1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကဗျာဖြင့် ဂုဏ်ပြုခြင်း

မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ဝင်းတင်ကို ချစ်ခင်လေးနက်သူများသည် ဝင်းတင်၏ဈာပနာကို လာရောက်ပို့ ဆောင်ကြသည်။ ဝင်းတင်၏ အသုဘကိုရှုရန် ဝင်းတင်ကို အလေးပြု ရန် လူပေါင်းများစွာသည် တန်းစီနေကြ၏။

''မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြ''

ဝင်းတင်ကို ကိုယ်စားပြုသော စာသားများကို နေရာအနှံ့မှာတွေ့နေရ၏။

''ဒီစစ်အစိုးရကို မယုံဘူး''

ဝင်းတင်၏ သေရာပါသော  အခဲမကျေမှု ဖြစ်သည်။

လူတိုး၍ မပေါက်သော ဝင်းတင်၏ဈာပနမှာ ဝင်းတင်၏ ခိုင်မာသော ယုံကြည်ချက်တို့မှာ နီရဲတောက်ပလျက်။ သေအထိ ယုံကြည်စိတ်ချရသော ဝင်းတင်။                                     လူတစ်ယောက်၏ ခံယူချက်သည် သေသည်အထိ မပြောင်းမလဲ ခိုင်ခံ့မာကျောဖို့ဆိုသည်မှာ မလွယ်ကူကြောင်း လူအများကသိကြသည်။

ပြာသောကြယ်

ဝင်းတင်။

နောက်မျိုးဆက်များ။

နောက်ထပ်မျိုးဆက်များ။

ဝင်းတင်၏ ခိုင်မာသော စိတ်ဓာတ်ကို သိရှိနားလည်ရန် လိုအပ်ခဲ့သည်။

''ဟံသာဝတီ ဦးဝင်းတင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ''

ကဗျာဆရာတစ်ဦး၏  အော်ဟစ်ကြွေးကြော်သံကို သင်ကြားရပါလိမ့်မည်။

ဝင်းတင်၏ ဈာပနအခမ်းအနား၊ ဝင်းတင်ကိုဂုဏ်ပြုခြင်း အခမ်းအနားကို ရန်ကုန်တက္ကသိုလ်အနီးက  ယုဒသန်ခန်းမတွင် ကျင်းပခဲ့ကြသေးသည်။

၂ဝ၁၄ ၊ ဧပြီ ၊ ၂၂။

ကဗျာဆရာ မောင်သိန်းဇော်သည် သူ၏နှလုံးသားဖြင့် ကဗျာရေး ခဲ့၏။

၁ဝဝ ရာခိုင်နှုန်း အာဇာနည်

၁ဝဝ ရာခိုင်နှုန်း သူရဲကောင်း

ကွယ်လွန်တယ်ပဲပြောပြော

ကျဆုံးတယ်ပဲဆိုဆို

ဘဝကို အရှင်းသန့်ဆုံး

အောင်နိုင်သူ။

မှတ်ဥာဏ်တွေမှာ

အရသာပေးနိုင်တဲ့ လူသားအဖြစ်

ကမ္ဘာမြေက သူ့အမည်ကို

သူ့နှလုံးသွေးနဲ့ ရေးလို့

နှစ်လိုစွာ မှတ်သားခဲ့ပြီ။

လူ့သမိုင်းဆိုတာ

သေမိန့်ပေးလို့ ရနိုင်ရိုးလား

အနာဂတ်ကို မော့ကြည့်။

ပြုံးရွှင်ရဲရင့်စွာ . . .

ကောင်းကင်ကို အမြဲဝတ်ဆင်လို့

ကြယ်စင်တွေကို

သတ္တိနဲ့ သစ္စာသင်ပြသူ

ကျွန်ုပ်တို့ရဲ့ ဆရာကြီး ဦးဝင်းတင်

ဦးညွတ်ရဲ့ ပြည်သူအားလုံး

လေးစားမှု လွမ်းဆွတ်မှု

တစ်ဆင်တည်း။

                   x        x        x

ဟိန်းမြတ်ဇော်က သံမဏိကဗျာ ဖြင့် ဝင်းတင်ကို ဂုဏ်ပြုခဲ့သည်။

ဘဝတစ်ခုမှ

နာကျင်မျက်ရည်ကြားမှ

လည်ပတ်နေသောသွေးများမှ

ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။

ပြည်သူ့ အသံ။ ။

                   x        x        x

တစ်နေ့

ငါတို့ အလံတော်

တစ်နေ့

ငါတို့ တံဆိပ်ခေါင်း

တစ်နေ့

ငါတို့ ဦးညွတ်ရမယ့် ရုပ်တုများ။

အမှန်တရားဟာ

ရထားတစ်စင်းပမာ

ဆိုက်ရောက်လာမယ်

တစ်နေ့။                  ။

ကြည်ဇော်အေးက အကျအဆုံး မော်ကွန်းဟူ၍ ကမ္ဗည်းတင်ခဲ့သည်။

                   x        x        x

အောင်ဘညိုက

''ကောင်းကင်ပေါ် ထွန်းလင်းနေတဲ့ သံမဏိကြယ်ပြာ''ဟူ၍

ဝင်းတင်အတွက် ကဗျာတစ်ပုဒ် ဖွဲ့ဆိုခဲ့သည်။

အမှောင်ခေတ်ကြီးထဲ

ငါတို့ အမှောင်ခေတ်ကြီးထဲ

ငါတို့ကို လမ်းပြဖို့

ကြယ်ပြာတစ်လုံး

ထွန်းလင်းခဲ့ ...

 

ကောင်းကင်ပေါ်ထွန်းလင်းနေတဲ့

ကြယ်ပြာဟာ

ငါတို့ ပြည်သူတွေကို

လမ်းပြဖို့

ရာစုအဆက်ဆက်

ထွန်းလင်းတောက်ပ

အမှောင်ကို ဖယ်ရှားပစ်ဦးမှာ

ယုံတယ်...။

                   x        x        x

အောင်ဘညိုကဗျာက မှန်သည်။

ပြာသောကြယ်သည်

ရာစုအဆက်ဆက်

ထွန်းလင်းတောက်ပနေမည်။

ထိုသို့ ကျွန်တော်တို့ ယုံကြည်သည်။

                   x        x        x

မောင်မှိုင်းလွင် (အင်းဝ) သည် ၂ဝ၁၄၊ ဧပြီ၊ ၂၃ တွင် ဝင်းတင်ကို 'သံမဏိကြယ်ပြာ' ကဗျာဖြင့် ဦးညွတ် 

အလေးပြုခဲ့ပါသည်။

 

ရဲဘော်ဝင်းတင်ရဲ့ စိတ်ဓာတ်ကို

ငါတို့ အလံတိုင်ထိပ်မှာ ချိတ်လိုက်ကြ

ရဲဘော်ဝင်းတင်ရဲ့ သတ္တိကို

ငါတို့ လက်မောင်းမှာ ပတ်လိုက်ကြ

ရဲဘော်ဝင်းတင်ရဲ့ ရပ်တည်ချက်ကို

ငါတို့ နဖူးမှာ စည်းလိုက်ကြ

ရဲဘော်ဝင်းတင်ရဲ့ ကြီးမြတ်မှုကို

ငါတို့ ရင်ဘတ်မှာ ထိုးလိုက်ကြ။

 

ဝမ်းနည်းပူဆွေးမှု အပေါင်းကို

အားမာန်အဖြစ် ပြောင်းလဲပြီး

အောင်ပွဲရတဲ့အထိ

ဆက်လက်ချီတက်ကြ

အဲဒီမနက်

၆ နာရီ ခွဲမှာပဲ

ငါတို့ ကောင်းကင်ထက်မှာ

သံမဏိ ကြယ်ပြာအသစ်

ရွှန်းလက်တောက်ပ ...။

                   x        x        x

မောင်မှိုင်းလွင် (အင်းဝ) ၏ သံမဏိကြယ်ပြာ ကဗျာ။ ဝင်းတင်ကို ဦးညွတ်ခဲ့သည်။

အဲဒီမနက်ကို ကဗျာဆရာက ညွှန်းဆိုခဲ့သည်။

၂ဝ၁၄ ၊ ဧပြီ  ၊ ၂၁ ၊ နံနက် ၆ နာရီ ၃ဝ ကို ဆိုလိုပါသည်။ ဝင်းတင် ကွယ်လွန်ခဲ့သည်။

                   x        x        x

ရဲဘော်ဝင်းတင်ရဲ့ စိတ်ဓာတ်ကို 

ငါတို့ အလံတိုင်ထိပ်မှာ ချိတ်လိုက်ကြ

ရဲဘော်ဝင်းတင်ရဲ့ စိတ်ဓာတ်ကို

ငါတို့ အလံတိုင်ထိပ်မှာ ချိတ်လိုက်ကြ

                   x        x        x

ငါတို့ ကောင်းကင်ထက်မှာ

သံမဏိ ကြယ်ပြာအသစ်

ရွှန်းလက်တောက်ပနေပါသတည်း။

 

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.