24-8-2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
အမေရိကန်နိုင်ငံရဲ့ သုံးရာခိုင်နှုန်း စီးပွားရေး

ယခုတစ်လော အမေရိကန်စီးပွားရေးဟာ အရင်ကနဲ့ နှိုင်း စာရင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီလို့ ပြောဆိုသံတွေ စီစီညံညံ ကြားနေကြရတယ်။ တကယ်တော့လည်း အမေရိကန် စီးပွားရေး တိုးတက်လာတဲ့အတွက် ဝမ်းသာ အားရ ပြောဆိုနေကြတဲ့ အသံ ဗလံ တွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက် က အမေရိကန်နိုင်ငံရဲ့ ဂျီဒီပီစီးပွား ရေး တိုးတက်မှုနှုန်းဟာ နှစ်ရာခိုင် နှုန်းပဲ ရှိခဲ့တယ်။ ခုတော့ ဂျီဒီပီတိုး တက်မှုနှုန်းက သုံးရာခိုင်နှုန်း ဖြစ် လာတယ်။ ဒါကြောင့် အမေရိကန် စီးပွားရေးကို တိုးတက်လာပြီလို့ ဆို ခဲ့ကြတာပါ။ ဒါပေမယ့် စီးပွားရေး တိုးတက်လာတဲ့အတွက် ဝမ်းပန်း တသာ ဖြစ်ကြမှုဟာ စောလွန်းနေ ပါသေးတယ်။

ဘာကြောင့်လဲဆိုတော့ အခု တိုးတက်မှုက အရေအတွက် တိုးတက်မှုသာ ဖြစ်ပြီး အရည် အသွေးအားဖြင့် ကောင်းမွန်တိုး တက်လာခဲ့ခြင်း မရှိတဲ့အတွက် ဖြစ်တယ်။ ဂျီဒီပီ နှစ်ရာခိုင်နှုန်းနဲ့ တိုးတက်ခဲ့စဉ်က လူလတ်တန်းစား တွေအတွက် အလုပ်အကိုင် သစ် တွေ တိုးပွားမလာခဲ့ဘူး။ ပြီးတော့ လုပ်ခများကလည်း တန့်နေခဲ့ တယ်။ ဒီတော့ ဂျီဒီပီ သုံးရာခိုင်နှုန်း တိုးတက်လာခဲ့ရင် ဒီလို အခြေ အနေတွေ ပြောင်းလဲတိုးတက်သွား လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြ တယ်။ ဆိုလိုတာကတော့ အမေရိ ကန်စီးပွားရေး သုံး ရာခိုင်နှုန်း တိုး တက်လာရင် အလုပ်အကိုင်သစ် တွေ ပေါများလာပြီး လုပ်ခ မြင့်မား လာမယ်လို့ မျှော်လင့်ယုံကြည်ခဲ့ ကြတယ်။

ခုတော့ ဂျီဒီပီသုံးရာခိုင် နှုန်းနဲ့ တိုးတက်လာခဲ့ပြီး အလုပ် လက်မဲ့နှုန်း- Unemployment Rate  ကျဆင်းသွားတာ မှန်ပါရဲ့။ ဒါပေမယ့် မျှော်မှန်းထားသလိုတော့ ဖြစ်မလာခဲ့ဘူး။ အလုပ်အကိုင် တိုး ပွားလာမှုဟာ ပညာတတ် လူတန်း စားနဲ့ အောက်ခြေအလွှာ လူတန်း စားများအတွက်သာ ဖြစ်ပြီး လူ လတ်တန်းစားများအတွက် အလုပ် အကိုင်ဟာ တိုးပွားမှု မရှိသ လောက်ပဲ ဖြစ်တယ်။ ပြီးတော့ လုပ်ခလစာ တိုးတက်မှုကလည်း သုညဝန်းကျင်မှာပဲ ရှိနေတယ်။ တစ်နည်းပြောရင် အမေရိကန်လုပ် သားတွေရဲ့ လုပ်ခ ဟာ ရပ်တန့်နေ ခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်တောင် ရှိပြီ။ ဒါကြောင့် အမေရိ ကန်စီးပွားရေး စကြဝဠာမှာ တစ်စုံ တစ်ခု တကယ့် တကယ် ကျိုးပဲ့နေ ပြီလို့ လေ့လာဆန်းစစ်ကြသူအချို့ က ထောက်ပြကြတယ်။

အမေရိကန်နိုင်ငံမှာ စီး ပွားရေးကျဆင်းသွားပြီးနောက်  အလုပ်အကိုင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာကာ အရင်က ရှိခဲ့တဲ့ ပကတိအနေအထားအတိုင်း စီးပွားရေး ပြန်မတ်လာဖို့အတွက် ကြာမြင့်တဲ့အချိန်ကာလဟာ တစ်စထက်တစ်စ တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီးကြာမြင့်လာတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးချိန် မှစပြီး ၁၉၈ဝ နှစ်များအထိကာလ အတွင်း စီးပွားရေး ကျဆင်း သွားချိန် မှ ပြန်လည်ကောင်းမွန်လာတဲ့အထိ ကြာမြင့်တဲ့အချိန်ကာလဟာ အကြမ်းဖျင်းအားဖြင့် ခြောက်လပဲ ကြာမြင့်ခဲ့တယ်။ ဒါပေမယ့် ၁၉၉ဝ-၉၁ နှစ်များက စီးပွားရေး ကျဆင်းချိန်မှာ ပြန်မတ်လာဖို့ ၁၅ လ ကြာခဲ့တယ်။ ၂ဝဝ၁ ခုနှစ်ကျ တော့ ၃၉ လအထိ ကြာမြင့်ခဲ့ တယ်။ အခုနောက်ဆုံး ၂ဝဝ၈ ခုနှစ် အမေရိကန် စီးပွားရေး ကျ ဆင်းမှုကြီး- Great Recession မှာတော့ ပျောက်ဆုံးသွားတဲ့ အလုပ် အကိုင်အားလုံး အပြည့်အဝ ပြန်လည်ကောင်းမွန် ပြည့်မီလာဖို့ ၄၁ လတောင် ကြာမြင့်ခဲ့တယ်။ ဒါဟာ သုံးနှစ်ကျော် ကြာမြင့် ခဲ့ခြင်း ဖြစ်ပါတယ်။

စီးပွားရေး ကျဆင်းမှုကြီး ကာလအတွင်း ပျောက်ဆုံးသွားတဲ့ အလုပ်အကိုင်တွေ ပြန်ပေါ်လာတယ်ဆိုပေမယ့် အရေအတွက် အရ ပြောခြင်းသာ ဖြစ်တယ်။ အရည်အသွေးကတော့ ကျဆင်း သွားတယ်။ အမေရိကန် အလုပ် သမားဈေးကွက်ဟာ နှစ်ခွဖြစ်နေ တယ်။ အဆင့်မြင့်အလုပ်အကိုင် တွေနဲ့ အောက်ခြေအလုပ်အကိုင် တွေ ပေါများပြီး အဲဒီနှစ်ခုအကြား အလုပ်အကိုင်တွေ တိုးပွားမှု မရှိသ လောက် ဖြစ်နေတယ်။ စီးပွားရေး ကျဆင်းမှုကြီး မတိုင်မီက တစ်နာရီ လုပ်အားခ အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ရရှိတဲ့ အလုပ်အကိုင် မျိုး ခုတော့ အလွန့်အလွန် ရှားပါး သွားတယ်။ အလုပ်သမား အတော် များများဟာ လုပ်ခနည်းနည်းပဲ ရရှိ ကြတယ်။

ဒီလိုသာဆိုရင် စားသုံးသူတွေရဲ့ သုံးစွဲနိုင်အားအပေါ် အဓိကမှီခိုအားထားနေရတဲ့ အမေရိကန်စီးပွားရေးအတွက် ပြဿနာ တက်လာနိုင် တယ်။ အမေရိကန် သား လူအများစုရဲ့ လက်ထဲမှာ သုံးစွဲစရာ ငွေမရှိဘူး။ အမေရိကန် ကုမ္ပဏီများကလည်း အလုပ် အကိုင်သစ်တွေ မဖန်ဆင်းနိုင်ဘူး။ ဒီတော့ ရှားပါးတဲ့ အလုပ်အကိုင်တွေနဲ့ ပြားချပ်နေတဲ့ လုပ်အားခများကြောင့် အမေရိကန်စီးပွားရေး ဟာ ထိုက်သင့် သလောက် မတိုးတက်ဘဲ ဖြစ်နေရတယ်။ ဒီအတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေခဲ့ရင် ယနေ့ခေတ် အမေရိကန် မျိုးဆက်သစ်တွေဟာ မိဘလက်ထက်က လောက် ချမ်းသာကြမှာ မဟုတ် တော့ဘူး။

အမေရိကန် စီးပွားရေး ပြန်လည်ကောင်းမွန်လာပြီလို့ ပြောဆိုနေကြတဲ့ကြားက ဆုတ်ယုတ်ကျဆင်းနေတဲ့ အမေရိကန် ပြည် သူတွေရဲ့ ဘဝဇာတ်ခုံ ဖြစ်ရပ် မျိုးစုံကို ထင်ထင်ရှားရှား အတိုင်း သား မြင်တွေ့နေကြရတယ်။ တစ် လောက အမေရိကန် အိမ်ရာဈေး ကွက်မှာ အဝယ်လိုက်လာပြီလို့ ပြောဆိုသံတွေ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် သြဂုတ်လ အတွင်းမှာ အိမ်ရာဈေးကွက် ထိုး ကျသွားတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ရာတွေ ဝယ်ယူခဲ့ကြသူ တွေက ချမ်းသာသူတွေနဲ့ ရင်းနှီး မြှုပ်နှံကြသူတွေ ဖြစ်နေတဲ့ အတွက် ကြောင့် ဖြစ်တယ်။ သူတို့က အဝယ်ရပ်လိုက်ရင် ဖြစ်ဖြစ်၊ ရင်း နှီးမြှုပ်နှံမှုကို ဆိုင်းငံ့လိုက်ရင် ဖြစ် ဖြစ် အိမ်ရာဈေးကွက် ကျဆင်း သွားတယ်။ တကယ်တော့ အိမ်ရာ ဈေးကွက်မှာ အဝယ်လိုက်နေတယ် ဆိုတာက အများပြည်သူတွေ အိမ်ရာ ဝယ်ယူ မှုကြောင့် မဟုတ်ဘဲ ငွေ ကြေးချမ်းသာသူများက ဈေးကွက် ကို ခြယ်လှယ်နေတဲ့အတွက် ကြောင့်သာ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် အမေရိကန် စားသုံးသူများရဲ့ ကြွေးမြီတွေ အရင်ကထက် ကျဆင်းသွား ပြီလို့ ဆိုပေမယ့် အပြည်ပြည်ဆိုင် ရာ စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ် ကြည့်ရင် ကြွေးမြီတွေက သိသိသာသာ မြင့်မားနေဆဲ ဖြစ်တယ်။ ဒီ အထဲမှာ ကျောင်းသားကြွေးမြီ- Student Debt က အဆိုးရွားဆုံး ဖြစ်နေတယ်။ နောင်တစ်ချိန်မှာ ဒီ ကျောင်းသားကြွေးမြီ ပူဖောင်း ပေါက်ကွဲပြီး အနာဂတ် ဘဏ္ဍာရေး ပြဿနာ ထွက်ပေါ်လာနိုင်တယ် လို့တောင် ရင်းနှီးမြှုပ်နှံသူအချို့က ထောက်ပြကြတယ်။

အမေရိကန်ကျောင်းသားတွေဟာ ကျောင်းတက်ဖို့၊ ကျူရှင်ယူဖို့အတွက် ငွေချေးယူကြတယ်။ ဒီချေးငွေများအပေါ် ပေးရတဲ့အတိုး နှုန်း က မြင့်မားပြီး ပုံသေသတ်မှတ် ထားတယ်။ ပြောင်းလွယ် ပြင်လွယ် မရှိဘူး။ ဒါကြောင့် ကျောင်းသား များဟာ ကြွေးထောင်ချောက် ထဲက ရုန်းမထွက်နိုင်ကြဘူး။ ကျောင်းသားကြွေးမြီတွေဟာ တစ်စတစ်စ ပိုပြီးဆက်လက်မြင့်တက်လာနေတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကထက် တောင် အခုအခါ သုံးဆလောက် ပိုပြီးမြင့်မားနေတယ်။ ကျောင်းသားကြွေးမြီဟာ ခုတော့ Credit Card ကြွေးနဲ့ ကားဝယ် ဖို့ ချေး ငှားထား တဲ့ ကြွေးစုစုပေါင်းကိုတောင် ခုန်ပျံ ကျော်လွှားပြီး အလျင်အမြန် တိုး တက်မြင့်မားလျက် ရှိတယ်။

အမေရိကန် ကျောင်း သားအတော်များများဟာ ကျဆင်းလာနေတဲ့ လူမှုဘဝသံသရာက လွတ်မြောက်ဖို့အတွက် မိမိတို့ရဲ့ ပညာရေး အဆင့်အတန်းမြင့်တက်လာအောင် ကြိုးပမ်းလုပ်ဆောင်နေကြတယ်။ ဒီအတွက် ချေးငွေတွေရယူပြီး ဆက်လက်ပညာ သင်ကြား နေ ကြ ရတယ်။ ဒါပေမယ့် ကျောင်းသားများအတွက် အခက်အခဲများနဲ့ ရင်ဆိုင်ကြရနိုင်တယ်။ သူတို့အတွက် အဓိကပြဿနာက လောလော ဆယ် အမေရိကန်စီးပွားရေး အဆောက်အအုံတစ်ခုလုံး ရွေ့လျားပြောင်းလဲလာနေတဲ့ အတွက် ကြောင့် ဖြစ် တယ်။

ဘောဂဗေဒ ပညာရှင်များက တက်ကနိုလိုဂျီက မောင်း နှင်အားပေးတဲ့ ကုန်ထုတ်စွမ်းအားဟာ အလုပ်အကိုင်သစ်များစွာကို ဖန်ဆင်းပေးနိုင်တယ်လို့ ဆိုခဲ့ကြပေမယ့် လက်တွေ့မှာ ဒီသဘော တရားနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ယနေ့ခေတ် တက်ကနိုလိုဂျီ ဟာ စီးပွားရေး အဝိုင်းအဝန်းထဲက အလုပ်အကိုင်ပေါင်းများစွာကို ဖယ်ရှားပစ်လျက် ရှိတယ်။ တစ်ချိန်က Apple ဒါမှမဟုတ် Microsoft တို့လို ဧရာမတက်ကနိုလိုဂျီ ကုမ္ပ ဏီကြီးတွေက အလုပ်အကိုင်သစ် များစွာကို ဖန်ဆင်းဖော်ဆောင်ပေး နိုင်ခဲ့ကြတယ်။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ Facebook နဲ့ Twitter တို့လို ကုမ္ပဏီကြီးတွေဟာ အလုပ်သစ် အကိုင်သစ်များ ဖော်ဆောင် တဲ့နေရာမှာ အရင်ကုမ္ပဏီကြီးတွေရဲ့ ခြေဖျားတောင် လိုက်မမီကြ တော့ဘူး။ တက်ကနိုလိုဂျီသစ်များက လာမယ့် ဆယ်စုနှစ် အတွင်းမှာ အလုပ်အကိုင်ပေါင်း သန်း ၁၄ဝ လောက်ကို ဖယ်ရှားပစ်နိုင်တဲ့ အလားအလာ ရှိတယ်လို့ Mckinsey က ခန့်မှန်းတယ်။
ဒီလိုဆိုပေမယ့် တချို့က တော့ စမတ်ဖုန်းလို တက်ကနိုလို ဂျီသစ်များဟာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက် အခွင့်အလမ်း သစ်များကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြတယ်။ သူတို့ ထင်မြင်ယူဆသလို ဖြစ်လာခဲ့ ရင်တော့ ကောင်း တာပေါ့လေ။ လောလောဆယ်မှာ အမေရိကန် ဂျီဒီပီတိုးတက်မှုနှုန်းဟာ နှစ်ရာခိုင်နှုန်း ကနေ သုံးရာခိုင်နှုန်းအထိ ရွေ့ လျားတိုးတက် ခဲ့တယ် ဆိုပေမယ့် အမေရိကန်ပြည်သူအများက တိုး တက်မှုကို မခံစားကြရဘဲ ဖြစ်နေ တယ်။ တစ်နည်းပြောရင် တိုးတက် မှုဟာ မထူးမခြား ဖြစ်နေတယ်။

နိုင်ငံရေးနယ်ပယ်

တကယ်တော့ အမေရိကန်ပြည်သူများဟာ မထူးမခြား စီးပွားရေးအပေါ်သာ စိတ်ပျက်လက်ပျက် ဖြစ်နေကြတာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူအတော်များများ စိတ်ပျက်နေကြတယ်။ သမ္မတ ဘားရက်အိုဘားမား အပေါ် မှာလည်း စိတ်ကုန်နေကြပြီ။ အဓိက ပါတီကြီးများဖြစ်တဲ့ ရီပတ်ဗလီကန်ပါတီနဲ့ ဒီမိုကရက်တစ်ပါတီတွေ ကိုလည်း ကြည့်မရ ကြတော့ဘူး။

လွှတ်တော်- Congress ကိုလည်း စက်ဆုပ်ဖွယ် ကောင်း တယ်လို့ ပြည်သူအများက ထောက် ပြကြတယ်။ လွှတ်တော်ဟာ အမေ ရိကန်သမိုင်းမှာ အလုပ်မလုပ်ဆုံး လွှတ်တော်လို့ သတ်မှတ်ကြတယ်။ အရေးပါတဲ့ ဥပဒေများကို ဘာတစ်ခုမျှ မပြဋ္ဌာန်းနိုင်ဘူး။ ဇူလိုင်လကုန်မှစပြီး လွှတ်တော်အစည်းအဝေး ကျင်းပရက်ဟာ ရှစ်ရက်ပဲ ရှိခဲ့တယ်။ နောက်ထပ် လွှတ်တော် အစည်းအဝေး ကို နိုဝင် ဘာလ လယ်လောက်မှ စတင်ကျင်းပကြ မယ်။

အမေရိကန် ပါတီကြီး နှစ်ခုဟာ လွှတ်တော်တွင်းမှာရော အပြင်မှာပါ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးပြီး လုပ်ဆောင်နိုင်ကြခြင်း မရှိ ဖြစ် နေ တယ်။ တစ်ပါတီက အဆိုတင် သွင်းရင် အခြားတစ်ပါတီက ကန့် ကွက်တယ်။ ဒီလို ပါတီနှစ်ရပ် အပြန်အလှန် တိုက်ခိုက်နေကြတဲ့ အတွက် အမေရိကန်နိုင်ငံရေးဟာ တိုင်းပြည်အတွက် အကျိုးမပြု တော့ဘဲ အလဟဿအချည်းနှီး ဖြစ်နေတယ်။

အမေရိကန် ဒီမိုကရေစီဟာ ဒီကနေ့ခေတ်မှာ အစမ်းသပ် ခံနေရတယ်။ ဈေးကွက်များနဲ့ ဒီမို ကရေစီအတွဲဟာ တိုင်းပြည်စီးပွား တိုးတက်ရေး အတွက် အဓိက သော့ချက်ကျတဲ့ အောင်မြင်ရေး ဖော်မြူလာ ဖြစ်တယ်လို့ တစ် ခေတ်တစ်ခါက မှတ်ယူခဲ့ကြတယ်။ ဒါပေမယ့် တရုတ်တို့က နိုင်ငံ တော် အရင်းရှင်ဝါဒ-  State Capitalism နဲ့ အာဏာရှင်ဝါဒ-  Authoritarianism တို့ ရောမွှေထား တဲ့ ဖော်မြူလာကို ကျင့်သုံးပြီး ဒီမို ကရေစီကို စိန်ခေါ်လာတယ်။

ရုရှားဟာ တစ်ချိန်က ဒီ မိုကရေစီ ကျင့်သုံးဖို့ ကြိုးပမ်းခဲ့ပေ မယ့် မအောင်မြင်ခဲ့ဘူး။ အာဏာ ရှင်စနစ်နောက်ပဲ လိုက်သွားခဲ့ တယ်။ အာရပ်နွေဦးတုန်းက အချို့ သော အာရပ်နိုင်ငံတွေမှာ ဒီမိုက ရေစီကို မြေစမ်းခရမ်းပျိုးခဲ့ပေမယ့် အမြစ်မတွယ်ခဲ့ဘူး။ အဲသလို ကမ္ဘာ တစ်ဝန်း ဒီမိုကရေစီ စိန်ခေါ်ခံနေရ ချိန်မှာ အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာ့စံပြ ဒီမိုကရေစီနိုင်ငံအဖြစ် ထုဆစ်ပုံဖော်ဖန်တီးနိုင်ခြင်း မရှိရင် နောင်တစ်ချိန်မှာ ဒီမိုကရေစီ ယို ယွင်းပျက်သုဉ်းသွားနိုင်တယ်။

ခုတောင် သမိုင်းသုတေသီ Francis Fukuyama က သူ့ရဲ့ 'Political Order and Political Decay' ကျမ်းမှာ အမေရိကန် ဒီမိုကရေစီ ဟာ ဗီတိုကရေစီ-  Vetocracy သို့ ယိုယွင်းကျဆင်းသွားခဲ့ ပါပြီလို့ ထောက်ပြခဲ့ပါသေးတယ်။

မင်းရွှေမောင်

Ref : "The 3% Economy" by Rana Foroohar; TIME, Oct-6, 2014.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.