21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၇

       ချက်နိုင်ငံ၊ ဘန်စကာမြို့။

       ညနေ ၄ နာရီ။ အုံ့ဆိုင်းမှောင်ရီနေသည်။

       ဝင်းတင်နှင့် သူ၏ မိတ်ဆွေ သတင်းစာဆရာ။

       ''ရောက်တုန်းတော့ မြို့ကို ကြည့်ဦးမှ ဖြစ်မယ်''

       ''ဟုတ်တယ်၊ ကိုဝင်းတင်''

       သူတို့နှစ်ယောက်သည် ဟိုတယ်မှ ဆင်းလာခဲ့ကြ၏။

       မြို့လယ်ကွက်လပ်တစ်နေရာ။ ဟိုငေးသည်ငေး။

       ''ဟေး...ဘွိုင်...ဟဲလို ...ဘွိုင်''

အသံကြားသည်။ အမေရိကန်ရုပ်ရှင်များထဲတွင် လမ်းသူရဲများ ပြောနေကျ အသံမျိုး။

ဝင်းတင်နှင့် မိတ်ဆွေသည် လှည့်ကြည့်လိုက်၏။ ချက်လူငယ်လေးနှစ်ဦး။ တစ်ယောက်က လမ်းဘေးသံတန်းပေါ်မှာ ခွထိုင်လျက်သား။ နောက်တစ်ယောက်က သံ တန်းကို မှီကာ ပလက်ဖောင်းဘက်ကို မျက်နှာမူထား၏။

သံတန်းပေါ် ခွထိုင်ထားသူသည် အနီရောင်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီအကျပ်ကို ဝတ်ဆင်ထား ၏။ ပြုံးရွှင်ဟန်။

သံတန်းကို မှီထားသူသည် ရှုသိုးသိုးဖြင့် လူမိုက်ဟန်တမင်လုပ်ထား မှန်းသိသာ၏။ အနက်ရောင် အကွက်ကျယ်အင်္ကျီနှင့်။ နေကာမျက် နှာအကြီးကြီးကို မျက်နှာတစ်ဝက်ဖုံး လုနီးပါးတပ်ထားသည်။

''ကျွန်တော် အင်္ဂလိပ်လို ပြောနိုင်တယ်''

သံတန်းပေါ် ထိုင်နေသူက ပြော၏။

အခြားတစ်ယောက်က ခေါင်းကိုယမ်းပြ၏။

ဝင်းတင်သိလိုက်ပြီ။

ဒီမှာ ချက်လမ်းသရဲနှင့် တွေ့ပြီ။

သို့သော် သူတို့နိုင်ငံမှာ ဖြစ်၏။

ဝင်းတင်နှင့် အဖော်သည် ရှေ့ကို တိုးသွားကာ သူတို့ကို လက်ဆွဲနှုတ်ဆက်၏။

       ''ခင်ဗျားတို့က ဘယ်နိုင်ငံကလဲဗျ''

       ''ဗမာပြည်ကပါကွာ''

       ''အခု ဘယ်ကလာတာလဲ။ ပရာဟာကလား။ ခင်ဗျားတို့က ကျောင်းသားတွေလား''

       ''မဟုတ်ဘူး။ ဟန်ဂေရီကလာတာ။ ကျောင်းသားလည်း မဟုတ်ဘူး။ ခရီးသည်''

       ဝင်းတင်က ဖြေသည်။

       ''နေပါဦး မင်းတို့က ဘန်စကာ မြို့ကပဲလား''

       ''မဟုတ်ဘူး။ ဒီမြို့က မဟုတ်ဘူး။ ချက်ပြည် အရှေ့ပိုင်း ကိုရှိးဆားမြို့က''

       ''ကျောင်းသားတွေလား''

       ''ဟုတ်တယ်။ ကျောင်းသားတွေ''

သူတို့သည် ဝင်းတင်၏ တစ် ကိုယ်လုံးကို တစ်ချက်ဝေ့ကြည့်လိုက် ကြ၏။

       ''ခင်ဗျားတို့ ဘန်စကာမြို့ထဲ လျှောက်ကြည့်မလား။ ကျွန်တော်တို့ လိုက်ပို့ပေးမယ်လေ''

       ''ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လို့ နေပါစေတော့ကွာ။ မိတ်ဆွေတွေနဲ့ ချိန်းထားလို့ပါ''

သူတို့အချင်းချင်း တီးတိုးပြော နေကြပြန်သည်။ အနီရောင် အင်္ကျီနှင့် လူငယ်က

       ''ခင်ဗျားတို့ ချက်လိုတတ်သလား''

       ဝင်းတင်သည် ပြုံး၍ ခေါင်းခါပြ၏။

       ''ကျွန်တော်တို့ ဒီမြို့လာလည်တာဗျာ။ ပိုက်ဆံက ကုန်သွားတယ်''

       ''ဒါမျိုးက ဖြစ်တတ်ပါတယ်ကွာ။ ကိုယ်တို့လည်း ဖြစ်ဖူးတာပါပဲ''

       ထိုနှစ်ကောင် မဟန်တော့။ ဝင်းတင်ကသိပြီ။

       ''ကဲ-ဘိုင့်ဘိုင်။ ကိုယ်တို့ မိတ်ဆွေတွေက စောင့်နေလောက်ပြီ''

       သို့သော် သူတို့က စကားမဖြတ်ချင်။

       ''ဟေး ဘွိုင်... နာရီယူမလား''

       ''သြ....သြ''

       ''ဟေး ဘွိုင် လာပါ။ မြို့ထဲ လျှောက်ကြည့်ရအောင်''

       ''သြ....သြ''

       ''ဟေးဘွိုင်...ကျွန်တော်တို့ မှာ ပိုက်ဆံပြတ်နေပြီ''

       ''ဟေး...ဘွိုင်...ဟေး ...ဘွိုင်...ဟေး...ဘွိုင်''

ဝင်းတင်နှင့် အဖော်သည် ခပ်သုတ်သုတ် ထွက်ခွာလာခဲ့ကြ၏။

သူတို့ နိုင်ငံများတွင် ထိုကဲ့သို့သော လမ်းသရဲလေးများကို ဝင်းတင်သည် တွေ့တတ်၏။

သူတို့ဆီမှာလည်း နိုင်ငံ့ခေါင်းဆောင်ပိုင်း လူကြီးများ၏ သားသမီးများသည်လည်း လမ်းသရဲလေးများ ဖြစ်ချင်ဖြစ်နေတတ်၏။

တိုင်းပြည်၏ မူဝါဒနှင့် ဆန့်ကျင်သော လုပ်ငန်းမျိုးကိုဝန်ကြီး၏ သားသမီးကလုပ်ကိုင်၍ အဖမ်း အဆီးခံရဖူးသော ရာဇဝင်များလည်း ရှိခဲ့ဖူး၏။

ဝင်းတင်သည် ချက်မိတ်ဆွေနှင့် လမ်းသရဲလူငယ်များအကြောင်း ပြောကြည့်၏။

''လူငယ်ပြဿနာက ကျွန်တော်တို့လို နိုင်ငံတွေမှာ မဖြစ်စလောက်ပါဗျာ။ ရှားပါတယ်။ လူငယ်ပြဿနာက အရင်းရှင်နိုင်ငံတွေမှာအဖြစ်များတာပါ''

ချက် မိတ်ဆွေကပြော၏။

ဝင်းတင်သည် ဟန်ဂေရီ ပြည်ဘာလတန်ကမ်းခြေ အနားယူစခန်းတွင် မီးရထားလမ်း အလုပ်ကြမ်း သမားကြီးနှင့် စကားလက်ဆုံကျဖူး၏။ အလုပ်ကြမ်းသမားကြီး၏ အ သက်က ၅ဝ ကျော်လောက်ရှိပြီ။ လက်ကြီးတွေက အကြီးကြီးတွေ။ တကယ့် လက်ကြမ်းကြီး။

ထိုအလုပ်ကြမ်းသမားကြီး သည် ဂျာမန်စကားအနည်းငယ်ပြောတတ်၏။ ဝင်းတင်ကတော့ ဂျာမန်စကားကို မတောက်တခေါက်မျှသာ ပြောတတ်၏။

''ခင်ဗျားတို့ဆီမှာ စစ်တပ်က အာဏာသိမ်းတာ ဘာကြောင့်လဲဗျ။ ခင်းဗျာတို့ဆီမှာ အခုဘယ်လို ဆို ရှယ်လစ်နိုင်ငံထူထောင်မှာလဲ''

ထိုသူနှင့် ဝင်းတင်သည် နှစ်ခါ ဆုံတွေ့ရ၏။

အလုပ်ကြမ်းသမားကြီးသည် ကမ္ဘာ့အခြေအနေများကို စိတ်ဝင်စား၏။ ကျူးဘား၊ ကွန်ဂို၊ ဥရောပဘုံဈေး၊ အယ်လ်ဂျီးရီးယား၊ အမေရိကန် အနုမြူဗုံး။ အစုံမေး၏။

အလုပ်ကြမ်းသမားကြီးသည် သူ၏ထင်မြင်ချက်များကို ပြောတတ်သေး၏။ အများအားဖြင့်တော့ သူလိုရာသို့ ဆွဲပြောတတ်၏။

 ''ကျုပ်က နယ်ချဲ့လုပ်ကြံမှုမျိုးကို မုန်းတယ်။ နယ်ချဲ့သမား မှန်သမျှကို ဖမ်းချုပ်ရမယ်။ နယ်ချဲ့မှုကို တားဆီးရမယ်''

အလုပ်ကြမ်းသမားကြီးသည် သန်မာကြမ်းတမ်းသော လက်ကြီးများကို ရှေ့သို့ ရုတ်တရက် ဆန့်တန်းထုတ်လိုက်၏။ သူ့မျက်နှာချင်းဆိုင်က လူတစ်ယောက်ကို လည်ပင်းညှစ် သတ်သလို သူလုပ်ပြ၏။

       ''ဗာရဘိုတင်၊ ဗာရဘိုတင်''

       ''တားဆီးရမယ်၊ တားဆီးရမယ်''

       အလုပ်ကြမ်းသမားကြီးသည် ဆောင့်အော်ဟစ်လိုက်၏။

       ဝင်းတင်သည် သူ့ကို နွေးထွေးစွာ ပြုံးပြလိုက်မိ၏။

ဝင်းတင်သည် အီဗန်ဒီစီလော့ ကို လီနင်ဂရက်မြို့၊ သတ္တုအလုပ်ရုံတွင် တွေ့ခဲ့၏။ သူ့အသက် ၅ဝ ကျော်၊ သူ့အလုပ်သက် ၃၄ နှစ်။

       ''ကျွန်တော်ဟာ ကွန်မြူနစ်ပါတီ ဝင် ဖြစ်တယ်။ ဒီစက်ရုံရဲ့ အလုပ်သမားဖြစ်ရတာ ဂုဏ်ယူတယ်''

       ''ခင်ဗျားအသက်ဟာ ၁၆ နှစ် ပြန်ဖြစ်သွားရင်ကော ခင်ဗျား ဘယ်လိုနေရာမှာ လုပ်ချင်လဲ''

       ''ဒီစက်ရုံမျိုး၊ ဒီလိုအလုပ်မျိုးပဲလုပ်မယ်''

       အလုပ်သမားလူတန်းစား၏ မာနကို သူ့မျက်နှာပေါ်မှာ ထင်ရှားစွာ တွေ့ရ၏။

 ''ဟုတ်ပါပြီ။ ခင်ဗျားအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒါနဲ့ ဒီနေ့ကမ္ဘာမှာ ဘယ်အရာက အရေး အကြီးဆုံးလို့ ခင်ဗျားထင်သလဲ''

ဝင်းတင်၏ မိတ်ဆွေသတင်းစာ ဆရာက ဝင်မေးလိုက်ခြင်းဖြစ်သည်။

       ''မေးနေစရာလိုမယ် မထင်ပါ ဘူးဗျာ။ အရေးအကြီးဆုံးဟာ ငြိမ်း ချမ်းရေးပေါ့ဗျ''

       အလုပ်သမားကြီးက ခပ်ဝင့်ဝင့် ဖြေ၏။

       ''ငြိမ်းချမ်းရေးရမယ်လို့ ခင်ဗျား ယုံကြည်သလား''

       ဝင်းတင်က ဖြတ်၍မေးလိုက်၏။

       ''ယုံတယ်''

       ''စစ်အသစ်ဖြစ်လာရင် ခင်ဗျားဝင်တိုက်မှာလား''

''ကျွန်တော် နာဇီကိုလည်း တိုက်ခဲ့တဲ့ ကောင်ပါဗျ။ တိုက်သင့်ရင်တိုက် ရမှာပေါ့ဗျာ''

''နယ်ချဲ့သမားက အခြားနိုင်ငံတစ်ခုကိုတိုက်လို့ ကမ္ဘာ့ငြိမ်းချမ်းရေး ထိခိုက်လာမယ်ဆိုရင်ကောဗျာ''

       ဝင်းတင်၏ အဖော်က မေးလိုက်၏။

       ''ကျွန်တော်တို့ စစ်တိုက်မှာက စစ်အတွက်မဟုတ်ဘူး။ ငြိမ်းချမ်းရေး အတွက် စစ်တိုက်မှာ''

သူ၏ အဘိဓမ္မာသည် နည်း နည်းတော့ ဆန်းသည်ဟု ဝင်းတင်က တွေးမိသွား၏။

ဒါ သူ့ယုံကြည်ချက်လား။ အစိုးရပေါ်လစီလား။ စစ်တိုက်ရင် ငြိမ်းချမ်းရေးအတွက် စစ်တိုက်ရမယ်တဲ့။

အနီးမှာ အခြားအလုပ်သမား များသည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ကြ၏။

 

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.