29-6-2017
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
ငွေကြေးနဲ့ ဘဏ္ဍရေးစကြ၀ဠာကို ပြောင်းလဲပစ်မယ့် BRICS ရဲ့ ခြေလှမ်းသစ်

ဒီကနေ့ ဂလိုဘယ်ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်ကို အမေရိကန်နိုင်ငံက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတယ်။ စစ်ပြီးခေတ် အပြည်ပြည် ဆိုင်ရာ ငွေပေးငွေယူ ပြဿနာများကို ဖြေရှင်းဖို့အတွက် ဘရက်တန်ဝုဒ်မြို့ကလေးမှာ ၁၉၄၄ ခုနှစ်၊ ဇူလိုင်လက အစည်းအဝေး တစ်ရပ် ကျင်းပခဲ့တယ်။

စစ်တွင်းနဲ့ စစ်ပြီးကာလများမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့တဲ့ အမေရိကန် ပြည်ထောင်စုဟာ သူ့ရဲ့ သြဇာအာဏာကို ကမ္ဘာ တစ်ဝန်း ဖြန့်ကြက်စိုးမိုး ထားနိုင်ရေးအတွက် အဲဒီအစည်း အဝေးမှာ ဂလိုဘယ် ငွေရေး ကြေးရေး၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး ဆိုင် ရာ အဖွဲ့အစည်းများကို ထူ ထောင်ဖန်ဆင်းဖို့ ကြိုးပမ်းခဲ့တယ်။

ဘရက်တန်ဝုဒ် ဆုံးဖြတ်ချက်များအရ အမေရိကန်ဒေါ်လာကို ရွှေနဲ့ချိတ်တွဲခဲ့ပြီး အခြားနိုင်ငံတွေကတော့ သူတို့ရဲ့ ပြည်တွင်း သုံးငွေကြေးများကို အမေရိကန် ဒေါ်လာနဲ့တွဲချိတ်ခဲ့ကြရတယ်။ ဘရက်တန်ဝုဒ်စနစ်ကို လက်ခံကြတဲ့ အခြားနိုင်ငံတွေအနေနဲ့ သူတို့ ရဲ့ ပြည်တွင်းသုံး ငွေစက္ကူတွေ ရိုက် နှိပ်ထုတ်ဝေချင်တယ်ဆိုရင် သတ်မှတ်ရွှေပမာဏတစ်ရပ်ကို အမေရိ ကန်နိုင်ငံ ဗဟိုဘဏ်မှာ အပ်နှံ ထား ကြရတယ်။

ဒါကြောင့် အဲဒီခေတ်က အခြားနိုင်ငံတွေဟာ သူတို့ငွေ စက္ကူတွေကို ရွှေနောက်ခံမရှိဘဲနဲ့ ဗုံးပေါလအော ပုံနှိပ်ထုတ်ဝေချင်သလို ထုတ်ဝေလို့ မရကြဘူး။ ဒါ ပေမယ့် အမေရိကန်နိုင်ငံကတော့ ရတယ်။ အမေရိကန်နိုင်ငံက သူ့ဟာသူ စုဆောင်းထားတဲ့ ရွှေတွေ ရယ်၊ ပြီးတော့ အခြားနိုင်ငံတွေက အပ်နှံထားကြတဲ့ ရွှေတွေရယ် နှစ်ခု ပေါင်းရင် အမေရိကန်တွေရဲ့ လက်ဝယ်မှာ ရွှေတုံးရွှေခဲ စုစု ပေါင်းဟာ ကမ္ဘာ့ရွှေစုစုပေါင်းရဲ့ ၆ဝ ရာခိုင်နှုန်းတောင် ရှိတယ်။ ဒါ ကြောင့် အမေရိကန်နိုင်ငံက ဒေါ် လာငွေစက္ကူတွေကို အကန့် အသတ်မရှိ ထုတ်ဝေလို့ ရတယ်။

အမေရိကန်ဒေါ်လာနဲ့ ရွှေကို ချိတ်ဆက်ထားခြင်းရဲ့ အဓိပ္ပာယ်က ဒေါ်လာနဲ့ရွှေကို လဲလှယ်နိုင်တယ်ဆိုတဲ့ သဘော ပါ။ ရွှေ နဲ့ ဒေါ်လာ ချိတ်ဆက်ရာမှာ တန်ဖိုးအားဖြင့် အတိအကျ သတ် မှတ်ချက် ရှိတယ်။ ဒါကြောင့် အဲဒီ ခေတ်တုန်းက ငွေလဲနှုန်းတွေဟာ ပုံသေ ငွေလဲနှုန်း- Fixed Exchange Rate ဖြစ်တယ်။

ဒီစနစ်ဟာ နှစ် ၃ဝ နီးပါး သက်ဆိုးရှည်ခဲ့တယ်။ အမေရိ ကန်နိုင်ငံက ဒေါ်လာငွေစက္ကူတွေ ကို စည်းမရှိ ကမ်းမရှိ ထင်သလို ပုံနှိပ် ထုတ်ဝေခဲ့တာကြောင့် တစ် ချိန်ကျတော့ ဒေါ်လာနဲ့ရွှေကို လဲ လှယ်မပေးနိုင်တဲ့ကိန်း ဆိုက်လာတယ်။ ဗြိတိန်နိုင်ငံက သူ့လက် ဝယ်မှာရှိတဲ့ အမေရိကန်ဒေါ်လာ ငွေစက္ကူတွေကို ရွှေနဲ့လဲလှယ်ပေးဖို့ တောင်းဆိုတယ်။ အမေရိကန် ဗဟိုဘဏ်ကလည်း မပေးနိုင် တဲ့ အပြင် ဒေါ်လာနဲ့ရွှေ ချိတ်ဆွဲထား တဲ့ ကွင်းဆက်ကို ၁၉၇၁ ခုနှစ်မှာ ဖြတ်တောက်ပစ်လိုက်တယ်။

အမေရိကန်နိုင်ငံက ဒေါ်လာနဲ့ရွှေချိတ်ဆက်ထားမှုကို ဖြတ်တောက်လိုက်တော့ ဘရက်တန်ဝုဒ် ငွေကြေးဘဏ္ဍာအဆောက် အအုံ ကြီးတစ်ခုလုံး ပြိုပျက်သွားတယ်။ နိုင်ငံတွေအနေနဲ့ ငွေစက္ကူ ထုတ်ဝေဖို့အတွက် ရွှေကို ကျောထောက်နောက်ခံ ထားစရာ မလိုတော့ ဘူး။ စိတ်ကြိုက်ထုတ်ဝေခွင့် ရသွားတယ်။ ငွေလဲနှုန်းကလည်း နှုန်းရှင်ငွေလဲနှုန်း-  Floating Exchange Rate ဖြစ်လာတယ်။ ငွေ လဲနှုန်းကို ဈေးကွက်ရဲ့ ဝယ်လိုအား နဲ့ ရောင်းလိုအားက သတ်မှတ်ဆုံး ဖြတ်တယ်။

ဘရက်တန်ဝုဒ်မူဝါဒ ကျိုးပေါက်သွားပေမယ့် ကမ္ဘာ့ ဘဏ်-  World Bank နဲ့ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF တို့လို ငွေကြေး ဘဏ္ဍာ အဖွဲ့အစည်းတွေ ရှင်သန် ကျန်ရစ်ခဲ့တယ်။ အမေရိကန်တို့က ဒီအဖွဲ့အစည်းများကို ခုထိကြိုး ကိုင်ထားတုန်းပါပဲ။ အမေရိကန် နိုင်ငံရဲ့ မူဝါဒတွေနဲ့ လိုက်လျောညီ ထွေဖြစ်တဲ့ နိုင်ငံတွေကိုမှ ဒီအဖွဲ့ အစည်းတွေက ငွေထုတ်ချေး တယ်။

၂ဝဝ၇-၂ဝဝ၈ နှစ်များမှာ အမေရိကန် ဘဏ္ဍာရေး လောကကြီးတစ်ခုလုံး ပြိုလဲသွားတာတောင်မှ သူတို့အနေနဲ့ သူတို့ရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်ကို ပြု ပြင်ပြောင်းလဲရေးတွေ မလုပ်ချင် ကြဘူး။ ပိုနေမြဲ ကျားနေမြဲ နေချင် ကြတယ်။ ဘဏ္ဍာရေး ပြိုပျက်ကျ ဆင်းသွားပြီးနောက် အမေရိကန် နိုင်ငံဟာ အခုထိ ပုံမှန်အခြေ အနေ ပြန်မရောက်သေးဘူး။ ဒါ ပေမယ့် အမေရိကန်တွေက သူတို့ စီးပွားရေး ပြန်လည်နာလန်ထလာ အောင် ကြိုးပမ်းရာမှာ အမေရိ ကန်ဒေါ်လာ ထရီလီယံနဲ့ ချီပြီး ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေခဲ့ တယ်။ ကမ္ဘာတစ်လွှားမှာ အမေရိ ကန်ဒေါ်လာတွေ ချောင်းစီးသွား တယ်။ ဒါကြောင့်လည်း အချို့ သော နိုင်ငံတွေဟာ အမေရိကန် နိုင်ငံရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး စနစ်က ခွဲထွက်ပြီး တစ်စင်ထောင် ဖို့ ကြိုးပမ်းလာကြတယ်။

တစ်စင်ထောင်မယ့် BRICS

ခြောက်ကြိမ်မြောက် BRICS နိုင်ငံများရဲ့ ထိပ်သီးတွေ့ ဆုံပွဲကို ဘရာဇီးနိုင်ငံ Fortaleza မြို့မှာ ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၅ နဲ့ ၁၆ ရက်နေ့များမှာ ကျင်းပခဲ့ တယ်။ အိမ်ရှင် ဘရာဇီး (B) သမ္မ တ Dilma Rousseff၊ ရုရှား (R) သမ္မတ  Vladimir Putin၊ အိန္ဒိယ (I) ဝန်ကြီးချုပ်သစ် Narendra Modi ၊ တရုတ် (C) သမ္မတ Xi Jinping နဲ့ တောင်အာဖရိက (S) သမ္မတ   Jacob Zuma တို့ စုံစုံညီညီ တက်ရောက်ခဲ့ကြတယ်။

BRIC ဆိုတဲ့ အသုံးအနှုန်းကို ဈေးကွက်မြှင့်တင်ဖော်ဆောင်ရေး နည်းပရိယာယ်တစ်ရပ်အနေနဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီး တစ်ဘဏ်ဖြစ်တဲ့ Goldman Sachs  က ၂ဝဝ၁ ခုနှစ် မှာ တီထွင်ဖန်ဆင်း အသုံးပြုခဲ့ တယ်။ BRIC လေးနိုင်ငံဟာ အသင်းအဖွဲ့ပုံစံနဲ့ ၂ဝဝ၉ ခုနှစ်က မှ စတင်ပေါ်ထွက်လာခဲ့ပြီး နောက် ပိုင်းမှာ တောင်အာဖရိက ပါဝင်လာခဲ့တဲ့အတွက်  BRICS လို့ ဖြစ် လာခဲ့တယ်။

ဒီငါးနိုင်ငံဟာ နိုင်ငံရေးအရ မတူညီမှုတွေရှိသလို စီးပွားရေးအရလည်း ကွာဟမှုတွေ ကြီးမားတယ်။ ဘရာဇီး၊ အိန္ဒိယနဲ့ တောင် အာဖရိကနိုင်ငံတွေက ဒီမိုကရေစီ ကျင့်သုံးတယ်။ တရုတ်နဲ့ရုရှားက အာဏာရှင်စနစ်ကို လက်ကိုင်ထားတယ်။ စီးပွားရေးအရ ပြော ရင် တရုတ်စီးပွားရေးဟာ ဘရာဇီး စီးပွားရေးထက် ၂၈ ဆ ကြီးမားတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံပြီးရင် ဒုတိယ အကြီးမားဆုံး စီးပွားရေးဖြစ် တယ်။ အိန္ဒိယနိုင်ငံရဲ့ တစ်ဦးချင်း ဝင်ငွေဟာ ရုရှားတစ်ဦးချင်းဝင်ငွေ ရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတယ်။

ဒီလိုဆိုပေမယ့် BRICS နိုင်ငံများ အုပ်စုဟာ ကမ္ဘာ့လူဦးရေ ရဲ့ ၄၂ ရာခိုင်နှုန်းရှိတဲ့အပြင် ဂလိုဘယ်ဂျီဒီပီရဲ့ ၂၈ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ ကုန်ထွက်- Output ရဲ့ ၂ဝ ရာခိုင်နှုန်းရှိတယ်။ ဒီနိုင်ငံတွေဟာ နောင်တစ်ချိန်မှာ အလွန်အမင်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ အဖြစ် ပေါ် ထွက်လာနိုင်တာကြောင့် ထွန်း သစ်စ စီးပွားရေးများ-  Emerging Economics လို့ သမုတ်ကြတယ်။

ထွန်းသစ်စနိုင်ငံများဟာ စီးပွားရေးတိုးတက်လာပေမယ့် ကမ္ဘာ့ဘဏ်တို့၊ ငွေကြေးရန်ပုံငွေ အဖွဲ့တို့မှာ ထဲထဲဝင်ဝင် ပါဝင် ဆောင် ရွက်နိုင်တဲ့ အခွင့်အရေးက ဒုံရင်း ဒုံရင်းပဲ။ ဘာမှ တိုးတက် မလာဘူး။ အဲဒီ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ ကိုပြုပြင်ဖို့ ဆော် သြခဲ့ကြပေမယ့် G-20 အစည်း အဝေးမှာမှာ မှတ်တမ်းတင်ရုံ လောက်အဆင့်ပဲ ရှိခဲ့တယ်။ ဘာမှ အပြောင်းအလဲတွေ မလုပ်ခဲ့ကြ ဘူး။

အဲသလို အကြောင်းတွေ ကြောင့် အိန္ဒိယနိုင်ငံက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ ၂ဝ၁၁- ၂ဝ၁၂ ထိပ်သီးတွေ့ဆုံပွဲမှာ အိန္ဒိယ က BRICS ဘဏ် ထူထောင်ဖို့ အဆိုတစ်ရပ် တင်သွင်းခဲ့တယ်။ ဒီ အဆိုကို လေ့လာဆန်းစစ်နိုင်ဖို့ အတွက် ၂ဝ၁၂ ခုနှစ်မှာ ကော်မ တီတစ်ခုဖွဲ့စည်းပြီး တာဝန်ပေးခဲ့တယ်။ တောင်အာဖရိကနိုင်ငံမှာ ၂ဝ၁၃ ခု၊ မတ်လအတွင်း ကျင်းပ ခဲ့တဲ့  ထိပ်သီးတွေ့ဆုံပွဲမှာ ဘဏ်ထူထောင်ဖို့ အတည်ပြုခဲ့ပြီး ဖွဲ့စည်းရေးအတွက် မူကြမ်းရေးဆွဲခဲ့ကြတယ်။ ဒီနှစ် ဘရာဇီး ထိပ်သီးတွေ့ဆုံပွဲက BRICS ဖွံ့ဖြိုးရေး ဘဏ်သစ် တည်ထောင်မယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။

BRICS ဖွံ့ဖြိုးရေးဘဏ်သစ်

တကယ်တော့ BRICS New Development Bank ဟာ ၂ဝ၁၆ နှစ်ရောက်တော့မှ သက်ဝင် လှုပ်ရှားနိုင်မယ့်သဘော ရှိတယ်။ အစောပိုင်းကာလမှာ အိန္ဒိယနဲ့ တရုတ်တို့အကြား အကျေအလည် ဆွေးနွေးနေကြရလို့ နှစ်နှစ်လောက် အချိန်ပုပ်သွားတယ်။ အိန္ဒိယ ကလည်း ဘဏ်သစ်ရဲ့ ဌာနချုပ်ကို အိန္ဒိယမှာ ထားစေချင်တယ်။ တရုတ်ကလည်း သူတို့ဆီမှာ ထား ချင်တယ်။ ပြီးတော့ တရုတ်က  ဘဏ်ရဲ့ အစုရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားလိုတယ်။ ဒါကို ကျန် နိုင်ငံတွေက သဘောမတူကြဘူး။

BRICS ငါးနိုင်ငံအကြား ဒီကိစ္စတွေကို အကြိမ်ကြိမ်အခါခါ အပြန်အလှန် ဆွေးနွေးကြပြီးတော့ မှ နောက်ဆုံးမှာ သဘောတူညီမှု ရရှိခဲ့ကြတယ်။ အဓိကအချက်များကတော့ BRICS ဖွံ့ဖြိုးရေးဘဏ်သစ်ရဲ့ မတည်ငွေဟာ အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံ ဖြစ် တယ်။ ဒါပေမယ့် ကနဦး မတည်ငွေရင်း က အမေရိကန်ဒေါ်လာ ၅ဝ ဘီလီ ယံ။ အဖွဲ့ဝင်ငါးနိုင်ငံရဲ့ တစ်နိုင်ငံ ချင်းစီက အစုရှယ်ယာ အညီအမျှ အမေရိကန်ဒေါ်လာ ၁ဝ  ဘီလီ ယံ ထည့်ဝင်ကြရမယ်။ ဒါပေမယ့် ကနဦး မတည်ငွေရင်းထဲမှာ အမေ ရိကန်ဒေါ်လာ ၁ဝ ဘီလီယံသာ ငွေသား- Cash ဖြစ်ပြီး ကျန်အမေ ရိကန်ဒေါ်လာ ၄ဝ က ကတိက ဝတ် အာမခံစာချုပ်များ ဖြစ်ပါ တယ်။ နောက်ပိုင်းမှာ အခြားနိုင်ငံ တွေကိုလည်း ပါဝင်ခွင့်ပေးမယ်။ ဒီလိုဆိုပေမယ့် BRICS အဖွဲ့ဝင် နိုင်ငံများရဲ့ အစုရှယ်ယာဟာ အနည်း ဆုံး ၅၅ ရာခိုင်နှုန်းအောက် လျော့ နည်းမသွားစေရဘူး။

BRICS ဖွံ့ဖြိုးရေးဘဏ် သစ်ရဲ့ ဌာနချုပ်ကို တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ ဖွင့်လှစ်ထားရှိမှာ ဖြစ်ပြီး အိန္ဒိယနိုင်ငံသားတစ်ဦးက ပထမ ငါးနှစ်သက်တမ်းကာလ အတွက် ဘဏ်အကြီးအကဲ ဖြစ် လာမှာပါ။ အိန္ဒိယပြီးရင် ဘရာဇီး၊ ပြီးရင် ရုရှား စသည်ဖြင့် အသီးသီး အလှည့်ကျ တာဝန်ထမ်းဆောင် ကြရမှာ ဖြစ်တယ်။ ဆယ်စုနှစ်နှစ်ခု လောက်ကြာပြီးမှ တရုတ်က ဘဏ် အကြီးအကဲနေရာ ရယူမှာပါ။
တကယ်တော့ ဒီဘဏ် သစ်ဟာ ကမ္ဘာ့ဘဏ်လို့ ခေါ်ကြ တဲ့ အပြည်ပြည်ဆိုင်ရာ ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဘဏ်- International Bank for Reconstruction and Development- IBRD ကို တုပဖက်ပြိုင်မယ့် ဘဏ် ကြီးတစ်ဘဏ် ဖြစ်လာဖို့ ရည်ရွယ် ထားတယ်။ ကမ္ဘာ့ဘဏ်လိုပဲ အခြေခံအဆောက်အအုံ တည်ဆောက်ဖို့အတွက် BRICS ဘဏ်သစ်က ငွေထုတ်ချေးပေး မယ်။ အကြောင်း အမျိုးမျိုးနဲ့ နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့ဘဏ်က ငွေထုတ်မချေးဘူး ဆိုရင် ဒီဘဏ်သစ်က ငွေထုတ်ချေး ပေးနိုင်တယ်။
အရေးပေါ် သီးသန့်ရန်ပုံငွေ BRICS နိုင်ငံများဟာ ဖွံ့ဖြိုးရေးဘဏ်သစ်နဲ့အတူ အရေးပေါ် ငွေကြေးထောက်ကူ ပံ့ပိုးပေး နိုင်ဖို့ အတွက် အရေးပေါ် သီးသန့် ရန်ပုံငွေ အစီအစဉ်- Contingent Reserves Arrangement- CRA တစ်ခုကိုလည်း ထူထောင်ထားရှိ မှာ ဖြစ်တယ်။ CRA ကတော့ အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ - International Monetary Fund- IMF ကို ဖက်ပြိုင်မယ့် အဖွဲ့အစည်းသစ် ဖြစ်ပါတယ်။ CRA ကလည်း IMF လိုပဲ ပြဿ နာတက်ပြီး နိုင်ငံခြားငွေ အပူတ ပြင်း လိုအပ်နေတဲ့ နိုင်ငံများကို ငွေ ထုတ်ချေးပေးဖို့ ရည်ရွယ်တယ်။

 BRICS ငါးနိုင်ငံရဲ့ စုပေါင်းသီးသန့်ရန်ပုံငွေကို အမေရိ ကန်ဒေါ်လာ ၁ဝဝ ဘီလီယံ သတ်မှတ်ထားတယ်။ ဒါပေမယ့် အညီ အမျှတော့ မဟုတ်ဘူး။ တရုတ်က တာဝန်ခံရမယ့် သီးသန့်ရန်ပုံငွေ က အမေရိကန်ဒေါ်လာ ၄၁ ဘီလီ ယံ ဖြစ်ပေမယ့် အိန္ဒိယ၊ ရုရှားနဲ့ ဘရာဇီးနိုင်ငံတွေက အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံစီပဲ တာဝန်ယူကြရမယ်။ တောင်အာဖရိကက တော့ အမေရိ ကန်ဒေါ်လာ ငါးဘီ လီယံလောက်ပဲ သီးသန့်ရန်ပုံငွေမှာ တာဝန်ခံရတယ်။ ပြီးတော့ အခုလိုတာဝန်ခံထားရတဲ့ သီးသန့် ရန်ပုံငွေများ ကို အဖွဲ့ဝင် BRICS နိုင်ငံများအနေနဲ့ မိမိတို့လက်ထဲ မှာ ကိုင်ထားရုံပဲ။ အရေးပေါ် ပြဿနာ တက်လာတော့မှ အဲဒီ ပြဿနာတက်တဲ့ နိုင်ငံ ကို ရန်ပုံငွေ လိုအပ်သလောက် လွှဲပြောင်းပေး ကြရမှာပါ။

ခြေလှမ်းရဲ့ ဦးတည်ရာ

BRICS နိုင်ငံများရဲ့ ခြေလှမ်းသစ်ကို အမေရိကန်အပါအဝင် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေကတော့ သိပ်ပြီး သဘောကျကြမှာ မဟုတ် ပါဘူး။ ဒါပေမယ့် ဒီကနေ့ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ စီးပွားရေးဟာ နှေးကွေးလေးဖင့်လာတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အခြေခံ အဆောက် အအုံ တည်ဆောက်ရေး အတွက် ငွေထုတ်ချေးမှုဟာ အမေရိကန် ဘဏ္ဍာရေးအကျပ်အတည်း မတိုင်မီကာလကနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်လောက်ပဲ ရှိတော့တယ်။ ပြီးတော့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ပုဂ္ဂလိ က ငွေထုတ်ချေးမှုဟာ လည်း ပြဿနာမတက်မီ အချိန်ကာလက နဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံလောက် ကျုံ့သွားတယ်။

လောလောဆယ် အခြေ ခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ထွန်းသစ်စ စီးပွားရေးများရဲ့ လိုအပ်ချက် ဟာ တစ်နှစ် အမေရိကန် ဒေါ်လာ ၈ဝဝ ဘီလီယံ ရှိတယ်။ လာမယ့် ဆယ်စုနှစ် နှစ်ခု အတွင်း ဒီအတွက် လိုအပ်မယ့်ငွေဟာ တစ်နှစ် အမေရိကန်ဒေါ်လာ ၂.၄ ထရီလီယံ ရှိနိုင်တယ်လို့ အချို့က ခန့်မှန်းတယ်။ တကယ်တော့ ဒီလိုအခြေအနေမှာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးအတွက် ငွေထုတ်ချေးပေးမယ့် BRICS ဖွံ့ဖြိုးရေးဘဏ်သစ်တစ်ခု ထွက်ပေါ်လာတာကို ကမ္ဘာက ကြို ဆိုသင့်တယ် မဟုတ်လား။

မင်းရွှေမောင်

Ref : The Economic Times, 17, 2014.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.