16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
စာပေလောက အတွေ့အကြုံများ

 (၁)

စာရေးဆရာ သတင်းစာဆရာ၊ အိုးဝေဦးညိုမြအကြောင်း ယခင်အပတ်က ရေးခဲ့ပြီးပါပြီ။ ယခုအပတ် ဆရာ ဗန်းမော်တင်အောင်အကြောင်း တင်ပြပါမည်။  ဆရာဗန်းမော်တင် အောင်သည် ခေတ်ပညာတတ်၊ စာရေးဆရာ အကျော်အမော်တစ်ဦးဖြစ်ပြီး ရှုမဝမဂ္ဂဇင်း၏ စင်တင်ကလောင် တစ်ချောင်းအဖြစ် မှတ်မိပါသည်။ ဗန်းမော်တင်အောင်၏ မူလအလုပ်အကိုင်မှာ သစ်ကုန်သည်ဖြစ်၍ ကျင်လည်ခဲ့သော မြစ်ကြီးနား၊ ဗန်းမော်မြို့များမှ 'ဗန်းမော်' နာမည်ကို နာမည်ရင်း ဦးတင်အောင်ရှေ့တွင် တင်ခဲ့ရာက ဗန်းမော်တင်အောင်ဖြစ်လာသည်ဟု ထင်ပါသည်။ (မှားလျှင် ပြင်ပေးကြပါ။ ကျေးဇူးတင်ပါသည်။)

ဗန်းမော်တင်အောင်နှင့် အိုးဝေဦးညိုမြတို့သည် အလွန်ရင်းနှီးခင်မင်ကြသော စာပေရောင်းရင်းများ ဖြစ်ကြသော်လည်း အိုးဝေဦးညိုမြက အမေရိကန် သတင်းစာပညာဘွဲ့ယူခဲ့ပြီး ဗန်းမော်တင်အောင်က ဆိုဗီယက်ယူနီယံ ခေါင်းဆောင် လီနင်ကို ကြည်ညိုသူဖြစ်ဟန်ရှိပါသည်။ ယုံကြည်ချက်နှင့် ခံယူမှု မည်မျှကွဲပြားပါစေ အိုးဝေဦးညိုမြနှင့် ဗန်းမော်တင်အောင်တို့ စာပေသူငယ်ချင်းရောင်း ရင်းနှစ်ဦးမှာကား ချစ်ခင်လိုက်ကြသည်မှာ အများမနာလိုစရာပင်ဖြစ် တော့သည်။ ဆရာဗန်းမော်တင် အောင်သည် ဖဆပလအစိုးရ တော်လှန်ရေးအစိုးရ အငြိုအငြင်ခံရသော စာပေများရေးသားသောကြောင့် အကျဉ်းထောင်ထဲသို့ မကြာခဏ ဝင်ရရှာသည်။ အိုးဝေညိုမြမှာလည်း စစ်အစိုးရက အမြင်ကတ်ပုဒ်မဖြင့် စွဲဆိုခြင်းခံရကာ အင်းစိန် အကျဉ်း ထောင်သို့ နှစ်ကြိမ်တိတိ ဝင်ခဲ့ဖူးသည်။

ဗန်းမော်တင်အောင်ရေးသော 'ကျွန်တော်' အမည်ရှိ စာအုပ်တစ်အုပ် စစ်ကောင်စီ အစိုးရလက်ထက်တွင် ထုတ်ဝေခဲ့ရာ သူ့သူငယ်ချင်းရောင်းရင်း အိုးဝေညိုမြ၏ အကြောင်းကို အလွန်ဖတ်၍ကောင်းသော အရေးအသားမျိုးဖြင့် ရေးသားဖော်ပြခဲ့သည်။

ဗန်းမော်တင်အောင်၏ အိုးဝေညိုမြအပေါ်တွင် ရှုမြင်ရေးသားဖွဲ့ဆိုသည်တို့အား စာမြည်းကြည့်စေချင် ပါသည်။

 

(၂)

'ကျွန်တော်' စာအုပ်တွင် ဗန်းမော်တင်အောင်က အိုးဝေညိုမြကို 'စာရေးဆရာနှင့် သတင်းစာဆရာ' ဟူ၍ ခေါင်းစဉ်ကြီးတင်၍ အောက်မှခေါင်းစဉ်ငယ်မှာ 'အညာသား အတ တ' ဟူ၍ ဖော်ပြထားလေသည်။

မကြာမီက အကြောင်းမျိုး အထွေထွေဖြင့် ဂျာနယ်မဂ္ဂဇင်း အတော်များများ ထုတ်ဝေခွင့် ရပ်စဲခံကြရသည်။ အိုးဝေအမည်ရှိသော ဂျာနယ်လည်းပါသွား၏။ အိုးဝေဂျာနယ်၊ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် အမေရိကန်ပြန် ဦးညိုမြ M.S.J တစ်ယောက်ခမျာ အလုပ်လက်မဲ့ဖြစ် သွားရရှာ၏။

မိမိနှင့် ဘဝတူဖြစ်သော စာရေးဆရာနှင့် သတင်းစာဆရာတစ်ဦး အလုပ်ပြုတ်သွားသဖြင့် ကျွန်တော် စိတ်မကောင်းဖြစ်သင့်၏။ ဝမ်းနည်းဖို့လည်းကောင်းပါ၏။ သို့ရာတွင် အရိုးခံအတိုင်းသာ ထုတ်ဖော်ပြော ကြားရမည်ဆိုလျှင် သတင်းစာအတတ်ပညာ မဟာဝိဇ္ဇာဘွဲ့ရ ဦးညိုမြတစ်ယောက် တစ်ရာ့ကိုး၊ တစ်ရာ့တစ်ဆယ် ဖြစ်သွားသည့်အတွက် ကျွန်တော်သည် ဝမ်းသာအယ်လဲများပင် ဖြစ်မိသည်။

ကျွန်တော်နှင့် ဦးညိုမြသည် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်များ ဖြစ်ကြပါ၏။ သူသည် အညာသားဖြစ်၍ ကျွန်တော်က အောက်သားဖြစ်သည်။ တစ်ယောက် နှင့်တစ်ယောက် လူ့ဘဝအမြင်၊ ကမ္ဘာ့အမြင်နှင့် နိုင်ငံရေးအမြင်ချင်း တူညီကြသူများ မဟုတ်၊ ကွဲပြားခြားနားကြ၏။

ညိုမြတွင် ဘာသာတရားရှိ၏။ နတ်ပင်ကိုးကွယ်သလား မပြောတတ်။ သူ့အိမ်တွင် နတ်ပွဲပေးနေသည်ကို ကျွန်တော်တွေ့မြင်ဖူး၏။ ကျွန်တော်မူကား နတ်လောက်ကို ထားပါဦး၊ ဘာသာတရားပင်ရှိသူ မဟုတ်။ မိစ္ဆာဒိဋ္ဌိတစ်ယောက်ဖြစ်သည်။

ညိုမြသည် အမျိုးသားရေးဝါဒီ တစ်ဦးဖြစ်၏။ သူ၏ အမှတ်တံဆိပ် ကိုသာကြည့်ပါ။ ဥဒေါင်းငှက်ဖြစ်သည် မဟုတ်သလော။ ကျွန်တော်ကတော့ နိုင်ငံတကာ ဝါဒီတစ်ယောက် ဖြစ်၏။ ကျွန်တော်၏ အမှတ်တံဆိပ် လင်းယုန်ငှက်ဖြင့်ပင် ထင်ရှားနေ၏။ ညိုမြသည် ဗျစ်နှင့် သူရာကို နှစ်သက်တတ်၏။ ကျွန်တော်မူကား လက်ဖက်ရည် ခပ်ကျကျသောက်တတ်သူ ဖြစ်သည်။

ဤသို့ ကျွန်တော်နှင့် ညိုမြတို့ ကွဲပြားခြားနားကြသော်လည်း တူညီသော အရာတစ်ခုတော့ရှိသည်။ နှစ်ယောက်စလုံး စာရေးဆရာ၊ သတင်းစာဆရာများ ဖြစ်နေကြ၍ လောမပြောတတ်။ ဒီမိုကရေစီ အရေးအခွင့်များ တပ်မက်မြတ်နိုးကြရာတွင် ကျွန်တော်တို့ နှစ်ယောက်သည် တစ်လှေတည်းစီးကြ၏။ တစ်ခရီးတည်းသွားကြ၏။ သို့ရာတွင် ညိုမြ သည် လစ်ဘရယ် ဒီမိုကရေစီသမားဖြစ်၍ ကျွန်တော်က ပြည်သူ့ဒီမိုက ရေစီ (သို့မဟုတ်) ပစ္စည်းမဲ့ ဒီမိုကရေစီသမားဖြစ်သည်။

ကျွန်တော်တို့နှစ်ယောက်သည် မည်ကဲ့သို့ပင် အမြင်ချင်း၊ အကြိုက်ချင်း မတူစေ၊ ကွဲပြားကြစေကာမူ တူညီနိုင်သော အရာဝတ္ထုများပေါ်တွင် လက်တွဲခဲ့ကြသည်။ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်နိုင်ကြ၏။ ခင်မင်ရင်းနှီးကြ၏။ တစ် ယောက်ပေါ်တစ်ယောက် သံယောဇဉ်ထားနိုင်ကြ၏။ ကြီးမှပေါင်းသင်း သူများဖြစ်ကြသော်လည်း ငယ်ပေါင်းကြီးဖော်များလို ဆက်ဆံကြသည်။

၁၉၅၈-၆ဝ ခုနှစ်များက တက်ရောက်ခဲ့သော ကြားဖြတ်အစိုးရ လက်ထက်တွင် ကျွန်တော်တည်းဖြတ် ထုတ်ဝေသော လင်းယုန်သတင်းစာနှင့် ဂျာနယ်များ ရပ်ဆိုင်းခြင်းခံခဲ့ရ၏။ လူကိုလည်း ထောင်သွင်း၏။ ပြည်ထောင်စုပါတီ အစိုးရတက်လာ သောအခါလည်း လင်းယုန်ဂျာနယ် သတင်းစာကို ပြန်လည်ထုတ်ဝေခွင့် မပြုတော့။

ထိုအခါ ပြည်ထောင်စုပါတီ အမတ်မင်းဖြစ်နေသော ညိုမြက ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်နေကြောင်း ဝမ်းနည်းစကားပြောဆို၏။ သူတို့ အစိုးရအဖွဲ့နှင့် ပတ်သက်၍ ဝေဖန်ရေးသားစရာရှိလျှင် ညိုမြ၏ အိုးဝေသတင်းစာ၌ အချိန်မရွေး ရေးသားနိုင်ကြောင်း တံခါးဖွင့်ပေးသည်။ ဤသို့ စေတနာနှင့် ပြောဆိုလာသော အညာသားအတတ ညိုမြကို ''ထွတ်တရီး''ဟု ကျွန်တော်က ပြန်ပြောလိုက်၏။ လင်းယုန်ဂျာနယ် ရပ်ထားရသော်လည်း ဗန်းမော်တင်အောင်ဆိုသော စာရေးဆရာ မသေသေးကြောင်း ခပ်မာမာ ခပ်ထန်ထန် ပြန်ပြောလိုက်၏။

အိုးဝေထုတ်ဝေသူနှင့် အယ်ဒီတာချုပ်ညိုမြသည် အချုပ်အနှောင်များ ခံရ၏။ သို့ရာတွင် ဘားလမ်း အချုပ်ထောင်တွင်ဖြစ်သည်။ ယင်းသို့ မင်းပြစ်မင်းဒဏ်သင့်ကာ အချုပ် အနှောင်များခံရခိုက် သူငယ်ချင်းကောင်းတစ်ယောက်အနေဖြင့် ကျွန်တော်သည် ထောင်ဝင်စာခံ၍ ညိုမြကို သွားတွေ့၏။ သို့ရာတွင် သူကြိုက်နှစ်သက်သော ဗျစ်ပုလင်းကို သက်ဆိုင်ရာက ခွင့်မပြုသဖြင့် လက်ချည်းသက်သက်ဝင်တွေ့ရသည်။

ကျွန်တော့် အလှည့်သို့ရောက်သောအခါ အညာသားဦးညိုမြ ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်ခဲ့ရသော ဘားလမ်းအချုပ်ထောင်ထက် ချောင်ချိကျယ်ဝန်းသော ရန်ကုန်စံပြအကျဉ်း ထောင်ကြီးတွင် ကောင်းစွာနေထိုင်ခွင့်ရသည်။ ညိုမြသည် ထောင်ဝင်စာ လာ၍တွေ့သောအခါ ကျွန်တော် ကြိုက်နှစ်သက်တတ်သော လက်ဖက် ရည် ခပ်ကျကျကို ဓာတ်ဘူးနှင့် ထည့်ယူလာပေး၏။ ညိုမြယူလာသော လက်ဖက်ရည်ကို ကျွန်တော်သည် သောက်ရ၏။

 

(၃)

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းတွင် ရှိခဲ့ဖူးသော ရွှေလှေခါး လက်ဖက်ရည်ဆိုင်၌ ဆရာကြီး အိုးဝေဦးညိုမြ၊ ဆရာဗန်းမော်တင်အောင် ဆရာဦးအောင်ဇေယျတို့ တွေ့ဆုံ ကြစဉ် တပည့်လေး တက္ကသိုလ်စိန်တင်က လက်ဖက်ရည်ဖြင့် ကန်တော့ရသော ဆောင်းပါး ဤတွင် နိဂုံးချုပ်ပါသည်။

ဆရာကြီး အိုးဝေဦးညိုမြသည် ၂၉-၁၁-၁၉၈၅ နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်၍ ဆရာဗန်းမော် တင်အောင်သည် အိုးဝေဦးညိုမြထက် ခုနစ်နှစ်စော၍ ၁၉၇၈ ခုနှစ်တွင် ကွယ်လွန်ရှာသည်။ ကျေးဇူးရှင် ဆရာသမားတို့အား အလွမ်းစာပါတည်း။       ။

တက္ကသိုလ်စိန်တင်

ဆရာနှစ်ဦး အထူးကြည်ညို လွမ်းစတွေပို - ၂
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.