16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
စာပေလောက ဘ၀အတွေ့အကြုံ အာဏာရှင်လက်အောက်မှ ကဗျာဆရာ၏ ဘ၀ကြမ္မာ

(၁)

''တက္ကသိုလ်စိန်တင်လား၊ ကျွန်တော်ထွဏ်းနေနွယ်ပါ။ ကိုစိန်တင်ကို အကူအညီတစ်ခုတောင်းချင်လို့''

''ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် ဘာကူညီရမလဲ ခင်ဗျ''

''ဒီလိုပါ ကိုစိန်တင် စာရေးဆရာကြီး ဦးဗမိုးနဲ့ ကျွန်တော်ခဏတွေ့ပြီး စကားပြောချင်တယ်။ ဘယ် မှာ တွေ့ရင်ရနိုင်မလဲ''

''ပန်းဆိုးတန်း အထက်လမ်းက လက်ဖက်ရည်ဆိုင်ကို လာခဲ့ပါလားဆရာ။ ကျွန်တော်ဆရာကြီး ဦးဗမိုးကို ခေါ်ထားလိုက်ပါ့မယ်''

၁၉၈၃ ခုနှစ်က ဖြစ်သည်။ ထိုစဉ်က စာရေးသူ တက္ကသိုလ်စိန်တင် ထိုင်သော ရန်ကုန်မြို့၊ ၄၇ လမ်းရှိ ချင်းတွင်းစာအုပ်တိုက်သို့ မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း၊ နာမည်ကျော် ကဗျာဆရာ ထွဏ်းနေနွယ်ထံမှ ဖုန်းဝင်လာသည်။ ထိုစဉ်က စာရေးဆရာကြီး ဦးဗမိုးမှာ ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်နားလိုက်ပြီး စာရေးဆရာ လုပ်ငန်းသက်သက်ဖြင့် အသက်မွေးဝမ်းကျောင်းနေသောကြောင့် ချင်းတွင်း စာအုပ်တိုက်သို့ မကြာခဏ ဝင်လာတတ်သည်။

ချိန်းဆိုသောနေ့တွင် စာရေးဆရာကြီး ဦးဗမိုးကို တက္ကသိုလ်စိန်တင်က ကားကလေးဖြင့်တင်ခေါ်သွားပြီး ကဗျာဆရာထွဏ်းနေနွယ် စောင့်ဆိုင်းနေသည့် လက်ဖက်ရည်ဆိုင်သို့ သွားပို့ပေးခဲ့သည်။

ထိုနေ့က စာရေးဆရာကြီး ဦးဗမိုးနှင့် မြဝတီမဂ္ဂဇင်း အယ်ဒီတာဟောင်း ဆရာထွဏ်းနေနွယ်တို့ မည်သည့်ကိစ္စတိုင်ပင်ပြောဆိုနေကြသည်ဟု စာရေးသူ မသိရှိခဲ့ပါ။

(၂)

ကဗျာဆရာ ထွဏ်းနေနွယ် (အမည်ရင်း ဦးထွန်းလွင်)ကို တက္ကသိုလ်စိန်တင် စတင်တွေ့ဖူးခဲ့ သည်မှာ ၁၉၅၄ ခုနှစ်က ဖြစ်သည်။ ထိုစဉ်က ကဗျာဆရာ ထွဏ်းနေနွယ် မှာ မြဝတီမဂ္ဂဇင်းတိုက်တွင် လက် ထောက်အယ်ဒီတာအဖြစ် အမှုထမ်း နေဆဲဖြစ်သည်။ တက္ကသိုလ်စိန်တင်က ရန်ကုန်တက္ကသိုလ်၌ IA ပထမနှစ်တန်းတွင် ပညာသင်ကြားနေချိန် မြဝတီမဂ္ဂဇင်းတိုက်မှ တက္ကသိုလ်ကဏ္ဍဟူ၍ အခန်းတစ်ခန်း ဖွင့်လှစ်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကလောင်သွေးရန် အခွင့် အရေးပေးခဲ့သည်။

တက္ကသိုလ်စိန်တင်က မြဝတီမဂ္ဂဇင်း၊ တက္ကသိုလ်ကဏ္ဍတွင် 'လူပျိုကြီးပေမို့၊  ချစ်သင်ခန်းစာ၊ အချစ်နဲ့ အမုန်းကြားမှာ၊ ခြားနားချက်ဖြစ် စေချင်သည်' အပါအဝင် ဝတ္ထုတိုကလေးများ 'စိတ္တဇခရီးသည်၊ စိတ္တဇပန်းချီဆရာ' အစရှိသော ကဗျာ ကလေးများရေး၍ မြဝတီမဂ္ဂဇင်း တွင် ကလောင်သွေးခဲ့သည်။

တစ်နေ့သောအခါတွင် တက္ကသိုလ်စိန်တင်ရေးသားပြီး မြဝတီမဂ္ဂဇင်းတိုက်သို့ သွားရောက်ပို့ခဲ့သည့် 'လှေကလေးနှစ်စင်း' ဝတ္ထုတိုမှာ မြဝတီမဂ္ဂဇင်း အယ်ဒီတာ ဆရာ ထွဏ်းနေနွယ်၏ စားပွဲတွင်တစ်လ၊ နှစ်လ၊ သုံး၊ လေးလကြာသွား၏။ ရွေးချယ်ထားပြီးသော စာမူဖြစ်ပါလျက် မြဝတီမဂ္ဂဇင်းတွင် မပါလာ သောကြောင့် ဆရာထွဏ်းနေနွယ် အပေါ် လူမိုက်ကိုစိန်တင်က စိတ်ကောက်ပြီး 'လှေကလေးနှစ်စင်း' စာမူကို ပြန်တောင်းယူခဲ့သည်။ ထိုနေ့မှစတင်၍ တက္ကသိုလ်စိန်တင်နှင့် မြဝတီမဂ္ဂဇင်းအဆက်ပြတ်သွား၏။

အဆိုပါ စာမူကို မြဝတီမဂ္ဂဇင်းတွင် မကြာမီ ထည့်သွင်းပေးမည်ဖြစ်ကြောင်း ဆရာထွဏ်းနေနွယ်က စိတ်ရှည်သည်းခံစွာဖြင့် မေတ္တာရပ်ခံသော်လည်း ကိုယ့်ထက်ဝါကြီးသော၊ နာမည်ကျော် ကဗျာဆရာတစ်ဦးလည်း ဖြစ်သော ဆရာထွဏ်းနေနွယ်ကို မထီမဲ့မြင့်ပြုကာ စာမူပြန်တောင်းခဲ့ သူမှာ မြဝတီမဂ္ဂဇင်းကြီးနှင့် တစ်သက်တာပတ်လုံး အဆက်ပြတ်သွားခဲ့တော့သည်။

အို - မိုက်ပါဘိ စာရေးဆရာရယ်။ နောင်အခါ၌ မိမိပြုမိမှားခဲ့သော အပြစ်အတွက် များစွာနောင်တရမိသည်။

(၃)

မြဝတီ အယ်ဒီတာချုပ် ဆရာထွဏ်းနေနွယ်သည် ၁၉၇၈ ခုနှစ်ခန့်တွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဘဝမှ အနားပေးခြင်း ခံလိုက်ရသည်။ ဆရာထွဏ်းနေနွယ်မှာ စင်စစ် ဘာအပြစ်မှရှိသူမဟုတ်ပေ။ သူ၏ဇနီးဖြစ်သူ ထိုစဉ်က Best Seller စာရေးဆရာမ ယုဝတီမာလာသိန်း၏ လုံးချင်းဝတ္ထုတစ်ပုဒ်နှင့် ပတ်သက်ပြီး ဆရာထွဏ်းနေနွယ်ကို အရေးယူအပြစ်ပေးခြင်းခံခဲ့ရသည်။

စာရေးဆရာမ ယုဝတီမာလာ သိန်းရေးသားသော လုံးချင်းဝတ္ထုတစ်ပုဒ်တွင် အသက်ကြီးကြီး အရာရှိကြီးတစ်ဦးက သူ့ဇနီးကွယ်လွန်သွားသောကြောင့် တစ်ပင်လဲမူ၊ တစ်ပင်ထူကာ နောက်အိမ်ထောင်ပြု၏။ ပထမဇနီးနှင့် ရရှိခဲ့သော သမီးသုံးယောက်နှင့် နောက်အိမ်ထောင်ပြုသည့် အမျိုးသမီးတို့ ပဋိပက္ခဖြစ်ကြပုံကို ဇာတ် လမ်းဆင်ရေးသားထားသည်။

ထိုဝတ္ထုကို ပြည်ထဲရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေး ဌာနခွဲတွင် ကြိုတင်၍ တင်ပြအစစ်ဆေးခံပြီးမှ စာအုပ်အဖြစ် ထုတ်ဝေခွင့်ရရှိခဲ့ခြင်း ဖြစ်ပေသည်။ စာရေးဆရာမ ယုဝတီမာလာသိန်း၏ ဝတ္ထုထွက်လာသောအခါဖတ်ရှုသူ စာဖတ်ပရိသတ် အချို့က ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးနေဝင်း၏ မိသားစုရေးရာများကို တစေ့တစ်စောင်း သွယ်ဝိုက်၍ ရေးသားထားသည်ဟု ရှုမြင်ကြ၏။ သတင်းကြီးလာသောကြောင့် စာပေစိစစ်ရေးဌာနမှ အမျိုးသားစာပေဆုရ စာတည်းအရာရှိ အမျိုးသမီးကို အထက်အရာရှိက ဖတ်ရှုဝေဖန် မှတ်ချက်ရေးသားရန် တာဝန်ပေး၏။ အဖြေကား နိုင်ငံတော်သမ္မတ ဦးနေဝင်း၏ မိသားစုရေးရာများကို တစေ့တစောင်းသွယ်ဝိုက် ရေးသားထားသည်ဟု မှတ်ချက်ထွက်လာခဲ့သည်။

ဤတွင် လက်သံပြောင်သော စစ်ထောက်လှမ်းရေးက မြဝတီမဂ္ဂဇင်းအယ်ဒီတာချုပ် ဆရာထွဏ်းနေနွယ်နှင့် သူ့ဇနီးစာရေးဆရာ ယုဝတီမာလာသိန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကာယဒုက္ခ၊ စိတ္တဒုက္ခအမျိုး မျိုးခံစားရအောင် မီးမောင်းကြီးများထိုး ညှဉ်းဆဲ စစ်ဆေးခဲ့သည်ဟု ကြားသိရ၏။ စစ်ထောက်လှမ်းရေး ညှဉ်း ဆဲဒုက္ခပေးသည့်ဒဏ်ကို မခံနိုင်တော့သော စာရေးဆရာမ ယုဝတီမာ လာသိန်းက စာပေစစ်ဆေးရေးဌာမှ စွပ်စွဲမှတ်ချက်ပြုသည့်အတိုင်း ရေးသားခဲ့ပါသည်ဟု ဝန်ခံလက်မှတ်ထိုး ပေးလိုက်ရှာ၏။ စစ်ထောက်လှမ်းရေးက လွှတ်ပေးလိုက်သော ဆရာ ထွဏ်းနေနွယ်နှင့် ယုဝတီမာလာသိန်းတို့မှာ မသေရုံတမယ် အသက်မြော့ မြော့ကလေးသာကျန်ပြီး အိမ်သို့ ပြန်ပို့ခြင်းခံရ၏။

ထို့နောက် ကဗျာဆရာထွဏ်းနေနွယ်ကို မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ရာထူးမှ အငြိမ်းစား လစာမပေးဘဲ ရာထူးဖြုတ်ချလိုက်တော့သည်။

ဤကား ဤစာရေးသူ တက္ကသိုလ်စိန်တင် အလွန်ခင်မင် ကြည်ညိုလေးစားသည့် ဆရာသမား အရင်းကြီးဖြစ်သော ကဗျာဆရာထွဏ်းနေနွယ်နှင့် ဇနီးစာရေးဆရာမ ယုဝတီမာလာသိန်းတို့၏ ဆိုးရွားလှသည့် ဘဝကြမ္မာဆိုးပေတည်း။ အာဏာရှင်ဆိုသည် အာဏာသေမဟုတ်ပါ။ အာဏာရှင် အသက်ရှင်နေသမျှ ကာလပတ်လုံး ပြည်သူလူထုအပေါင်းသည် နှစ် ၅ဝ ကာလတွင် ဤပုံစံအသွင်းခံခဲ့ကြရရှာလေသည်။

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.