16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၂၆

၁၉၈၈၊ သြဂုတ် ၈။

ဝင်းတင်သည် လက်ဆွဲအိတ် ကလေးကိုင်ပြီး ဖရေဇာလမ်းဘက်သို့ ထွက်ကြည့်၏။

လူတွေက လမ်းမပေါ်မှာ ချီ တက်လာကြပြီ။

        ဒို့အရေး

        ဒို့အရေး

        ဒို့အရေးတွေ အော်နေကြသည်။ မဆလအစိုးရ ပြုတ်ကျရေး။

အာဏာရှင်စနစ်ကျဆင်းရေး။ ဒီမိုကရေစီ ရရှိရေး။

        ဒို့အရေး

        ဒို့အရေး

        ဝင်းတင်သည် မောင်ဝံသကို  အိမ်ဝင်ပြီးခေါ်ခဲ့၏။

မောင်ဝံသ အိမ်က မြို့တော်ခန်းမနှင့် ဖရေဇာအကြားမှာ ရှိသည်။ နှစ်ယောက်အတူ လိုက်ကြည့်ကြ၏။

        ဒို့အရေး

        ဒို့အရေး

        ဒို့အရေး

        ကျောင်းသားများ

        အလုပ်သမားများ

        ပါဝင်သည်။

        အနော်ရထာလမ်းမပေါ်မှာ

        ဒို့အရေး

        ဒို့အရေး

''ကိုဝံသ ကျွန်တော်တော့ စိတ်ထဲ မရိုးမရွဖြစ်နေတယ်။ ခင်ဗျားနေချင်လည်း နေရစ်ခဲ့။ ကျွန်တော် တော့  ဒီလူအုပ်နဲ့ လိုက်သွားမယ်။  ကျွန်တော့်လက်ဆွဲအိတ်ကလေး ယူပြီး သိမ်းပေးထားဗျာ''

မောင်ဝံသက ဝင်းတင်၏ လက် ဆွဲအိတ်ကို ယူထားလိုက်၏။

ဝင်းတင်က လူအုပ်၏ အ နောက်ကနေ ကပ်လိုက်သွားသည်။

        ဒို့အရေး

        ဒို့အရေး

အတွင်းဝန်ရုံးသို့ ရောက်ပြီ။ စစ် သားများက ရှေ့မှာရှိနေ၏။

ဝင်းတင်သည် ဆရာကိုဝင်းခက် ၏ ပန်မဂ္ဂဇင်းတိုက်ထဲသို့ ဝင်လိုက်၏။

''ကိုဝင်းတင်ရေ အရေးတော်ပုံ ကတော့ စပြီဗျ''

''ဆက်လက်ပြီး အားကောင်းလာမှာ ကိုဝင်းတင်။ တစ်နိုင်ငံလုံး အုံကြွတော်လှန်လာကြမှာပါ''

သေနတ်ပစ်သံများ ကြားလိုက်ရ၏။

သေနတ်များ။

ဆက်ပစ်။

လေသူရဲတစ်ဦးက ဝင်းတင်ထံ သို့ ဖုန်းဆက်သည်။

''ကိုဝင်းတင်ရေ။ ကျွန်တော် မနက်ဖြန် ခင်ဗျားဆီလာခဲ့မယ်''

''လာခဲ့လေ ကိုလှဝင်း''

သြဂုတ် ၉၊ ၁၉၈၈။

ဦးလှဝင်းခေါ် လေသူရဲတစ်ဦးက ဝင်းတင်ဆီ ရောက်လာ၏။ နံနက်ပိုင်း။ လေးဘီးကလေးကို မောင်းလာ၏။

''ကိုဝင်းတင်ရေ။ လာ-လိုက် ကြည့်ကြမယ်ဗျာ''

''အေးဗျ ကိုလှဝင်း၊ ကြည့်တာတော့ ဟုတ်တယ်။ နှစ်ယောက်တည်းဆိုတော့ လူနည်းလွန်းပါတယ်။  ကိုဝင်းခက်လည်း ခေါ်မယ်ဗျာ''

''ခေါ်လေ ကိုဝင်းတင်၊ ကိုဝင်း ခက်နဲ့ ကျွန်တော်လည်း ခင်နေကြတာပဲ။ အခြေအနေက ဘာမှန်း မသိဘူး။ ကိုယ့်ဘက်က လူများတာ ကောင်းပါတယ်''

လေသူရဲတစ်ဦး။

ဝင်းတင်။

ကိုဝင်းခက်နဲ့ သူ့ရဲဘော်။

လေးဘီးကလေး တစ်စီးနှင့်။

လျှောက်ကြည့်ကြမည်။

ပုဇွန်တောင်ဘက်။

တာမွေဘက်၊ ပြီးတော့ ကြည့် မြင်တိုင်။

ညနေစောင်းမှာ မြို့ကြီးသည် တိတ်ဆိတ်သွား၏။ ဆိုင်များလည်း ပိတ်သွားကြသည်။

နောက်ရက်တွင် ရန်ကုန်မြို့ကြီး တစ်ခုလုံးမှာ ဆန္ဒပြသူများဖြင့် ပြည့်လာ၏။

ဝင်းတင်၊ လေသူရဲတစ်ဦး၊ ကိုဝင်းခက်။

လေးဘီးကလေးနှင့် နေ့တိုင်း လိုက်ကြည့်ကြ၏။

ကျောင်းသားများက ပိုစတာများ ကပ်ကြသည်။

လူပေါင်းများစွာသည် အရေးတော်ပုံတွင် ပါဝင်ပူးပေါင်းလာကြ၏။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးပြင်ပ လူနာဌာန တစ်ဝိုက်မှာစာတွေလည်း ရဲပတောင်းထအောင် ကပ်ထားကြ၏။ ကျောင်းသားက ကပ်သည်။ အလုပ်သမားကကပ်သည်။ အရပ် သားကလည်းကပ်သည်။ ခံစားချက်များကို ဖော်ထုတ်ပြ၏။

အရေးတော်ပုံ

အောင်ရမည်။

ဝင်းတင်တို့သည် တစ်ရက်တွင် စာရေးဆရာမောင်သော်က အိမ်သို့ဝင်၏။ ကြည့်မြင်တိုင်၊ စလင်းကွင်း နှင့် မျက်နှာချင်းဆိုင်၊ နံနက် ဆယ် နာရီခွဲပြီ၊ မောင်သော်ကကို အဆင်သင့်တွေ့၏။

''ကိုသော်ကရေ၊ ကျွန်တော်တို့ စာရေးဆရာအဖွဲ့လည်း စာလေးဘာလေးထုတ်ပြီး လမ်းပေါ်ထွက်သင့် ထွက်ရမယ်ဗျ''

''ဟာ-ထွက်ရမှာပေါ့''

မောင်သော်က ကတက်ကြွသည်။

''မောင်ကိုယုတို့၊ ဒေါ်မြင့်မြင့် ခင်တို့လည်း ရှေ့နေအဖွဲ့ကို ဖွဲ့ထား ပြီးပြီဗျ''

''အဖွဲ့အသီးသီးက လမ်းပေါ်ထွက်လာကြမှာပါ''

''ကျွန်တော်တို့ ဆရာကြီးသမား ကြီးတွေ အိမ်ကိုလည်းသွားပြီး စည်းရုံးရမယ်''

ဝင်းတင်တို့သည် ဆရာမင်းသုဝဏ်၏ အိမ်သို့ရောက်၏။

''ဆရာကြီး ဒီလိုတော့ရှိတယ်။ ကျွန်တော် ဆရာကြီးရဲ့ လက်မှတ်ထိုးလေးလာယူတာပါ။ ကျွန်တော်တို့ သဘောထားတွေလည်း ထုတ်ပြန် မယ်။ ဆရာကြီး လက်မှတ်ထိုးပေးပဦး''

''ပါတာတော့ ပါရမှာပေါ့ဗျာ။ ကျွန်တော့် အမျိုးသမီးတော့ တိုင်ပင်ပါရစေဦး''

ဆရာကြီး မင်းသုဝဏ်သည် နောက်ဘက်သို့ ဝင်သွား၏။

စကားပြောပြသံ ကြားရသည်။

ဆရာကြီး မင်းသုဝဏ်ထွက်လာ သည်။

''ကိုဝင်းတင်ရေ၊ ကျွန်တော် လက်မှတ်ထိုးလိုက်ပါပြီနော်''

''ဟုတ်ကဲ့ ဆရာ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း ဆရာ တို့ကို ဦးထိပ်ထားပြီး တိုင်ပင်လုပ် ဆောင်ကြမှာပါ''

ဝင်းတင်နှင့် အဖွဲ့သည် ဆရာမ ကြီး ဒေါ်ခင်မျိုးချစ်တို့၊ ဆရာကြီး ဦးခင်မောင်လတ်တို့ အိမ်သို့ ရောက် ကြ၏။

''ဆရာမ၊ ကျွန်တော်တို့ စာရေးဆရာ အဖွဲ့ဖွဲ့ကြမယ်။ အပစ်အခတ် ရပ်စဲဖို့၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကိုလည်းတောင်းဆိုမယ်။ ဆရာမတို့ရဲ့ လက်မှတ်ထိုးလေး လာယူကြတာပါ''

ဒေါ်ခင်မျိုးချစ်၏ မျက်နှာသည် တည်ကြည်သွား၏။ လေးနက်သွား၏။ ပြီးတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်သည် ဝင်းတင်၏ ပခုံးကိုဖက်သိုင်းလိုက်၏။ ထို့နောက် ဆရာမကြီး ဒေါ်ခင်မျိုးချစ်သည် ရှိုက်ကြီးတငင် ငိုချလိုက်၏။ ဆက်ငိုနေသည်။ သည်းသည်းထန်ထန်။

ဝင်းတင်တို့ကလည်း ဘာလုပ် လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားကြ၏။

''ကိုဝင်းတင်ရယ်၊ ဒီအလုပ်ကို ကျွန်မလုပ်ရမှာ။ ရှင်တို့အခုလုပ်နေတယ်။ ဝမ်းသာလိုက်တာ၊ ကျေးဇူး တင်လိုက်တာ ကိုဝင်းတင်ရေ။ လက်မှတ်ထိုးမယ်။ ကိုလတ်ရေ လက်မှတ်ထိုးပေးပါဦး၊ ကျွန်မတို့ မိသားစုတစ်ခုလုံး လက်မှတ်ထိုးကြမယ်။ သားရော၊ ချွေးမ ရွှေရီဝင်းရော အကုန်လက် မှတ်ထိုးကြမယ် ကိုဝင်းတင်''

ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်။ သူတို့မိသားစုတစ်ခုလုံး လက်မှတ်ထိုးကြ၏။ တက္ကသိုလ်ဝင်းမွန်၏ အိမ်သို့ရောက်ပြန်၏။ ဆရာ တက္ကသိုလ်ဝင်းမွန်က အပြင်ထွက်နေသည်။ ဆရာ၏ဇနီးက ဆရာ့ နာမည်၊ သူ့နာမည်ရော လက်မှတ် ထိုးပေးလိုက်၏။

ဝင်းတင်နှင့် အဖွဲ့သည် ဆရာ ဇော်ဂျီ၏အိမ်သို့ ချီတက်ကြ၏။

ချင်းချောင်း အဲဗင်းနယူး။

ကုက္ကိုင်းလမ်းထဲကနေ ဝင်ဒါ မီယာဘက်သို့ ဖြတ်သောလမ်း။ ဆရာဇော်ဂျီ၏ အိမ်ရှိသည်။

''ဆရာ ဇော်ဂျီ ရှိပါသလား''

''ဖေဖေ နေမကောင်းပါဘူးရှင်''

သို့သော် ဆရာဇော်ဂျီပါဝင်မှ ဖြစ်မည်။

ဆရာမကြီး ဒေါ်စောရီကို ပြော ပြရမည်။

''ဆရာမကြီး၊ ဆရာဇော်ဂျီကို  ဝင်းတင်က မတွေ့မဖြစ်တွေ့လို ကြောင်း ပြောပြပေးပါခင်ဗျား''

ဆရာမကြီးက အခန်းထဲဝင် သွား၏။

မကြာမီ ဆရာဇော်ဂျီထွက်လာ သည်။

ဆရာ ဇော်ဂျီသည် စောင်ကြီးကို ခေါင်းကနေ ခြုံပြီးထွက်သည်။ ဧည့် ခန်းမှာ ဆရာဇော်ဂျီ ဝင်ထိုင်၏။

''ကိုဝင်းတင် ဘာကိစ္စရှိလို့လဲ''

''ဆရာကြီး ခင်ဗျာ... တိုင်းပြည်မှာလည်း ပစ်ကြခတ်ကြ သတ်ကြဖြတ်ကြ ဖြစ်နေကြပြီ။ ပြည်သူ တွေက ဆန္ဒပြပြီ။ ကျွန်တော်တို့ စာရေးဆရာဘက်ကနေ ဒီလိုလူသတ်တာဆက်မလုပ်ဖို့၊ ပြည်သူ့ဆန္ဒကို လိုက်လျောဖို့ အစိုးရကို တောင်းဆိုမှု စာတစ်စောင်ထုတ်ပြန်ပေးနေဖို့ပါ ဆရာ။ ဆရာမင်းသုဝဏ်တို့၊ ဆရာမ ဒေါ်ခင်မျိုးတို့ကလည်း လက်မှတ် ထိုးပေးလိုက်ကြပါပြီ။ ဆရာကလည်း  လက်မှတ်ထိုးပေးစေချင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ လာခဲ့ ကြတာပါ ဆရာ''

ဆရာဇော်ဂျီထံသို့ ဝင်းတင်က စာရွက်ကို ကမ်းလိုက်၏။

ဆရာဇော်ဂျီသည် ဘာမှဖတ်မ နေတော့။ လက်မှတ်ထိုးချလိုက်၏။ ပြီးတော့ စာရွက်ကို ပြန်ပေးသည်။

''ကိုဝင်းတင်၊ ကျုပ်တို့ လုပ်စရာ ရှိတဲ့ အလုပ်ကို လုပ်ရမှာပဲ။  ခင်ဗျားတို့က ခင်ဗျားတို့ လုပ်ရမယ့်အလုပ် ကို လုပ်တယ်။ ခင်ဗျားတို့က ဆုံးဖြတ် ပြီးပြီ။ ကျုပ်ပါဝင်တယ်။ ခင်ဗျားတို့ နဲ့ ကျုပ်နဲ့ သဘောထား အတူတူပဲ။ ကျုပ်အခု လက်မှတ်ထိုးတယ်။ ခင် ဗျားတို့ ယူသွားတော့''

ဝင်းတင်တို့ အဖွဲ့သည် ဆရာ ဇော်ဂျီ၏ လက်မှတ်ထိုးကို ယူခဲ့ကြ၏။

သူတို့သည် အလွန်ဝမ်းသာကြ၏။

ဝင်းတင်တို့ အဖွဲ့သည် ဆရာ ပါရဂူ၏ အိမ်သို့သွားကြ၏။

ညနေပိုင်းသို့ ရောက်ပြီ။

ဝင်းတင်သည် ဆရာပါရဂူကို အကျိုးအကြောင်းပြောပြ၏။

''ကိုဝင်းတင်၊ ဒါလုပ်ကို လုပ်ရမယ်။ စာရေးဆရာတွေ ဒါကိုလုပ်ရမယ်။ ကျွန်တော် လက်မှတ်ထိုးမယ် ကိုဝင်းတင်။ နောက်ရက်တွေမှာ စာရေးဆရာတွေရဲ့ လက်မှတ်ထိုးကို ခင်ဗျားတို့ လိုက်ယူတဲ့အခါ ကျွန်တော့်ကိုဝင်ခေါ်ပါ။ ကျွန်တော်လည်းလိုက်မယ်။ စာရေးဆရာတွေ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း ကျွန် တော်ကိုယ်တိုင် ခင်ဗျားတို့နဲ့အတူ လိုက်မယ်''

ဆရာ ပါရဂူသည် တက်ကြွစွာ ပြော၏။

လက်မှတ်ထိုးလိုက်သည်။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.