21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကျွန်တော်တို့ချစ်ရသော စာရေးဆရာဦးသန့်


(၁)

အိုအေအေ အမေချော့လို့

တိတ်ပါတော့မယ်သည်းညှာ

ခိုပြာခိုဖြူနဲ့   

တကူကူ ချိုးတွေရောက်ပါလို့

မိတ္ထီလာကန်တော်အောက်ဆီက

ဖားကောက်ဖို့ အမေမှာ။    ။

 

အေအိုအို ကြောင်အိုကြီးက

အမြီးခပ်တိုတို

မေ့သားကို လာ၍ ကိုက်ပါလိမ့်

မေရိုက်မယ် မောင်မငိုနဲ့

ဒီကြောင်အို အဆီစားပါလို့

အသားကို သူမျိုတတ်တယ်ကွဲ့

ရပ်တော့အသာ။     ။

 

အိုအေအေ ပါးပြင်နုမှာလ

ပုလဲဥ မျက်ရည်ယို

သည်တိုင်းသာ၊ အငိုဆက်ရင်ဖြင့်

ခက်လေပြီ သည်တမိမှာတော့

ကလေးဖေ ဘယ်မှာရှိလေဘိ

သိချင်လှ စိတ်မကြည်

ဘယ်ဆီမှ မရှာအား။

 

အိုအေအေ အသာပိုက်ပါလို့

ရွှေနို့ချို အမေတိုက်မယ်ကွဲ့

ငိုရှိုက်ကာ မောင်မနေနဲ့

ကလေးဖေ ပြန်လာရောက်ခါမှ

စားသောက်ရန် ချိုချဉ်လှိုင်၍

နှစ်ယောက်ပြိုင်အတူချော့မယ်ကွယ်

တိတ်တော့မေ့သား။

သီလဝ

(၁၂၉၆ ခုနှစ်၊ နယုန်လထုတ်၊ ဂန္ထလောက၊ မဂ္ဂဇင်း၊

အတွဲ၊ ၁၉၊ အမှတ်၊ ၁၁၃)

(၂)

မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ဂုဏ်ဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်၊ ငယ်စဉ်ဘဝက သီလဝ ကလောင်နာမည်ဖြင့် ရေးသီဖွဲခဲ့သော သားချော့ကဗျာကလေးပင်ဖြစ်သည်။

ချစ်ဖွယ်ကောင်းလှသော ကဗျာကလေးမှာ များစွာအနက်အဓိပ္ပာယ် ကြွယ်လှ၏။ အမေတစ်ယောက်က ငိုနေသောသားကို ချော့မော့နေရင်း သူ့ချစ်လင် အဝေးရောက်ကလေး အဖေကို တမ်းတ သီဖွဲ့သွားပုံမှာ လွမ်း ဖွယ့်ကဗျာကလေး တစ်ပုဒ်ပင်။

ပန်းတနော်မြို့သား ဦးသန့်သည် ရန်ကုန်တက္ကသိုလ်တွင် ဥပစာတန်းခေါ် ဒုတိယနှစ်စာမေးပွဲ အောင် သောအခါ ညီငယ်များဖြစ်သော မောင်ခန့် (ပန်းတနော်ဦးခန့်) မောင်သောင်း (အတွင်းဝန်ဦးသောင်း)၊ မောင်တင်မောင် (တိုင်းမင်းကြီးဦးတင်မောင်) တို့၏ ပညာရေးကိုငဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ ဘီအေအောင်သည်အထိ ပညာဆက်မသင်ခဲ့ပေ။ ဦးသန့်သည် ပန်းတနော်မြို့သို့ ပြန်သွားခဲ့ပြီး မိခင်ကြီး ဒေါ်နန်းသောင်ကို လုပ်ကျွေးပြုစုရင်း ညီငယ်သုံးဦးအတွက် ကျောင်းပညာရေးစားရိတ်ရှာကာ ပန်းတနော်မြို့ အမျိုးသား အထက် တန်းကျောင်းအုပ်လုပ်နေခဲ့သည်။

ထိုအချိန်မှ စတင်၍ ဦးသန့်သည် ဂျာနယ်၊ မဂ္ဂဇင်းများ၌ သီလဝ ကလောင်နာမည်ဖြင့်လည်းကောင်း၊ 'ကျောင်းအုပ်ကြီး ဦးသန့်' ကလောင်နာမည်ဖြင့်လည်းကောင်း ကဗျာများ၊ ဆောင်းပါးများ ရေးသားခဲ့သည်။

ထိုစဉ်က ဦးသန့်ရေးသော ဆောင်းပါးကဗျာများတွင် သူမြင်တွေ့ ခံစားရသော အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း တင်ပြချက်များ ပါဝင် သည်။

(၁) ကျွန်တော်၏ ကျောင်းပြတင်းမှ။

(၂) ပီမိုးနင်း၏ လိင်သဘာဝဖွဲ့နွဲ့မှု။

(၃) ၁၉၃၃ ခုနှစ်အတွင်း

        မြန်မာ စာပေ။

(၄) လက်ဝဲဂိုဏ်းများ၏ ဝါဒ။

(၅) စလေအညာက ပြွေဆရာအကြောင်း (ဘာသာပြန်၊ ကဗျာ)။

(၆)    သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသော ဆောင်းပါး၊ ဘာသာပြန် ကဗျာများမှာ ကျောင်းအုပ်ကြီး ဦးသန့်၏ စာရေးဆရာဘဝ လက် စွမ်းပြ ဆောင်းပါးများဖြစ်သည်။

ထို့ပြင် 'စလေအညာက ပြွေ ဆရာ' ဘာသာပြန် ကဗျာမှာ အနောက်နိုင်ငံတွင် ထင်ရှားနေသော The Pide Piper of Hsmrlin အင်္ဂလိပ်ဘာသာဖြင့် ရေးဖွဲ့ထားသည့်ကဗျာကို ဦးသန့်က မြန်မာမှုပြုကာ မြန်မာကဗျာရှည်တစ်ပုဒ်အဖြစ် သီကုံးခဲ့ခြင်းဖြစ်သည်။

(၃)

ဦးသန့်သည် မြန်မာစကားပြေ အရေးအသား အလွန်ချောမွေ့ပြေပြစ်အောင် ရေးသားနိုင်သူဖြစ်သည်။ ဦးသန့်၏  မြန်မာစာအရေးအသား ကျွမ်းကျင်ပုံကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်၌ စာပေဗိမာန်က ထုတ်ဝေသော 'ပြည်တော်သာခရီး' စာအုပ်တွင် ဖတ်ရှုသိမြင်နိုင်သည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာပြည် လွတ်လပ်ရေး ကြေညာပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက ပန်းတနော်မြို့နေ ဦးသန့်ကို ပြန်ကြားရေးဝန်ကြီးဌာန၌ ညွှန်ကြားရေးဝန်ခန့်ခဲ့သည်။ နောင်အခါ၌ ဦးသန့်သည် ဝန်ကြီးချုပ် ဦးနု၏ အတွင်းဝန်အဖြစ် ခန့်ထားခံခဲ့ရသည်။

နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုဦး ဆောင်ခဲ့သော နိုင်ငံတိုးတက်စည်ပင် ဖွံ့ဖြိုးရေးပြည်တော်သာ ညီလာခံကြီး ကျင်းပပြီးသည့်နောက် ဦးသန့်သည် မြန်မာ့လွတ်လပ်ရေးရပြီးခေတ် သမိုင်းကို 'ပြည်တော်သာခရီး' စာအုပ် ပထမတွဲ၊ ဒုတိယတွဲ၊ စာအုပ်များတွင် ရေးသားပြုစုခဲ့သည်။ လွတ်လပ်ရေးရ ပြီးခေတ်၊ ရောင်စုံသောင်းကျန်းသူတို့ သူပုန်ထကြစဉ် ပြည်သူလူထု ဒုက္ခပင်လယ်ဝေရသော ဖြစ်ရပ်များကို ဦးသန့်၏ 'ပြည်တော်သာခရီး' စာအုပ်၌ အကျယ်တဝင့်ရေးသားခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီး တောက်လောင်မှု ဒုက္ခအဝဝကို မီးမောင်းထိုးပြခဲ့သည်။ မြန်မာ့လွတ် လပ်ရေးရရှိပြီးကာလ၌ ဖဆပလ အစိုးရ၏ တိုင်းပြည်ပြန်လည် ထူထောင်မှု လုပ်ငန်းများကိုလည်း စာရေးဆရာ ဦးသန့်၏ 'ပြည်တော်သာခရီး' စာအုပ်တွင် ယှဉ်တွဲရေးသား ဖော်ပြထား၍ (၁၉၄၈-၁၉၆၂) မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှု ပြယုဂ်ကို ပြည်သူတို့ အဟုတ်အမှန် လေ့လာနိုင်ကြမည်ဖြစ်၏။

(၄)

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် (၁၉၆၁-၁၉၇၁) ၁ဝ နှစ်တာမျှ သက်တမ်းနှစ်ကြိမ် အတွင်းဝန်ချုပ်ရာထူး ထမ်းဆောင်စဉ် မိမိအောင်မြင်မှု၊ ဆုံးရှုံးမှု အတွေ့အကြုံများကို စာရေးဆရာဦးသန့်က ပထမတွဲ၊ ဒုတိယ တွဲ၊ နှစ်တွဲရေးသားနေစဉ် ကင်ဆာ ရောဂါဖြင့် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့သဖြင့် ယင်းစာအုပ် ကို အပြီးမသတ်နိုင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ယခုအခါ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းဝန်ချုပ် စာရေးဆရာဦးသန့်ကား ကွယ်လွန်ခဲ့ ရှာပြီ။ သို့သော် စာရေးဆရာဦးသန့် ပြုစုရေးသားခဲ့သော 'ဦးသန့်၏စာ' များက ဦးသန့်၏ ကိုယ်စားပြည်သူ စာဖတ်ပရိသတ်တို့အား အကျိုးပြုနေ ပေဦးမည်သာတည်း။

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.