25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၃၄

၁၉၉၁၊ မိုးအကုန်။ ဆောင်းနီးလုပြီ။

ငွေလသာသောည။

မှန်သည်။ ငွေလသာသောည။

အပြင်မှာ လသာသည်။ ထောင်၏အထူးဆောင်ထဲသို့ မူလရောင်ခြည်က တိုးဝင်မလာခဲ့ပါ။ ထောင်ထဲက လူတွေအဖို့တော့ ငွေလကို စိတ်နှင့်သာခံစားရ၏။ လကို မမြင်ရ။ စိတ်ထဲကမူလကို အေးမြသည်ဟု ခံစားနေရ၏။

လသာနေသည်။

စိတ်ကသိသည်။

စိတ်ထဲက အေးမြနေသည်။

တိုက် ၅ ထဲက သီချင်းသံထွက် လာ၏။ ပြည်သူ့တိုးတက်ရေး ပါတီ၏ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏ သီချင်းသံ။ ဝင်းတင် ခံစားရသည်။ ဝင်းတင်၏ မိတ်ဆွေဖြစ်သည်။

''ကိုခင်မောင်မြင့်က အဆိုကောင်းတာပေါ့။  တေးသံရှင်ကိုသန်းလှိုင်ရဲ့ အစ်ကိုပဲလေ''

ဝင်းတင် စိတ်ထဲကနေပြောသည်။

ဦးခင်မောင်မြင့်၏ တေးသံမှာ ဝင်းတင်သည် ကြည်နူးဆွတ်ပျံ့နေ၏။

ခက်ထန်ကြမ်းတမ်းသော၊ မီးကဲ့သို့ ပူလောင်သော၊ ငရဲဆန်သော ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားများသည် ပိတ်လှောင်ခံနေကြရ၏။

အပြင်လောကမှာ လသာနေသည်။

အပြင်လောကမှာ ဆောင်းရောက်တော့မည်။

ထောင်ထဲမှာ သတ္တိကောင်းသော နိုင်ငံရေးသမားကြီးတစ်ဦးဖြစ် သူကသီချင်းဆိုနေသည်။ ကျောင်း သားဘဝကတည်းက နိုင်ငံရေးလုပ်ခဲ့သူ။ ထောင်ကျ၊ ကိုကိုးကျွန်းရောက်၊ အခုထောင်ပြန်ကျ။ တိုက် ၅ ထဲမှာ ပိတ်လှောင်ခံနေရ။ အသက်ကလည်း ကြီးပြီ။ သို့သော်သူသည် သီချင်းကို လှိုက်လှဲစွာ သီဆိုနေ၏။ သူ့သီချင်း သံသည် ငွေလရောင်ထဲမှာ၊ ငွေနှင်း မှုန်ထဲမှာ စီးမျောနေသည်။ ဝင်းတင်၏ စိတ်သည်လည်း ဦးခင်မောင်မြင့် ၏ သီချင်းနှင့်အတူ ငွေနှင်း လရောင် ထဲမှာ စီးဆင်းနေ၏။

တိုက် ၂ ထဲက သီချင်းသံထွက် ပေါ်လာသည်။

ဝင်းတင်သိသည်။

''ဒါ ဇာဂနာရဲ့ သီချင်းသံ''

ဦးခင်မောင်မြင့်က ဟောင်းသော သီချင်းကို သီဆိုသည်။

ဇာဂနာက ဒီဘက်ခေတ်သီချင်း ကို သီဆိုသည်။ အပြိုင်ဆိုနေကြ၏။

''ဒိုင်း...ဒိုင်း...ဒိုင်း''

ဇာဂနာ၏ အခန်းခေါင်မိုးပေါ် သို့ ခဲများကျလာ၏။

''ဒိုင်း...ဒိုင်း...ဒိုင်း''

''ဟေ့-ဘယ်သူခဲနဲ့ပေါက်တာလဲ ကွ''

ဇာဂနာက အော်သည်။

''ဟေ့-ငါအနုပညာနဲ့ငါ သီချင်း ဆိုနေတာကွ။ မကျေနပ်ရင် လာပြော ငါရှင်းမယ်။ ငါ့အနုပညာကို မစော်ကားနဲ့ကွ''

ဇာဂနာ သီချင်းဆက်ဆို၏။                   ''ဒိုင်း...ဒိုင်း...ဒိုင်း''

ခဲများ ကျလာပြန်၏။

အထူးဆောင်ထဲတွင် တိုက်တစ်လုံးနှင့် အခြေစိုက်နေထိုင်သော ထောက်လှမ်းရေးက ငတိများရှိသည်။

သူတို့က ခဲနှင့်ပစ်ခြင်းဖြစ်၏။

''ဟေ့ ဘောင်းဘီဝတ်ထားတဲ့၊ သေနတ်ကိုင်ထားတဲ့ ဂန်ဒူးတွေ ခဲနဲ့မပေါက်နဲ့ကွ။ သတ္တိရှိရင် လူချင်းပြိုင် ရိုက်မယ်''

ဇာဂနာက ကုန်းအော်၏။

အခန်းတိုင်းက ဝင်ဆဲပေးကြ သည်။ ဇာဂနာနှင့်အတူ လိုက်ဆဲပေးကြ၏။

ဝိုင်းဆဲကြသည်။

ထောက်လှမ်းရေး ငတိတွေသည်  ခဲနှင့် ဆက်မထုကြတော့ပါ။

နောက်ညနေစောင်း။

ထောင်ပိတ်ပြီ။

ဦးခင်မောင်မြင့်က သီချင်း စတင်သီဆိုပြီ။

ဝင်းတင်သည် ဦးခင်မောင်မြင့် အသံကို ကျေနပ်စွာ နားထောင်နေ၏။

တစ်ခါက သူနှင့်ဦးခင်မောင်မြင့် သည် ထောင်ဝင်စာအတူ ထွက်ရ၏။

ထောင်ဝင်စာအခန်း မအားသေးသည့်အတွက် ဝင်းတင်နှင့် ဦးခင်မောင်မြင့်ကို နံဘေးက မြေကွက်လပ်ထဲသို့ ခဏပို့ထား၏။

ထောင်ဝန်ထမ်းကကြောင်ပြီး ပို့ထားလိုက်ခြင်းဖြစ်၏။ သတိလစ်ပြီး အတူထားခြင်း။ သူတို့နှစ်ယောက်မှာ စကားတွေ ပြော၍ မကုန်ကြတော့ပါ။

''ကိုဝင်းတင်ရယ်၊ ကျွန်တော်သေရင် ကျွန်တော့် အလောင်းပေါ်ကို ပြည်သူ့တိုးတက်ရေးပါတီရဲ့ အလံ အုပ်ပေးစမ်းပါဗျာ။ ကျွန်တော် ဒီစကားကို တင်တင်ကို မပြောရက်လို့  ခင်ဗျားကို မှာရတာ''

ဝင်းတင်သည် ဦးခင်မောင်မြင့် ကို ဖက်ပွေ့လိုက်၏။ ထောင်ဝင်စာ အခန်း၏နံဘေးက ထောင်တံတိုင်း အနီးက မြေကွက်လပ်ပေါ်မှာ ဖြစ် သည်။

ယခုတော့ သူ့သီချင်းသံကို ဝင်း တင်ကြားနေရ၏။ ဟော-ဇာဂနာသီ ချင်းဆိုပြီ။ နဂါးနီသီချင်းကိုကြားရ ပြီ။ ဟော-အခန်း ၃ က သီချင်းဆို ပြီ။

''မေမေ့ရဲ့ သားနိုင်တယ်။ အန္တရာယ်တွေရင်ဆိုင် ပွဲတိုင်း၊ မေမေ့ ရဲ့ သွေးတွေ သားလေးထဲ စီးဝင်နေ''

ကြိုးတိုက်ထဲက ကရင်လေးတွေ ကလည်း သီချင်းဆိုပြီ။

''တောင်ပေါ်သူကလေး အိပ် စက်နေရောမယ်''

ကရင်လေး ရစ်ကီက ဆို၏။

ကရင်လေး ဝင်းထူစောက ဆို၏။

''အာဏာရှင် ရာဇပလ္လင် သီချင်းဆိုပြီး အတင်းဖြိုမယ်''ဟု ဝင်းတင်က ကြုံးဝါး၏။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.