19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၂၂

မန္တလေး ဟံသာဝတီသတင်းစာမှာ ဝင်းတင်သည် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းနေစဉ် ဦးနေဝင်းက မန္တလေးရောက်တိုင်း ဝင်းတင်ကို ခေါ်ခေါ်တွေ့၏။

ဦးနေဝင်းသည် မန္တလေးသို့ မကြာခဏလာ၏။ မန္တလေးကို အထိုင်ထား၍ ပြင်ဦးလွင်သို့ တက်သည်။ ပုဂံသို့သွား၏။ ဦးနေဝင်းနှင့်အတူ ဒေါ်ခင်မေသန်းလည်း မန္တလေးသို့ လိုက်လာတတ်၏။

ရန်ကုန် ကြေးမုံမှာကတည်းက ဦးနေဝင်းနှင့် ဝင်းတင်သည် အတွေ့အဆုံရှိ၏။

ဦးနေဝင်းက ဆရာဇဝနနှင့်  အလွန်ရင်းနှီးသည်။ ဆရာဇဝနကို ဦးနေဝင်းက ကိုသိန်းဟု ခေါ်သည်။

''ကိုသိန်း အိမ်တော်ကို လာဦးဗျာ။ ညစာလေးဘာလေး စားကြတာပေါ့။ ဟိုကြေးမုံကို ဖိဖိစီးစီး အလုပ်လုပ်ပေးနေတဲ့ ကိုသိန်းလူ ကိုဝင်းတင်ပါ ခေါ်လာခဲ့ဗျာ''

သမ္မတ အိမ်တော်မှာ ဦးနေဝင်းအပါအဝင် တော်လှန်ရေး ကောင်စီဝင်များနှင့်အတူ အရက်သောက်ကြ၏။

''ဗိုလ်ချုပ်ရဲ့ အရက်က တကယ့်အကောင်းစားကြီးဗျ။ ဒီတစ်ခါ ဂျာမဏီသွားရင် ဂျာမန်အရက်တွေ လေယာဉ်ကြီးတစ်စီးစာ ယူလာခဲ့ဗျာ''

''ဟားဟားဟားဟား၊ ကိုသိန်းသောက်လို့ကတော့ ကျွန်တော် ဂျာမဏီသွားမှ မဟုတ်ပါဘူးဗျာ။ အမြဲအဆင်သင့်ပါ''

''ခင်ဗျားတို့က ဗိုလ်ချုပ်တွေဗျ။ ကျုပ်တို့က ဗိုလ်ချုပ်တွေမဟုတ်ဘူး။စာရေးဆရာတွေ။ ဒီလို အရက်ကောင်းကောင်းဆိုတာ ဗိုလ်ချုပ်တို့ တော်လှန်ရေးကောင်စီဥက္ကဋ္ဌက တိုက်မှ ကျွန်တော်တို့က သောက်ရတာ''

''ဟားဟားဟားဟား ကိုသိန်းကတော့ ပြောပြီဗျာ...ဟားဟား ဟား''

ဦးနေဝင်းက ရယ်မောသည်။

''ကိုသိန်းဆိုတာ ကိုယ်တို့ရဲ့ ငယ်ပေါင်းတွေကွ၊ ကိုယ်တို့က တစ်ရပ်တည်းသားတွေကွ''

ဦးနေဝင်း၏ လူများသည် ဦးနေဝင်း ရှေ့မှောက်သို့ရောက်လျှင် အမြီးကုပ်၊ ခေါင်းငုံ့နေကြသူများဖြစ်၏။

ထိုလူများသည် ဦးနေဝင်းဆိုလျှင် မော်မကြည့်ရဲကြ။

အခုတော့ စာရေးဆရာ၊ သတင်းစာဆရာ ဇဝနက ဦးနေဝင်းတိုက်သည့် အရက်ကို ပိုင်စိုးပိုင်နင်း သောက်သည်။ ဦးနေဝင်းကိုလည်း ရိတိတိ၊ ခနဲ့တဲ့တဲ့ ပြောနေသည်။

ထို တော်လှန်ရေးကောင်စီဝင်များက ဆရာဇဝနကို မျက်စောင်းတခဲခဲ။

ဝင်းတင်သည် ငယ်ရွယ်သူဖြစ်သည်။ ဆရာဇဝနနှင့်အတူ လိုက်လာခြင်းဖြစ်သည်။ ဘာမျှ ဝင်မပြော။

ဦးနေဝင်းကတော့ ထိုကတည်းက ဝင်းတင်ကို မှတ်မိနေပြီ။

ဦးနေဝင်းသည် ဥာဏ်ကောင်းသူ ဖြစ်သည်။ အမှတ်သည်းခြေကောင်းသူ ဖြစ်သည်။ သတင်းစာဆရာများကိုလည်း စိတ်ဝင်စားသူ ဖြစ်သည်။

''ဗိုလ်ချုပ်ရေ ကျွန်တော်က အယ်ဒီတာချုပ်ဆိုပေမယ့် ကော်လံရေးရုံရေးတာ။ ကျွန်တော်တို့ ကြေးမုံသတင်းစာကို ဟောဒီကိုဝင်းတင်က လုပ်နေတာဗျ''

ဆရာ ဇဝနကဝင်းတင်နှင့် ဦးနေဝင်းကို မိတ်ဆက်ပေးထား၏။ ဦးနေဝင်းသည် ဝင်းတင်ကို  ခင်ဗျားနှင့် ကျွန်တော်နှင့် သုံးနှုန်းပြောဆို၏။

ဦးနေဝင်းသည် သူ့အထဲကလူ တော်တော်များများကို သူ့ထက်ငယ်လျှင် မင်းနှင့်ငါနှင့်သာ ပြောဆိုတတ်၏။

ဦးနေဝင်းသည် သူ့ထက်ငယ်ရွယ်သော ဝင်းတင်ကို လေးစားစွာ၊ ယဉ်ကျေးစွာ ဆက်ဆံသည်။

ဦးနေဝင်းသည် ဝင်းတင်ကို မှတ်မှတ်သားသားရှိလှ၏။

''ဟေ့ကောင်တွေ၊ ဟံသာဝတီ သတင်းစာက ကိုဝင်းတင်ကို ခေါ်ထားပေးကြ''

ဦးနေဝင်းက မန္တလေးသို့ရောက်တိုင်း သူ့လူများကိုမိန့်၏။

မန္တလေးတိုင်းမှူး။

ဗိုလ်မှူးကြီး စိန်လွင်။

ဗိုလ်မှူးကြီး  အောင်ခင်။

ဗိုလ်မှူးကြီး လှထွန်း။

မန္တလေးမြို့တွင် တိုင်းမှူးများ အဆင့်ဆင့်ပြောင်းခဲ့သည်။

ဦးနေဝင်းသည် မန္တလေးသို့ ရောက်တိုင်း ဝင်းတင်ကို ခေါ်မြဲခေါ်လျက်။

မန္တလေးတိုင်းမှူးများကလည်း ဦးနေဝင်း၏အထာကို သိထားကြပြီးပြီ။

တိုင်းမှူး အဆက်ဆက်ကလည်း တစ်ဦးနှင့်တစ်ဦး သတင်းစကား ပါးခဲ့ကြသလားမသိ။

ဦးနေဝင်း မန္တလေးသို့ လာတော့မည်ဟု သတင်းစကားကြားရသည်နှင့်...။

''ဟဲလို ဟဲလို ...ဟံသာဝတီ သတင်းစာက အယ်ဒီတာချုပ် ဦးဝင်းတင်ပါလား ခင်ဗျား''

''ဟုတ်ပါတယ်''

''ဒီရက်ပိုင်းမှာ ဘယ်များသွားစရာ ရှိနေပါသလဲခင်ဗျား။ ခရီးတွေ ဘာတွေထွက်ဖို့ ရှိနေသလားလို့ပါ''

''မရှိပါဘူး။ ကျွန်တော် မန္တလေးမှာပဲ ရှိနေမှာပါ''

ဝင်းတင်က သိသည်။

ဦးနေဝင်း မန္တလေးသို့ လာတော့မည်။

''ဟုတ်ကဲ့ပါ။ ခရီးထွက်စရာရှိ နေရင်လည်း မထွက်ပါနဲ့ဦးလို့ ပြောချင်လို့ပါခင်ဗျာ''

''ဟုတ်ပါပြီ။ ကျွန်တော် ဟံသာဝတီ သတင်းစာတိုက်မှာ အမြဲရှိနေပါတယ်''

ဦးနေဝင်း ရောက်လာလျှင် အင်္ဂလိပ်ခေတ်က ဆောက်လုပ်ထားသော သစ်သားအိမ်ကြီးမှာ တည်းခိုတတ်၏။

ဦးနေဝင်းသည် ဝင်းတင်ကို ခေါ်တော့၏။

ဆင်ဝင်ခန်းမှာ ဦးနေဝင်းနှင့် ဝင်းတင်သည် စကားပြောကြ၏။

မည်သူမျှ အနားမကပ်ရ။ အစောင့်များသည် လမ်းလျှောက်နေရ၏။

ဦးနေဝင်းသည် သူ့လက်အောက်က တိုင်းမှူးကိုဖြစ်စေ၊ အခြားသူကိုဖြစ်စေ ဝင်းတင်ရှေ့မှာ ဆဲရေးတတ်၏။

ဦးနေဝင်းသည် သူ့လူများကို မည်မျှဆဲရေးတတ်ပါစေ ဝင်းတင်ကိုတော့ ကောင်းမွန်စွာ ဆက်ဆံ၏။

ဦးနေဝင်းသည် သူတည်းသောအိမ်ကြီးမှာ ဝင်းတင်ကိုခေါ်သည်။ သို့သော် ဦးနေဝင်းကသာ စိတ်ကူး တည့်ရာ လျှောက်ပြောနေတတ်၏။

ဝင်းတင်ကလည်း ဦးနေဝင်းကို စကားထွေလာ ပြောလေ့မရှိပါ။ ဦးနေဝင်း ပြောတာတွေကို နားထောင်ပေး၏။ ဦးနေဝင်းကလည်း စိတ်ထဲပေါ်လာသမျှ တောက်လျှောက်ပြောနေ၏။

''ကိုဝင်းတင် ကျွန်တော်တို့ ပုဂံသွားကြမလို့ ခင်ဗျား လိုက်ခဲ့ပါလား''

''ကျွန်တော် ပုဂံတော့လိုက်လို့ မဖြစ်ပါဘူး။ သတင်းစာကလည်း ရှိသေးတယ်ဆိုတော့''

''ကိုဝင်းတင် ဒီမှာ လိုအပ်တာတွေရှိရင် ပြောနော်''

''ဟုတ်ကဲ့ပါ။ ကျွန်တော် ဒီမှာ အဆင်ပြေပါတယ်။ ဘာမှမလိုအပ် ပါဘူး ခင်ဗျာ''

''ကိုဝင်းတင်ရေ၊ ကျွန်တော်တော့ လယ်ယာစိုက်ပျိုးရေးကို  စိတ်ဝင်စားတယ်။ ကျွန်တော်တို့က စက်မှုနိုင်ငံတော့ မဖြစ်သေးဘူး။ လယ်ယာစိုက်ပျိုးရေးကိုတော့ အောင်မြင် အောင် လုပ်ရမယ်''

''ဟုတ်ကဲ့''

''ကိုဝင်တင်ရေ အင်းလျားကန်စောင်းက ကျွန်တော့်အိမ်က ပိုက်ဆံစုပြီး ဝယ်ထားတာပါ''

ထိုသို့ ပြောတတ်၏။ စိတ်ကူးတည့်ရာပြော၏။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.