19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၂၄

မန္တလေးမြို့၊ ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာချုပ် ဝင်းတင်ကို မြင်ဖူးသူကရော၊ မမြင်ဖူးသူများကပါ ချစ်ခင်ကြ၏။

''ကျွန်တော့်ကို နယ်မြို့တွေကသိပ်မသိပါဘူး။ တောရပ်နေတွေရော၊ နယ်ကကျောင်းထိုင် ဘုန်းကြီးတွေရော တကယ်သိကြတာက ဟံသာဝတီ သတင်းစာမှာပင်တိုင်သဘော ဆောင်းပါးရေးတဲ့ ကျော်မင်းကျော်ပါ။ ကျွန်တော့်ရဲ့ သတင်းထောက်ပါ။ ကျွန်တော် ရေးခိုင်းတာတွေလည်း သူရေးတယ်။ သူ့စိတ်က သူ့ဟာသူရေးချင်တာတွေလည်း ရေးတယ်။ သူ့အရေးအသားကို သတင်း စာဖတ်သူတွေက   သိပ်ကြိုက်တယ်။ ကျော်မင်းကျော်က ကျွန်တော့်ထက်ပိုပြီး လူသိတယ် ကျော်ကြားတယ်''

ဝင်းတင်သည် သူ၏ မိတ်ဆွေ များကို နှိမ့်ချစွာ ပြောပြတတ်၏။

သို့သော် ဟံသာဝတီတင်းစာသည် မန္တလေး၏ အသက်သွေးကြောဖြစ်သည်။ ဟံသာဝတီသတင်းစာသည် မန္တလေး၏ အသည်းနှလုံးဖြစ်သည်။ ဟံသာဝတီသတင်းစာသည် မန္တလေးကို အပြည့်အဝကိုယ်စားပြု၏။

မန္တလေးသူ၊ မန္တလေးသားတို့၏ ခံစားချက်သည် ဟံသာဝတီသတင်း စာထဲမှာရှိ၏။

အထက်မြန်မာနိုင်ငံ၏ မြို့များသည် မန္တလေးနှင့် အမြဲဆက်သွယ်ကာ နေ့စဉ် လုပ်ငန်းများကို လုပ်ကိုင်ကြရ၏။ မန္တလေးကို ကိုယ်စားပြုသော ဟံသာဝတီသတင်းစာကို အထက်မြန်မာနိုင်ငံ၏ မြို့များကလည်း အမြဲဖတ်ရှုကြသည်။

ဟံသာဝတီသတင်းစာကို ဤရုပ်၊ ဤရေ၊ ဤအသွေး၊ ဤအသားနှင့် နေ့စဉ်မှန်မှန်ထွက်နိုင်အောင် လုံ့လဖြင့်၊ ဥာဏ်ဖြင့်၊ စေတနာဖြင့် မေတ္တာဖြင့် ဖန်တီးနေသူမှာ ဝင်းတင်ဖြစ်သည်။

ဝင်းတင်က နှိမ့်ချတတ်သည်။

မြို့သူမြို့သား အားလုံးကမူ ဝင်း တင်ကို အထင်ကြီးကြသည်။ လေးစားကြသည်။ ချစ်ခင်ကြသည်။

စာပေပညာရှင် လူကြီးများကလည်း ဝင်းတင်ကို ချစ်ကြသည်။ သတင်းစာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ လူငယ်များကလည်း ဝင်းတင်ကို အထူးချစ်ခင်ကြည်ညိုကြသည်။ ကလောင်သွေးလိုသော လူငယ်များကလည်း ဝင်းတင်၏ အာ ဘော်ကို နေ့စဉ် စူးစမ်းလေ့လာကြ သည်။ ဟံသာဝတီသတင်းစာကို နေ့ စဉ် ဖတ်ရှုနေကြသော စာဖတ်ပရိ သတ်သည် ဝင်းတင်ကို ကျေးဇူးတင် ၍ မဆုံးတော့ပါ။

ဟံသာဝတီသတင်းစာ၏ ဝန်ထမ်းများ၊ အလုပ်သမားများ အားလုံးကတော့ ဝင်းတင်ကို ဖခင်တစ်ဦးကဲ့သို့ သဘောထားကြသည်၊ ချစ်ခင်သည်၊ တန်ဖိုးထားသည်၊ အားကိုး သည်။

''ကဲ - မင်းတို့နဲ့ ကိုယ်နဲ့ နေ့စဉ် တွေ့ဆုံစကားပြောကြမယ်ကွာ။ မင်းတို့ကလည်း မင်းတို့ဘဝတွေရဲ့ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်းသာ ဖွင့်ဟပြောဆိုကြကွာ။ ကိုယ့် အနေနဲ့ကတော့ ဒီသတင်းစာရဲ့ အယ်ဒီတာချုပ် တစ်ဦးအနေနဲ့ မင်းတို့ လိုအပ်ချက်တွေကို ဖြည့်ဆည်း နိုင်သမျှ ဖြည့်ဆည်းပေးမယ်၊ စိတ်သာချ''

ဝင်းတင်က ဟံသာဝတီသတင်း စာ၏ အလုပ်သမားများကို ပြောသည်။

အလုပ်သမားများဘက်က ပြောဆိုလာကြသည်ကိုလည်း ဝင်းတင်က သေချာနားထောင်၏။ ဝင်းတင်ဘက်က လုပ်ပေးနိုင်သမျှ လက်တွေ့ကျကျ  ဆောင်ရွက်၏။ ဝင်းတင်၏ စိတ်ကူးအရ သင့်နိုးရာရာ ဆောင်ရွက်ဖွယ် ရာများကိုလည်း အကောင်အထည် ဖော်ပေး၏။

''ကိုယ့်ရဲ့ အယ်ဒီတာချုပ် အခန်းတံခါးကို ဘယ်တော့မှ ပိတ်မထားဘူးနော်။ မင်းတို့ ကြိုက်တဲ့အချိန်မှာ ဝင်လာလို့ရတယ်။ ခံစားချက်တွေအကုန် ကိုယ့်ကိုပြောပြလို့ရတယ်''

အယ်ဒီတာချုပ်၏ အခန်းတံခါး မှာ အစဉ်အမြဲ ဟင်းလင်းဖွင့်ထားသည်။

''သတင်းစာတိုက်ရှေ့က ကားသုံးစီးထားတဲ့ ကားရုံနေရာမှာ အလုပ်သမား သက်သာချောင်ချိရေး လက်ဖက်ရည်ဆိုင်ဖွင့်မယ်ကွာ။ ကိုယ့်ကားရော၊ တိုက်မှာသုံးတဲ့ ကားနှစ်စီးရော အခြားနေရာမှာထားမယ်''

''ဟာ-ဝမ်းသာလိုက်တာ ဆရာ''

ဝင်းတင်သည် သက်သာ ချောင်ချိရေး လက်ဖက်ရည်ဆိုင်ကို အမြန်ဖွင့်၏။

''အပြင်လူ လာသောက်ရင်တော့ တစ်ကျပ်နဲ့ ရောင်းပေးမယ်။ တစ်ကျပ်ကလည်း အတော်သက်သာတာပဲ။ မင်းတို့အတွက်တော့ လက်ဖက်ရည်တစ်ခွက် တစ်မတ်နဲ့ ရောင်း မယ်ကွာ။ နို့ဆီကိစ္စကို နို့ချက်သမားနဲ့ ဆက်သွယ်ထားပြီးပြီ''

''ဟေး''

ဟံသာဝတီ သတင်းစာတိုက်၏ အခြေခံအလုပ်သမားများသည် ပျော်ရွှင်သွားကြ၏။

သတင်းစာခေါက်သော ကဗျာဆရာ မောင်နွေထက်သည် ဟံသာဝတီမှာ အလုပ်ပြီးလျှင် ဟံသာဝတီ လက်ဖက်ရည်ကို မြိန်ရှက်စွာသောက်၏။

''ထမင်းကြော်ကို ငါးခြောက် ကြော်ကလေးနဲ့ ရောင်းပေးမယ်ကွာ။ အပြင်လူလာစားရင်တော့ တစ်ပွဲနှစ်ကျပ်ကွာ။ ကိုယ်တို့ သတင်းစာတိုက်ရဲ့ အလုပ်သမားတွေတော့ တစ်ပွဲ ငါးမူးနဲ့ ရောင်းပေးမယ်''

''အဝတွယ်မယ် ဆရာ''

''အဲ့ဒါအပြင် မင်းတို့ ဆေးကုတဲ့နေရာ သက်သက်သာသာကုနိုင်ဖို့ ဟံသာဝတီ ဆေးခန်းလည်းဖွင့်မယ်။ ဆရာဝန် စမ်းသပ်ခကို တစ်ပြားမှပေးဖို့မလိုဘူး။ ဆေးဝါးကလည်း အထူးသက်သာစေရမယ်''

ဝင်းတင်၏ မေတ္တာတရားကို အားလုံးက နားလည်ကြသည်။

ဟံသာဝတီ သတင်းစာတိုက်တွင် သတင်းစာဆရာများ၊ သတင်းထောက်များ တွေ့ဆုံဆွေးနွေးပွဲရှိ၏။

ဝင်းတင်၏ လက်ထက်မှာ သတင်းထောက်နှင့် အယ်ဒီတာချုပ်တို့သည် လွတ်လပ်စွာ ဆွေးနွေးနိုင်၏။

ဝင်းတင်၏ အခန်းထဲက စီးကရက်ဘူးကို သတင်းထောက်က ယူသောက်နိုင်၏။

''ဆရာ ကျွန်တော့်မိန်းမ နေမကောင်းလို့၊ နည်းနည်းပါးပါး စောင့်ရှောက်ပါဦး ဆရာ''

ဝင်းတင်ရသော လခသည် ကိုယ့်တစ်ယောက်စာ မဟုတ်ပါ။

အများအတွက် ဖြစ်သည်။

''မန္တလေးမြို့ပေါ်က သတင်းစာ ဆရာတွေမှ၊ သတင်းထောက်တွေမှ နေရာရတယ်။ ရေးသားခွင့်ရတယ်ဆိုတာမျိုး ကိုယ်မဖြစ်ချင်ဘူး။ နယ်က သတင်းစာဆရာတွေ၊ နယ်က သတင်းထောက်တွေ ရေးတဲ့သတင်းတွေလည်း ရေးသားဖော်ပြချင်ပါတယ်။ လှိုက်လှဲစွာ ကြိုဆိုပါတယ်''

ဝင်းတင်က ဖိတ်ခေါ်သည်။

သတင်းထောက်များ တွေ့ဆုံပွဲတွင်လည်း နယ်က သတင်းစာ ဆရာအတွက် အိပ်ရန် နေရာစီစဉ်ပေး၏။ အစားအသောက်ဖြင့် ကျွေးမွေးဧည့်ခံ၏။

''မန္တလေး ရောက်ခိုက်မှာ မန္တလေးမြို့ပေါ်က စက်ရုံတွေ၊ အလုပ်ရုံတွေ လေ့လာကြပါ။ ကျွန်တော် တို့ဘက်က အစစအရာရာ စီစဉ်ပေးပါမယ်''

နယ်သတင်းထောက်များသည် ဝင်းတင်ကို အံ့သြကြ၏။

ဝင်းတင်၏ ဆောင်ရွက်ချက်များသည် သတင်းထောက်များအတွက်မူ အံ့အားသင့်ဖွယ်ဖြစ်၏။

အုပ်ချုပ်သော အစိုးရဘက်ကမူ ဝင်းတင်၏ ပြုမူမှုများသည် စည်းဘောင်မရှိဘဲ လွတ်လပ်လွန်းသည်ဟု ယူဆကြ၏။

ပွင့်လင်းလွန်းသော ပြောဆိုမှုများ၊ ရဲတင်းလွန်းသော ရေးသားတင် ပြချက်များသည် အစိုးရ၏ ပေါ်လစီ အချို့ကို ထိခိုက်လာနိုင်သည်ဟု အစိုးရဘက်က ယူဆကြ၏။

''လူငယ်တွေကို အထူးအားပေး အားမြှောက်လုပ်ချင်တယ်ဗျာ။ ကာ တွန်းဆိုပါတော့ဗျာ။ ရန်ကုန်က နာမည်ကြီး ကာတွန်းဆရာကြီး ဦးဖေ သိန်းဆိုရင် ကျွန်တော်နဲ့ အင်မတန်  ခင်မင်ရင်းနှီးတယ်။ ဆရာကြီး ဦးဘထွေးကိုလည်း ရင်းနှီးတာပဲ။ ကျွန်တော့်ရဲ့ ဟံသာဝတီ သတင်းစာမှာတော့ နာမည်ကြီး ဦးဖေသိန်းတို့၊ ဦးဘထွေးတို့ရဲ့ ကာတွန်းတွေကို ဖော် ပြပေးမယ့်အစား မန္တလေးက ဒေသခံကာတွန်းဆရာတွေရဲ့ ကာတွန်းတွေကို သုံးမယ်ဗျာ။ အထက်ဗမာပြည်က ကာတွန်းဆရာတွေရဲ့ ကာတွန်းတွေ ကို သုံးမယ်ဗျာ။ ဒါဟာ မန္တလေးဆိုတဲ့   image  ပေါ်လွင်ရမယ်ဗျ။ ကျွန်တော်တို့ ဟံသာဝတီ သတင်းစာဆိုတာ ကံချွန်ဗျာ။ သူ့ကာတွန်းဟာ လူငယ်တစ်ယောက်ရဲ့ အသံဖြစ်တယ်။ မန္တလေးရဲ့ အသံဖြစ်တယ်။ အရင်က ဒီလိုရေးခွင့်မကြုံဖူးတဲ့ ကာတွန်း ဆရာလူငယ်ဖြစ်တယ်။ ဆရာတော် ဦးပညာရဲ့ ရှေးဟောင်းသုတေသန ဆောင်းပါးကို ကျွန်တော်တင်မယ်ဗျာ။ ကံချွန်ရဲ့ ကာတွန်းကို ဖော်ပြမယ်ဗျာ''

ဝင်းတင်သည် ဟံသာဝတီ သတင်းစာတိုက်မှာ ပြုလုပ်သော သတင်းစာဆရာများ၊ သတင်း ထောက်များ ဆွေးနွေးပွဲတွင် သူ့သဘောထားများကို ဖွင့်ဆိုပြတတ်၏။

 

(ဆက်လက်ဖော်ပြပါမည်)

 

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.