14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၃၂

၁၉၉၅။

ဇွန် ၁၉ သို့ ရောက်လျှင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၅ဝ ပြည့်မွေးနေ့။

၁၉၉၅ နှစ်ဆန်းကတည်းကပင်  ထောင်အတွင်းမှ နိုင်ငံရေး အကျဉ်းသားလူငယ်များသည်

''အမေစု

ရွှေရတု

သပြေနုဟေ့'' ဟု  အော်ဟစ် ပျော်ရွှင်နေကြသည်။

လူငယ်များ၏ အပျော်သည် ဝင်းတင်ထံသို့ ကူးစက်လာ၏။

ဝင်းတင်ကတော့ အော်ဟစ်ခြင်းကိုမလုပ်။ သူသည် လူကြီးတစ်ယောက်။ မည်သည့်လှုပ်ရှားမှုကို ပြုလုပ်ရမည်နည်းဟု သူတွေးသည်။

သူတစ်ရေးနိုးချိန်တွင် ထအော်လိုက်၏။

''အဝတ်စပေါ်မှာ သဝဏ်လွှာရေးမယ်ကွာ၊ သဝဏ်လွှာထဲမှာ ဇေယျတုနဲ့တူတဲ့ အောင်စိတ် အောင်မာန် အောင်သံတွေ ရေးမယ်ကွာ''

''ဘာအတွက်လဲ အဘ''

''ဒေါ်အောင်ဆန်းစုကြည် မွေး နေ့အတွက်ပေါ့ကွ။ ဇွန် ၁၉ အတွက်ပေါ့ကွ''

ထိုမနက်ကစ၍ သူတို့သည် ကြို တင်ပြင်ဆင်ကြတော့၏။

ရှပ်အင်္ကျီ ကျောဘက်အခြမ်းမျှရှိသော အဝတ်စများကို ရအောင် ကြိုးစားကြသည်။

ထောင်ဝန်ထမ်းကိုသာ အားကိုးကြရ၏။

ထိုအဝတ်ဖြူပေါ်မှာ ဘောပင်နှင့် ဆုတောင်းမေတ္တာစာသားကို  ရေးကြရမည်။ ဘောပင်များလိုသည်။

ဝန်ထမ်းကိုသာ အားကိုးကြရ ပြန်သည်။

ထောင်ထဲမှာ နိုင်ငံရေးအကျဉ်း သားများကို နားလည်စာနာသော ဝန်ထမ်းအချို့လည်းရှိတတ်၏။ ဝင်းတင်တို့က  စည်းရုံးရ၏။

ယူနီဘောပင်မရ။ မင်စိုမရ။ ဝန်ထမ်းသုံး  ဘောပင်ကိုတော့ရ၏။

''အေးကွာတွေ့ရာဘောပင်ရရာ ဘောပင်ကိုသာအမြန်ဆုံး သွင်းပေးပါတော့ ငါ့လူရာ''

အဝတ်စနှင့် ဘောပင်ကို နိုင်ငံရေး အကျဉ်းသားများရှိသော တိုက်အသီးသီးသို့ ပေးပို့ရ၏။

''ပွဲကြီးလမ်းကြီးတွေမှာရေးတဲ့ သဝဏ်လွှာလိုတော့ရေးလို့ မဖြစ်ဘူးကွနော်။ စာဝင်ပေမြောက် သဝဏ်လွှာ မဟုတ်ဘူး။ မင်္ဂလာ သြဘာစာလို တခမ်းတနားရေးလို့လည်း မဖြစ်ဘူး။ ကိုယ့်ရင်ဘတ်ထဲက ပြောချင်တဲ့စကား၊ ကိုယ်ပေးပို့ချင်တဲ့ သတင်းကို ဒီအဝတ်ဖြူစသေးသေးလေးတွေပေါ်ရေးပြီး ဒေါ်စုထံ ပေးပို့ရမှာဆိုတော့ တိုတိုရေးဖို့တော့လိုတယ်''

ဝင်းတင်က အမှာစကားပါးလိုက်၏။

အဝတ်ဖြူစ၊ ဘောပင်။ တိုက်အသီးသီးသို့ ရောက်ရှိသွားပါပြီ။

သို့သော် အကျဉ်းသားဆိုသည်မှာလည်း ထောင်အုတ်နံရံအတွင်းမှာ နေထိုင်ကြရသည်။ ရင်ဘတ်ထဲမှာ ခံစားချက်က အပြည့်အသိပ်။ နောက်ပြီး နိုင်ငံရေး ယုံကြည်ချက်ကြောင့် ရောက်ရှိလာရသော နိုင်ငံရေး အကျဉ်းသားများ မဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ဤအဝတ်စ သဝဏ်လွှာအဖြူသည်  သူမထံသို့ ရောက်တော့မည်ဟု တွေး ပြီး ရေးချင်သောအကြောင်းအရာ တွေကလည်းများလှပါ၏။  အဖြူရောင် အဝတ်စကဘောင်ရှိသည်။ အကန့်အသတ် ရှိသည်။ ထိုအကန့် အသတ် နယ်နိမိတ်ပေါ်မှာ ရင်ဘတ်ထဲက စာလုံးများကိုတင်ရ၏။

အန်တီ ကျန်းမာပါစေ

အန်တီ ချမ်းသာပါစေ

အန်တီ သက်တော်ရာကျော် ရှည်ပါစေ

ဆိုသော စာသား တိုတိုရေးသူ များလည်းရှိ၏။ အတန်တန်မှာ ကြားထားသည့်အကြားက စိတ်မထိန်းနိုင်ပဲ ရှည်လျားပြွတ်သိပ်သော စာသားများကို ရေးသူများလည်းရှိ၏။

အချို့ကတော့ စာသားကို မရေးကြ။ ရုပ်ပုံကိုရေးကြသည်။ ထောင်ရှုခင်းကို ရေးကြသည်။

ပန်းပွင့်၊ ထောင်နံရံ၊ ထောင်နယ် မြေအတွင်းက စေတီ၊ သစ်ပင်၊ မျှော်လင့်ချက် မြင်ကွင်းကျယ်။ နိုင်ငံရေး အကျဉ်းသား အသီးသီးသည် စိတ်ထဲ ရှိရာကို အဝတ်ဖြူစပေါ်မှာ ရေးကြတော့၏။   ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရေးနေကြရသည်။  ဤပိတ်စ အဖြူသည် သူတို့ လက်ရေးလေး တွေနှင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရောက်တော့မည်။ သူတို့သည် အတွေးနှင့် ပျော်နေကြ၏။ ရေးသားရင်း ပျော်နေကြ၏။

ဝင်းတင်ကတော့ သူ၏ ရည်ရွယ်ချက်ကို ရေးသားသည်။

စု-လွှတ်-တွေ့ကို စာ လေးငါးဆယ်ကြောင်းနှင့်  ပေါ်လွင်အောင်ရေးထည့်လိုက်သည်။

ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရေး။

၁၉၉ဝ၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာပြီး လွှတ်တော် အမြန်ဆုံးခေါ်ယူဖွဲ့ စည်းရေး။

ဒီမိုကရေစီ လိုလားသော အတိုက်အခံအင်အားစုများနှင့် နဝတ စစ်ကောင်စီတို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး။

ဝင်းတင်၏  စာအောက်မှာ အခန်းနီးချင်း နိုင်ငံရေးအကျဉ်းသားများက လက်မှတ်ဝိုင်းထိုးကြ၏။

ဝင်းတင်၏ အယူအဆသည်

ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရောက်ရှိရန်အရေးကြီး၏။ အမေရိကန်လွှတ်တော်အမတ် ဘီလ်ရစ်ချတ် ဆန်နှင့်လည်း မှာကြားလိုက်ပြီးဖြစ် သည်။

သပြေနုအဝတ်စပေါ်မှာမှ ဇေယျတု သဝဏ်စကားတွေ ရေးကြပြီးပြီ။

ထိုအဝတ်စအဖြူများကို ထောင်အပြင်သို့ ထုတ်ရန်လိုသည်။ အဝတ်စက စက္ကူထက်တော့ ထုတ်ရလွယ်ကူ သည်။ လူရင်း ဝန်ထမ်းက ကူညီသည်။

မည်သို့ပင်ဖြစ်စေ 'အမေစု ရွှေရတု သပြေနု ဇေယျတု' သဝဏ်လွှာသည် ထောင်၏ပြင်ပသို့ ရောက်ရှိသွားပါပြီ။

ထိုသဝဏ်လွှာသည် ဒေါ်အောင်ဆန်းစုကြည်၏ လက်ထဲသို့ရောက်ရန် ဝင်းတင်တို့က ကြိုးစားခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်၏ လက်ထဲသို့ ရောက်မရောက်တော့   ထောင်ထဲက ဝင်းတင်သည် ဧကန် ဧက မသိနိုင်ပါ။

''ဒေါ်စုလက်ထဲရောက်တာ မရောက်တာထက် နိုင်ငံရေးတစ်ခုကို လှုပ်ရှားမှုပုံသဏ္ဌာန်နဲ့ အကောင်အ ထည်ဖော်နိုင်ခဲ့တယ်။ အဲဒါကို ထောင်ထဲကနေ လုပ်နိုင်ခဲ့တယ်။ အဲဒါဟာတို့ရဲ့ အောင်မြင်မှုပါပဲ''

ဝင်းတင်က သူ၏ ရဲဘော်များကို ပြောသည်။

''နောင်လာမယ့် ထောင်တွင်းနိုင်ငံရေး လှုပ်ရှားမှုတိုင်းဟာ ဒီစု-လွှတ်-တွေ့ လှုပ်ရှားမှုမှာ မြစ်ဖျားခံပြီး စီးဆင်းသွားမှာပါ''

ဝင်းတင်က သူနှင့်နီးကပ်သော နိုင်ငံရေး အကျဉ်းသားများကို ထောင်ထဲမှာ ပြောပြ၏။

ထောင်ပုံစံခွက်ထဲတွင် မုန်တိုင်းများ ထန်နေခဲ့သည်။

 

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.