25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း -၃၅

ဝင်းတင်သည် ၁၉၉၃ က ထောင်ထဲတွင် သူ၏ဆောင်ပုဒ်ကို ဖော်ထုတ်၏။

မကျိုးပဲ့ရေး တရားသုံးပါးဟု သူ့ဆောင်ပုဒ်ကို ကမ္ပည်းထိုး၏။

(၁) စိတ်ဓာတ်မကျိုးပဲ့စေနဲ့။

(၂) ကျန်းမာရေး မကျိုးပဲ့စေနဲ့။

(၃) စုဖွဲ့မှု မကျိုးပဲ့စေနဲ့။

ဝင်းတင်သည် သူ့ဆောင်ပုဒ်ကို စာရွက်ပေါ်မှာရေးသား၏။ အခန်းအသီးသီး၊ အဆောင်သီးသီး၊ တိုက်အသီးသီးသို့ ဖြန့်ဝေ၏။

စစ်ထောက်လှမ်းရေးများ၊ ထောင်အာဏာပိုင်များ၊ အကျဉ်းသား များ၏ စိတ်ဓာတ်ကို နည်းမျိုးစုံသုံး၍ချိုးဖဲ့၏။

''အာဏာရှင်တွေက ဖြစ်စေချင်တဲ့ပုံစံအတိုင်း ငါတို့မဖြစ်စေရဘူး။ မိမိကိုယ်ကိုယ် မိမိစိတ်ကို မိမိကိုယ်တိုင် ထိန်းသိမ်းပဲ့ကိုင်နိုင်ရမယ်''

ဝင်းတင်က သူ့မိတ်ဆွေများကို ပြော၏။

ထောင်ထဲမှာ ဒုက္ခမျိုးစုံ၊ မွန်းကျပ်မှုမျိုးစုံ၊ ငရဲမျိုးစုံကြုံတွေ့ရသည်။ ရဲဘော်ချင်း၊ မိတ်ဆွေချင်း၊ အစုအဖွဲ့ချင်း သွေးစည်းညီညွတ်မှု ပြိုကွဲပျက် စီးတတ်၏။

ထိုအခါ သင်းကွဲ၊ အုပ်ကွဲ ဖြစ်တတ်၏။ အုပ်စုမှ ကွဲထွက်သွားသောအခါ ထင်ရာစိုင်းတတ်၏။ တစ်ဗိုလ်မော်မင်း လုပ်တတ်၏။

''စစ်အုပ်စု ဖြစ်စေချင်သလို ငါတို့ဟာ မဖြစ်စေရဘူးကွ။

စုဖွဲ့မှုတွေ ကျိုးပဲ့လို့မဖြစ်ဘူး။ ညီညွတ်ရေးတွေ ပျက်သုဉ်းကုန်လို့ မဖြစ်ဘူး။  ငါဟာ အသက်အရွယ်ကြီးရင့်လာတော့ ထောင်ထဲမှာ ငါ့ကျန်းမာရေးက ကျိုးပဲ့သွားခဲ့ပြီ။ ငါ့ စိတ်ဓာတ်မကျိုးပဲ့စေရဘူး။ ငါတို့ စုဖွဲ့မှု မကျိုးပဲ့စေရဘူး''

ဝင်းတင်သည် တစ်ယောက်တည်း နေထိုင်ရသောအခါ တစ်ကိုယ်တော်ပြော၏။

အခြားသူနှင့်အတူရှိစဉ်မှာ အခြားသူကိုပြော၏။

စုဖွဲ့မှု မကျိုးပဲ့စေနဲ့။

ဝင်းတင်သည် ထောင်ထဲမှာနေထိုင်စဉ် ဆရာကြီးရွှေဥဒေါင်းကို သတိရတတ်၏။

ဆရာကြီး ရွှေဥဒေါင်းသည် သတင်းစာဆရာဘဝဖြင့် ထောင်ကျဖူး၏။

အစိုးရကို အကြည်ညိုပျက်စေမှု။

ဆရာကြီး ရွှေဥဒေါင်းသည် သံတိုင်နောက်က ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်၏။ သူ၏ ခြေထောက်အစုံကို သံတိုင်ကြားမှ အပြင်သို့ ထုတ်ထားလိုက်၏။

'ငါကတော့ ထောင်ထဲမှာ မလွတ်မလပ်နေရတယ်။ ငါ့ခြေထောက်တွေက သံတိုင်အပြင်ဘက်မှာ နေရောင်ခြည်နဲ့ ထိတွေ့ခွင့်ရပြီး လွတ်လပ်နေတယ်''

ဆရာကြီး ရွှေဥဒေါင်းက သူ့ခြေ ထောက်တစ်စုံကို အပြင်သို့ထုတ်ထား၏။

ဝင်းတင်သည် စစ်ခွေးတိုက်မှာရောက်နေ၏။ အခန်း၏ အရှေ့မှာ နေရောင်ကလင်းပြီး ပူနွေးနေ၏။

ဝင်းတင်သည် ဆရာကြီး ရွှေဥဒေါင်းကို သတိရစွာဖြင့် သူ့လက်နှစ်ဖက်ကို သံတိုင်ကြားကနေ အပြင်ဘက်သို့ ထုတ်လိုက်၏။

လက်တွေက နေရောင်ခြည်နှင့် တွေ့ဆုံရပြီ။

ထိုစဉ် စစ်ခွေးထောင်မှူးရောက်လာ၏။

''ဟေ့လူ...လက်ကြီးကို ဘာ လို့ထုတ်ထားတာလဲ။ ဘာဆွဲမလို့လဲ။ ဘာနှိုက်မလို့လဲ''

ထောင်မှူးက ဟိန်းသည်။

နေ့စဉ် အခန်းကျဉ်းကလေးထဲမှာ သော့ခတ်လျက် ပိတ်လှောင်ထားခြင်းကိုခံနေရသော ဝင်းတင်သည် ယခု လက်နှစ်ဖက်ကို အပြင်သို့ထုတ်မိ၏။

စစ်ခွေးထောင်မှူး၏ အဟိန်းအဟောက်ကို ခံလိုက်ရ၏။

သံပူရည်ဖြင့် အလောင်းခံလိုက်ရသလို ခံစားလိုက်ရ၏။

ဝင်းတင်၏ စိတ်သည် ဆူပွက်သွား၏။ ဒေါသမြွေဟောက်သည် ပါးပျဉ်းထောင်ပြီ။ စစ်ခွေးထောင်မှူးကို အသေပေါက်လိုက်ချင်၏။

''ဟေ့ကောင် ဒီအနားကိုလာခဲ့။ 'ငါလုပ်ချင်တာကို မင်းသိလား။ ခုလာခဲ့။ မင်းလည်ပင်းကို ငါခုချိုး လိမ်ညှစ်သတ်မယ်ကွ''

အာဏာပြချင်သော ငနဲသားသည် တစ်ချိုးတည်းလစ်တော့၏။

ထောင်ထဲမှာ အသေအပျောက် ရှိတတ်သည်။

ထောင်ထဲမှာ အသက်မဆုံးရှုံးအောင် သတိနှင့်နေထိုင်ကြရ၏။ အစားအစာ၊ ဆေးဝါး၊ နေရာထိုင်ခင်း အစစဆိုးရွားလှသော ထောင်ထဲမှာ အသက်ကလေးထွက်မသွားအောင် ဆင်ခြင်ဥာဏ်နှင့် နေထိုင်ကြရ၏။

ထောင်၏ အမှုထမ်း အရာထမ်းများကတော့ အကျဉ်းသားသေလို့ ဝမ်နည်းမည်မဟုတ်ပါ။

ဝင်းတင်သည် ဦးစံထွန်းဆိုသော နှစ်ရစ်တပ်ကြပ်ကြီး၏ စကားကို ကြားတော့ဖျားသွားသည်။

''ဟေ့ မင်းတို့ကောင်တွေ သေချင်သလောက်သေကြစမ်း။ မင်းတို့သေရင် ငါတို့အေးတာပဲ။ ငါ့ဆရာက ပြောထားတယ်။ အသေသာမစိပ်စေနဲ့တဲ့။ ထောင်သားတွေ အသေ စိပ်ရင် အထက်ကမေးလားမြန်းလား လုပ်မှာ''

ထောင်အာဏာပိုင်နှင့် ထောင်သားများ အတွေးအခေါ်၊ အယူအဆချင်း ဆန့်ကျင်နေကြပါလိမ့်မည်။

ဝင်းတင်တို့က ထောင်ထဲမှာ အသက်ကလေးကို ရှင်အောင်မွေးနေရ၏။

ထောင်အာဏာပိုင်ဘက်က သဘောထားကတော့ မည်မျှရက်စက်ပါသနည်း။

''မင်းတို့ကောင်တွေ သေချင်သလောက်သေကြစမ်း။ အသေတော့ မစိပ်စေနဲ့''

အသေမစိပ်စေနှင့်။ စေတနာထားပုံများ။ သေချင်သလောက် သေကြစမ်းတဲ့။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.