21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
စာပေလောက ဘ၀အတွေ့အကြုံ ဆရာကြီး ပါရဂူနှင့် စာရေးဆရာများ၏ ဘီယာရှာပုံတော်

(၁)

''တက္ကသိုလ်စိန်တင် ကား ကောင်းသလား''

စာရေးဆရာကြီး ပါရဂူက မေး ခွန်းထုတ်နေသည်။

တက္ကသိုလ်စိန်တင်က ''ကောင်းပါ တယ်ဆရာ၊ ဘယ်သွားချင်လို့လဲ''

ဆရာလင်းယုန်မောင်မောင်က ''ဒီလိုပါဗျာ။ ကျွန်တော်တို့ ဘီယာရှာပုံတော်ဖွင့်မလို့၊ အဲဒါ ကိုစိန်တင် ကားကလေးနဲ့ ဒါနပြုလိုက်ပို့နိုင် မလားဗျ''

၁၉၈ဝ ပြည့်လွန်နှစ်များက ဖြစ်မည်ထင်ပါသည်။ တစ်နေ့တွင် ဤစာရေးသူ တက္ကသိုလ်စိန်တင်က ရန်ကုန်မြို့၊ ကန်တော်ကလေးရပ်၊ အမှတ် (၅)၊ လမ်း ၁ဝဝ ရှိ နှလုံးလှ စာအုပ်တိုက်သို့ ရောက်သွားသည်။ ထိုစဉ်က နှလုံးလှ စာအုပ်တိုက်မှာ စာရေး ဆရာများ၏ နားခိုရာဒေသဖြစ်၍ စာအုပ်တိုက်ပိုင်ရှင်ဖြစ်သူ ဦးချစ် အောင်ကလည်း စာရေးဆရာများကို အလွန်ဖော်ရွေခင်မင်စွာ ဧည့်ခံတတ် သူဖြစ်သည်။

ထိုနေ့က နှလုံးလှစာပေတိုက် တွင် စုဝေးရောက်ရှိနေကြသော စာရေးဆရာတို့မှာ ဆရာပါရဂူ၊ ဆရာ လင်းယုန်မောင်မောင်၊ ဆရာမောင် သိန်းဆိုင်နှင့် ဆရာပန်းချီစံတိုးတို့ ဖြစ်ပါသည်။ တက္ကသိုလ်စိန်တင် ရောက်ရှိသွားစဉ် ဆရာလင်းယုန် မောင်မောင်က ''ဟော-ဒကာတော် ကိုစိန်တင်ရောက်ပါပြီ''ဟုပင် နောက် ပြောင်စကားပြောကြားသည်ကို သတိရမိပါသေးသည်။ ယခု ဆရာလင်း ယုန်မောင်မောင်နှင့် ဆရာကြီးပါရဂူတို့က ထိုသို့ ဘီယာရှာပုံတော်ဖွင့်ရန် ကိုစိန်တင်ကို ကားဖြင့် ပို့ပေးဖို့ အကူအညီတောင်းနေရာ ''ရပါတယ် ဆရာ၊ ကျွန်တော်လိုက်ပို့ပေးပါမယ်''ဟုပင် တက္ကသိုလ်စိန်တင်က လိုလိုချင်ချင် ကတိပေးလိုက်ပါသည်။

ပြောရဦးမည်။ ထိုစဉ်က ဦးနေဝင်း၏  အာဏာရှင် လမ်းစဉ်ပါတီ အစိုးရခေတ်တွင် တံခါးပိတ်စီးပွားရေး လုပ်ထားသောကြောင့် အာဏာရှင် လက်တစ်ဆုပ်စာ လူတစ်စုမှအပ ပြည်သူအများဘဝမှာ အားလုံးဘာမ ဆို ပစ္စည်းရှားပါးသော အဖြစ်နှင့် ကြုံနေရပါသည်။  စားသောက်ကုန် ရှားသည်။ အဝတ်အထည်ရှားသည်။ လူသုံးကုန်များ အလွန်ရှားပါးလှ သည်။ သူတို့ စစ်ဗိုလ်များလမ်းစဉ်ပါတီ ခေါင်းဆောင်များ အဖို့တော့ 'မေတ္တာမွန်'ခေါ်သော ကုန်သွယ်ရေး ပစ္စည်းဆိုင်တွင် လိုသမျှအကုန် ရရှိနိုင်သောအချိန်ဖြစ်သည်။

ယခု ဆရာပါရဂူနှင့် စာရေးဆရာများ ဆန္ဒရှိနေသော ဘီယာဗျစ်ရည်မှာ ထိုစဉ်က ရန်ကုန်မြို့ လွစ္စ လမ်း (ဆိပ်ကမ်းသာလမ်း) ရှိ၊ သင်းမာလာ ဘီယာဆိုင်တွင် မန္တလေး ဘီယာပုလင်းတစ်လုံး ၁၃ ကျပ် ၅ဝ ပြား နှင့် ယခင်က မည်သူမဆို ဝင်ရောက် သောက်နိုင်ကြသည်။

သြော် - မေ့တော့မလို့၊ လမ်းမ တော်မြို့နယ်တွင်လည်း အစိုးရ ဘီယာဆိုင် 'သီတာဦး' ဟူ၍ ရှိပါသေး သည်။ ၁၉၇ဝ ပြည့်လွန်နှစ်များက မည်သူမဆို ဝင်ရောက်သောက်သုံး နိုင်ကြ၍ အဆင်ပြေလှသည်။

၁၉၇ဝ ပြည့်နှစ်က ရန်ကုန်မြို့ အမှတ် ၂၇ဝ လွစ္စလမ်းရှိ အိုးဝေ ဂျာနယ်တွင် စာရေးဆရာ ဒေါင်းနွယ် ဆွေနှင့် တက္ကသိုလ်စိန်တင်တို့ အယ် ဒီတာ လုပ်နေကြစဉ်က စာရေးဆရာများသည် တိုက်နှင့်ကပ်နေသော သင်းမာလာဘီယာဆိုင်တွင် ဝင် ရောက်၍ သောက်သုံးကြပြီးမှ အိုးဝေဂျာနယ်တိုက်သို့ ဝင်ရောက်လာပြီး စာမူခယူ၊ ဂျာနယ်ယူ၊ စာမူသစ် ပေးလေ့ရှိပါသည်။

သို့သော် ၁၉၈ဝ ပြည့်လွန်နှစ်များသို့ ရောက်ရှိချိန်တွင် မဆလအစိုးရခေတ်၏ နေဝင်ချိန် နီးလာပြီဖြစ်ရကား သင်းမာလာဘီယာဆိုင်တွင် အစဉ်ပင် ဘီယာပြတ်လတ်နေ တတ်သည်။ သီတာဦး ဘီယာဆိုင်တွင်လည်း ဘီယာပုလင်းများ မှောင် ခိုဘဝရောက်ပြီး ပျောက်ကုန်ပါပြီ။ သည်တော့ ထိုစဉ်က ဘီယာသောက် သုံးလိုသူတို့သည် သင်းမာလာ ဘီယာဆိုင်နှင့် သီတာဦးဘီယာဆိုင်များသို့ မသွားတော့ဘဲ အစိုးရဟိုတယ် များဖြစ်သည့် ကန်တော်ကြီးဟိုတယ်၊  သမ္မတဟိုတယ်၊ စထရင်းဟိုတယ်များရှိ ဟိုတယ် မန်နေဂျာများနှင့် ခင်မင်အောင် ပေါင်းသင်းမိတ်ဖွဲ့ကြပြီး သေချာပေါက် ဘီယာရနိုင်မည့် ဆိုင်များအဖြစ် သွားရောက်သောက် သုံးကြလေ့ရှိတော့သည်။

 

(၂)

ထိုနေ့က ကိုစိန်တင် မောင်းသော ဖိယက်ကားဟောင်းကလေးတွင် ဆရာပါရဂူက ရှေ့ခန်းမှ ထိုင်ပြီး နောက်ခန်းတွင် ဆရာပန်းချီစံတိုး၊ ဆရာလင်းယုန်မောင်မောင်၊ ဆရာ မောင်သိန်းဆိုင်တို့ထိုင်၍ လိုက်ပါလာပြီးလျှင် ကိုစိန်တင်က ကားမောင်း၍ ဒါနပြု ဘီယာရှာပုံတော်ဖွင့်သည့် ခရီး စတင်ပါတော့သည်။

ထိုနေ့က ပထမဆုံး ကန်တော် ကလေး၊ မင်္ဂလာတောင်ညွန့် လမ်း ၁ဝဝ ရှိ နှလုံးလှ စာအုပ်တိုက်မှသည် ရန်ကုန်မြို့၊ ကန်တော်ကြီးစောင်း တွင် မေးတင်ရှိနေသော ကန်တော်ကြီးဟိုတယ်သို့ အရင်မောင်းသည်။ ကန်တော်ကြီး ဟိုတယ်ရှေ့တွင် ကား ရပ်လိုက်စဉ် အသက်အငယ်ဆုံး၊ အသွက်လက်ဆုံး ဆရာပန်းချီစံတိုးက ကားပေါ်က ပြေးဆင်းပြီး ကောင်တာတွင် သွားမေးသည်။ ခဏကြာတော့ ကိုစံတိုး လက်ခါပြပြီးကားပေါ်သို့ ပြေးတက်၏။ ''ဘီယာ ကုန်နေတယ် တဲ့ဗျ''

ဒုတိယ ခရီးကား ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံနှင့် တွဲဖက်ဖွင့်ထားသော သမ္မတဟိုတယ်တည်း။ သမ္မတဟိုတယ်စားသောက်ဆိုင် ကောင်တာသို့ ဆရာစံတိုး အပြေးကလေး ရောက်သွားသည်။ သို့သော် သမ္မတဟိုတယ်စားသောက်ခန်း၌လည်း ကိုစံတိုးခမျာ အဆင်မပြေခဲ့ရှာ။ မကြာမီ ပြန်ပြေးဆင်းလာ၍ လက်ခါပြကာ သြ...သြ ဟုလည်း နှုတ်ကအော်နေပြန်တော့သည်။ ဤတွင် မိတ်ဆွေအပေါင်းအသင်းများသော ဆရာလင်းယုန်မောင်မောင်က ''ကိစ္စ မရှိဘူး ကိုစိန်တင်၊ စထရင်းဟိုတယ် ကိုမောင်း၊ စထရင်းမှာ ကျွန်တော့် မိတ်ဆွေ ရှိတယ်''ဟု နာမည်တစ်ခု ပြောသည်။

ဤတွင် စေတနာ့ဝန်ထမ်း Taxi ဒရိုင်ဘာ တက္ကသိုလ်စိန်တင်လည်း သူ့ဖိယက်ကားကလေးကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်း Strand Hotel သို့ ဦးတည်မောင်းသွားရသည်။ ကမ်းနားလမ်း စထရင်းဟို တယ် ရှေ့သို့ ရောက်သောအခါ ပန်းချီကိုစံတိုးကို ကားပေါ်က မဆင်းစေဘဲ ဆရာလင်းယုန်မောင်မောင်က သူကိုယ်တိုင် လွယ်အိတ်လွယ်လျက် ခပ်သွက်သွက်ပြေးဆင်းသွားခဲ့သည်။  ခဏကြာတော့ ဆရာလင်းယုန်မောင်မောင်သည် လက်မကိုထောင်ပြပြီး စထရင်းဟိုတယ် စားသောက်ဆိုင် ကောင်တာက အပြေးကလေး ဆင်းလာသည်။ လင်းယုန်မောင်မောင်၏ လှုပ်ရှားဟန်ကိုကြည့်ပြီး ကားရှေ့ခန်းတွင် ထိုင်နေသော ဆရာပါရဂူနှင့် စာရေးဆရာများ ''ဟေး''ဟု ပျော်ရွှင်စွာ အော်လိုက်ကြသည်မှာ သောသောညံသွားတော့သည်။

 

(၃)

ထိုနေ့က ဆရာပါရဂူဦးဆောင်သော စာရေးဆရာတစ်စု ဘီယာရှာပုံ တော်ခရီး လိုက်ပို့ပေးရသော တက္ကသိုလ်စိန်တင်ကို (ဘီယာမသောက်တတ်သော သနားစရာ သတ္တဝါကလေးဖြစ်၍) ကရင်ဆိုဒါအေးတစ်ပုလင်း မေတ္တာပြု၏။ စာရေးဆရာများမှာ ဘီယာသောက်ပွဲ ပြီးသောအခါ ကိုစိန်တင်ကားကလေးဖြင့်ပင် တဝါးဝါး၊ တဟားဟား ရယ်မောပျော်ရွှင်စွာဖြင့် နှလုံးလှစာအုပ်တိုက်သို့ ပြန်ခဲ့ကြတော့၏။

သြော်-လွမ်းရပါသေးတော့ကွယ်။

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.