16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကိုဂုဏ်ပြုခြင်း - ၂၈

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အဝင်ဝ လှေကားရှေ့တွင် ကျောက်စားပွဲရှိသည်။

ထိုကျောက်စားပွဲတွင် ဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည်ကို စတင်တွေ့ခဲ့ဖူး ခြင်းဖြစ်သည်။

စင်စစ်ဝင်းတင်သည် မောင်သော်က၊ မောင်မိုးသူတို့နှင့်ယှဉ်လျှင် ဒေါ်အောင်ဆန်းစုကြည်ကို အသိအကျွမ်းဖြစ်မှု နောက်ကျခဲ့ပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ဝင်းတင်အပေါ် အထူးအလေးအနက် အာရုံကျမိသည်။ ဝင်းတင်၏ တည်ကြည်ဖြောင့်မတ်မှု၊ သတ္တိကောင်းမှု၊  ခေါင်းမာမှု၊ ဆင်ခြင် သုံးသပ်နိုင်စွမ်းအားကောင်းမှု၊ သစ္စာရှိမှုတို့ကို ဒေါ်အောင်ဆန်းစုကြည်က  သဘောကျသည်။ အမှတ်ပေးထား၏။

တကယ့်တကယ်တွင်လည်း ဝင်းတင်သည် NLD  စတင်ဖွဲ့စည်း ကတည်းက အရေးပါသော ပုဂ္ဂိုလ်အဖြစ် ပါဝင်ခဲ့သည်။ အချို့က NLD တွင် ပါဝင်လှုပ်ရှားရင်း ထောင်ကျ သွားတာမျိုးရှိသည်။ ထိုသူသည် ထောင်က လွတ်လာသောအခါ NLD ဘက်သို့ ခြေဦးလုံးဝမလှည့်တော့ပါ။ခပ်ရှောင်ရှောင်နေလိုက်၏။ ထောင်ထပ်ကျမှာကို ကြောက်သောကြောင့် ဖြစ်သည်။ အကျဉ်းအကျပ်ကာလမှာဖြစ်သည်။ ထိုသူမျိုးသည် NLD လွတ်လပ်လာသောအခါ အခွင့်အလမ်း  သာလာသောအခါ NLD သို့ ပြန် လည်ချဉ်းကပ်လာတတ်၏။

ဝင်းတင်သည် ထိုကဲ့သို့သော လူမျိုးမဟုတ်ပါ။ မည်မျှခက်ခဲကြမ်းတမ်းပါစေ၊ မည်မျှ  အန္တရာယ်ကြီးပါစေ၊ ဝင်းတင်သည် သေဆုံးသည်အထိ NLD  နှင့် အတူရှိခဲ့သည်။

၁၉၈၈၊ သြဂုတ်လ၏ နောက်ဆုံး ရက်သတ္တပတ်အတွင်းမှ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်း ပြောဆိုရန် လူထုစည်းဝေးပွဲကြီးကို စီစဉ်ခဲ့သူမှာ ဝင်းတင်ဖြစ်သည်။ စိတ် ကူးစတင်ရရှိခဲ့သူမှာလည်း ဝင်းတင်ဖြစ်သည်။ ဝင်းတင်သည် သူ့မိတ်ဆွေများကို တိုင်ပင်သည်။

''ကိုယ်တို့ စာနယ်ဇင်းအဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လူထုဟောပြောပွဲကြီး လုပ်ပေးကြရအောင်''

''ဘယ်နေရာမှာ လုပ်ကြရင် ကောင်းမလဲ ကိုဝင်းတင်''

''သိမ်ဖြူကွင်းလို့ စိတ်ကူးထားတယ်''

''မိုးတွေကလည်း ကောင်းတယ် ကိုဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးက အရေးကြီးတယ်။ သိမ်ဖြူကွင်းထဲမှာ ရွှံ့နွံ့တွေ ဘယ်လောက်များနေလဲ အရင်ကြည့်ကြရ မယ်။ သန့်ရှင်းရေးလုပ်ရမယ်။ ရန်ကုန်တစ်မြို့နယ်လုံးက ရောက်လာအောင်လည်း ကျွန်တော်တို့ စာနယ်ဇင်းက အကြောင်းကြားနိုင်ရမယ်''

စာရေးဆရာ မောင်မိုးသူ

စာရေးဆရာ မောင်သော်က

ကိုမျိုးမြင့်ငြိမ်း

ပန်းချီ ကိုမျိုးမြင့်

သူတို့တွေ စီစဉ်ဆောင်ရွက်ကြ၏။

လော်စပီကာ

ဆောင်းဘောက်

ဆိုင်းဘုတ်

အရေးကြီးသည်

ဖိတ်စာများ ရိုက်ကြသည်။

စင်ကြီးဟည်းအောင် ထိုးကြရမည်။

ဘားလမ်း၊ စံပယ်ဦး ဦးတင်စိုး၏အခန်း။ ဝင်းတင်တို့ အခြေချထား၏။

ဝင်းတင်သည် ထမင်းထွက်စား၏။ မီးသတ်ဘေးနားက  ချစ်တီးထမင်းဆိုင်ကြီးမှာ။

''ပဲဟင်း ရွှဲနေအောင် ဆမ်းကွာ''

ဝင်းတင်သည် ချစ်တီးထမင်းကို ကြိုက်သည်။ တိုရှည်ကိုကြိုက်၏။

''ဟေး စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပြီတဲ့။ ပျော်လိုက်တာ''

ရန်ကုန်မှာ ထိုအသံက ပျံ့နှံ့သွား၏။

''စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီဟေ့''

ရန်ကုန်နေ ပြည်သူလူထုသည် ပျော်ရွှင်သွားကြ၏။

လူတို့သည် အော်ကြဟစ်ကြသည်။

''ဟေး''

မြို့တော်ခန်းမမှာ စစ်တပ်က တပ်စွဲထားသည်။

မြို့တော်ခန်းမရှေ့က ပလက်ဖောင်းပေါ်မှာလည်း လူတွေက  ရောက်နေကြပြီ။

ဝင်းတင်သည် ချစ်တီးထမင်း ဆိုင်မှထလာသည်။

လူတွေက မည်သို့ ပြုမူနေသနည်း။

မည်သို့ တုံ့ပြန်သနည်း။

သူကြည့်လို၏။

အရေးတော်ပုံကာလအတွင်း မှာ စစ်တပ်က လူသတ်ခဲ့သည်။

စစ်တပ်က ပစ်သတ်ခဲ့၍ သေဆုံးရသော ပြည်သူအရေအတွက်သည် မနည်းလှပါ။

အခုတော့ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပြီ။

စစ်သားများသည် သေနတ်များကို သိမ်းဆည်းနေကြ၏။ လက်နက် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းကြ၏။ သံဆူးကြိုးများကို သိမ်းသည်။

ပြည်သူက စစ်သားများကို မုန့်များ၊ ငှက်ပျောသီးများ ပစ်ပေးနေသည်။

ပြည်သူက စစ်တပ်ကို စီး ကရက်ဘူးများ ကမ်းနေကြ၏။

အဘယ်မျှ ကြည်နူးဖွယ်ရာ ကောင်းသနည်း။

စစ်သားများကလည်း ပြန်လည်နှုတ်ဆက်သည်။

စစ်သားနှင့်ပြည်သူ။

ပြည်သူနှင့်စစ်သား။

တိုက်ခိုက်ရန် အကြောင်းမရှိ။

ရန်သူများ မဟုတ်ကြပါ။

စစ်အာဏာရှင် ယန္တရားကို မောင်းနှင်နေသော စစ်ဗိုလ်ချုပ်ကြီးများ၏ အလိုအတိုင်းသာလျှင် စစ်သားများက လုပ်ဆောင်ကြရ၏။

ပစ်ဆိုလျှင် ပစ်ရသည်။

သတ်ဆိုလျှင် သတ်ရသည်။

အပြစ်မဲ့သော ပြည်သူလူထုသည် ထမင်းငတ်၍ အစိုးရကို ဆန္ဒပြသည်။

စစ်ဗိုလ်ချုပ်များက

''ဆူတဲ့ကောင်တွေ အကုန်ပစ်သတ်'' ဟု အမိန့်ပေးသည်။

ထို့ကြောင့် စစ်သားက ပြည်သူကို သေနတ်ဖြင့် ပစ်သတ်ရသည်။

အခု စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းသွားပြီ။

ပြည်သူသည် စိတ်မနာဘဲ စစ်သားများကို မုန့်များပေးနေကြ၏။

''ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုဟောပြောပွဲကို နေရာပြန်ရွေးကြရမယ်''

ဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းထဲမှာ ဟောပြောပွဲအတွက် နေရာရွေးချယ်ရန် ဆွေးနွေးတိုင်ပင်၏။

''ရွှေတိဂုံဘုရားအနောက်ဘက် မုခ်မှာ လူထုဟောပြောပွဲလုပ်ရင် ကောင်းတယ်''

သခင်အုန်းမြင့်က အကြံပြု၏။

သခင်အုန်းမြင့်သည် ၁၉၈၈ က ဒေါ်အောင်ဆန်းစုကြည်၏ အနီးတွင်ရှိနေ၏။ ကျောင်းသားများလည်း ခြံထဲမှာရှိနေကြ၏။

၁၉၈၈၊ သြဂုတ်လ  ၂၆ ရက်နေ့တွင် ရွှေတိဂုံအနောက်မုခ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို မိန့်ခွန်းပြော၏။

မနက် ၉ နာရီကျော်ကျော်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောသည်။

ခြောက်သိန်းနှင့်အထက် တက်ရောက်လာကြသော လူထုပရိသတ်ကြီးဖြစ်သည်။ ကားလမ်းပိတ်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည် မရောက်လာမီတွင် စင်မြင့်ပေါ်၌ ရုပ် ရှင်မင်းသားကြီးထွန်းဝေ ပရိသတ်ကိုထိန်းပေးထား၏။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ရန်ကုန်လူထုက တစ်ခဲနက် ထောက်ခံလိုက်ကြ၏။

''ကျွန်တော်တို့ ဒီမိုကရေစီ အရေးမှာ  ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ပဲ၊ သူမှလွဲပြီး အခြားမရှိတော့ဘူး''

ဝင်းတင်က သူ့မိတ်ဆွေများကို ပြောလိုက်၏။

 

မောင်ကိုကို (အမရပူရ)

(ဆက်ရန်)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.