14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၂၃

 

ဝင်းတင်သည် ဟံသာဝတီသတင်းစာတိုက်တွင် အလုပ်လုပ်နေစဉ် အကအဖွဲ့နှင့်အတူ လန်ဒန်သို့ရောက်၏။

ဝင်းတင်၊ ကိုဇော်ဝင်း၊ အတွင်းဝန် ဦးသိန်းတန်။ မြန်မာအကအဖွဲ့ကို ကြီးကြပ်လျက် လန်ဒန်သို့ ရောက်နေ၏။

ထိုအချိန်က ဦးနေဝင်းသည် လန်ဒန်မှာ ဆေးရုံတက်နေ၏။

လန်ဒန်တွင် မြန်မာသံအမတ်ကြီးက ဗိုလ်မှူးကြီး ချစ်လှိုင်ဖြစ်၏။

''ကိုဝင်းတင်ရေ ဗိုလ်ချုပ်ကြီးကတော့ ကျွန်တော့်ကို ခေါ်တွေ့လောက်တယ်။ သူနဲ့တွေ့ရင် ဝတ်ဖို့ အင်္ကျီလေးဘာလေး အဆင်သင့် လုပ်ထားမှဖြစ်မယ်''

အတွင်းဝန် ဦးသိန်းတန်ကပြော၏။ ဝင်းတင်တို့သည် ရှူးဖိနပ်များကို ပြောင်နေအောင် တိုက်ထားကြ၏။

''ဟုတ်တယ်ဗျ။ အရင်တုန်းက ဆရာတက်တိုးဟာ သတင်းစာဆရာအဖြစ် လန်ဒန်ကို မကြာမကြာသွားရတယ်။ ဦးနေဝင်းကလည်း လန်ဒန်ကို ရောက်ရောက်နေတတ်တယ်''

ဝင်းတင်က ပြောသည်။

''ဆရာတက်တိုးကို ဗိုလ်ချုပ်ကြီး က ခေါ်တွေ့သေးလား''

''တွေ့တာပေါ့ဗျာ။ ဆရာတက်တိုးကလည်း ဝတ်စုံက အသစ်မဟုတ်ဘူး ဖြစ်နေတယ်။ သာမန် ဝတ်ရိုးဝတ်စဉ်မျိုးပေါ့ဗျာ။ ဒီမှာ ဦးနေဝင်းက သူ့လူတွေကိုပြောတယ်။ ဆရာတက်တိုး ပြန်သွားမှ ပြောတာပါ။ ကိုအုန်းဖေ အဝတ်အစားတွေက ညံ့လိုက်တာကွာ။ မင်းတို့ကောင်တွေ လူကြီးတွေ နိုင်ငံခြားသွားရင် ဝတ်စုံစရိတ်တွေ လုံလောက်အောင် ထုတ်ပေးကြကွာလို့ပြောတယ်''

''ဟုတ်တယ်ဗျ။ သူနဲ့ တွေ့ရင် ကျွန်တော်တို့ သပ်သပ်ရပ်ရပ် ဖြစ်နေ ဖို့ လိုတယ်''

လန်ဒန်တွင် ဝင်းတင်တို့က ကဇာတ်အဖွဲ့အတွက် တာလပတ် ကြမ်းခင်း ထွက်ဝယ်ကြ၏။

အိမ်နေရင်း ဝတ်စုံနှင့်ပင် ထွက်လာခဲ့ကြ၏။ ထိုနေရာသို့ သံရုံးက ကားသည်လိုက်လာ၏။

''ဆရာတို့ကို သံအမတ်ကြီး ဗိုလ်မှူးကြီးချစ်လှိုင်က အခု တွေ့ချင်နေတယ်''

ဝင်းတင်နှင့် အဖွဲ့သည် သံရုံးသို့ လိုက်သွားရ၏။

''ကျွန်တော်တို့ ထမင်းမစားရသေးဘူးဗျ။ ဝတ်စုံကလည်း အဟောင်းဖြစ်နေတယ်။ ဟိုတယ်ပြန်ပြီးမှ ပြန်လာခဲ့ပါမယ်၊ ထမင်းလည်းစားခဲ့မယ်။ ဝတ်စုံအသစ်လည်း လဲဝတ် လာမယ်''

''ဟာ - မလုပ်နဲ့ဗျ။ ဗိုလ်ချုပ်ကြီးက ဖုန်းဆက်လာရင် ခင်ဗျားတို့ကို ကျွန်တော် ရှာမတွေ့ရင်ခက်တယ်။ ဒီမှာပဲ အသင့်အနေအထားနဲ့ စောင့်ကြပါဗျာ။ ခင်ဗျားတို့ကို ကျွန်တော် ဒီမှာ ထမင်းကျွေးပါမယ်။ အပေါ် ဝတ်စုံ ကုတ်အင်္ကျီလည်း ထုတ်ပေးမယ်''

သံအမတ်ကြီးက ပြောသည်။

ဝင်းတင်တို့သည် အပေါ်ကုတ်အင်္ကျီအသစ်များ ဝတ်ကြရ၏။ ဘောင်းဘီနှင့် အတွင်းက ရှပ်အင်္ကျီ နှင့် ကုတ်နှင့်က မလိုက်ဖက်။ ဝတ်ထားကြရ၏။

သူတို့သည် ထိုနေ့က  ဦးနေဝင်းကို သွားတွေ့ကြရ၏။

သံအမတ်ကြီး ဗိုလ်မှူးကြီး ချစ်လှိုင်ပါသည်။ ဦးသိန်းတန်၊ ဝင်းတင်၊ ကိုဇော်ဝင်း အားလုံးအတူတူ သွားကြ ရ၏။ ဦးနေဝင်းကို တွေ့ကြရ၏။

ထုံးစံအတိုင်း ဦးနေဝင်းက စကားတွေ ကရားရေလွှတ်ပြော သည်။

မရပ်တော့။

မြန်မာဇာတ်အဖွဲ့အကြောင်း။

အက အကြောင်း။

ဂီတ အကြောင်း။

ဦးနေဝင်းက ဗဟုသုတတော့ စုံသည်။ သူသိထားတာတွေ၊ သူတွေ့ကြုံဖူးတာတွေ၊ သူဖတ်ထားတာတွေ အကုန်ပြောတော့၏။

သံအမတ်ကြီးကလည်း မလှုပ်။

ဦးသိန်းတန်ကလည်း မလှုပ်။

ဝင်းတင်ကလည်း မလှုပ်။

ငုတ်တုတ် မေ့နေကြရ၏။

ပြောလည်း ပြောနိုင်သည့် ဦးနေဝင်း။

ဝင်းတင်သည် မန္တလေးဟံသာဝတီ သတင်းစာမှာရှိစဉ် ဆရာကြီးရွှေဥဒေါင်းထံသို့ အလည်သွားတတ်၏။

ဆရာကြီး ရွှေဥဒေါင်းက ရန်ကုန်လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှ ထွက်လာခဲ့သည်။ ဆရာကြီး ရွှေဥဒေါင်းသည် မန္တလေး ၈၃ လမ်းမှာနေသည်။ ဆရာကြီး ရွှေဥဒေါင်းနှင့် ဒေါ်ကြီးစိုးတို့နေထိုင်ကြ၏။ လူထုဦးလှနှင့် လူထုဒေါ်အမာတို့က ဆရာကြီး ရွှေဥဒေါင်းအတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။

ဝင်းတင်သည် ဆရာကြီး ရွှေဥဒေါင်း ရန်ကုန်မှာရှိစဉ်ကလည်း ဆရာကြီးထံသို့ မကြာမကြာ ရောက်တတ်၏။

ဆရာကြီး ရွှေဥဒေါင်းသည် သတင်းစာလောကက ထွက်ခွာတော့ မည်ဆိုသောအခါ ဝင်းတင်တို့သည် စိတ်မကောင်းကြ။

ဆရာကြီး ရွှေဥဒေါင်းသည် ၁၉၁၆  အကုန်ပိုင်းတွင် ရတနာပုံ ဝတ္ထုရေးသားထုတ်ဝေပြီး အောင်မြင် သော စာရေးဆရာတစ်ဦး ဖြစ်လာ၏။ 

၁၉၁၇ နှစ်ဆန်းပိုင်းတွင် ဆရာကြီးရွှေဥဒေါင်းသည် သူရိယသတင်းစာ၏ အယ်ဒီတာဖြစ်လာသည်။ ဆရာကြီးရွှေဥဒေါင်းသည် ဘဝတစ်လျှောက်လုံး ဝတ္ထုရေးရင်း သတင်းစာဆရာ လုပ်လာခဲ့၏။

ဆရာကြီး ရွှေဥဒေါင်းသည် ၁၉၆၈  တွင် လုပ်သားပြည်သူနေ့စဉ် သတင်းစာ အယ်ဒီတာချုပ်ဘဝက အငြိမ်းစားယူခဲ့သည်။ သတင်းစာလောကသားတို့အပေါ် စစ်ဘက်က  လွှမ်းမိုးချုပ်ကိုင်မှုကို ဆရာကြီးကိုယ် တိုင်က မနှစ်သက်၍ ထွက်လိုက်ခြင်း ဖြစ်သည်။

ဆရာကြီး ရွှေဥဒေါင်း၏  သတင်းစာဆရာဘဝ မူဝါဒကို ဝင်းတင်က လေးစားသည်။ အားလုံးကလည်း ဆရာကြီး ရွှေဥဒေါင်း၏ ဂုဏ် သိက္ခာနှင့် မူဝါဒကို လေးစားကြ သည်။ စာဖတ်ပရိသတ်ကလည်း ဆရာကြီးရွှေဥဒေါင်းစာများကို အလွန်ကြိုက်ကြ၏။

''မည်သည့် ကိစ္စနှင့်ဖြစ်စေ၊ မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် မှန်သည်ကိုသာ ဝန်ခံရေးသားလို၏''

ဆရာကြီး ရွှေဥဒေါင်း၏  သတင်းစာ ဆရာဘဝ မူဝါဒဖြစ်ပါသည်။

''မှားသည်ထင်လျှင် ဖုံးဖုံးဖိဖိမလုပ်ချင်။ ကျွန်ုပ်လက်လှမ်းမီသလောက် ဖော်ထုတ်တင်ပြရမှ ကျေနပ်တတ်သည်။ ဤအတွက်ကြောင့် မိတ်ဆွေနည်းလျှင်လည်း ကိစ္စမရှိ၊ သစ္စာတရားကိုသာ မိတ်ဆွေဖွဲ့ချင်သည်''

ဆရာကြီး ရွှေဥဒေါင်း၏ သတင်းစာဆရာဘဝ ယုံကြည်ချက် ကြေညာစာတမ်းဖြစ်ပါသည်။

ဆရာကြီး ရွှေဥဒေါင်းသည် နှုတ်ဆိတ်သူဖြစ်၏။ ဝင်းတင်တို့က ဆရာကြီး၏ သဘောထားကို မေးလျှင်လည်း သူပြောချင်မှ ပြောပြတတ်သည်။ တစ်ခါတစ်ရံမူ ဆရာကြီး ရွှေဥဒေါင်းသည် ပြန်လည်ဖြေဆိုခြင်း အမှုကိုမပြု။

တစ်နေ့တွင်  ဝင်းတင်သည်  ယောက်လမ်းက ဆရာကြီးရွှေဥဒေါင်း၏ တိုက်ခန်းသို့ ရောက်သွား ၏။

ဝင်းတင်သည် ဆရာကြီး ရွှေဥဒေါင်းနှင့် ထွေရာလေးပါး စကားပြောသည်။

အချိန်အတော်လေး ကြာသွား၏။

''ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး ဆရာကြီး''

ဝင်းတင်က နှုတ်ဆက်သည်။

ဆရာကြီး ရွှေဥဒေါင်းသည် စားပွဲပေါ်က စာရွက်လေးတစ်ရွက်ကို အသာယူလိုက်၏။

''ရော့ ကိုဝင်းတင်''

ဝင်းတင်ကို လှမ်းပေးသည်။

''ဟုတ်ကဲ့ ဆရာကြီး''

ဝင်းတင်က စာရွက်ကိုယူသည်။

ဖတ်ကြည့်၏။

အင်္ဂလိပ်စာလုံးများ။

စာကြောင်းက တစ်ကြောင်းတည်း။

Is Journalism vengeance

စာကြောင်း၏ ဆိုလိုချက်က ရှင်းပါသည်။

''သတင်းစာလုပ်ငန်းသည် ရန်တုံ့ပြန်ခြင်းပေလော''

ဆရာကြီး ရွှေဥဒေါင်းတွင် မြှုပ် ကွက်တစ်ခုရှိနေပါသလော။

စာက ရှင်းသည်။ အဓိပ္ပာယ်က မည်သို့နည်း။ ဆရာကြီး ရွှေဥဒေါင်း သည် မည်သည့် သတင်းစကားကို ပါးချင်ပါသနည်း၊ ဝင်းတင်မေးကြည့်ချင်၏။

သို့သော် မမေးရဲ။

နှုတ်ဆိတ်နေရ၏။

ဆရာကြီး ရွှေဥဒေါင်းထံမှ ပြန်ခဲ့၏။

ဆရာကြီး၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ဝင်းတင် မသိခဲ့ရပါ။

၁၉၇၁ ၊ ဇူလိုင်လ ၃ဝ။

မန္တလေး၊ ၈၃ လမ်း။

ဆရာကြီး ရွှေဥဒေါင်း၏ အိမ်။

ဝင်းတင် ရောက်နေသည်။

ထုံးစံအတိုင်း ဆရာကြီး ရွှေဥဒေါင်းက ပက်လက်ကုလားထိုင်ပေါ် မှာ ထိုင်နေသည်။

ဆရာကြီး ရွှေဥဒေါင်းက ဝင်းတင်ကို မြိန့်မြိန့်ပြုံး၏။ ကြို၏။

ဝင်းတင်က ဆရာကြီး ရွှေဥဒေါင်း၏ စာမူကိုလိုချင်သည်။ အသက် ၈၂ နှစ်ရှိနေပြီဖြစ်သော ဆရာကြီး ရွှေဥဒေါင်းက စာမရေးဖြစ်တော့ပါ။

''ဆရာကြီး ကျွန်တော့်ကို စာမူလေးချီးမြှင့်ပါဦး''

ဝင်းတင်က ပြောတတ်ခဲ့သည်။

''တော်ပြီ ကိုဝင်းတင်ရေ၊ ခေါင်းကော လက်ကော မဟန်တော့ဘူး''

ဆရာကြီးက ပြန်ပြောတတ်၏။

ယခုအခေါက်မှ ဆရာကြီး၏ အပြုံးမှာ တစ်ခုခုပြောချင်သလိုလို။

''ရော့...ကိုဝင်းတင်... ဒါလေး သတင်းစာထဲ ထည့်ပေးစမ်း''

ဆရာကြီး ရွှေဥဒေါင်းက ဝင်း တင်အား စာရွက်လေးတစ်ရွက် လှမ်းပေးသည်။

ဝင်းတင်က တရိုတသေယူ၏။

ချက်ချင်း ဖတ်ကြည့်သည်။

''ရွှေဥဒေါင်း၏ ဖြောင့်ဆိုချက်''

ယခင်ကမူ လူများများကို သိချင်သည်။ မိမိကိုယ်လည်း လူများများက သိအောင် လုပ်ခဲ့မိဖူးသည်။ ယခုမူ  ဂေါတမဗုဒ္ဓ၏ သြဝါဒအတိုင်း မိမိကိုယ်မိမိသိအောင် ကြိုးစားလျက်ရှိပြီ ဖြစ်၍ လူတွေကိုလည်း မသိလို။ မိမိအား လူများက သိခြင်းကိုလည်း မလိုလား။ မိမိကိုယ်မိမိ သဘာဝကျကျ သိဖို့ကိုသာ အရေးကြီးပါတော့သတည်း။

       ရွှေဥဒေါင်း

       ''ဆရာကြီးဟာက ဆောင်းပါးလား။ ကြေညာချက်လား''

       ဆရာကြီး ရွှေဥဒေါင်းသည် ဆေးတံကိုသာဖွာနေ၏။

       ''ဘယ်လို ထည့်ချင်တာလဲဆရာကြီး''

       ဆရာကြီး ရွှေဥဒေါင်းက ဝင်းတင်ကို ခွန်းတုံ့မပြန်ခဲ့ပါ။

       ဝင်းတင်သည် စာမူကို ယူ၍ပြန် သည်။

ဟံသာဝတီသတင်းစာ ၂၅-၇-၁၉၇၁ နေ့စွဲတွင် ဆရာကြီး၏ ထိုစာမူလေးကို ၁၄ ပွိုင့်စာလုံးမည်းဖြင့် စာသားစီကာ၊ နှစ်လိုင်းစာလုံးဖြင့် ခေါင်းတပ်၊ ခဲပန်းဘောင်ခတ်ပြီး ပုံ နှိပ်ဖော်ပြလိုက်၏။

 

ရှေ့တစ်ပတ် ဆက်ရန်

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.