24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း တို့လို ရှေ့က ကျောင်းသားခေါင်းဆောင်ကြီးတွေရဲ့ လမ်းစဉ်အတိုင်း

(၁)

 ''ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂသည် ကျောင်းသားရေးရာများကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါသည်''

အထက်ပါ အဆိုအမိန့်မှာ မကြာမီက ရန်ကုန်တက္ကသိုလ် သိပံ္ပခန်းမဆောင်တွင် ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ရုံးခန်း၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက မြန်မာ့သတင်းစဉ်သို့ ဖွင့်ဟပြောကြားလိုက်သည့်မှတ်တမ်းဝင် စကား ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ချုပ်သူ အာဏာပိုင်တစ် ဦးအနေဖြင့် ပါမောက္ခချုပ် ဒေါက် တာဖိုးကောင်းက ထိုသို့ပြောဆိုလိုက်သည့် စကားရပ်သည် လွန်ခဲ့သော ၅၅ နှစ်က တကသ အဆောက်အအုံကြီးကို ဗုံးခွဲ၍ဖြိုချလိုက်စဉ် ထာဝရပျောက်ကွယ်သွားသည့် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ကြီး ပြန်လည်ပေါ်ထွန်းလာသည့် မော်ကွန်းမှတ်တမ်းလည်း ဖြစ်ပါပေသည်။

 ပြောရဦးမည်။ ၇-၇-၁၉၆၂ နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်မြေ၌ အဆောင်စည်းကမ်းများ ချုပ်ချယ်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြသော တက္ကသိုလ်ကျောင်းသားတို့အား ထိုစဉ်က အာဏာရှင်စစ်အစိုးရသည် မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းနှိမ်နင်းခဲ့၏။ တက္ကသိုလ် ကျောင်းသားများ ရာကျော်ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးခဲ့ကြသည်။ နောက်တစ်နေ့ နံနက် ၈-၇-၁၉၆၂ နေ့တွင် စစ်ခေါင်းဆောင်တို့သည် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲသမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံကြီးကို မိုင်းဗုံးဖြင့်ဖြိုခွင်းဖျက်ဆီးခဲ့ကြသည်။ ထိုနေ့ ထိုအချိန်မှစ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဆိုသည်မှာ မြန်မာ့မြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

အာဏာရှင် အစိုးရအဆက်ဆက်သည် မိမိတို့အား ဆန့်ကျင်တော်လှန်နိုင်မည်ဖြစ်သော ကျောင်းသားအင်အားစုအား ပေါင်းပေါင်းစည်းစည်းမရှိနိုင်ကြစေရန် ဒေသကောလိပ်များဖွင့်၍ ကျောင်းသားများကို လူစုခွဲခဲ့ကြသည်။ သို့သော်လည်း စွန့်လွှတ်၊ စွန့်စားသတ္တိအပြည့်ရှိသော ကျောင်းသားတို့သည် မိမိတို့အား ဖိနှိပ်လာသည့် အာဏာရှင်တို့ အပေါ် ဘယ်သောအခါမှ အရှုံးမပေး ခဲ့ကြပေ။

အထက်ဖော်ပြပါ စကားကို သာဓကဆောင်နိုင်သည့် ဖြစ်ရပ် ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဦးသန့်ဈာပနအရေးအခင်း၌ တွေ့လာကြရသည်။ အမှန်တိုင်းဆိုလျှင် မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ဂုဏ် ဆောင်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်အလောင်းသည် တက္ကသိုလ် ကျောင်းသားများကသာ ဦးဆောင်လှုပ်ရှားထကြွခြင်းမပြုခဲ့ကြလျှင် လူသာမန်တို့ကို မြှုပ်နှံသည့် ရန်ကုန်မြို့၊ ကြံတောသုသာန်တွင်သာ အုတ်ဂူသွင်း သင်္ဂြိုဟ်ရတော့မည် ဖြစ်ပေသည်။

သို့သော်လည်း တက္ကသိုလ် ကျောင်းသားများ ဦးဆောင်သည့် လူထု လှုပ်ရှားမှုကြီးတစ်ရပ်ပေါ် ပေါက်လာ၍ ဦးသန့်၏ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမသို့ တက္ကသိုလ်ကျောင်းသားများက သယ်ဆောင်သွားကြပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီ တော်အနီး ဦးဥတ္တမပန်းခြံတွင် ဦးသန့်ရုပ်ကလာပ်ကို ထိုက်ထိုက်တန်တန် ဂူသွင်းမြှုပ်နှံ၊ ဗိမာန် ဆောက်၊ တောက်တောက်ကြွားကြွား တည်ထားနိုင်ခဲ့ကြသည်။

၁၃-၃-၁၉၈၈ နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်၌ ဖြစ်ပွားခဲ့သော ကျောင်းသား ကိုဖုန်းမော်အား လုံထိန်းရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ရသည့် အရေးအခင်းမှစကာ ကျောင်းသားများနှင့် ပြည်သူများ စုပေါင်း၍ အုံကြွဆူပူမှုများ ဖြစ်ပွားလာခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင် ဦးဆောင်သည့် ကျောင်းသားထုလှုပ်ရှား ထကြွမှုကြီးဖြစ်ပေါ်လာပြီးနောက် နိုင်ငံတော်ကို အာဏာရှင်စနစ်ဖြင့် ၂၆ နှစ်ကြာ အုပ်စိုးခဲ့သော ဦးနေဝင်းအစိုးရ ပြုတ်ကျသွားခဲ့သည်။ ထို့နောက်တွင် ၈-၈-၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး၊ ဒီမိုကရေစီတောင်းဆိုမှု လူထုတော်လှန်ရေးကြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အုံကြွပေါ်ပေါက်ခဲ့သည်။

(၂)

အထက်ဖော်ပြပါ တက္ကသိုလ်ကျောင်းသားများ၏ လှုပ်ရှားမှုများကို  ပြန်လည်တင်ပြ နေရခြင်းများမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအပါအဝင်ကျောင်းသားထု၏ စုစည်းမှုအင်အားသည် မည်မျှကြီးမားခဲ့သည်ကို အကျဉ်းမျှဖော်ပြခဲ့ ခြင်းဖြစ်သည်။

 ၂ဝဝ၇ ခုနှစ်တွင် ဓာတ်ဆီဈေး နှုန်းများ မတန်တဆကြီးမားသွား သောကြောင့် ပြည်သူလူထု၏ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် ကျောင်းသားများ၏ လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ကျောင်းသားထု၏ လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးသည့် အနေဖြင့်  ရဟန်းသံဃာထုကြီးကပါ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ ဓမ္မသုတ္တန်များကို ရွတ်ဖတ်ပူဇော်ရင်း ရန်ကုန်မြို့ရှိ လမ်းများပေါ်သို့ ရဟန်းသံဃာထုကြီး ဆင်းသက်ရောက်ရှိလာတော့သည်။ ဤအခြေအနေအရပ်ရပ်ကို သုံးသပ်ဝေဖန်ပိုင်းဖြတ်ကြည့်လျှင် မြန်မာနိုင်ငံ၏ အရေးပါလှသည့် နိုင်ငံရေးဆောင်ရွက်မှုများတွင် ကျောင်းသားထုနှင့် ကင်းကွာခဲ့သည်ဟု မရှိကြောင်း သက်သေပြနေသည်။

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် လက်သန်းမင်တို့၊ ပြည်သူတို့၏ မဲဆန္ဒပေးပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂ဝ၁၆ ခုနှစ် ဒီမိုကရေစီအစိုးရအဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်ထိုကာလမှစ၍ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် ပြိုကျပျက်စီးခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကိစ္စသည် တစ်ဖန်ပြန်လည်ဦးမော့လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက် အအုံတည်ဆောက်ရေးအတွက် ၂ဝ၁၆ ခုနှစ် ဒီမိုကရေစီ အစိုးရက ကျပ်သန်းပေါင်း ခုနစ်ထောင် (၇ ဘီလီယံ) ခွင့်ပြငွေချထားပေးပြီးသည်ဟုလည်း သတင်းကြားသိရသည်။ သို့ သော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံ ဆောက်လုပ်ရေးကိစ္စမှာ ကျောင်းသားများနှင့် ၂ဝ၁၆ အစိုးရ အဖွဲ့တို့အကြား သဘောထားညီညွတ်မှုမရရှိနိုင်ဘဲ ကြန့်ကြာနေခဲ့ပြန် သည်။

 ''ကျောင်းသားသမဂ္ဂမရှိဘဲ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံ ဘယ်လို ဆောက်လုပ်ကြမှာလဲ'' ဟု ကျောင်းသားများဘက်မှ မေးခွန်းထုတ်သံ လည်း ကြားခဲ့ရသေးသည်။ သည်တော့ ယခုအရေးကြီးသော စကားကို ပြောဆိုပါတော့မည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီး ဆောက်လုပ်ရန်အတွက် ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ကြီး ခန့်ခန့်ထည်ထည် ဖွဲ့စည်းခဲ့ပြီးလေပြီ။

ယာယီ အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရုံးခန်းကိုလည်း ရန်ကုန်တက္ကသိုလ် သိပံ္ပခန်းမဆောင်တွင် အထင်ကရ ဖွင့်လှစ်ထားရှိခဲ့ပြီးလေပြီ။ ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ကုန်ကျငွေ ခုနစ်ဘီလီယံကျပ်ငွေလည်းရရှိထားပြီး ဖြစ်ပေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်းအတွက် လိုအပ်သောစားပွဲ၊ ကုလားထိုင်၊ ဘီရိုစသော အသုံးအဆောင်ပစ္စည်းများ စီစဉ်ပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ညွှန်ကြားပြောဆို တိုက်တွန်းခဲ့ပြီးသည်ဟုလည်းသိရသည်။ ကဲ-ဘာလိုသေးသလဲ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီး ထီးထီးမား မား ဆောက်လုပ်ရန်အတွက် ဘာလို သေးသလဲ။

လိုအပ်သည့်အရာမှာ စိတ်ဓာတ် တည်ကြည်ခိုင်မာစွာဖြင့် ညီညွတ်ပေါင်းစည်းဆောင် ရွက်ကြရန် သာဖြစ်သည်။ ၁၉၃၆ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်ကြီးသည် ထိုခေတ်၊ ထိုအချိန်ကာလက ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တစ်ခဲနက်သော ညီ ညွတ်ပေါင်းစည်းမှုဖြင့် ပေါ်ပေါက် လာခြင်းဖြစ်သည်။                         

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုနု၊ ဝါဒဖြန့်ချိ ရေးမှူးကိုအောင်ဆန်းတို့ကို ရန်ကုန် တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာဒီဂျေစလော့စ်က ကျောင်းမှ ထုတ် ပယ်ခဲ့ခြင်းကြောင့် ၁၉၃၆ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်ကြီးပေါ်ပေါက်လာခဲ့ပြီး အောင်မြင်မှုများစွာရရှိလာခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဥက္ကဋ္ဌကိုနု၏ နောက်တွင် ပေါ်ပေါက်လာခဲ့သော ဥက္ကဋ္ဌကိုအောင်ဆန်း၊ ဥက္ကဋ္ဌကိုဗဟိန်း၊ ဥက္ကဋ္ဌကိုလှရွှေ၊ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်တို့သည် ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့အစည်းကြီးကို ခိုင်မာညီညွတ်စွာ ပေါင်းစည်းဦးဆောင်နိုင်ခဲ့ကြသူများ ဖြစ်သည်။

၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့၊ အတွင်းဝန်များရုံးကို ဝိုင်းဝန်း ဆန္ဒပြ ခဲ့သည့် အရေးတော်ပုံကို ကျောင်း သား ဥက္ကဋ္ဌ ကိုလှရွှေက ဦးဆောင်ခဲ့သည်။ ထိုအရေးအခင်းတွင် တက်ကြွစွာ လှုပ်ရှားခဲ့သည်။ ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော်အား နယ်ချဲ့မြင်းစီး ပုလိပ်တပ်ဖွဲ့က မြင်းနှင့်တိုက်၊ နံပါတ်တုတ်နှင့် ရိုက်ခဲ့သောကြောင့်ကို အောင်ကျော်ကျဆုံးခဲ့ သည်။

 မကွေးမြို့၊ မဲထီးကျောင်းတိုက်အတွင်း၌ ရောက်ရှိနေကြသော သခင်ဖိုးလှကြီးခေါင်းဆောင်သည့် ရေနံမြေသပိတ်တပ်ဖွဲ့ကြီးကို ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌကိုဗဟိန်းက သွားရောက်၍ ဦးဆောင်လှုပ်ရှားနိုင်ရေးတရားပွဲ ကျင်းပခဲ့သည်။ မကွေးမြို့၊ မဲထီးကျောင်းတိုက်ပြင်ပ၌ မြင်းခွာသံပေးနေသော နယ်ချဲ့မြင်းစီးပုလိပ်တပ်ဖွဲ့ကို တကသဥက္ကဋ္ဌကိုဗဟိန်းက ဤသို့ ဟိန်းဟောက်ကြွေးကြော် သတိပေးခဲ့သည်။

 ''မြင်းခွာတစ်ချက်ပေါက်ရင် ဗမာပြည်ကြီး မီးဟုန်းဟုန်းတောက် စေမယ်''တဲ့။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုအောင်ကျော်တို့သည် မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတပ်ဦးတွင် ထူးချွန်စွာ ဦး ဆောင်နိုင်ခဲ့သည်မှာ ခိုင်မာတည် ကြည်သော ညီညွတ်ရေးစိတ်ဓာတ် ကြောင့်ပင် ဖြစ်ခဲ့သည်။

ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီဗိမာန်ကြီးဆီသို့ ခြေလှမ်းများတစ်လှမ်းပြီးတစ် လှမ်းချီတက်လျက်ရှိသည်။ ဤအခြေအနေအချိန်အခါ၌ အရေးကြီး တကာ့ အရေးကြီးဆုံးကိစ္စမှာ ပေါင်းစည်းညီညွတ်ရေး စိတ်ဓာတ်ပင်ဖြစ်သည်။ ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ ဗိုလ်အောင်ကျောင်တို့ ဦးဆောင်ခဲ့သည့် ညီညွတ်ရေးလမ်းစဉ် အတိုင်းပေါင်းစည်း ညီညွတ်လှမ်းချီကြပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အအုံသစ်ကြီးကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန်တို့ကျောင်းသားတွေ ကြံစည်ကြိုးစား အားထုတ်ကြပါစို့။

 

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.