14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
စာပေလောက ဘ၀အတွေ့အကြုံ ၀က်ထီးကြီးအကန်ခံလိုက်ရသော ၀က်ထီးကန်စာပေဟောပြောပွဲ

(၁)

စာရေးဆရာ တက္ကသိုလ်စိန်တင်သည် အထက်အောက် မြန်မာ ပြည်အနှံ့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးတွင် လည်းကောင်း အပေါင်းအသင်း ရောင်းရင်းစာရေးဆရာ၊ စာရေး ဆရာမများနှင့်အတူတကွ ပျော်ပျော်ပါးပါး စာပေဟောပြောပွဲများသွားခဲ့ဖူးသည်။ ဘယ်မြို့၊ ဘယ်ဒေသစာပေ ဟောပြောပွဲများတွင်မဆို စာရေးဆရာများကို ကြည်ညိုသဒ္ဓါပွားများကြသည့် စာပေချစ်သူများ၊ မြို့ခံအုပ် ချုပ်ရေးပိုင်းဆိုင်ရာ ခင်မင်ဖွယ် ကောင်းသည့် ပုဂ္ဂိုလ်များ တွေ့ဖူး၊ ကြုံ ဖူးကြသောကြောင့် အလွန်ပင်ပျော် ရွှင်ကြည်နူးရပေ၏။ သို့သော် စာရေးဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ စာရေး ဆရာသူရဇော်တို့နှင့် တက္ကသိုလ်စိန်တင်တို့ ပေါင်းစည်း၍ ပြည်ခရိုင်၊ ဝက်ထီးကန်မြို့သို့ စာပေ ဟောပြောပွဲကျင်းပရန် သွားရောက် ကြသောအခါတွင်ကား ကြုံတောင့် ကြုံခဲ ဝက်ထီးကြီး တစ်ကောင်က အ ကန်ခံလိုက်ရသော အတွေ့အကြုံကို ရရှိခဲ့သည်။

ထိုစဉ်က ဝက်ထီးကြီး အကန်ခံရသူမှာ စာရေးဆရာတက္ကသိုလ် စိန်တင်တစ်ယောက်သာ မဟုတ်ဘဲ စာရေးဆရာမောင်စိန်ဝင်း (ပုတီး ကုန်း)၊ စာရေး ဆရာသူရဇော်တို့ပါ သုံးယောက်စလုံး ဝက်ထီးကြီး အကန်ခံလိုက်ရခြင်းဖြစ်ပေသည်။ ဒီတော့ မေးခွန်ထုတ်ရန် ဖြစ်လာလေသည်။ အထက်ဖော်ပြပါ စာရေးဆရာ သုံးဦးက ဝက်ထီးကန်မြို့တွင် ဝက်ထီးကြီးကို ဘာသွားလုပ်လို့ အကန်ခံရတာလဲ။

ဖြေဆိုပါမည်။ အထက်ပါ မေးခွန်းကို ဖြေဆိုရန် စကားလက်တံ အနည်းငယ်တော့ ရှည်ခွင့်ပြကြပါ ခင်ဗျား။

ကြုံခဲ့ရပုံများက ဒီလိုပါခင်ဗျာ။

(၂)

နေ့စဉ် ဒိုင်ယာရီ မှတ်တမ်းမရေးမိသောကြောင့် ယခုဖော်ပြမည့် ဖြစ်ရပ် ကြုံခဲ့သော ခုနစ် မေ့နေပါပြီ။

၂ဝ၁၁ ခုနှစ်က ဖြစ်မည်ထင်ပါရဲ့။ စာရေးဆရာ သူရဇော်ကတော့ အမှတ်အသားကောင်းသည်။ သူ့ကို မေးလျှင်သိမည်။ ထိုစဉ်က ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ စာပေဟော ပြောပွဲဖြစ်မြောက်ရေး ကော်မတီမှ ပုဂ္ဂိုလ်တစ်ဦးက ဒဂုံမြို့သစ်မြောက်ပိုင်း ၄၆ ရပ်ကွက်ရှိ တက္ကသိုလ်စိန် တင်အိမ်သို့ မကြာခဏရောက်လာ ပြီး စာပေဟောပြောပွဲ ဖိတ်ကြားလာသည်။ ''ဆရာ တက္ကသိုလ်စိန်တင် သဘောကျသော စာရေးဆရာ နှစ်ဦးကိုလည်း ဖိတ်ပေးပါ''ဟု ပြော၏။

ထို့ကြောင့် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သော အမျိုးသားစာပေဆုရ၊ စာရေးဆရာသူရဇော်ကို တယ်လီဖုန်းဖြင့် လှမ်းချိတ်ကြည့်တော့ ဝက်ထီးကန်မြို့ စာပေဟော ပြောပွဲရက်မှာ လက်ခံထားသော စာပေဟောပြောပွဲမရှိဟုဆိုလေသည်။ ဟုတ်ပြီ။ စာပေဟောပြောပွဲများတွင်  ပရိသတ်ကိုကောင်းကောင်းထိန်းနိုင် သည့် စာရေးဆရာ သူရဇော်ကို ရသောအခါ ဝမ်းသာသွား၏။ နောက်ထပ် စာရေးဆရာတစ်ယောက် လိုနေသေးသောကြောင့် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ကို တယ်လီဖုန်းဖြင့် လှမ်းချိတ်ကြည့်၏။ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် စာရေးဆရာ ချစ်ဦးညိုတို့မှာ စာပေဟောပြောပွဲ ရာသီရောက်တိုင်းသူတို့ခမျာ အိမ်တွင် ညအိပ်ရသည်မရှိပေ။ စာပေဟောပြောပွဲများသို့ ရက်ဆက် ထွက်ခွာသွားကြသော သူများဖြစ်သည်။

ထို့ကြောင့်ပင် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ကို ရနိုင်မည်။ မရနိုင်မည် မသိပါဘဲနှင့် တယ်လီဖုန်းဖြင့် လှမ်းချိတ်ကြည့်သောအခါ မောင်စိန်ဝင်း (ပုတီးကုန်း)က ဤသို့ ပြန်ပြောသည်။

''ဆရာစိန်တင်၊ ဆရာပြောတဲ့ ဝက်ထီးကန်စာပေဟောပြောပွဲရက်က ကျွန်တော့်အမေကွယ်လွန်တဲ့ နှစ်ပတ် လည်ရက်နဲ့ တိုက်ဆိုင်နေတယ်။ နောက်တစ်နေ့ နံနက်မှာ အမေ့အတွက် နှစ်ပတ်လည် ဆွမ်းကပ်လှူပွဲရှိတယ်။ ကျွန်တော့်ကို ဝက်ထီးကန်မြို့ကနေပြီး ပုတီးကုန်းမြို့ကို အမီလိုက်ပို့ပေးနိုင်ရန် ဝက်ထီးကန်မြို့ကို ကျွန်တော့်အစီအစဉ်နဲ့ ကျွန်တော် ကူးလာခဲ့မယ်။ ကျွန်တော်က (...) မြို့ စာပေဟောပြောပွဲက ကူးလာခဲ့မယ်''

ထိုအကြောင်းကို ဝက်ထီးကန်မြို့မှ စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်ဆိုသူ ပုဂ္ဂိုလ်အား ပြောပြသောအခါ အဆိုပါပုဂ္ဂိုလ်က ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) အစီအစဉ်အတိုင်း ဝက်ထီးကန်မြို့ကနေ ပုတီးကုန်းမြို့သို့ ကားငှားပြီး ပို့ပေးပါမည်ဟု ကတိပြု၏။

ဤသို့ဖြင့် ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ စာပေဟောပြောပွဲကျင်းပ မည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် စာရေးဆရာသူရဇော်နှင့် တက္ကသိုလ်  စိန်တင်တို့ကို ဝက်ထီးကန်မြို့ စာပေ ဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီဝင် ပုဂ္ဂိုလ်က ဒဂုံမြို့သစ်မြောက် ပိုင်းတွင် လာရောက်ကြိုဆိုခေါ်ယူပြီး အဝေးပြေးကားဖြင့် ဝက်ထီးကန်မြို့ သို့ ချီတက်ခဲ့ကြသည်။

မူလက အစီအစဉ်မှာ ဝက်ထီးကန်မြို့တွင် စာပေဟောပြောပွဲတစ်ပွဲသာ ဟောပြောရန်  အစီအစဉ်ရှိသော်လည်း ဝက်ထီးကန်မြို့သို့ ရောက်ရှိသောအခါ စာပေဟောပြောပွဲမှာ နှစ်ပွဲဖြစ်နေ၏။ ဝက်ထီးကန်မြို့ ရဲအတတ်သင်ကျောင်းတွင် သင်တန်းသား ကျောင်းသားများကို နံနက် ၉ နာရီအချိန်တွင် တစ်ပွဲဟောပြောပြီး ဝက်ထီးကန်မြို့ အစိုးရ အထက်တန်း ကျောင်းရှေ့ကွင်းပြင်ကြီး၌ ည ၇ နာရီတွင် စာပေဟော ပြောပွဲတစ်ပွဲ ကျင်းပရန် ဖြစ်ပေသည်။

နောက်တစ်နေ့ နံနက် ၈ နာရီ တွင် ဝက်ထီးကန်မြို့ ရဲအတတ်သင် ကျောင်းမှကားဖြင့် လာကြိုသောကြောင့် တက္ကသိုလ်စိန်တင်နှင့် သူရဇော်တို့နှစ်ဦးတည်းသာ ရဲအတတ် သင်ကျောင်းတွင် စာပေဟောပြောပွဲ ကျင်းပခဲ့သည်။ ရဲအတတ်သင်ကျောင်း၊ ကျောင်းအုပ်ကြီးမှာ ဒုတိယရဲမှူးကြီးအဆင့်ရှိပြီး စာရေးဆရာများကို အလွန်ကြည်ညို ခင်မင်သူဖြစ်ဟန်တူ၏။ နံနက်စာ Breakfast ကော်ဖီ၊ မုန့်၊ သစ်သီးစုံတို့ဖြင့် ချစ်ခင် ပျူငှာစွာ ကျွေးမွေးဧည့်ခံသည်မှာ အားနာစရာပင်ကောင်းခဲ့သေးတော့။

ထိုနေ့ နံနက်က စာရေးဆရာ သူရဇော်က ရဲအတတ်သင်ကျောင်းသား ၂ဝဝ ခန့်ကို ပထမကနဦး ဟောပြောသွား၏။ ရယ်စရာဟာသ ကလေးများနှောပြီး ဗဟုသုတဖြစ် ဖွယ်ရာ ဆရာသူရဇော်၏ ဟောပြောချက်မှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ ဆရာသူရဇော်ပြီးတော့ တက္ကသိုလ်စိန်တင်၏ အလှည့်ဖြစ်သည်။ ဗိုလ်ကြီးအောင်ဆန်း သူရိယ တိုက်ချွန်းအကြောင်း တက္ကသိုလ် စိန်တင်ရေးသားသည့် စာအုပ်မှ ထုတ်နုတ်၍ ဟောပြောခဲ့ရာ ရဲမှူးကြီးကျောင်းအုပ်ကြီးနှင့်တကွ ရဲအတတ် သင်ကျောင်းသားတို့ တဟားဟားရယ်မော။ သြော်--ပျော်ရပါ၏။

(၃)

ထိုနေ့ နေ့လယ်တွင် တက္ကသိုလ် စိန်တင်နှင့် သူရဇော်တို့ တည်းခိုနေသည့် အိမ်သို့ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရောက်ရှိလာသဖြင့် စာပေ ဟောပြောပွဲ ကျင်းပရေး ကော်မတီမှ ပုဂ္ဂိုလ်များ ဝမ်းသာသွားကြ၏။ တိုင်းသိပြည်သိ စာရေးဆရာ သုံးဦး ထိုနေ့ည ၇ နာရီတွင် ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော စာပေ ဟောပြောပွဲကျင်းပကြပေတော့မည်။

ထူးခြားသည်မှာ ဝက်ထီးကန် မြို့စာပေဟောပြောပွဲသို့ ဝက်ထီးကန် မြို့အနီးအပါးရှိ ကျေးရွာများမှ စာချစ်၊ ပေချစ် ပရိသတ်တို့ နွားလှည်းများဖြင့် လာရောက်နေကြခြင်းပင် ဖြစ်သည်။ ဝက်ထီးကန်မြို့ကျောင်းရှေ့ ကွင်းပြင်ကြီးတွင် နွားလှည်းတွေ၊ နွားလှည်းတွေ အစီအစီနေရာယူပြီး ထမင်းချက်ပြုတ်စားကြရင်း ည ၇ နာရီအချိန်တွင် ကျင်းပမည့် စာပေ ဟောပြောပွဲသို့ အားခဲ၍ ရောက်လာနေကြခြင်းဖြစ်သည်။

ညနေ ၅ နာရီတွင် စာရေးဆရာသုံးဦးကို တည်းခိုအိမ်၌ပင် ညနေစာ ထမင်းဖြင့် ဧည့်ခံကျွေးမွေး၏။ ထမင်းစားနေစဉ် စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက တက္ကသိုလ်စိန်တင်ကို ဤသို့လာ ပြောသည်။    

''ဆရာ တက္ကသိုလ်စိန်တင် ထမင်းဖြည်းဖြည်းစားပါ။ စာပေဟော ပြောပွဲကွင်းကို နည်းနည်းနောက်ကျမှ ဆင်းကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စာပေဟောပြောပွဲကျင်းပခွင့်ပြု လက်မှတ် ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ သွားယူနေတာ အခုထိ ပြန်မရောက်လာသေးဘူးခင်ဗျား''

တက္ကသိုလ်စိန်တင် - ''ဟင်-ဘယ်လို ဖြစ်တာလဲဗျ။ စာပေဟောပြောပွဲ ခွင့် ပြုလက်မှတ်က ကြိုတင်ပြီး ယူထား တာ မဟုတ်ဘူးလား''

အဖွဲ့ဝင် - ကြိုတင်ပြီးတင်ပြထားတာပဲ။ ခရိုင်အုပ်ချုပ်ရေး အရာရှိ ခရီး ထွက်နေတာကြောင့် ဒီနေ့ နေ့လယ်လာယူပါလို့ မှာထားလို့ သွားယူနေတာ ပြန်မရောက်သေးဘူး''

ဤသို့ဖြင့် ဤသို့ဖြင့်  ထိုနေ့ညနေက စာပေဟောပြောပွဲ ကျင်းပမည့် ကွင်းပြင်မှ အသံချဲ့စက် သီချင်းဖွင့်သံများ စည်စည်ဝေဝေကြားနေရသည်။ ဝက်ထီးကန် မြို့ခံပရိသတ်နှင့် မြို့အနီးအပါးကျေးရွာများမှ စာချစ်သူ ပရိသတ်ကြီး ကွင်းလုံးပြည့် တက်ရောက်နေကြပြီးဆိုသော သတင်းလည်း ကြားရ၏။

သို့သော်-

ညနေ ၆ နာရီ၊ ပြည်မြို့သို့ စာပေဟောပြောပွဲခွင့်ပြုမိန့်သွားယူ သူပြန်မရောက်လာသေး။

       ည (၇) နာရီ

       ည (၈) နာရီ

ထိုနေ့ည ၉ နာရီမှ ပြည်မြို့သို့ စာပေဟောပြောပွဲခွင့်ပြုမိန့် သွားယူသူ ပြန်ရောက်လာသည်။ ခရိုင်အုပ် ချုပ်ရေး အရာရှိ ခွင့်ပြုချက်လက်မှတ် မထိုးရသေးသဖြင့် လက်မှတ်မရခဲ့။ စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီဝင်တစ်ဦးမှာ ယခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်ခဲ့၍ စာပေဟောပြောပွဲ ခွင့်ပြုလက်မှတ်ကို မထိုးဘဲ ခရိုင်အုပ်ချုပ်ရေး အရာရှိက ရှောင်တိမ်းနေသည်ဟုဆို၏။

ဤတွင်  ဝက်ထီးကန် စာပေဟောပြောပွဲကျင်းပရေး အစီအစဉ် ပျက်လေသည်။ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ကို ထိုနေ့ည တွင်းချင်းပင် ပုတီးကုန်းမြို့သို့ စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီက ကားငှား၍ လိုက်ပို့ပေး၏။ ဤဆောင်းပါး ခေါင်းစဉ်တွင် ဖော်ပြထားသော တိုင်းသိ၊ ပြည်သိစာရေးဆရာသုံးဦး အား ဝက်ထီးကန်မြို့မှ ဝက်ထီးကြီး အကန်ခံရသည်ဆိုသည်မှာ ဤဖြစ် ရပ်ပါပဲ။

တက္ကသိုလ်စိန်တင်၊ စာရေးဆရာ သူရဇော်နှင့် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့မှာ အချိန်ကုန်၊ လူပင်ပန်း၊ အလုပ်အကိုင်ပျက်၊ ဒေါသထွက်လျက် ဝက်ထီးကြီး ကန်ခြင်းကို ကောင်းမွန်စွာ ခံလိုက်ရ၏။ ပြည်ခရိုင် အုပ်ချုပ်ရေးရုံးမှ အရာရှိငယ်တစ်ဦးက မှာလိုက်သည်တဲ့။ ''မနက်ဖြန်ကျရင် ဆက်ဆက်ခွင့် ပြုချက်လက်မှတ်လာယူပါ''တဲ့။

စာရေးဆရာသုံးဦးစလုံးက ''ကျုပ်တို့ အလုပ်လက်မဲ့တွေ မဟုတ်ဘူး။ ခင်ဗျားတို့ အုပ်ချုပ်ရေးပိုင်းက လူတွေလုပ်တာ မခံနိုင်ဘူး။ မနက်ဖြန် စာပေဟောပြောပွဲဖြစ်လည်း မဟောနိုင်ဘူးပြန်မယ်''

ထိုနေ့က စာရေးဆရာ သုံးဦးကို ဝက်ထီးကန်မြို့ စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီက ငွေသားသော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း၊ မည်သည့် လက်ဆောင်မှမပေးဘဲ ပြန်လွှတ်လိုက်ကြ၏။

ပွင့်ပွင့်လင်းလင်းပြောတတ်သော တက္ကသိုလ်စိန်တင်က ဤသို့ မေးလိုက်သည်။

''ခင်ဗျားတို့ အချိန်ကုန်၊ လူပင်ပန်းလာခဲ့တဲ့ စာရေးဆရာတွေအတွက် ဘာမှ ကန်တော့လက်ဆောင် မပေးဘူးလား''

ထိုအခါ တက္ကသိုလ်စိန်တင်တို့ကို အိမ်သို့ လာကြိုသောသူက ဤသို့ ပြန်ဖြေသည်။

''ဆရာ မောင်စိန်ဝင်း (ပုတီးကုံး) ကို ပုတီးကုံးမြို့သို့ ကျပ်ငါးသောင်း ပေးပြီးကားငှား ပို့လိုက်ရတယ်ဆရာ။ ဒါကြောင့် ရန်ပုံငွေကုန်သွားလို့ ကန်တော့ လက်ဆောင်ငွေသား မပေးနိုင်တာပါ''တဲ့။

ဤလည်း ဝက်ထီးကန်မြို့က ဝက်ထီးကြီးတစ်ကောင်ကန်ခြင်း နောက်ထပ် ခံလိုက်ရခြင်းဖြစ်လေသတည်း။

 

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.