ရှိတယ်။
(၁) သမ္မတနဲ့ နိုင်ငံခြားရေးရာဝန်ကြီး (၂)အလှည့်ကျ သမ္မတရာထူးယူရတဲ့ နိုင်ငံ (၃)ဥရောပ ကော်မရှင်အကြီး အကဲနဲ့ (၄) နိုင်ငံနဲ့ အစိုးရအဖွဲ့တို့ ရဲ့ အမျိုးသားခေါင်းဆောင်ကြီးများ ဖြစ်ကြတယ်။ ဒီလို ဦးဆောင်မှု ရှုပ်ထွေးမှုကြောင့် ပြဿနာ ဖြေရှင်းရေးမှာ ကြန့်ကြာပြီး ဖြေရှင်းရ ပိုခက်သွားတယ်။ အကောင်းဆုံး သာဓက တစ်ခုကတော့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ဂရိပြဿနာဖြစ်တယ်။
ဂရိကြွေးမြီ ပြဿနာ ကိစ္စမှာ ဖြေရှင်းရေးအစီအစဉ် နှောင့်နှေးခဲ့တဲ့အတွက် ပြဿနာက ပိုပြီး ကြီးထွားခဲ့တယ်။ ပြီးတော့ ဒီလို ပြဿနာမျိုး ဥရောပသမဂ္ဂအတွင်း ပေါ်ထွက်လာခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ မူဝါဒယန္တရားတွေ ကြိုတင်ပြင်ဆင် ထားခြင်းလဲ မရှိခဲ့တဲ့အတွက် ဖြေရှင်းရေးမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ မေလ ၁ဝ ရက်နေ့က ဂရိကြွေးမြီ ကယ်တင်ရေး Bailout နဲ့ ယူရိုငွေတည်ငြိမ်ရေး Stabilization အစီအစဉ်တွေကို ဥရောပ သမဂ္ဂ အဖွဲ့ ဝင်နိုင်ငံတွေက ကြေညာနိုင်ခဲ့တယ်။ နောက်ပြီးတော့ ဥရောပ ဗဟိုဘဏ် European Central Bank -ECB ကိုလဲ အစိုးရကြွေးမြီတွေ Sovereign Debt ဝယ်ယူပြီး ဈေးကွက်ထဲ ဝင်ရောက်စွက်ဖက်ဖို့ မှာ ကြားထားတယ်။
ဒီတော့ ဂရိကြွေးမြီပြဿနာ ပြေလည်သွားရောလား မေးရင် ဖြေရခက်သေးတယ်။ ကြွေးမြီကယ်တင်ရေးနဲ့ ယူရိုငွေ တည်ငြိမ်ရေးအတွက် တရားဝင် ခွင့်ပြုငွေ စုစုပေါင်းဟာ ယူရိုငွေ ဘီလီယံ ၇၅ဝ ရှိတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ ၉၅ဝ ဘီလီယံနဲ့ ညီမျှတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းဟာ စာရင်းအရပဲရှိတယ်။ အဲဒီထဲမှာ ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံတွေမှ ဘဏ္ဍာရေး ဝန်ကြီးတွေက ယူရိုငွေ တည်ငြိမ်ရေး ရန်ပုံငွေအဖြစ် ယူရိုငွေ ဘီလီယံ ၅ဝဝ လျာထားတယ်။ ဒါလဲ စာရင်းအရ ပြောတာပါ။ ဒီလျာထားငွေထဲက အမှန် တကယ် လက်တွေ့အားဖြင့် ရရှိနိုင် တဲ့ငွေဟာ ယူရို ဘီလီယံ ၆ဝ လောက် ပဲရှိပါတယ်။ ဒါတောင် ယူရို ဇုန် euro Zone အပြင်ဘက်က ဗြိ တိန်လို နိုင်ငံတွေက ငွေကြေးပံ့ပိုး ထည့်ဝင်မှ အများဆုံးရရှိနိုင်မယ့် ငွေကြေးပမာဏ ဖြစ်ပါတယ်။
ဒီတော့ကျန်ငွေ ယူရို ၄၄ဝ ဘီလီယံ ရရှိရေးအတွက် ယူရိုဇုန် အဖွဲ့ဝင် ၁၆ နိုင်ငံက Special Purpose Vehicle- PV လို့ အမည် ပေးထားတဲ့ ဘွန်းတွေ ထုတ်ရောင်း မယ်။ အဖွဲ့ဝင် ၁၆ နိုင်ငံအပြင် ယူရိုဇုန်ထဲ ပါဝင်လိုကြတဲ့ ဆွီဒင်နဲ့ ပိုလန်နိုင်ငံတွေကလဲ အစုရှယ်ယာတွေ ထည့်ဝင်ကြမယ်။ သူတို့ထည့် ဝင်ကြတဲ့ အစုရှယ်ယာတွေကို သူတို့ ကိုယ်တိုင် ၁၂ဝ ရာခိုင်နှုန်း အာမခံချက်ပေးကြရမယ်။ ဒီကနေ့အထိ အစုရှယ်ယာထည့်ဝင်တဲ့ နိုင်ငံဆိုလို့ လူဇင်ဘတ် တစ်နိုင်ငံပဲ ရှိသေးတယ်။ ဒီတော့ အကဲခတ်စောင့်ကြည့် နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဥရောပ သမဂ္ဂရဲ့ လုပ်ပုံကိုင်ပုံတွေကို အားမလို အားမရ ဖြစ်နေကြတယ်။
ပြီးတော့ဥရောပ သမဂ္ဂက ဥရောပ ဗဟိုဘဏ်ကို ဘွန်းတွေ ဝယ်ယူဖို့ မှာကြားထားပေမယ့် မေလ ၁ဝ ရက်နောက်ပိုင်း ဝယ်ယူခဲ့တဲ့ ဘွန်းတန်ဖိုးက ယူရို ၁၆.၃ ဘီလီယံရှိခဲ့ ပြီး ဇွန်လဆန်းပိုင်းက ဝယ်ယူခဲ့တဲ့ ဘွန်းတန်ဖိုးက ယူရို ၄.၉ ဘီလီယံ လောက်ပဲရှိတယ်။ ဘွန်းဝယ်ယူမှု တိုးတက်မလာဘဲ နောက်ပြန်ဆုတ် သွားတယ်။ ဒီလို အခြေအနေကြောင့် စပိန်၊ ဂရိ၊ အိုင်ယာလန်နဲ့ ပေါ်တူဂီ နိုင်ငံအစိုးရတွေရဲ့ ဘွန်းအပေါ် အတိုး နှုန်း Yield မြင့်တက်သွားတယ်။ SPV ဘွန်းတွေကလဲ ဈေးကွက်ထဲ ရောက် မလာသေးဘူး။ ဒါကြောင့် ဘွန်း ဈေးကွက်ရဲ့ အခြေအနေပုံပျက်လာတယ်။
ဇွန်လ ၁၅ ရက်နေ့က Rating Agency တစ်ခုဖြစ်တဲ့ Moody's က ဂရိအစိုးရ ထုတ်ရောင်းတဲ့ ဘွန်းတွေ ကို တော်တော်အဆင့်နိမ့်တဲ့ Junk Status အထိ အဆင့်လျှော့ချခဲ့တယ်။ တစ်နည်းပြောရရင် စိတ်မချရတဲ့ အဆင့်ရောက်သွားတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူအချို့က စွန့်စားဈေး ကစားပြီး Junk Bonds တွေမှာ ရင်းနှီးမြှုပ်နှံကြတာလဲရှိတယ်။ ဘာ ကြောင့်လဲဆိုတော့ အတိုးနှုန်း ဒါမှမဟုတ် ပြန်ပေါ်နှုန်း မြိုးမြိုးမြက် မြက် ရရှိကြတဲ့ အတွက်ကြောင့် ဖြစ် တယ်။ ဒါကြောင့် High Yield Bonds လို့လဲ ခေါ်ကြတယ်။ ဒီ Junk Bonds တွေဟာ ပုံမှန်ဘွန်းဈေးကွက် ရဲ့ အပြင်ဘက် ရောက်ရှိသွားတဲ့ အတွက် ဘွန်းတွေထုတ်ပြီး ငွေချေးငှားလိုတဲ့ ဂရိအစိုးရအတွက် အတိုး မြင့်မြင့်မားမားပေးရနိုင်တယ်။
ဂရိကြွေးမြီနဲ့ဆက်စပ်ပြီး ဥရောပ သမဂ္ဂအတွင်း ကမောက်ကမ မတည်မငြိမ် ဖြစ်နေရတာ ဂျာမနီနဲ့ ပြင်သစ် နိုင်ငံတွေကြောင့်လို့ လက်ညှိုးထိုးကြတယ်။ ဒီနှစ်နိုင်ငံဟာ အမှန်တကယ် ပြောရရင် ဂရိကြွေးမြီ ပြဿနာကို ငွေကြေးစိုက်ထုတ် ကယ်တင်လိုကြတာ မဟုတ်ဘူး။ ဒါပေမယ့် မကယ်တင်လို့ကလဲ မဖြစ်ပြန်ဘူး။ ဂရိအစိုးရရဲ့ ကြွေးမြီ ၉ဝ ရာခိုင်နှုန်းဟာ နိုင်ငံခြား ဘဏ်တွေမှာ ရှိနေတယ်။ ပြင်သစ်ဘဏ်တွေက ဂရိကြွေးမြီ ယူရို ၅၈ ဘီလီယံ ပိုင်ဆိုင်ထားပြီး ဂျာမနီ ဘဏ်တွေက ယူရို ၃၂ ဘီလီယံ ပိုင်ဆိုင်ထားကြတယ်။ တကယ်လို့ ဂရိအစိုးရ ကြွေးမဆပ်နိုင်ဖြစ်ခဲ့ရင် ပြင်သစ်နဲ့ ဂျာမနီဘဏ်တွေပါ ပြဿနာ တက်လာနိုင်တယ်။ ဒါကြောင့် ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက ဂရိကို မကယ်တင်ချင်ဘဲနဲ့ ကယ်တင်နေရတယ်။
လောလောဆယ် ဥရောပသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ - International Monetary Fund - IMF တို့ ပူးပေါင်းပြီး ဂရိနိုင်ငံ ကယ်တင်ရေးအတွက် ချေးငွေဟာ ယူရို ဘီလီယံ ၁၁ဝ ရှိတယ်။ ဒီငွေ ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံနဲ့ ညီမျှတယ်။ ဒါပေမယ့် ဂရိဘဏ်တွေမှာ ငွေစုဆောင်း ထားသူတွေဟာ နေ့တိုင်း သူတို့ရဲ့ စုဆောင်းငွေကို ဘဏ်တွေက ထုတ်ယူနေကြတယ်။ ဒါကြောင့်လဲ ရင်းနှီး မြှုပ်နှံသူတွေဟာ ဂရိနိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေ အရပ်ရပ်ကို အမြဲစောင့်ကြည့် နေကြရတယ်။
ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကျပ်အတည်းက ထွက်ပေါက်ရှာတဲ့ အနေနဲ့ ချမ်းသာတဲ့ ဂျာမနီနိုင်ငံကစပြီး ခြိုးခြံချွေတာရေး အစီအစဉ်တွေ ချမှတ်လုပ်ကိုင်လာကြတယ်။ ဒီလိုလုပ်ဆောင်လာခြင်းကြောင့် ဥရောပ နိုင်ငံတွေ စီးပွားရေး တိုးတက်မှု ကျဆင်းသွားနိုင်တယ်လို့ အချို့က ထောက်ပြတယ်။ ပင်ကိုအနေအထား ကိုယ်နှိုက်က စီးပွားရေး မကောင်းရတဲ့အထဲ ခြိုးခြံချွေတာရေးလုပ်တော့ အခြေအနေ တိုးတက်ကောင်းမွန် မလာဘဲ ဆိုးရွားသွားနိုင်တယ်လို့ မြင်ကြတယ်။
တကယ်တော့ ဂျာမနီနိုင်ငံ အနေနဲ့ ပြည်တွင်းဈေးကွက် တိုးချဲ့ပြီး စားသုံးမှုကို မြှင့်တင်သင့်တယ်လို့ ထောက်ပြကြတယ်။ ဥရောပ နိုင်ငံများထဲမှာ ပြည်ပငွေပေးငွေယူ ရှင်းတမ်းလက်ကျန် သာမန်စာရင်း ပိုငွေ - Surplus ပြမှု အများဆုံးနိုင်ငံက ဂျာမနီဖြစ်တယ်။ ဥရောပတောင်ပိုင်း ဒေသမှ နိုင်ငံအများအပြားဟာ သာမန်စာရင်းမှာ လိုငွေ - Idealist ပြနေကြတယ်။ ယူရိုဇုန် လိုငွေပြနိုင်ငံများရဲ့ စုစုပေါင်း လိုငွေပြမှုဟာ ဂျာမနီရဲ့ ပိုငွေပြမှုနဲ့ ညီမျှတယ်။ ပြီးတော့ ယူရိုဇုန်အတွင်း ကုန်သွယ်မှု ၅ဝ ရာ ခိုင်နှုန်းဟာ ဂျာမနီနိုင်ငံနဲ့ အခြားအဖွဲ့ ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး ဖြစ်နေတယ်။ ဒီစာရင်းအင်းတွေဟာ ဂျာမနီဟာ အခြားသော ဥရောပ နိုင်ငံတွေအပေါ် စီးပွားရေးအရ လွှမ်းမိုးထားကြောင်း ဖော်ညွှန်းလျက်ရှိတယ်။
တကယ်လို့ ဂျာမနီနိုင်ငံက သူ့အမျိုးသား စီးပွားရေးကို အတော်အသင့် ပြုပြင်ပြောင်းလဲပြီး ပြည်တွင်း စားသုံးမှုကို မြှင့်တင်မယ်။ နောက်ပြီး ပြည်ပကုန်သွယ်မှု ပိုငွေပြနေတာ ကို လျှော့ချမယ်ဆိုရင် ဥရောပနိုင်ငံ တွေအဖို့ စီးပွားရေးတိုးတက်ဖို့ ထွက် ပေါက် ရလာနိုင်တယ်လို့ အချို့က ထောက်ပြတယ်။
တချို့ကလဲ ဥရောပသားတွေ အတွေးအမြင် Idealist တွေ မဟုတ်ကြဘဲ လက်တွေ့ အကျိုး မျှော်ဝါဒီ - Pragmatist တွေ ဖြစ်ကြတဲ့အတွက် တစ်နည်းမဟုတ် တစ်နည်းနဲ့ ထွက်ပေါက်ရှာကြမှာပဲလို့ ယုံကြည်ကြတယ်။ သူတို့အနေနဲ့ အခက်အခဲ အမျိုးမျိုးကြားမှ နှစ်ပေါင်းများစွာ ရုန်းကန်လှုပ်ရှား ထူထောင်တည်ဆောက်ထားတဲ့ ဥရောပ သမဂ္ဂနဲ့ ယူရိုငွေကြေးကို အဆုံးအရှုံး ခံကြမှာ မဟုတ်ဘူး။ သူတို့အနေနဲ့ ပေါင်းစည်းရေးကလွဲပြီး အခြားမရှိဘူး။ ဒီတော့ ...။
အရေးကြီးတာက ကက်ဆန် ဒရာ လက်သစ်တွေရဲ့ ရမ်းသန်း ဟောကိန်းထုတ်နေတာကို မယုံကြဖို့ပါပဲ။
Ref: 1. Andrew Moravcsik ; " In Defense of Europe" NW, June 7, 2010.
2. Dani Rodrik:" Europe Faces Long Road to Recovery" The Straits Times, June 15, 2010.
မင်းရွှေမောင်