16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၂၇

၁၉၈၈၊ သြဂုတ်လ၊ အရေးတော် ပုံကာလမှာ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်း သည်။

စာနယ်ဇင်းသမဂ္ဂ ဥက္ကဋ္ဌမှာ မော်သော်က။

ဒုတိယဥက္ကဋ္ဌမှာ ဝင်းတင်။

အတွင်းရေးမှူးမှာ မောင်မိုးသူ။

တွဲဖက်အတွင်းရေးမှူးမှာ ဝင်းခက်။

''လေသူရဲတစ်ဦးက ကော်မတီထဲကနေပြီး မလုပ်နိုင်ဘူးဆိုပြီး ထွက် သွားတယ်''

ဝင်းတင်က ပြောသည်။

တစ်ရက်တွင် ဝင်းတင်၊ ဝင်းခက်၊  မောင်မိုးသူတို့သည် လျှို့ဝှက်အစည်း အဝေးတစ်ခုသို့တက်၏။

ဗိုလ်တထောင်ဆိပ်ကမ်းဘက်မှာ  ပြုလုပ်သည်။ အုတ်တံတိုင်းအကြီးကြီး။ သံတံခါးလေးရှိသည်။   ထိုသံတံခါးလေးကို  ဟပေးထား၏။

ဝင်းတင်၊ ဝင်းခက်၊ မောင်မိုးသူ။

အထဲသို့ ဝင်ခဲ့ကြ၏။

နှစ်ထပ်အဆောက်အအုံတစ်ခုထဲမှာ အစည်းအဝေးလုပ်ကြ၏။ သမဂ္ဂပေါင်းစုံ ပါဝင်သည်။

ဆွေးနွေးညှိနှိုင်းရေး။

လက်နက်ကိုင် တော်လှန်ရေး။

ဆွေးနွေးကြသည်။ ငြင်းခုံကြသည်။

အော်ဟစ်လာကြသည်။

ဓားဆွဲ၊ တုတ်ဆွဲ အဆင့်ထိရောက်အောင် ဒေါသကြီးသူများကိုလည်း ဝင်းတင်တွေ့ရ၏။

''တော်လှန်ရေးဆိုတာ ဒါမျိုးဖြစ်တတ်တာပါလား။ တော်လှန်ရေးတစ်ခုမှာ အားလုံးက ကြည်ညိုလေး စားတဲ့၊ ယုံကြည်တဲ့ ခေါင်းဆောင်ကောင်း လိုအပ်တာပဲလို့ ကျွန်တော်တွေးမိတယ် ကိုဝင်းခက်''

ဝင်းတင်က ပြောသည်။

''လူတွေမှာ အလေ့အကျင့်မရှိသေးဘူး ကိုဝင်းတင်ရေ။ တော်လှန်ရေးကို ဗြုန်းဒိုင်း ရင်ဆိုင်လိုက်ကြရတာ မဟုတ်ဘူး။ ဒီလိုညှိနှိုင်းရာမှာ အခက်အခဲရှိတတ်ပါတယ်။ သို့သော် အခြေခံစိတ်ဓာတ်၊ အခြေခံယုံကြည်မှုက တူညီကြပါတယ်။ ဘုံရန်သူက အတူတူပဲ။ အဲတော့ တော်လှန်ရေးမှာ ပါဝင်သူတွေဟာ လူတန်းစား မတူပေမယ့် ယုံကြည်မှုတူတော့ ညီညွတ်ရမှာပေါ့''

ဝင်းခက်က ပြောသည်။

ထိုအစည်းအဝေးကို ဝင်းတင်တို့က ထိန်းသိမ်းညှိနှိုင်းပေးနိုင်ခဲ့၏။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရရှိခဲ့ ကြ၏။

ဝင်းတင်၊ ဝင်းခက်၊ မောင်မိုးသူ တို့သည် သံတံခါးလေးမှ ပြန်ထွက်လာကြ၏။

ရန်ကုန်ဆေးရုံကြီးမှာလည်း သပိတ်ကော်မတီဖွဲ့သည့် ဒေါက်တာသက်မင်း၊ ဒေါက်တာတင်မျိုးဝင်းတို့ က ခေါင်းဆောင်၏။

ဝင်းတင်သည် ဒေါက်တာ သက်မင်း၊ ဒေါက်တာတင်မျိုးဝင်းတို့နှင့် အဆက်အသွယ်ပြု၏။

စာနယ်ဇင်းသမားတွေအတွက်  ဟောပြောရန် စင်မြင့်လိုအပ်သည်။

သရက်တော ကျောင်းတိုက်နှင့်နီးသော ဆေးရုံကြီးဝင်းအတွင်းမှာ ဟောပြောရန် စင်မြင့်တစ်ခုထောင် ၏။ နှလုံးရောဂါကုဌာန၏ အရှေ့မှာ ဖြစ်သည်။

ဝင်းခက်သည် စင်မြင့်ကို အကျအနပြုလုပ်၏။

''ကိုဝင်းတင်က စဟောပြောဗျာ''

''ဟာ-ကျွန်တော်က သိပ်မဟော ပြောတတ်ဘူး ကိုဝင်းခက်''

''ဘာပဲဖြစ်ဖြစ် ကိုဝင်းတင်က စဖွင့်လိုက်ပါဗျာ။ နောက်တော့ စာရေးဆရာထဲက ဟောသူပြောသူတွေ တက်လာကြမှာပါ''

ဝင်းတင်က ဆေးရုံကြီးအတွင်းက စင်မြင့်ထက်တွင် အဦးဆုံး တက်ပြောရ၏။

''လူတွေတက်ကြွအောင်၊ လူတွေစည်းလုံးအောင်၊ လူတွေအုံကြွအောင် ကျွန်တော် တက်ဟောတာပေါ့။ လော်စပီကာ မပါဘူးဗျ။ ကိုဝင်းခက်က မေ့သွားတယ်ထင်ပါတယ်။ အောက်မှာ ပရိသတ်ကြီးရှိတယ်။ လူတွေက ဆူနေကြတယ်။ ကျွန်တော်လည်း ဟောပြောတယ်။ ကျွန်တော့် အသံက မကျယ်ဘူး။ ပရိသတ်ကလည်း ကျွန်တော် ပြောတာကိုဘာမှ မကြားကြဘူးဗျာ၊ ဆူညံနေတာပဲ''

မည်သို့ပင်ဖြစ်စေ၊ ရန်ကုန်ဆေးရုံကြီး၊ နှလုံးရောဂါကုဌာန၏ အရှေ့ရှိ စာနယ်ဇင်းစင်မြင့်ထက်တွင် ဝင်းတင်က စတင်ဟောပြောခဲ့သည်။

ထို့နောက် စာရေးဆရာများသည် တစ်လှည့်စီ ဟောကြပြောကြ၏။  မောင်သော်ကလည်း ဟောပြော သည်။

''ကျွန်တော်တို့ရဲ့ စာနယ်ဇင်းစင်မြင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို  တင်ရရင်ကောင်းမယ်ထင်တယ်''

ဝင်းတင်က အဖွဲ့ကိုပြောသည်။

''ဟာ-ကောင်းတာပေါ့ ကိုဝင်းတင်။ ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်မယ်။ စာရေးဆရာတွေရဲ့ စင် မြင့်မှာ ဒေါ်အောင်ဆန်းစုကြည်ဟောမှ ပိုလှမယ်ဗျ''

အဖွဲ့က ထောက်ခံသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄ ခြံထဲမှာ စတင်လှုပ်ရှားနေပြီဖြစ်၏။

သူမသည် သပိတ်အဖွဲ့များနှင့် တွေ့ဆုံသည်။

သခင်အုန်းမြင့်သည် ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲမှာရှိနေ၏။ ကျောင်းသားအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲမှာ ရှိနေပြီ။

''ကိုမိုးသူရေ ဒေါ်စုကိုတော့ စာရေးဆရာစင်မြင့်မှာတင်ကြစို့။  ခင်ဗျားနဲ့ ကိုသော်က အဆက်အ သွယ်လုပ်ရင် ကောင်းမယ်ထင်တယ်''

''လုပ်ကြမယ် ကိုဝင်းတင်။ အမြန်ဆုံး လုပ်ကြမယ်''

အမှတ် ၅၄။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲမှာလည်း အစိုးရိမ်ကြီးသူအချို့က ရှိနေ၏။

မောင်မိုးသူ၊ မောင်သော်ကတို့ သည် ဆေးရုံဝင်းထဲက စာနယ်ဇင်းစင်မြင့်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် ဆွေးနွေးကြ၏။

''ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရရင် ဘယ့်နှယ်လုပ်မလဲ။ ခင်ဗျားတို့နေရာက လုံခြုံမှု ဘယ် လောက်အထိ တာဝန်ယူနိုင်မှာလဲ''

ခြံထဲမှ လူအချို့က ဝင်းတင်တို့၏ ကမ်းလှမ်းမှုကို လက်မခံ။

''အဲဒီ စာရေးဆရာ စင်မြင့်မှာ ကျွန်မဟောပြောမယ်''

ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းဆုံးဖြတ်ချက်ချကာ အဖြေပေးခဲ့၏။

သြဂုတ် ၂၄။

ရန်ကုန် ဆေးရုံကြီး။

ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ။

ဝင်းတင်၊ မောင်သော်က၊ မောင်မိုးသူတို့သည် ဒေါ်အောင်ဆန်း စုကြည်ကို ကားနှင့်သွားခေါ်ကြ၏။

ဝင်းတင်တို့သည် လမ်းမပေါ်မှာပိတ်နေသော လူထုကို ကားဖြင့် ခက်ခက်ခဲခဲ ထိုးဖောက်ဖြတ်သန်းလျက် ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ဆောင်လာခဲ့ကြ၏။

ဒေါ်အောင်ဆန်းစုကြည်၏  ပထမဆုံးအကြိမ် လူထုဟောပြောပွဲဖြစ်ပါသည်။

ဝင်းတင်က စီစဉ်ခဲ့သည်။

ဝင်းတင်ကိုယ်တိုင် ကားဖြင့်သွားခေါ်ပြီး ဝင်းတင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ခြံအမှတ် ၅၄ သို့ ပြန်ပို့ပေးခဲ့၏။

ထိုဟောပြောပွဲမှာ ဒေါ်အောင် ဆန်းစုကြည်သည် စကားများများ မပြောခဲ့ပါ။

''အားလုံး စည်းလုံးကြပါ

အားလုံး ညီညွတ်ကြပါ

အားလုံး စည်းကမ်းရှိကြပါ၊ စည်းကမ်းဟာ သိပ်ကိုအရေးကြီးပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဟောပြောခဲ့၏။

 

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.