14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၂၁

ဆရာကြီး ရွှေဥဒေါင်းကို လုပ်သားပြည်သူ့နေစဉ် သတင်းစာတွင် အယ်ဒီတာချုပ်လုပ်ရန် ဗိုလ်ချုပ်ကြီး နေဝင်းက ဖိတ်ခေါ်ထားခဲ့ခြင်းဖြစ်သည်။

စကော့ဈေးဘက်ကနေ သံတံတားကျော်ဆင်းခဲ့လျှင် ဆင်းဒဝစ်လမ်းသို့ ရောက်သည်။ သံတံတားက ဆင်းလျှင် ရှုမဝမဂ္ဂဇင်းတိုက်ရှိသည်။ ထိုအနားတစ်ဝိုက်မှာ ယခင်က ထန်းတောကြီးရှိသည်။

ထန်းပင်များကို ခုတ်သည်။ တိုက်ခန်းများ တည်ဆောက်သည်။ အထက်တန်း အရာရှိများ နေထိုင်ရန် အစိုးရက စီစဉ်ပေးထား၏။

ဗိုလ်ချုပ်ကြီးနေဝင်းက ထိုတိုက်ခန်းများထဲက တစ်ခန်းကို ဆရာကြီးရွှေဥဒေါင်း နေထိုင်ရန် စီစဉ်ပေးခဲ့၏။

ဆရာကြီး ရွှေဥဒေါင်းသည် မတော်တဆပေါင်ကျိုးသွား၏။  ဆရာကြီးရွှေဥဒေါင်းကို စစ်ဆေးရုံ မှာ တက်ရောက်ကုသစေ၏။ ကျကျနနထားသည်။ ဂရုစိုက်သည်။

ဦးခင်မောင်လတ်

ဒေါ်ခင်မျိုးချစ်

ဇနီးမောင်နှံနှစ်ဦးသည် ပြည်သူပိုင် သတင်းစာမှ အလုပ်ထွက်ပြီ။

''အေးကွ။ သတင်းစာသမားကို ဒီလိုထွက်ခိုင်းတာမျိုးကို မကြိုက်ဘူးကွာ။ သတင်းစာမှာ လွတ်လွတ်လပ်လပ် မရေးရတာဟာ မရေးရဘူး  ပြောမှာပေါ့။ ဦးခင်မောင်လတ် ပြောတာမှန်တယ်။ ကျုပ်လည်း ကျုပ်တို့ လူတွေဘက်က ရပ်တည်ကြောင်း ပြသမယ်။ စစ်တပ်ဘက်က ကျုပ်မရပ် တည်နိုင်ဘူး။ ကျုပ်လည်း ထွက်ပြီ''

ဆရာကြီး ရွှေဥဒေါင်းသည် ပြောသည့်အတိုင်းလုပ်သည်။

ပြည်သူပိုင် သတင်းစာက ထွက်လိုက်သည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ဆရာ ကြီး ရွှေဥဒေါင်း ထွက်မှာကို လုံးဝမလိုလားပါ။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ဘုရင်ခံ အိမ်တော်မှာနေ၏။ အမှန်တော့ ဘုရင်ခံ အိမ်ဘေးမှာ သစ်သား အဆောက်အအုံလေးဖြင့် နေထိုင်နေ ခြင်းဖြစ်၏။

တင်းနစ်ကွင်းကြီး တစ်ခုလုံးကို ဗိုလ်ချုပ်ကြီး နေဝင်းက စပါးခင်းကြီး ပြုလုပ်ထားသည်။ စိမ်းစိုနေ၏။

''ဆရာကြီး ကျွန်တော့်ဆီလာပြီးတော့ ဥပုသ်စောင့်ပါဦး''

ဗိုလ်ချုပ်ကြီး နေဝင်းက ဆရာ ကြီး ရွှေဥဒေါင်းကို ဖိတ်ခေါ်သည်။

ဆရာကြီး ရွှေဥဒေါင်းကလည်း ဗိုလ်ချုပ်ကြီးနေဝင်း၏  ဖိတ်ခေါ်မှုကို မငြင်းဆိုပါ။

''အေးကွာ၊ ဥပုသ်စောင့်တာ တရားထိုင်တာ ကောင်းတာပေါ့ကွာ''

ဆရာကြီးသည် ဘုရင်ခံ အိမ်ကြီး တည်ရှိရာ ဘုရင်ခံဝင်းထဲက အိမ်တစ်အိမ်တွင် နေထိုင်လျက် ဥပုသ် စောင့်သည်။ တရားထိုင်သည်။

ဗိုလ်ချုပ်ကြီး နေဝင်းသည် ဆရာကြီး ရွှေဥဒေါင်းကို ဆွမ်းကွမ်းအလုပ် အကျွေးပြု၏။

ဆရာကြီး ရွှေဥဒေါင်းကို လိုလေသေးမရှိ ပြုစု၏။

ဆရာကြီး ရွှေဥဒေါင်းနှင့် အာလာပ သလ္လာပပြော၏။

သတင်းစာတိုက်က ထွက်မသွားပါနှင့် ဆရာကြီးဟုတော့ ဗိုလ်ချုပ်ကြီး နေဝင်းက မပြော။

သို့သော် ဗိုလ်ချုပ်ကြီး နေဝင်းသည် ဆရာကြီး ရွှေဥဒေါင်းကို ချော့မော့သည်။ စည်းရုံးသည်။

ဆရာကြီး ရွှေဥဒေါင်းသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ ပြုစုမှုကို လက်ခံသည်။ ဥပုသ်ဆောက်တည်ခြင်း၊ တရားထိုင်ခြင်း အမှုကိုပြုသည်။ ရက်သတ္တနှစ်ပတ် ကြာသွား၏။

အေးကွာ၊ ဥပုသ်စောင့်လို့လည်း ကောင်းတယ်၊ တရားထိုင်လို့လည်း ကောင်းတယ်၊ စိတ်လည်း အင်မတန် ငြိမ်းချမ်းသွားတယ်။ ကျုပ်လည်း ဒီလိုငြိမ်းငြိမ်းချမ်းချမ်းပဲ နေထိုင်ချင်ပါတယ်။ သတင်းစာကလည်း ထွက်ပြီးပြီမို့ ကျုပ်ဒေသကျုပ်ပြန်ပြီး စာ အုပ်တွေ ရေးလိုက်ဦးမယ်။ ကျေးဇူး တင်ပါတယ်ကွယ်''

ဗိုလ်ချုပ်ကြီး နေဝင်းသည် ဆရာကြီး ရွှေဥဒေါင်းကို သတင်းစာလောကမှာ အယ်ဒီတာချုပ် ဆက်လက်လုပ်ကိုင်စေရန် မစွမ်းဆောင် နိုင်တော့ပါ။

ခေါင်းမာသော သတ္တိကောင်းသော၊ ပြတ်သားသော ဆရာကြီး ရွှေဥဒေါင်းကို ဗိုလ်ချုပ်ကြီး နေဝင်း သည် လက်လျှော့လိုက်ရ၏။ လက် လွှတ်လိုက်ရ၏။

၁၉၆၉။

ဝင်းတင်သည် မန္တလေးသို့ ဟံသာဝတီ သတင်းစာလုပ်ရန် ရောက် ရှိသွား၏။ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူရသည်။

''မန္တလေးက ချစ်စရာကောင်းတယ်။ မန္တလေးက လူတွေဟာ ခင်မင်တတ်တယ်။ ဖော်ရွေတတ်တယ်။ ဒါကအကောင်းဘက်ကပြောတာ။ မကောင်းတဲ့ဘက်က နွှယ်ပြီးပြောရရင်တော့ မန္တလေးက နည်းနည်း တောဆန်တယ်။ ဆယ်သွယ်ရေးလည်း မကောင်းဘူး။ ပတ်ဝန်းကျင်ကလည်း ရန်ကုန်လို မဟုတ်ဘူး။ မန္တလေးမှာ ကျွန်တော် သတင်းစာလုပ်ရင် အကြီးကြီးလုပ်လို့တော့ မရဘူး။ ခပ်သေးသေး သတင်းစာပဲ လုပ်လို့ရမယ်။ အဲဒီလို ကျွန်တော်တွေးမိတယ်ဗျာ''

ဝင်းတင်က သူ၏ မိတ်ဆွေရင်း အချို့ကို ဖွင့်ပြောသည်။

''မန္တလေးမှာ တကယ်ကို တော်တဲ့ လူထု ဦးလှတို့၊ လူထုဒေါ်အမာ တို့ ရှိတယ်။ မန္တလေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဆရာဦးကျော်ရင်တို့ လည်း  ရှိတယ်။ ကျွန်တော် သူတို့အား တွေကိုလည်း ကျွန်တော့်ရဲ့ ဟံသာဝတီ သတင်းစာထဲမှာ ထည့်ရမှာပဲ''

ဝင်းတင်က သူ၏ မိတ်ဆွေရင်းများကို တိုင်ပင်ကြည့်၏။

သို့သော် ဝင်းတင်ထံသို့ ဝန်ကြီးက ညွှန်ကြားချက် စာတစ်စောင် ရောက်ရှိလာ၏။

၁။   ဟံသာဝတီ သတင်းစာထဲတွင် ဦးလှနှင့် ဒေါ်အမာတို့၏ ဆောင်းပါးများကို ထည့်သွင်း အသုံးပြုခြင်း မပြုရ။

၂။ ဟံသာဝတီ သတင်းစာ၏ ဆောင်းပါးများသည် စကားပြေပုံစံနှင့်သာ ဖြစ်ရမည်။ စကားပြော အရေးအသားနှင့် ရေးသားထားသော ဆောင်းပါးများကို ထည့်သွင်းဖော်ပြ ခြင်းမပြုရ။

''ဒါ အဓိပ္ပာယ်မရှိဘူး။ ကျွန်တော့်ကို မန္တလေးသွားပြီး ဟံသာဝတီသတင်းစာကို လွတ်လွတ်လပ်လပ် လုပ်လို့ သူတို့ပဲပြောခဲ့တယ် မဟုတ်လား''

ဝင်းတင်သည် မန္တလေးတွင် ဟံသာဝတီ သတင်းစာကို လုပ်ခွင့်ရပြီ။ ဝင်းတင်စိတ်ကြိုက် သတင်းစာ တစ်စောင်သာ ဖြစ်စေရမည်။ ထိုသို့ ဝင်းတင်က ဆုံးဖြတ်လိုက်၏။

ဝင်းတင်သည် ဟံသာဝတီ သတင်းစာကို စထုတ်သောနေ့မှာ လူထုဦးလှ၊ လူထု ဒေါ်အမာ၊ ဆရာတော် ရွှေကိုင်းသားတို့၏ ဆောင်းပါးများကို ခမ်းခမ်းနားနား ထည့်သွင်း ဖော်ပြလိုက်၏။

ဟံသာဝတီ သတင်းစာ အထူး ထုတ်။

မန္တလေးတွင် ဟံသာဝတီ သတင်း စာသည် တာထွက်ကောင်းသည်။

တမ္ပဝတီ ဦးဝင်းမောင်ကလည်း ဟံသာဝတီသတင်းစာထဲတွင် မြန်မာ မှုဆိုင်ရာဆောင်းပါးများ ဝင်ရေးသည်။

ဝင်းတင်က သဘောကျသည်။

''ကိုဝင်းမောင် ရေးတာလေးတွေ ကောင်းတယ်။ ဆက်ရေးပါ။ ကျွန်တော် ထည့်ပါမယ်''

ဝင်းတင်က တမ္ပဝတီ ဦးဝင်း မောင်ကို စာရေးဖြစ်စေရန် တိုက်တွန်းအားပေး၏။

ဝင်းတင်သည် လူငယ်များကို အားပေး၏။ ဟံသာဝတီသတင်းစာတွင် စင်တင်ပေး၏။

ကံချွန်၊ ဗိုလ်မောင် ညီအစ်ကို နှစ်ယောက်သည် ဟံသာဝတီ သတင်းစာထဲမှာ ကာတွန်းများ စတင် ရေးသည်။ ဝင်းတင်က ထည့်ပေး၏။ ကံချွန်သည် ဟံသာဝတီ သတင်းစာ ထဲမှာ ဆောင်းပါးများလည်း စတင်ရေးကြည့်၏။

''မောင်ကံချွန် ရေးကွာ''

ဝင်းတင်က အားပေးခဲ့၏။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.