16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
စာပေလောက အတွေ့အကြုံများ ဆရာကြီးပါရဂူနှင့် တွေ့ဆုံခင်မင်ရင်းနှီးခဲ့စဉ်က အမှတ်တရများ

(၁)

''တက္ကသိုလ်စိန်တင်ကို ပြောပြရဦးမယ်။ ကျွန်တော်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ မကြာမီက တွေ့ဆုံ ပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အကြောင်းပြောရင်း ကျွန်တော်နဲ့ ဒေါ်ခင်ကြည်တို့ နှစ်ဖက်မိဘဆွေမျိုး  တော်စပ်ပုံအကြောင်း စကားဝိုင်းဖွဲ့ ဖြစ်ကြတယ်''

ကွယ်လွန်သွားရှာပြီဖြစ်သော နိုင်ငံကျော် စာရေးဆရာကြီး ဆရာပါရဂူက ယခုအခါ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ ရိုက်ထားသည့် ဓာတ်ပုံကိုပြရင်း အထက်ပါ အတိုင်း ပြောနေလေသည်။

ထိုနေ့က ရန်ကုန်မြို့၊ ရွှေပေါက္ကံ မြို့သစ်ပါရဂူ-သျှန်တိနိကေတန် စာကြည့်တိုက်တွင် တက္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာရေး) တို့ ရောက်ရှိနေကြ၏။ နေ့စွဲမှာ ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇  နှစ်မြောက်မွေး နေ့ဖြစ်လေသည်။ စာရေးဆရာကြီးပါရဂူသည် သူ၏စာကြည့်တိုက်သို့ ရောက်ရှိနေကြသည့် စာရေးဆရာမကြီး ဒေါ်ကြွယ်ကြွယ်၊ အားမာန်သစ်စာပေမှ ဦးညိုမှိုင်းတို့အပြင် စာကြည့်တိုက် ရန်ပုံငွေအလှူငွေပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များရှေ့တွင် အထက်ပါ အတိုင်း ပြောဆိုနေခြင်းဖြစ်သည်။ ထိုနေ့က စာကြည့်တိုက် ရန်ပုံငွေအတွက် ငွေလှူဒါန်းဖြစ်သည့် အကြောင်းချင်းရာကို ပြောပြရဦးမည်။  စာကြည့်တိုက် ရန်ပုံငွေကျပ်တစ်သိန်း လှူဒါန်းရန် စကားစပ်မိကြသည်မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ ဓမ္မဗိမာန်တွင် ကျင်းပသော ဓမ္မစာပေပညာရှင်ကြီးများအား နှစ်စဉ်ကန်တော့နေကြဖြစ်သည့် အခမ်းအနားမှစတင်ခဲ့သည်။

(၂)

ဓမ္မစာပေများရေးသားပြုစု သည့် စာပေပညာရှင်ကြီးများအား ကန်တော့ပွဲကို စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာသူရဇော်၊ စာရေးဆရာမောင်ခေတ်ထွန်းတို့က ဦးဆောင်လျက် နှစ်စဉ်နှစ်တိုင်း ကျင်း ပမြဲဖြစ်သည်။ ထိုအခမ်းအနားတွင် တက္ကသိုလ်စိန်တင်က စာရေးဆရာ ကြီး ပါရဂူအား တွေ့ဆုံလျက်၊ လက်စုံမိုး၍ ဦးချကန်တော့စဉ် ဆရာကြီးပါရဂူက ရယ်မောလျက် ဤသို့ပြောလေသည်။

''တက္ကသိုလ်စိန်တင် ကန်တော့ တာကလည်း လက်ချည်းပဲလား''

တက္ကသိုလ်စိန်တင်က ဆရာကြီးပါရဂူကို ဦးသုံးကြိမ်ချကန်တော့ပြီးနောက် ဤသို့ပြန်လည်ပြောဆိုလေသည်။

''ယခုတော့ လက်ချည်းပဲပေါ့ ဆရာ။ ဆရာကြီး ပါရဂူ စာကြည့်တိုက်ကို တက္ကသိုလ်စိန်တင်နဲ့ စိမ့် (ပညာရေး) တို့က ငွေကျပ်တစ်သိန်း လှူဖို့ရှိပါတယ်''

ဆရာကြီး ပါရဂူက ပြန်မေး၏။

''ဟုတ်လား၊ ကောင်းတာပေါ့ဗျ။  ဘယ်တော့လာလှူမှာတုံး''

တက္ကသိုလ်စိန်တင်က ''ဒီနှစ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ ဖေဖော် ဝါရီလ ၁၃ ရက်မှာ လာရောက်လှူ ဒါန်းမှာပါ ဆရာ''

ဆရာကြီး ပါရဂူက ''ကောင်းတယ်၊ ကောင်းတယ်။ အဲ့ဒီနေ့ကျရင် အနီးအနားက စာရေးဆရာတွေ လည်း ဖိတ်ထားပေးမယ်။ အကျွေး အမွေးဧည့်ခံတာပါ ပါသေးလား''

တက္ကသိုလ်စိန်တင် -  ''ဆရာတို့ စာကြည့်တိုက်နားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်က မုန့်နဲ့ လက်ဖက်ရည်မှာ ယူပြီး ဧည့်ခံပါ့မယ်ဆရာ''

ထိုစဉ်က ဆရာကြီးပါရဂူကို အသိပေးပြောကြားထားခဲ့သည့်အတိုင်း ဆရာကြီးပါရဂူ ဦးဆောင်သော စာကြည့်တိုက် ရန်ပုံငွေ အလှူပွဲနေ့မှာ ဧည့်ပရိသတ်များစွာဖြင့် စည်စည် ကားကားဖြစ်သွားခဲ့လေသည်။

 တက္ကသိုလ်စိန်တင်က ဒေါ်အောင်ဆန်းစုကြည့်နှင့် ဆရာ ပါရဂူအတူ ရိုက်ထားသော ဓာတ်ပုံကို လက်ကိုင်ဖုန်းကင်မရာဖြင့် ရိုက် ကူးယူရန် အကြံအစည်ရှိခဲ့သေးသည်။ ဆရာကြီးပါရဂူက ထိုဓာတ် ပုံလေးကို အချိန်မီ ပြန်သိမ်းသွား၏။ ထို့ပြင်လည်း ဤသို့ ပြောလိုက်ပါသေး သည်။

''ဒီဓာတ်ပုံအကြောင်းကို သိုသိုသိပ်သိပ်လုပ်နော် တက္ကသိုလ်စိန်တင်။ နိုင်ငံရေး အခြေအနေတွေက ဘာဖြစ်လာမလဲဆိုတာ ကံသေ ကံမ မပြောပြနိုင်သေးဘူး''

ဆရာကြီး ပါရဂူပြောတာမှန်ပါပေသည်။ ထိုအချိန်ထိုကာလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုနှစ် ဧပြီလ (၁) ရက်တွင် ကျင်းပမည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲသို့ ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိနေပြီး ထိုစဉ်က အာဏာရနိုင်ငံရေးပါတီကြီး၏ အနှောင့်အယှက်၊ အထိုးအနှက်၊ အဖျက်အဆီးများကလည်း ဟိုနယ်ဒီနယ်တွေမှာ များစွာမှများစွာ ကြားသိနေရသော (ဆိုကြပါစို့)  ညီအစ်ကို မသိတသိ အချိန်ပင်တည်း။

ထိုနေ့မှာ ငွေကျပ်တစ်သိန်းဖြင့် စာရေးဆရာကြီး ပါရဂူ၏လက်သို့ အပ်နှံလျက် စာကြည့်တိုက် ရန်ပုံငွေအတွက် လှူဒါန်းပါကြောင်း ပြောဆိုပြီး လက်စုံမိုး၍ ရှစ်ခိုးဦးချကန်တော့ခဲ့ ရသည့် အတွေ့အကြုံကို ယနေ့တိုင် မမေ့နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆရာကြီး ပါရဂူစာကြည့်တိုက်သို့ သွားရောက်ငွေလှူဒါန်းပြီး တစ်လ ကျော်မျှအကြာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် စာရေးဆရာကြီးပါရဂူသည် အသက် (၉ဝ) အရွယ်တွင် ကွယ်လွန်သွားခဲ့သည်ဖြစ်သောကြောင့် တည်း။

(၃)

ဤစာရေးသူ တက္ကသိုလ်စိန်တင်နှင့် စာရေးဆရာကြီး ပါရဂူတို့ စတင်သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်း ၄ဝ ကျော်ခန့် ကြာမြင့်ခဲ့သည်။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ် ၅ ၊ လမ်း ၁ဝဝ ရှိ နှလုံးလှ စာပေတိုက်တွင် ၁၉၇ဝ ခုနှစ်ခန့်က ဆရာကြီးပါရဂူနှင့် စတင်တွေ့ရှိရင်း နှီးခင်မင်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က တက္ကသိုလ်စိန်တင်သည် အိုးဝေဂျာနယ်တိုက်မှ အယ်ဒီတာအဖြစ် ဆောင်ရွက်နေစဉ် စာပေ စိစစ်ရေးနှင့် ပတ်သက်သော ကိစ္စတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့၏။ ဦးချစ်အောင် ခေါင်းဆောင်သည့် နှလုံးလှစာပေတိုက်တွင် ''နန်းကျဘုရင်သီပေါ''၊ ''အကျဉ်းခံသီပေါ'' ဘာသာပြန် စာအုပ်များဖြင့် မြန်မာ စာပေလောကသို့ ပြန်လည်တိုးဝင်နိုင်ရန် ကြံစည်ကြိုးကုတ် အားထုတ်နေ ဆဲဖြစ်သည်။ ထိုအချိန်က နှလုံးလှစာပေတိုက်တွင် ဆရာကြီးပါရဂူ ဆရာကြီးလင်းယုန်မောင်မောင်၊ ဆရာမောင်သိန်းဆိုင်၊ ဆရာဒေါက်တာမောင်မောင်ညို၊ ဆရာတင့်ဆန်း၊ ဆရာလေးမြိုင် စသောနိုင်ငံကျော် စာရေးဆရာကြီးများနှင့် တွေ့ဆုံခင်မင်သိကျွမ်းခဲ့ဖူးသည်။

စာရေးဆရာဒေါက်တာမောင် မောင်ညိုမှာ ရန်ကုန်ဆေးတက္ကသိုလ် (၂)မှ ခန္ဓာဗေဒကထိကအဖြစ် တာဝန်ထမ်းဆောင်ရင်း နှလုံးလှ စာပေတိုက်မှ 'သိပံ္ပနည်းကျ အိမ်ထောင် သည်ဘဝ' စာအုပ်ဖြင့် အောင်ပွဲခံ နေစဉ်ဖြစ်သည်။

ဆရာကြီး လင်းယုန်မောင်မောင်မှာ 'ဟစ်တလာ အိုက်ခမန်း' စသော စာအုပ်များဖြင့် နာမည်ကြီးနေချိန်၊ စာရေးဆရာ မောင်သိန်းဆိုင်မှာ ရေနံ့သာခင်ခင်ကြီး ဝတ္ထုစာအုပ်ဖြင့် လျှမ်းလျှမ်းတောက်ဖြစ်နေဆဲ အချိန် ကာလပင်။

စာရေးဆရာကြီး ပါရဂူမှာမူ ''သိဒ္ဓတ္ထ၊ အမ္ဗပါလီ'' အပါအဝင် ဗုဒ္ဓစာခေတ်အကြောင်းအရာ စာအုပ် များစွာတို့ဖြင့် အောင်ပွဲခံလျက်ရှိနေပေသည်။

ထိုအချိန်က ဆရာကြီးပါရဂူနှင့် ဆရာလင်းယုန်မောင်မောင်၊ ပန်းချီစံ တိုးတို့ကို တက္ကသိုလ်စိန်တင်၏ ကား ကလေးဖြင့် ဘီယာရှာပုံတော်ဖွင့်ကာ ပျော်ခဲ့ရသည့်အကြောင်း ရေးသားခဲ့ဖူးပါသည်။

နောင်အခါတွင် တက္ကသိုလ်စိန် တင်သည် ဗဟန်းမြို့နယ်ရှိ စာပေစိစစ်ရေးရုံးသို့ သွားရင်း ငါးထပ်ကြီး ဘုရားလမ်းရှိ ဆရာကြီးပါရဂူ၏ အိမ်သို့ မကြာခဏရောက်ဖြစ်ခဲ့သည်။ ဆရာကြီး ပါရဂူနှင့် တွေ့သည့် အခါတိုင်း ဆရာကြီးက မိမိထက် အသက် ၁ဝ နှစ်ကျော်ငယ်သော တက္ကသိုလ်စိန်တင်ကို ''ခင်ဗျား ကျွန်တော်'' စသည်ဖြင့် အလွန်ယဉ် ယဉ်ကျေးကျေးသုံးစွဲပြောဆိုတတ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်သွားသောအခါ ရန်ကုန်မြို ကိုးမိုင်ခွဲ စစ်ထောက်လှမ်းရေး ခုနစ်တပ်ဖွဲ့က စာရေးဆရာကြီးပါရဂူကို လာရောက်ခေါ်ယူ၍ တစ်နေ့တာပတ်လုံး စစ်ဆေးမေးမြန်းခဲ့သည်။ ထိုစဉ်က စံပယ်ဦးစာပေတိုက်တွင် အနုပညာ ရှင်များ ဒီမိုကရေစီ တောင်းဆိုသော လက်မှတ်ရေးထိုးပွဲ၌ ဆရာကြီး ပါရဂူ လက်မှတ်ရေးထိုးသလားဟု စစ်ဆေးမေးမြန်း၏။ ဆရာကြီးပါရဂူက မိမိလက်မှတ်ရေးထိုးခဲ့ကြောင်း ပွင့်ပွင့် လင်းလင်းအစစ်ဆေးခံခဲ့သည်။

ထို့နောက် ဆက်လက်၍ ဟံသာဝတီဦးဝင်းတင်တို့အဖွဲ့နှင့် စာရေးဆရာများ အိမ်သို့  ဟံသာဝတီဦးဝင်း တင်နှင့်အတူ လိုက်လံစည်းရုံးလက် မှတ်ထိုးစဉ် ဆရာကြီးပါရဂူပါဝင် သလားဟု  စစ်ထောက်လှမ်းရေးက မေးမြန်းပြန်၏။ ဆရာပါရဂူက မိမိမပါဝင်ကြောင်း ရိုးသားစွာ ပြန်ဖြေခဲ့ သည်။ သို့သော် ထိုနေ့က တစ်ချိန်တည်းမှာပင် အခြားစာရေးဆရာကြီး တစ်ဦးကို စစ်မေးသည့်အခါ ဟံ သာဝတီ ဦးဝင်းတင်နှင့်အတူ စာရေးဆရာကြီး ပါရဂူလည်း မိမိတို့အဖွဲ့တွင်  ပါဝင်ကာ ဂျစ်ကားတစ်စီးဖြင့် အနုပညာရှင်များထံလိုက်လံလက်မှတ် ရေးထိုးခဲ့ကြောင်း အစစ်ခံခဲ့သည်။

စစ်ထောက်လှမ်းရေးက ထိုအကြောင်းကို သိသည့်အခါ စာရေးဆရာကြီးပါရဂူ မုသားပြောဆိုသည် ဟု ငြိုငြင်ကာ အိမ်ပြန်မပို့တော့ဘဲ  ကိုယ့်ဘာသာကိုယ် ပြန်တော့ဟု လွှတ်လိုက်သည်ဟုဆို၏။ စာရေးဆရာကြီးပါရဂူမှာ မျက်မှန်ထူထူနှင့် မှောင်မှောင်မည်းမည်းကာလ ခက်ခဲစွာဖြင့် အိမ်သို့ ပြန်လာရသည်ဟု  စာရေး ဆရာလင်းယုန်မောင်မောင်က တက္ကသိုလ်စိန်တင်နှင့် အားမာန် သစ် စာပေဦးညိုမှိုင်းတို့ကို ပြန်ပြော သည်။

(၄)

၁၉၈၈၊ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးဆုံးသွားပြီးနောက် ဤစာရေးသူ တက္ကသိုလ်စိန်တင် ထုတ်ဝေသော 'ဒေါင်းမြန်မာ ဂျာနယ်'တွင် ဆောင်းပါးတစ်ပုဒ်၌ ၁၉၉ဝ ပါတီစုံ ဒီမိုကရေစီရွေး ကောက်ပွဲ အရွေးချယ်ခံမည့်  ကဗျာဆရာကြီး မင်းသုဝဏ်၏ ဓာတ်ပုံကို ပုံနှိပ်ဖော်ပြခဲ့၏။

စာပေစိစစ်ရေးဌာနက ကဗျာ ဆရာကြီးမင်းသုဝဏ်၏ ဓာတ်ပုံကို ငွေမင်သုတ်ဖော်ပြရမည်ဟု အမိန့် တော်ချ၏။  တက္ကသိုလ်စိန်တင် သည် ဒေါင်းမြန်မာဂျာနယ် အုပ်ရေ နှစ်ထောင်ကို ဗဟန်းမြို့နယ်၊ စာပေ စိစစ်ရေးရုံးရှေ့ရှိ သစ်ပင်ရိပ်တွင် ငွေမင်ဘူးနှင့် စုတ်တံကိုင်ကာ ဆရာကြီး မင်းသုဝဏ်၏  ဓာတ်ပုံကို ငွေမင်အုပ်၍ ဖျက်လေသည်။ ထိုခဏတွင် စာရေးဆရာကြီး ပါရဂူရောက်ရှိလာကာ ''တက္ကသိုလ်စိန် တင်ဘာတွေ အလုပ်များနေလဲ''ဟုမေး၏။  ဒေါင်းမြန်မာဂျာနယ်လက် ထောက် အယ်ဒီတာကိုလှမော်နှင့်အတူ ငွေမင်တစ်ဘူးဖြင့် အလုပ်ရှုပ်နေသော တက္ကသိုလ်စိန်တင်က  ''ဆရာကြီး မင်းသုဝဏ်ပုံ ဖျက်ပေးပါ ဆိုလို့ ငွေမင်သုတ်နေရတယ် ဆရာ ရေ''ဟု  ပြန်ပြော၏။

ဆရာကြီး ပါရဂူက ရယ်မောပြုံး ရွှင်စွာဖြင့် ''သြော်-ကိုယ့်လူဒုက္ခ ရောက်နေတာပဲ''ဟု ပြောကာ ထွက် ခွာသွား၏။ ဆရာကြီး ပါရဂူနှင့် တက္ကသိုလ်စိန်တင်တို့ အမေးအဖြေ လုပ်နေသည့်ကိစ္စမှာ ရာဇဝတ်မှုကြီး တစ်ခုဖြစ်ပွားလုနီးနီးကြုံခဲ့ရသည်။ ထိုအကြောင်းကို ကြားသိသွားသည့် စာပေစိစစ်ရေးရုံးမှ ဦးစီးအရာရှိတစ် ဦးက ''တက္ကသိုလ်စိန်တင်နှင့် စာရေးဆရာကြီး ပါရဂူတို့သည် စာရေးဆရာမင်းသုဝဏ်ဓာတ်ပုံကို ငွေမင်သုတ်သည့်ကိစ္စ စာပေစိစစ်ရေးဌာနကြီးကို ထိပါးပုတ်ခတ်ပြောဆိုနေပါ သည်''ဟု စာရေးပြီး ညွှန်ကြားရေး မှူးထံ တိုင်စာပို့၏။

ထိုစဉ်က ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကံမြင့်က ထိုတိုင်စာကို အရေးမယူဘဲနှင့် လျစ်လျူရှုခဲ့သောကြောင့်သာ တက္ကသိုလ်စိန်တင်နှင့် ဆရာကြီးပါရဂူတို့ အမှုအခင်းဖြစ်မည့် ဘေးမှဝေးကွာခဲ့ရသည်။

ယခုအခါတွင် လေးစားကြည်ညိုရသော နိုင်ငံကျော်စာရေးဆရာကြီး ပါရဂူ ကွယ်လွန်အနိစ္စရောက်သွားသည်မှာ ငါးနှစ်တင်းတင်းကျော်ခဲ့ပြီ။ သြော်-လွမ်းရပါသေးတော့ ဆရာ ပါရဂူရယ်။

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.