21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၁၉

၁၉၆၄ စက်တင်ဘာတွင် ကြေးမုံ ဂါးဒီးယန်း၊ ဗိုလ်တထောင် သတင်းစာတို့ ပြည်သူပိုင် သိမ်းခံရပြီ။ ပုဂ္ဂလိက သတင်းစာ မဟုတ်တော့ပါ။ အစိုးရသတင်းစာ ဖြစ်သွားပြီ။

''မမိုက်ဘူးဗျာ။ စစ်ဗိုလ်တွေ ဝင်လာတယ်။ သတင်းစာရဲ့ အထာကို စစ်ဗိုလ်က ဘယ်လိုလုပ် နားလည်မှာလဲ။ ကြေးမုံဆိုတာက ပိုင်ရှင်သူဌေးရယ်လို့မရှိ။ အယ်ဒီတာ ချုပ်ဆိုတာမရှိ။ လွတ်လွတ်လပ်လပ် ဝိုင်းလုပ်ကြတာ။ ကိုသောင်းအခန်းဆိုလည်း ဝင်ချင်ဝင်၊ ထွက်ချင်ထွက်၊ အရက်ဖိုး တောင်းချင်တောင်း။ အဲဒီလိုနေကြတာ။ စစ်ဗိုလ်တွေ ရောက်လာတော့ မာမာတောင့်တောင့်ကြီး ဖြစ်သွားတာပေါ့။ လွတ်လပ်မှုတွေ ပျောက်ဆုံးသွားတာပေါ့''

ကြေးမုံအဖွဲ့သားများသည် အချင်းချင်း ပြောဖြစ်ကြ၏။

ဝင်းတင်သည် ကြေးမုံသတင်းစာကို လုပ်ချင်လွန်း၍ လုပ်ခဲ့သည်။

ဘဝသည် သတင်းစာဟု ခံယူထား၏။ အခုတော့ သတင်းစာကလည်း အစိုးရပေါ်လစီများကို ထည့်နေရ၏။ ဘယ်ဝန်ကြီးက ဘယ်ကိုသွား၊ ဘာလေ့လာ၊ ညာလေ့လာ၊ ဘာမှလည်း သိတာမဟုတ်။ သိသလိုလို ဘာလိုလို ဝန်ကြီးတွေက  ဟန်တွေဆောင်။ သတင်းစာမှာ သူတို့ဓာတ်ပုံတွေက များနေသည်။ ပြည်သူ့ဘဝ၊ ပြည်သူ့ခံစားချက် အစစ်အမှန်ကို ဖော်ပြခွင့်မရ။

ပြန်ကြားရေး ဝန်ကြီးက ဗိုလ်မှူးချုပ်သောင်းဒန် (လေတပ်မတော်)ဖြစ်သည်။ တော်လှန်ရေး ကောင်စီဝင်ဖြစ်သည်။ သူကတော့ အနုပညာကို မြတ်နိုးသည်။ စန္ဒရား တီးတတ်သည်။ ဂျပန်ပြန်၊ စစ်ကိုင်းသား။ သိမ့်မွေ့သည်။ ယဉ်ကျေးသည်။ ဝင်းတင်တို့ကို တန်ဖိုးထား၍ ဆက်ဆံသည်။

မည်သို့ပင်ဖြစ်စေ ဝင်းတင်သည် ပြည်သူပိုင်သတင်းစာမှာ အလုပ်လုပ်ရခြင်းကို မပျော်ပိုက်ပါ။

တစ်ညတွင် ဝင်းတင်သည် စစ်ဗိုလ်အုပ်ချုပ်သော ကြေးမုံသတင်းစာတိုက်မှာ စိတ်က ထွေတေတေ။

''ဆယ်နာရီမှာ ဖောင်ပိတ်မယ်ကွာ။ ကျိုက်ထိုသွားမယ်။ ကျိုက်ထီးရိုး ဆက်ကူးမယ်''

ဝင်းတင်သည် ရန်ကုန်ဘူတာကြီးသို့ သွားသည်။ ရထားလက်မှတ်ဝယ်၏။ ရထားပေါ်တက်သည်။

''ကိုယ်တော့ ကျိုက်ထိုကို လိုက် သွားပြီးဟေ့''

ထိုညမှာပင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် သောင်းဒန်သည် ကြေးမုံ သတင်းစာတိုက်သို့ ရောက်လာ၏။ သူ၏ မိတ်ဆွေဦးဖုန်းကြည်နှင့်အတူလာ၏။ ဦးဖုန်းကြည်က စာလည်းရေး၏။ အယ်ဒီတာခန်းမှာ အယ်ဒီတာမရှိ။ ဦးဖုန်းကြည်က ဗိုလ်ချုပ်သောင်းဒန်ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားပြန်၏။

အပေါ်ထပ်သည် ဖလင်ခန်း၊ ပလိပ်ခန်း။

ကိုသိုက်ထွန်းက ထိုအခန်း၏ ခေါင်းဆောင်။ ကိုသိုက်ကဝန်ကြီး ဗိုလ်မှူးချုပ် သောင်းဒန်ကို ကြိုဆိုသည်။

''ဗိုလ်ကြီး ကြွပါခင်ဗျ။ ဒီအခန်းက ပလိပ်တို့ ဖလင်တို့၊ စီစဉ်တာပါ ခင်ဗျာ။ ဒီက ပြီးရင် အောက်ထပ်မှာရိုက်ရင် သတင်းစာ ရိုက်ပြီးသား ရပါပြီခင်ဗျ။ နောက်ဆုံး အဆင့်ကတော့ သတင်းစာကို စာမျက်နှာအလိုက် ခေါက်ရပါတယ်ခင်ဗျာ''

ဦးဖုန်းကြည်က ဝင်မပြော။

ကိုသိုက်က ပွားသည်။

''ဗိုလ်ကြီး ဗိုလ်ကြီး''

မိုးမွှန်အောင် ခေါ်သည်။

နောက်နေ့တွင် ဗိုလ်မှူးတင်ထွန်းက သိသွား၏။

ဗိုလ်မှူးက ကိုသိုက်ထွန်းကို ခေါ်၏။

''ကိုသိုက်ထွန်း ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ။ မနေ့ညက ဒီတိုက်ကိုလာတာ ကျုပ်တို့ရဲ့ ဝန်ကြီးဗျ။ လေတပ်ရဲ့  ဦးစီးချုပ်လည်း ဖြစ်တယ်ဗျ။ ခင်ဗျားက သူ့ကို အဆင့်တွေနှိမ့်ပြီး ဗိုလ်ကြီး ဗိုလ်ကြီး ခေါ်လိုက်တယ်ဆို''

''မသိပါဘူး ဗိုလ်မှူးရယ်။ သူ့လက်မောင်းကိုတော့ ကြည့်ပါတယ်။ အခွေတွေပါတယ်။ အခွေကြီးတွေ၊ ကျွန်တော်က သူ့ကိုဆာဂျင်လို့ထင်ပြီး ပိုမြင့်တဲ့ဗိုလ်ကြီးတော့ ခေါ်မှဆို ပြီး ဗိုလ်ကြီးခေါ်လိုက်တာပါ''

''အဲဒါ လေတပ်ရဲ့ ဗိုလ်မှူးချုပ်ဗျ။ ပြန်ကြားရေးဌာနရဲ့ ဝန်ကြီးဗျ''

''ဟုတ်ကဲ့ ဗိုလ်မှူး၊ ကျွန်တော်  မှတ်ထားပါမယ်။ အခုသိသွားပါပြီ။ နောက်တစ်ခါ ဗိုလ်မှူးချုပ် ဝန်ကြီးလာရင် ဗိုလ်ကြီးလို့ မခေါ်တော့ပါဘူးခင်ဗျ''

၁၉၆၆ မှာ ဝင်းတင်သည် တရုတ်နှင့် မြောက်ကိုရီးယားသို့ သွားရ၏။ အတွင်းဝန်ဖြစ်သွားသော ဗိုလ်မှူးကြီးတင်ထွန်းက ဦးဆောင်သည်။ ဆရာတက်တိုးလည်းပါသည်။ လုပ်သား ပြည်သူ့နေ့စဉ်က ဦးခင်မောင်လတ်ပါသည်။ ဗိုလ်တထောင် သတင်းစာက ဦးထိန်လင်းပါသည်။ ဦးထိန်လင်းသည် မူလက အလံနီ။ တောခိုရာမှ လက်နက်ချ အလင်းဝင်လာသူ ဖြစ်၏။

ဝင်းတင်တို့ တရုတ်ပြည်သို့ ရောက်ရှိချိန်တွင် တရုတ်ပြည်မှာ ယဉ်ကျေးမှု တော်လှန်ရေး ဆင်နွှဲနေ၏။

တရုတ် လေယာဉ်ပေါ်မှာပင် လေယာဉ်မယ်များသည် စာအုပ်နီများကိုကြည့်ကာ မော်စီတုန်းမိန့် ခွန်းကို ဒေါမာန်ပါပါ အော်ဟစ်နေကြ၏။

ဝင်းတင်တို့သည် တရုတ်ပြည်၏ နေရာတိုင်းမှာ တရုတ်ဗုံသံတွေကို ကြားနေရ၏။ ရှန်ဟိုင်းမှပီကင်း။ ရထားနှင့်။ လေ့လာရေး။ ပီကင်းမှာ တရုတ်ဗုံများကြီးလာ၏။ ဒိန်းဒိန်းတွေက ပိုဆူလာသည်။

တိန့်အန်မင် ပန်းခြံရှိသော မြို့တော်၏ အဆောင်တစ်ခုမှာ ဝင်းတင်တို့သည် ထမင်းစားကြရ၏။ နန်းတော်ကြီး တစ်ခုကဲ့သို့သော အဆောက်အအုံ၏ အဆောင်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ချင်းယီက ထမင်းစားပွဲမှာ မိန့်ခွန်းပြော၏။ ဘောင်းဘီနက်နှင့် ဟာဝေယံရှပ်နှင့်။ ဝန်ကြီး ချင်းယီသည် စကားပြောရင်း စိတ်ထက်သန်လာ၏။

ဘောင်းဘီအနက်ကို  ပင့်တင်သည်။ ပေါင်ရင်းအထိ။ ပေါင်ကို ပုတ်သည်။

''လူတွေက အာဏာကလေးရလာရင်  ဖောက်ပြန်တော့တာပဲ။ အခုယဉ်ကျေးမှု တော်လှန်ရေးကြီး တရုတ်ပြည်မှာ ဆင်နွှဲနေပြီ။ အဲဒီလူတွေကို ရာထူးတွေက ဖြုတ်ချလိုက်ပြီ။ အရေးယူမယ်။ အဲဒီယဉ်ကျေးမှု တော်လှန်ရေးကို ထောက်ခံလို့ ပြည် သူတစ်ရပ်လုံး ဗုံတွေတီးပြီး လှည့် လည်နေတာ ခင်ဗျားတို့ တွေ့ကြလိမ့်မယ်။

ဒီတော်လှန်ရေးမှာ ပြည်သူတွေ အလုပ်သမားတွေ ကျောင်းသားတွေ အကုန်ပါဝင်ဆင်နွှဲတယ်။ ခင်ဗျားတို့ တရုတ်ပြည်လာတုန်း ဒါကို လေ့လာကြ။ ဟုတ်လား''

ဝန်ကြီး ချင်းယီသည် ဘောင်းဘီလှန်ထားသော သူ့ပေါင်ကို တဗြန်းဗြန်းပုတ်နေ၏။

ပီကင်းတက္ကသိုလ်သို့ ဝင်းတင်တို့ လေ့လာရေးရောက်ကြ၏။

ကျောင်းသားများသည် တော်လှန်ရေး၏ အသံများဖြင့် ဆူညံစွာလှုပ်ရှားနေကြ၏။ တရုန်းရုန်း တဝုန်းဝုန်း။

အကုန်ထ တရားဟောကြသည်။

''ဖောက်ပြန်တဲ့ ပါမောက္ခချုပ်တွေ၊ ဖောက်ပြန်တဲ့ ပါမောက္ခတွေကို အခုဖြုတ်ချကြ၊ အခုဆွဲထုတ်ကြ''

ကျောင်းသားများသည် ပါမောက္ခများ၊ ပါမောက္ခချုပ်များကို ဆွဲထုတ်ကြ၏။ ပါမောက္ခချုပ်သည် ကုပ်ကုပ်ကလေး ပါသွားသည်။ ဝင်းတင်သည် နန်းတော်၊ တံတိုင်း မကြည့် ချင်တော့ပါ။ တော်လှန်ရေး၏ အသံ လှိုင်းလုံးများထဲမှာ စိတ်ညစ်သွားသည်။

မြောက်ကိုရီးယားသို့ ရောက်သောအခါ ဝင်းတင်က ပြုံယမ်းမြို့ရှုခင်းကို ဓာတ်ပုံလိုက်ရိုက်၏။

''ဟေ့-ဓာတ်ပုံမရိုက်ရဘူး။ ကင်မရာပေး၊ ဖလင်ပေး''

ထောက်လှမ်းရေးက ပြောသည်။

''မပေးဘူးကွာ''

ဝင်းတင်က အော်သည်။

ဝင်းတင်သည် နောက်နေ့မှာလည်း ဟိုတယ်တွင် အဖွဲ့သားများ နေ့ခင်းအနားယူနေစဉ် တစ်ယောက်တည်း ထွက်လာ၏။

မြို့ထဲ လမ်းလျှောက် ဓာတ်ပုံရိုက်။

ထိုစဉ် ဝင်းတင်ကို ထောက်လှမ်းရေးများက ဖမ်းချုပ်လိုက်ကြ၏။ အဆောက်အအုံ တစ်ခုထဲသို့ ခေါ်သွား၏။

ကိုရီးယားလို မေးသည်။

''ဘာလို့ ဓာတ်ပုံရိုက်တာလဲ''ဟု မေးတာ ဖြစ်မည်။

ဝင်းတင်က ကိုရီးယားလို့ မတတ်။ သူတို့က အင်္ဂလိပ်လိုမတတ်။

ထို့နောက် ဝင်းတင်က

''ရှင်ဘွန်း ရှင်ဘွန်း''ဟု အော်ပြော၏။

''သတင်းစာဆရာ''

သူတို့ထဲက တစ်ယောက်က သတင်းစာကို ယူလာ၏။ ထိုသတင်း၏ ဓာတ်ပုံတစ်ပုံမှာ ဝင်းတင်တို့ သတင်းစာဆရာများအဖွဲ့ မြောက်ကိုရီးယားသို့ ရောက်ရှိပုံဖြစ်၏။

''ဒီမှာ ဒီမှာ ငါငါ သတင်းစာဆရာ''

မြောက်ကိုရီးယား ဝန်ကြီးများက ဝင်းတင်တို့ကို ကြိုဆိုနေပုံ။ ထိုအခါကျမှ ထောက်လှမ်းရေးက ဝင်းတင်ကို လွှတ်လိုက်ကြ၏။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.