14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၃၀

''ကျွန်တော်တို့ အမျိုးသား ညီလာခံတစ်ခုကိုတော့ ကိုင်တွယ်မှဖြစ်လိမ့်မယ်။ ကျွန်တော်တို့ NLD ကနေ အမျိုးသား ညီလာခံတစ်ခု ခေါ်မှာကို ပြောထားသင့်တယ်။ ဒါ က ကြေညာချက်ထုတ်လို့ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ အဖွဲ့အစည်းအသံထက် ဒီစကားကို  ဒေါ်စုကနေပြီးတော့  ပြောသင့်တယ်။ ဒေါ်စု ကိုယ်တိုင်ကနေ ဒါကို ပြောသင့်တယ်။ အဲ့လို ကျွန်တော်ယူဆတယ်''

ဝင်းတင်က ဒေါ်အောင်ဆန်းစု ကြည်ကို ဆွေးနွေးသည်။

''ဟုတ်တယ်။ ကျွန်မလည်း ဒီလိုပဲ ယူဆတယ်။ ဆရာပြောတာ ကျွန်မ သဘောတူတယ်''

သန်လျင်၊ ခရမ်း၊ သုံးခွဘက်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့သည် အတူတူသွားရန်ရှိ၏။

''သန်လျင်မှာ ဟောပြောပွဲပြောရင်းနဲ့  ကျွန်မပြောမယ်။  အမျိုးသားညီလာခံတစ်ရပ် ကျင်းပရေးအတွက် ကျွန်မတို့မှာ ဆန္ဒရှိပါတယ်။ ကျွန်မတို့မှာ ဦးတည်ချက်ရှိပါတယ်။ ဒါကို ကျွန်မကပြောမယ်''

ဒေါ်အောင်ဆန်းစုကြည်က ဝင်း တင်ကို ပြောသည်။

သို့သော် ၁၉၈၈၊ ဒီဇင်ဘာ ၂၇ မနက် ၅ နာရီတွင်  ဒေါ်အောင်ဆန်းစုကြည်က ဝင်းတင်ဆီသို့ ဖုန်းဆက်သည်။

''ဆရာ၊ သန်လျင်ကို ဆရာပဲသွားလိုက်ပါတော့။ ဒီမှာ မေမေက အ သည်းအသန်ဖြစ်နေတယ်။ ကျွန်မထင်တယ်။ နာရီပိုင်းလောက်ပဲ မေမေ အသက်ရှင်နေတော့မယ် ထင်တယ်။ မေမေ့အခြေအနေက လုံးဝမကောင်းဘူး ဆရာ''

ဒေါ်ခင်ကြည်သည် သေငယ်ဇောတွင်  မျောနေလောက်သည်ဟု ဝင်းတင်က တွေး၏။

သို့သော်  နိုင်ငံရေးကိစ္စကလည်း အရေးကြီးနေပြန်သည်။

''ဒေါ်စုမသွားနိုင်ရင် ကျွန်တောပဲ သန်လျင်ကိုသွားပါ့မယ်။ အမျိုးသား ညီလာခံကိစ္စကိုတော့ ကျွန်တော်ပြောလို့ မကောင်းဘူးထင်တယ်။ အဲဒီကိစ္စက ဒေါ်စုလို ပုဂ္ဂိုလ်က ပြောမှကိုကောင်းမှာ''

''မဟုတ်ဘူး ဆရာ၊ ဆရာပဲ ပြောလိုက်ပါ။ ဆရာကလည်း ကျွန်မတို့ NLD မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒီကိစ္စကလည်းစောစောစီးစီးကြေညာပြီး သားဖြစ်မှကောင်းမှာ။ အချိန်က သိပ်မရှိဘူး ဆရာ''

''ဟုတ်ပြီလေ ဒေါ်စု။ ဒီကိစ္စကို ကျွန်တော် စကားဦးသမ်းတဲ့ သဘော လေး ကျွန်တော် ပြောခဲ့ပါမယ်။ ပါတီမှာ အရေးအကြီးဆုံးပုဂ္ဂိုလ်ကပဲ အပြည့်အစုံ ပြောစေချင်လို့ပါ။ ခေါင်း ဆောင်ကပဲ ပြောစေချင်တာပါ''

''ပြောပါဆရာ။ ပြည့်စုံအောင်သာ ပြောပါဆရာ။ အသိပေးရမှာပေါ့ ဆရာ''

ဒေါ်အောင်ဆန်းစုကြည်က ဝင်းတင်ကို တိုက်တွန်းသည်။

ဝင်းတင်နှင့် အဖွဲ့သားအချို့သည် သန်လျင်သို့ ထွက်ခဲ့ကြ၏။

သန်လျင်မှာ မြို့နယ်ပေါင်းစုံက ပါတီဝင်များက ရောက်လာကြ၏။ ဆွေးနွေးပွဲပြုလုပ်သည်။

''ကျွန်တော်တို့  NLD ပါတီရဲ့  ရှေ့လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ အမျိုးသား ညီလာခံကျင်းပရေးဆိုတဲ့  ကိစ္စလည်း ပါဝင်ပါတယ်''

ဝင်းတင်က ပြောသည်။

ဆွေးနွေးပွဲကို တက်ရောက်ကြသော မြို့နယ်အသီးသီးက ပါတီဝင်များကမူ ထိုအချက်ကို ဝင်းတင် မျှော်လင့်ထားသလောက်အထိတော့ အလေးအနက်မထားကြဟု ဝင်းတင်က ယူဆသည်။

ဝင်းတင်တို့သည် သန်လျင်၊ ခရမ်းသုံးခွက ပြန်လာခဲ့ကြသည်။

ဒေါ်ခင်ကြည်၏ ဈာပနက ဝင်းတင်ကို ကြိုဆိုနေ၏။

''မေမေရဲ့ ဈာပနဟာ အညတြမဆန်ချင်ဘူး ဆရာ။ သာမန်သုသာန်မှာ သာမန်သင်္ဂြိုဟ်တာမျိုးလည်း အဖြစ်မခံနိုင်ဘူး ဆရာ''

ဒေါ်အောင်ဆန်းစုကြည်သည် ဆုံးဖြတ်ပြီးလျှင် မဖြစ်ဖြစ်အောင် လုပ်ဆောင်တတ်သူဖြစ်၏။ ဒေါ်ခင်ကြည် ဈာပနအတွက် မြေကွက်နေရာကို အစိုးရထံမှ တောင်းဆို၏။

နောက်ဆုံးတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဦးသန့် ဂူဗိမာန်နယ်ကြား မြေကွက်လပ်ကို  အစိုးရက  ချပေးပါသည်။

''အဲဒီနေရာကို ကျွန်မသဘောတူတယ်''

ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

''ဂူဗိမာန်ကို  ဘယ်လိုတညဆောက်မလဲ ဒေါ်စု''

ဝင်းတင်က မေးသည်။

NLD ဗဟိုကော်မတီဝင် ဦးကျော်မင်းရှိသည်။ ဆရာတင်မိုးနှင့် ဆက်စပ်နေသော ဆရာရွှေရှိသည်။

''ဟုတ်ကဲ့ ဆရာ။ ဆရာတို့ကြိုက်တဲ့ ဗိသုကာတွေနဲ့တော့ လုပ်ကြပါ။ အခြေခံအားဖြင့် ကျွန်မဖြစ်ချင်တာလေး တစ်ခုတော့ ကျွန်မပြောပါရစေ။ ကျွန်မအိမ်အပေါ်ထပ်မှာ ဝရန်တာလေးရှိပါတယ်။ အင်းယားကန်ဘက်ကို မြင်ရတဲ့ ဝရန်တာလေးပါ။  မေမေဟာ ညနေပိုင်းကျရင်ဖြင့် အဲဒီအပေါ်ထပ်ဝရန်လေးမှာထိုင်ပြီး အင်းယားကန်ကို ငေးလေ့ရှိ တယ်။ ဒါမှမဟုတ် အဲဒီဝရန်တာမှာ မေမေထိုင်ပြီး တရားမှတ်နေတတ်တယ်။ အဲဒီဝရန်တာလေးပုံစံ ဂူဆောက်ချင်ပါတယ်ဆရာ။ အဲဒီ ဝရန်တာပုံစံကို အခြေခံပြီး ဗိသုကာပညာနဲ့ ဖန်တီးစေချင်တယ် ဆရာ''

ဒေါ်အောင်ဆန်းစုကြည်က ဝင်းတင်ကို  ပြောသည်။

ဝင်းတင်သည် ဒေါ်ခင်ကြည် ဈာပနကော်မတီ၏ အတွင်းရေးမှူး ဖြစ်ပါသည်။

''ဆရာ တစ်ခုတော့ ကျွန်မပြောရပါဦးမယ်။ အင်မတန်မှ အရေးကြီးလို့ပါ။ ကျွန်မအမေရဲ့ ဈာပနဟာ ကျွန်မနဲ့သာ အသက်ဆိုင်ဆုံးပါ။ အဓိက သက်ဆိုင်တာက ကျွန်မပဲ။ မေမေရဲ့ ဈာပနကို ပြည်သူ့ဈာပန ကော်မတီတို့ ဘာတို့တော့ ကျွန်မလက်မခံနိုင်ဘူး ဆရာ။ မေမေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်လို့ ပြည်သူနဲ့ သက်ဆိုင်တာတော့ မှန်ပါ တယ်။ ဒါပေမယ့် ကျွန်မစိတ်ကြိုက် မေမေ့ဈာပနဖြစ်ရမယ် ဆရာ''

ဒေါ်အောင်ဆန်းစုကြည်က ဝင်းတင်ကို ပြတ်သားစွာပြော၏။

ဝင်းတင်က ချင့်ချင့်ချိန်ချိန် စဉ်းစားရ၏။

''ဈာပနကြော်ငြာကိစ္စမှာတော့ ကျွန်တော်ကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီးလို့ပဲ ဖော်ပြချင်တယ်ဒေါ်စု''

''တပ်မတော်ဖခင်ကြီးဆိုရင်ကော ကိုဝင်းတင်''

ဈာပနကော်မတီဝင်တစ်ဦးက  ဝင်ပြော၏။

''အဲဒီ အသုံးအနှုန်းကို ကြော်ငြာမှာ ကျွန်တော် မသုံးချင်ဘူး။ တပ်မတော်က ဒီဈာပနမှာ ဝင်ရောက်ထိုးဖောက်လိမ်ယှက်လာတာမျိုး  ကျွန်တော် မလိုချင်ဘူး။ အမျိုးသား ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်လို့ပဲ ကျွန်တော် ဖော်ပြချင်တယ်''

ဝင်းတင်က ပြောသည်။

သို့သော် ထိုဈာပနတွင် တပ်မတော်က ဝင်ရောက်ကူညီမှုရှိလာသည်။  တပ်မတော်ဘက်က ဧည့်ခံမှုရှိသည်။ နို့ဆီ၊ သကြား၊ ကော်ဖီ တပ်မတော်က ကူညီသည်။ ကော်ဖီတိုက်သည်။ ကော်ဖီပန်းကန်တွင် တပ်မတော်ဟူသော စာလုံးပါလာ၏။

သို့သော် NLD  ပါတီဝင်ထဲမှာ တပ်မတော်ကို ခါးခါးသီးသီး မုန်းတီးသူများ ရှိ၏။

ကော်ဖီပန်းကန်ကိုကြည့်၏။

''ထွီ တပ်မတော်တဲ့။ ဒီကော်ဖီကို ငါတို့ မသောက်ဘူးကွာ''

တပ်မတော်စာတန်းပါ ကော်ဖီပန်းကန်ကို ချလွမ်ခနဲမြည်အောင်  ရိုက်ခွဲလိုက်ကြ၏။

ဝင်းတင်က ထိန်းရ၏။

''ဆရာ၊ ဖေဖေဟာ တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်တာကိုတော့ ကျွန်မလက်ခံတယ်နော်။ သတင်းစာကြော်ငြာမှာ ဆရာမထည့်ချင်တာတော့ ထားလိုက်ပါ။ တပ်မတော်က ဒီ ဈာပနအတွက် အကူအညီပေးမှုကို ကျွန်မတို့ဘက်က လက်ခံရမယ်ဆရာ။ ကျွန်မ လက်သင့်ခံတယ်။ အဲဒါ ကျွန်မပြောချင်တယ်''

ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်ခင်ကြည် ဈာပနတွင် ဦးနေဝင်း၏ လွမ်းသူ့ပန်းခွေလည်း ရောက်လာခဲ့၏။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.