21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၂၀

ဝင်းတင်တို့ စာနယ်ဇင်းအဖွဲ့သည် ၁၉၆၆ တွင် တရုတ်မှ၊ မြောက် ကိုရီးယားမှ မြန်မာနိုင်သို့ ပြန်လာသည်။

'တရုတ်ပြည်သူ သိန်းသန်းကုဋေ' ဟူသော အမည်ဖြင့် သူက စာတစ်အုပ် ရေးချင်နေမိသည်။

သို့သော် တရုတ်ပြည်အကြောင်း မရေးရ။ ပိတ်ပင်ခံရသည်။

ဝင်းတင်ကတော့ ရုရှားသွားစဉ်က အကြောင်းကို 'ကမ္ဘာနီတွင် တဒင်္ဂ' ဟု ရေးခဲ့ဖူးသည်။

အခုတော့ သူ့စိတ်ကူးထဲက 'တရုတ်ပြည်သူ သိန်းသန်းကုဋေ'ကို ရေးခွင့်မရပါ။

''ကျွန်တော် ရေးချင်တယ်ဗျာ။ 'တရုတ်ပြည်သူ သိန်းသန်းကုဋေ'၊  Title က သိပ်လှတယ်ဗျာ''

ဝင်းတင်က စာရေးဆရာ မောင်နေဝင်းကို ပြောပြသည်။

''ဟုတ်တယ်။ လှတယ်။ ဘာသာပြန်စာအုပ်ရေးရင် တရုတ်ပြည်သူ သိန်းသန်းကုဋေလို့ နာမည်ပေးမယ်''

မောင်နေဝင်းက ပြောသည်။

၁၉၆၇ တွင် မြန်မာနိုင်ငံ၌ ဆန်ရှားပါးခြင်း ပြဿနာပေါ်သည်။

ဆန်ရှားတော့ ဆားကိုအိမ်တိုင်းက အကြီးအကျယ် ဝယ်ထားလာကြသည်။ ဆားလည်း ပြတ်သွားသည်။ မကြာပါ တရုတ်-ဗမာ အရေးအခင်းဖြစ်သည်။

''အမှန်တော့ တရုတ်ပြည်က ယဉ်ကျေးမှု တော်လှန်ရေးကနေပြီး  မြန်မာပြည်က တရုတ်တွေဆီ ကူးစက်လာတာ။ အဲဒီကဆက်လာတာ''

ဝင်းတင်က သူ့မိတ်ဆွေများကို ပြောသည်။

အောင်ဗလကတော့ ဝင်းတင်တို့ကို မကြာခဏ ပြောတတ်၏။

''ကျုပ်တို့ သတင်းစာသမားဆိုတာ အဖြစ်အပျက်တွေကို ဂရင်းစတန်းကနေ ကြည့်မြင်သုံးသပ်ရမယ်။ ဖြစ်ပျက်မှုထဲ၊ လှုပ်ရှားမှုထဲ ဝင်ပါဖို့ မလိုဘူး။ အပေါ်စီးကနေ ထိုင်ကြည့် ရမယ်။ သုံးသပ်တတ်ရမယ်''

''ကျွန်တော်ကတော့ လူတွေထဲမှာ လူတွေနဲ့အတူ ဝင်တိုးဝှေ့ချင်တာ၊ အတူဖြတ်သန်းချင်တာ''

ဝင်းတင်က ပြောသည်။

''မဟုတ်ဘူး။ အပေါ်ကနေ ငြိမ် ငြိမ် ထိုင်ကြည့်တတ်ပါစေ။ စိတ်တည်ငြိမ်ပါစေ''

အောင်ဗလက ပြောသည်။

ဝင်းတင်သည် သတင်းစာမှာငြိမ်ပြီး လုပ်နေရ၏။ စာနယ်ဇင်းသမား အချင်းချင်း လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ရ စကားပြောရတာကို သူခုံမင်၏။

ကြေးမုံသို့ စာရေးဆရာ မောင်ဝံသက ဝင်ဝင်လာသည်။ သတင်းစာဆောင်းပါးရှင် ဈာန်ရ ဝင်လာသည်။

လက်ဖက်ရည်ဆိုင်မှာ အတူ ထိုင်ကြသည်။

''သတင်းစာ ဆရာဘဝမှာ နိုင်ငံရေးက အရေးအကြီးဆုံးပဲ''

''ဟုတ်တယ်။ နိုင်ငံရေးကို ပါးပါးနပ်နပ် သိရမယ်။ နားလည်ရမယ်''

''ဒါပေမယ့် ကျွန်တော်တို့ဟာ နိုင်ငံရေးသမားတွေတော့ မဟုတ်ဘူး''

''နိုင်ငံရေးသမားလို ခံယူဖို့လည်းမလိုဘူး။ နိုင်ငံရေးသမားလို တုံ့ပြန်ဖို့လည်း မလိုဘူး။ နိုင်ငံက အရေးကို  ရှင်းရှင်းပြတ်ပြတ်ချဉ်းကပ်တတ်ရ မယ်''

ဝင်းတင်တို့အဖွဲ့သည် ပုဇွန်တောင်-ညောင်တန်းက လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြသည်။

လက်ဖက်ရည်ဆိုင် ပိတ်သည်အထိ ထိုင်ကြ၏။ လေကန်ကြ၏။ ဝင်းတင်မှာ ကားတစ်စီးရှိသည်။

''ကဲဗျာ - လက်ဖက်ရည်ဆိုင် ပိတ်ပြီ။ ပြန်ကြမယ်။ ကျွန်တော့် ကားပေါ်တက်၊ ကျွန်တော်လိုက်ပို့ပေး မယ်''

ဝင်းတင်သည် သခင်တင်ဦးနှင့် မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ ဆက်ထိုင်၏။

ဆူးလေဘုရားလမ်းက တရုတ် လက်ဖက်ရည်ဆိုင်။

ဘားလမ်းက တရုတ်လက်ဖက် ရည်ဆိုင်။

၃၅ လမ်း၊ ၃၆ လမ်းအပေါ်ဘက်က  တရုတ်လက်ဖက်ရည်ဆိုင်။

ဝင်းတင်နှင့် သခင်တင်ဦးသည် ပြောကြဆိုကြပြန်၏။

''သတင်းစာမှာ ရာဇဝတ်မှု၊ လူ သတ်မှု၊ ခိုးမှု၊ ကားတိုက်မှု သတင်းတွေ အရေးကြီးတာတော့ မှန်တယ်။ ဒါပေမယ့် တကယ့် သတင်းစာရဲ့ အလုပ်ကတော့ နိုင်ငံရေးမှာပဲ ရှေးရှုတယ်။ ဒီလူဟာ သတင်းစာ အလုပ်တော့ လုပ်နေတယ်။ နိုင်ငံရေးကို ရေးဖို့ အစွမ်းအစ မရှိဘူးဆိုရင် ဒီလူဟာ သတင်းစာသမားကောင်း မဟုတ်ဘူးဗျ''

''ဟုတ်တယ်၊ သတင်းစာရဲ့ အသက်သွေးကြောက နိုင်ငံရေးပဲ။ သတင်းစာရဲ့ အဓိက တာဝန်၊ အဓိက ပစ်မှတ်ဦးတည်ချက်က နိုင်ငံရေးပဲ''

''နိုင်ငံရေးကြောင့် လူထုက ခံစားရတယ်။ သတင်းစာသမားက လူထုကို ကိုယ်စားပြုနေတာ။ သတင်းစာသမားက လူထုရဲ့  ခံစားချက်ကို ရေးရမယ်။ လူထုရဲ့ ခံစားချက်ဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်နေ တယ်ဗျာ''

ဝင်းတင်သည် ညလက်ဖက်ရည်ဆိုင်များကို တစ်ဆိုင်ပြီးတစ်ဆိုင် ပြောင်းထိုင်သည်။

ပြောကြဆိုကြ။

ငြင်းကြခုံကြ။

သတင်းစာ ဆရာရဲ့ ဘဝ။

သတင်းစာ သမားရဲ့ ဘဝ။

''ဦးနေဝင်း ဆိုးတယ်၊ ကောင်း တယ်တော့ ကျွန်တော် မပြောချင်ဘူး။ ဒါပေမယ့် အဲဒီ ဦးနေဝင်းဆိုတဲ့ ပုဂ္ဂိုလ်က မျက်စိလျင်တယ်။ နားပါးတယ်။ အနံ့ခံ ကောင်းတယ်''

ဝင်းတင်က ပြောသည်။

''သတင်းစာ လောကမှာ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ အဲဒီ ဦးနေဝင်းဆိုတဲ့ လူက တိုင်းပြည် ဘာဖြစ်နေတယ်။ ဘာဖြစ်တော့မယ်ဆိုတာ တန်းသိတာပဲ။ လူလည်ကြီးပါ''

ဝင်းတင်တို့ အဖွဲ့ထဲက တစ်ယောက်က ပြောသည်။

ရေနွေးကြမ်း တစ်အိုပြီးတစ်အိုး။

''ဒီပုဂ္ဂိုလ်မှာ တော်တဲ့၊ အချက်တော့ ရှိပါတယ်''

''တော်တော် မတော်တော်။ ဒီဦးနေဝင်းက စစ်အာဏာရှင် အစစ်။ သူ့အာဏာ တည်မြဲဖို့ပဲ လူရည်လည်တာပါ''

ညဥ့်နက်နက် လက်ဖက်ရည်ဆိုင်မှာ ဝင်းတင်တို့ သတင်းစာဆရာများ ငြင်းခုံကြသည်လည်းရှိ၏။

''ဦးနေဝင်းက သူ့စိတ်ထဲ ရှိတာကို  သူကိုယ်တိုင် မလုပ်ဘူးဗျ။ သူ့ထဲက ဝန်ကြီးကို သတင်းစာသမားနဲ့ တွေ့လိုက်ဦးဗျာလို့ ပြောတတ်တယ်။ အဲဒီ ဝန်ကြီးကိုင်တွယ်ပုံ၊ ဆုံးဖြတ်လုပ်ကိုင်ပုံဟာ ဦးနေဝင်းရဲ့ စိတ်ထဲကအခံနဲ့ ကိုက်ညီသလားဆိုတာ ဦးနေ ဝင်းက ကြည့်တယ်''

''ဟုတ်တယ်လေ။ ဦးနေဝင်းက  သူဖြစ်စေချင်တာနဲ့များ ဟိုဝန်ကြီးက လွဲချော် လုပ်ကိုင်ရင် အဲဒီဝန်ကြီးတော့ သေပေတော့ပဲ''

မည်သို့ပင်ဖြစ်စေ၊ ဆိုရှယ်လစ်ခေတ်မှာ သတင်းစာလုပ်ရတာ အဆင်မပြေ။

''ကိုဝင်းတင် ဒါကတော့ ပေါ်လစီနဲ့ မညီဘူးဗျ။ ဖြုတ်မှဖြစ်မယ်''

ဗိုလ်မှူးကြီး တင်ထွန်းက ပြောသည်။ ထိုပုဂ္ဂိုလ်က အတွင်းဝန်ဖြစ်သည်။

''ကိုဝင်းတင် ဒီဆောင်းပါးကို လုံးဝပယ်တယ်''

''ဗိုလ်မှူးကြီးတို့ကလည်း ဖြုတ်တာနဲ့ ပယ်တာချည်းပဲဗျာ။ သတင်းစာထဲမှာ ဘာထည့်ရမှာလဲ။ ဘာမှမပါဘဲ လွှတ်လိုက်ဗျာ၊ နာရေးသတင်း ပါရင်ရပြီ။ ကြော်ငြာထည့်ရင် ကြော်ငြာခကို အစိုးရက ရတယ်''

ဝင်းတင်က အတွင်းဝန်ကို ပြန်ပက်သည်။

အစည်းအဝေးမှာလည်း ပြန်ပြောသည်။

''ဒါက ကျွန်တော့်လုပ်ငန်း၊ ကျွန်တော့် တာဝန်ဗျ။ ဒီလိုမှ မလုပ်ရရင် ကျွန်တော့်တပ်ကို ကျွန်တော်ပြန်သွားဖို့ အဆင်သင့်ပဲ''

အတွင်းဝန်က ပြောသည်။

''ခင်ဗျားတို့ တပ်ပြန်သွားလည်း ပြန်သွားပေါ့။ ကျွန်တော်တို့လည်း သတင်းစာကို သတင်းစာလို မလုပ်ရရင် သတင်းစာတိုက်ပေါ်က ဆင်းသွားရုံပေါ့။ လမ်းပေါ်ဆင်းသွားမယ်။ ပခုံးမှာ အပွင့်မရှိလို့ အပွင့်ပြန်တင်စရာ မလိုဘူး။ ကျွန်တော်တို့ကလည်း လမ်းပေါ်လွတ်လွတ်လပ်လပ် ဆင်းသွားရုံပဲ''

''ကိုဝင်းတင် ခင်ဗျားပြောနေ တာတွေဟာ သတင်းစာ လွတ်လပ်ခွင့်တွေကို ရည်ရွယ်ပြီး တောင်းဆိုနေတာ။ ကျွန်တော်တို့က ပေါ်လစီဘက်က ရပ်တည်တာ။ ပေါ်လစီနဲ့ ဆန့် ကျင်တာကို ကျွန်တော်တို့ လုံးဝမလုပ်နိုင်ဘူး''

သတင်းစာ ဆရာနှင့် စစ်တပ်က ပုဂ္ဂိုလ်များ၏ ဆက်ဆံရေးမှာ ပိုမိုတင်းမာလာ၏။

ဆရာဇဝနကလည်း သတင်း စာဆရာဘက်က ရပ်တည်ကာ ထပြောသည်။

''ကိုဝင်းတင် ပြောတာ မှန်တယ်။ သတင်းစာထဲက ပါသမျှ ဖြတ်ရင် အလွတ်သာ လွှတ်လိုက်ပါဗျာ''

''ခင်ဗျားတို့က Freedom of Press ကိုတင်ပြီး ကျွန်တော်တို့ မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ပေါ်လစီကို ဆန့်ကျင်နေကြတာပဲဗျာ''

ဗိုလ်မှူးတစ်ယောက်က ပြော၏။

ထိုအချိန်တွင် ဆရာ ဦးခင်မောင်လတ်က ထလာသည်။ ဦးခင်မောင်လတ်သည် အေးဆေးသည်။ မာပြီဆိုလျှင် အလွန်ပြင်းထန်၏။

''ခင်ဗျားတို့ဟာက အတွင်းဝန်က ပိတ်တယ်တဲ့။ အတွင်းဝန်က ဘာကောင်တုံးဗျ။ ခင်ဗျားတို့က ဝန်ကြီးက ပိတ်တယ်လုပ်ချင်ပြန်တယ်။ ဝန်ကြီးဆိုတာ ဘာကောင်တုံးဗျ။ သတင်းစာကို သတင်းစာသမားအ ပြင် ဘယ်သူက ဘာလုပ်တတ်မှာလဲဗျ''

ထိုပွဲမှာ ဝန်ကြီးလည်း ပါဝင်နေ၏။

စစ်တပ်နှင့် ပညာရှင်တို့၏ တိုက်ပွဲ။ စစ်တပ်ဘက်က ဘာမှမပြောဘဲ ငြိမ်နေကြ၏။ စိတ်ထဲမှာ မီး လောင်နေသည်။

ဗိုလ်မှူးချုပ်သောင်းဒန်သည် ယဉ်ကျေးသိမ်မွေ့သူဖြစ်သည်။ ထို့ပြင် ပါးနပ်သူဖြစ်သည်။

''ကဲပါဗျာ။  အခုတော့ ထမင်း လေး ဘာလေး စားကြတာပေါ့ဗျာ''

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် သောင်းဒန်သည် ဆရာဦးခင်မောင်လတ်၏ စိတ်လှုပ်ရှားမှုကို ငြိမ်သက် စေခဲ့၏။

သို့သော် စိတ်ထဲတွင် အခုအခံ ရှိခဲ့ကြပြီ။

နောက် သုံးရက်အကြာ။

ဆရာ ဦးခင်မောင်လတ်ထံသို့ ဗိုလ်ချုပ်ကြီးနေဝင်း၏ ဖိတ်ကြားစာ ရောက်လာသည်။

ဦးခင်မောင်လတ်ဘက်ကလည်း လုပ်သားပြည်သူနေ့စဉ် သတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်နေသော  ဇနီးဒေါ်ခင်မျိုးချစ်ကလည်း ဂါရဝပြုလိုပါသည်ဟု အကြောင်းကြား၏။ ဗိုလ်ချုပ်ကြီးနေဝင်းက ခွင့်ပြုသည်။

ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ အမည်မှာ မခင်မြဖြစ်သည်။

သို့နှင့် ဆရာ ဦးခင်မောင်လတ် နှင့် ဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံသည် ဗိုလ်ချုပ်ကြီး နေဝင်းထံသို့ ရောက်သွားကြ၏။

''ကိုလတ်ရေ၊ မခင်မြရေ၊ နေကောင်းကြရဲ့လားဗျာ''

''ဟုတ်ကဲ့ ကောင်းပါတယ်။ ဗိုလ်ချုပ်ကြီး''

''ကိုလတ်ရေ ကျွန်တော် ကြားတယ်ဗျ။ စိတ်မကောင်းဘူးဗျာ။ ခင်ဗျားလည်း အလုပ်ထဲမှာ စိတ်မချမ်းသာဘူးလို့ ကျွန်တော် ကြားတယ်။ ဒီကောင်တွေနဲ့အတူ အလုပ်လုပ်ရတာ ခင်ဗျားမှာလည်း အဆင်မပြေဘူးပေါ့။ ဒီလိုလုပ်။ ကျွန်တော် ဘာကူညီ ရမလဲ။ ဘယ်နေရာကို ပြောင်းရွှေ့ ပေးရမလဲ။ အဲဒါ ကျွန်တော် အကူအညီပေးချင်လို့ ခေါ်တာပါ''

''ဗိုလ်ချုပ်ကြီးကို ကျွန်တော်လေး စားတဲ့အနေနဲ့ ဒီသတင်းစာထဲကို ကျွန်တော်ဝင်လုပ်တာပါ။ ကျွန်တော်ဟာ အင်္ဂလိပ်စာပြတဲ့ အလွတ် ဆရာတစ် ယောက်ပါ။ သတင်းစာထဲ ဝင်လုပ်တော့ စာသင်တဲ့ အလုပ်လည်း ပျက်ရပါတယ်။ ကျွန်တော့်ကို ဗိုလ်ချုပ်ကြီး အနေနဲ့ ဘယ်ကိုမှ ပြောင်းမပေးပါနဲ့ခင်ဗျာ။ ကျွန်တော် ထွက်ပါရစေ''

ဦးခင်မောင်လတ်က ပြောသည်။

''ကျွန်မလည်း သတင်းစာအ လုပ်ကနေ ထွက်ပါရစေ ဗိုလ်ချုပ်ကြီး''

ဒေါ်ခင်မျိုးချစ်က ပြောသည်။

''အေးဗျာ- ကျွန်တော်စိတ်မ ကောင်းဘူးဗျာ။ ကျွန်တော်က ကိုလတ်တို့၊ မခင်မြတို့လို ပညာရှင်တွေ သတင်းစာထဲမှာ ရှိစေချင်တယ်။ ဟို ကောင်တွေကလည်း သိတဲ့အတိုင်းပဲ လေ။ ခင်ဗျားတို့နဲ့ သဘာဝချင်းတူကြမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကဲပါလေ- ထွက်ချင်လည်း ထွက်ကြတာပေါ့။ အခြား အကူအညီလိုတာရှိလည်း ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြ''

''ဘာမှ မလိုပါဘူး ဗိုလ်ချုပ်ကြီးခင်ဗျား။ အခုလို သတင်းစာလောကက ထွက်ခွင့်ပြုတာကိုပဲ ကျွန်တော်တို့ဘက်က ကျေးဇူးတင်ပါတယ်''

ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့ စာပေဇနီးမောင်နှံသည် သတင်းစာလောကမှ ထွက်ဖြစ်သွား၏။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.