28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
နိုင်ငံတော်လုပ်ကြံမှုကြီး၏ တရားခံနံပါတ်တစ် ကဠုန်ဦးစောနှင့် သူ၏အခါပေးဗေဒင်ဆရာတို့၏ ပုဒ်မ ၅ ဇာတ်လမ်းတစ်ပုဒ်

(၁)

နိုင်ငံရေးသုတေသီ -  ဗျို့ တက္ကသိုလ် စိန်တင်၊ ကိုယ့်လူကို မေးခွန်းထုတ်ရ ဦးမယ်။ ပုဒ်မ (၅) အကြောင်း ခင်ဗျား ဘာသိသလဲ။

တက္ကသိုလ်စိန်တင် - နိုင်ငံရေးသုတေသီကလည်းဗျာ၊ နံနက်စောစောစီးစီး ဘာမေးခွန်းတွေလာမေးနေ တာလဲ။ ယခုတလော နာမည်ကြီးနေ တဲ့ ပုဒ်မ ၆၆/ဃတို့၊ ပုဒ်မ (၅)တို့ အကြောင်း နားမှလေသံ မကြားပါရစေနဲ့ဆရာရယ်။ စာကလေးတစ်ပုဒ်ရေးပြီး ထမင်းစားနေရတဲ့ဘဝမှာ ကြောက်စရာ၊ လန့်စရာ၊ ထိတ်လန့် စရာတွေက များလွန်းလို့ပါ''

နိုင်ငံရေးသုတေသီ - တက္ကသိုလ်စိန်တင်ကလည်းဗျာ။ ရေးတုန်းကတော့ကိုယ့်လူပဲ မထိတ်မလန့်၊ မကြောက် မရွံ့ဆောင်းပါးတွေရေးပြီးတော့ စာရေးဆရာကြီး အီကြာကွေးစကားနဲ့ ပြောရရင် ''ဘာအခုမှ ကြောက်ပါပြီ လဲ''

တက္ကသိုလ်စိန်တင် - ထားပါတော့၊ ထားပါတော့။ စောစောက စကား ပြောရရင် နိုင်ငံရေး သုတေသီ သိချင် တဲ့ အဲ့ဒီပုဒ်မ(၅) အကြောင်းကို ဘာ ကြောင့် မေးခွန်းထုတ်တာလဲလို့ ထပ် မေးပါရစေ။

နိုင်ငံရေးသုတေသီ - ''ဒီလိုပါဗျ၊ ကိုစိန်တင်ရဲ့။ မြန်မာ့ လွတ်လပ်ရေး ရရှိပြီးတဲ့ခေတ် ဖဆပလအစိုးရ၊ နောက်စစ်အာဏာရှင် ဆရာကြီးတွေတပည့်ကြီးတွေ အစိုးရအဆက်ဆက်မှာ တိုင်းရင်းဆေးစကားနဲ့ ပြောရရင် အမျိုးမျိုးရေလဲနဲ့ သုံးသွားတဲ့ ပြည်သူများကို ဒုက္ခပေးခဲ့တဲ့ ပုဒ်မ (၅) ရဲ့ အဓိပ္ပာယ်ကို သိချင်လို့ပါဗျာ။

တက္ကသိုလ်စိန်တင် - တက္ကသိုလ်စိန်တင်က ဥပဒေပညာရှင် မဟုတ်လို့ ပုဒ်မ (၅) ဆိုတဲ့ အလွန်ကြောက်စရာကောင်းတဲ့ စကားလုံးကြီးကို အဓိပ္ပာယ်မဖွင့်တတ်ဘူးဗျာ။ ဒါပေ မယ့် တက္ကသိုလ်စိန်တင်ရေးသားပြုစုတဲ့ အငြိမ်းစား ရဲမင်းကြီး ဦးဘအေး အတ္ထုပ္ပတ္တိ စာအုပ်ထဲမှာတော့ နိုင်ငံ တော် လုပ်ကြံမှုကြီး တရားခံနံပါတ် တစ်ဂဠုန်ဦးစောကို လုပ်ကြံမှုကြီးကျူးလွန်ဖို့ အခါပေး ဦးပုညလုပ်ခဲ့တဲ့ ဗေဒင်ဆရာဦးလှမောင်အကြောင်း၊ ဦးလှမောင်ကို ပုဒ်မ(၅) နဲ့ ဖမ်းဆီးခဲ့တဲ့ အကြောင်း ဤကဲ့သို့ ပါရှိပါ တယ်။ နိုင်ငံရေးသုတေသီဖတ်ကြည့် ပါဗျာ။

 

(၂)

အငြိမ်းစား ရဲမင်းကြီး ဦးဘအေး ဘဝခရီးနှင့် အတွေ့အကြုံများ စာ အုပ်၊ စာမျက်နှာ ၄၆၆ တွင် ဤသို့ပါ ရှိသည်။

 ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် မြန်မာနိုင်ငံတွင် ထင်ရှားခဲ့သော ဥပဒေပုဒ်မတစ်ခုရှိခဲ့သည်။ ပုဒ်မ (၅)။

ပုဒ်မ (၅) သည် အထူးသဖြင့် နိုင်ငံရေးသမားများကို ချုပ်နှောင်ဖမ်း ဆီးရန် အစိုးရက အသုံးပြုသည့် ဥပဒေ ကိရိယာတစ်ခု ဖြစ်လာ၏။ ထိုပုဒ်မကို Public Order Presservation Act (ပြည်သူ့လုံခြုံရေး ကာကွယ်မှုဥပဒေ)ဟု နာမည်လှလှလေးပေး ခဲ့သည်။ လူတစ်ဦးကို ပုဒ်မ (၅) ဖြင့် ဖမ်းဆီးရန် အခွင့်အာဏာမှာ ယခုခေတ်အခေါ် ရဲစခန်းမှူး၊ ထိုခေတ် အခေါ် ဌာနပိုင် (ဌာနအုပ်) တွင် ရှိလေသည်။ သို့သော် ဌာနပိုင်ကိုယ်တိုင်က သွားရောက်ဖမ်းဆီးသည်မဟုတ်၊ ဌာနပိုင်၏ လက်မှတ်ဖြင့် သော်လည်းကောင်း၊ နှုတ်မိန့်ဖြင့် သော်လည်းကောင်း၊ လူတစ်ယောက်ကို တရားသူကြီးဝရမ်းမပါဘဲ ပုလိပ်ကဖမ်းနိုင်လေသည်။ ထိုသို့ ဖမ်းဆီးရာတွင် ဖမ်းသင့်ဖမ်းထိုက်သူလည်း ပါပါလိမ့်မည်။ နိုင်ငံရေးပါတီ သို့မဟုတ် နိုင်ငံရေး ခေါင်းဆောင်တစ် ဦးဦးနှင့် ဆန့်ကျင်သူ၊ အမြင်ကတ်ခံရသူတို့ကိုလည်း ပုလိပ်ဌာနပိုင်က ဖမ်းဆီးရခြင်းရှိနိုင်သည်။ ထိုသို့ ဖမ်းဆီးခံရသူများတွင် နိုင်ငံရေးသမားတွေလည်းပါသည်။

ထိုအချိန် ပုဒ်မ ၁ဝဝ ဆိုတာရှိသည်။ အရပ်အခေါ်နှင့် ပြောရ လျှင် ကျော်စောမှုဟုဆိုပါစို့။ ပြည်သူအများ အေးချမ်းသာယာစွာ မနေရအောင် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်မည်ဟု နာမည်သတင်း ကျော်စောခြင်းရှိသူကို ထိုပုဒ်မဖြင့် ဖမ်းဆီးနိုင်၏။ သို့သော် သည်အတိုင်းဖမ်းထား ၍ မဖြစ်။ ထိုသူကိုမည်သို့သော အကြောင်းကိစ္စကြောင့် ဤပုဒ်မဖြင့် ဖမ်းဆီးရခြင်းဖြစ်ပါသည်ဟု လျှောက်လဲ ချက်ပေး၍ တရားရုံးသို့ တင်ရသည်။

ပုဒ်မ (၅) ကား ထိုသို့ မဟုတ်ချေ။ လူတစ်ယောက်ကို ဖမ်းပြီဟေ့ ဆိုသည်နှင့် ထိုလူကို တစ်ခါတည်း အချုပ်ထဲ ဆွဲသွင်း၊ အကျဉ်းထောင်သို့ တန်းပို့၊ ဘယ်တရားသူကြီးထံမှ ရမန် အမိန့်တွေ ခံယူနေရန် မလိုဘဲ ၁၄ ရက် ချုပ်ထားနိုင်သည်။ သို့သော် နောက်ပိုင်းတွင် ပုလိပ်က ထစ်ခနဲဆို  ပုဒ်မ ၅ ဖြင့် ဖမ်း၊ ဆွဲလုပ်ကြဖန်များ သောအခါ ပြည်သူလူထု ကြောက်ရွံ့ စရာ ဖြစ်လာတော့သည်။ ပုလိပ်တို့သည် ပုဒ်မ (၅)ကို ထမင်းစား၊ ရေသောက် လွယ်လွယ်ကလေးဖြင့် ထဖမ်းတာမျိုးတွေဖြစ်လာသည်။ ထို့ကြောင့် ကျွန်တော် (ဦးဘအေး) ဒုတိယ ပုလိပ်မင်းကြီး ရန်ကုန်တွင် တာဝန်ထမ်းဆောင်စဉ်ကအောက်က ပုလိပ်အမှုထမ်းတွေကို ဤသို့အမိန့် ပေးထားရသည်။

မည်သူမဆို ပုဒ်မ (၅) ဖြင့်ဖမ်းဆီးခဲ့လျှင် ထိုသို့ဖမ်းဆီး၍ အပြီး ၆ နာရီအတွင်း ဒုတိယပုလိပ်မင်းကြီး ထံ  သတင်းပို့ အတည်ပြုချက် ရယူရမည်။

ထိုသို့ ဖမ်းဆီးခဲ့သူတွေထဲက ဖမ်းသင့်သည်ဟု ယူဆသူတွေကို ဆက်ဖမ်းထားရန်၊ သူတို့နှင့် ပတ် သက်သော အမှုအခင်းတွေ ဆက်စုံစမ်းရန်၊ မဖမ်းသင့်ဟု ယူဆသူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ ကျွန်တော်က အမိန့်ပေးနေရသည်။

အစီအစဉ်ကသည်လို။ နိုင်ငံရေးသမားတစ်ဦးကို ဖမ်းပြီဟု ဆိုပါစို့။ ထိုသတင်းကို အတည်ပြုရန် ဒုတိယပုလိပ်မင်းကြီးထံမှ အတည်ပြုချက်မရမီ ဂတ်ထဲမှာချုပ်ထား။ ဒုတိယ ပုလိပ်မင်းကြီးက အတည်ပြု လက်ခံလျှင် ဘားလမ်းအချုပ်ထောင်သို့ပို့ ဒါမှမဟုတ် ဒုတိယ ပုလိပ်မင်းကြီးက လက်မခံလျှင် ပြန်လွှတ်ရန် အမိန့်ပေးလျှင် ချက်ချင်းပြန်လွှတ်ရန်ဖြစ်သည်။ သည်အစီအ စဉ်ဖြင့် ကျွန်တော် ဒုတိယပုလိပ်မင်း ကြီး တာဝန်ယူစဉ်က နေ့ညမရွေး လုပ်နေရသည်။ ဥပမာ ညဥ့် ၁၁ နာရီတွင် နိုင်ငံရေးသမားတစ်ဦးကို ပုလိပ်က ဖမ်းပြီဆိုပါစို့။ နောက်တစ် နေ့ နံနက် ၄ နာရီမတိုင်မီ ကျွန်တော့်ထံသို့ သတင်းပို့အတည်ပြုချက် ရယူပြီးဖြစ်ရမည်။ ဖမ်းတာကလည်း ပုလိပ်က ဖမ်းလျှင်၊ ညဥ့်အချိန် လူမမြင်သူမမြင်ဖမ်းရတော့ ကျွန်တော့်ထံသို့ ညဥ့်အချိန်မှာပင် သတင်းပို့ပြီး ဖြစ်ရမည်။

ထိုစဉ်အခါ ၁၉၄၇ ခုနှစ် နိုင်ငံတော် လုပ်ကြံမှုကြီးဖြစ်ပြီးချိန် ပုဒ်မ (၅)ဖြင့် ဖမ်းဆီးရာမှ ကျွန်တော့်ထံ သတင်းပို့ခဲ့သော ဂဠုန်ဦးစော၏ အခါပေးဗေဒင်ဆရာတစ်ဦးအကြောင်း ပြောရဦးမည်။

သူ့နာမည်က ဦးလှမောင်ဟုခေါ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ဝန်ကြီးများကို လုပ်ကြံ သတ်ဖြတ်ရန် ဂဠုန်ဦးစောကို ဗေဒင် အခါပေးခဲ့သူဆိုကြပါစို့။ ဦးပုည လက် သစ်။

မင်းတုန်းမင်းကြီး လက်ထက်တွင် နန်းပလ္လင်ကို လုပ်ကြံရန်မြင်ကွန်း၊ မြင်းခုန်တိုင် မင်းသားတို့ကို အခါပေး ခဲ့သော ဆရာကြီး စလေဦးပုညကဲ့သို့ အခါပေးခဲ့သူ ဂဠုန်ဦးစော၏ ဗေဒင် ဆရာဦးလှမောင်။

ဂဠုန်ဦးစော၏ ဗေဒင်ဆရာကို ပုဒ်မ (၅)ဖြင့် ဖမ်းမည်ဆိုတော့သည်လူကို ပြန်လွှတ်ရန် မဖြစ်ချေ။ ထို့ကြောင့် သူ့ကို ဖမ်းဆီးထားရန် အတည်ပြုအမိန့်ပေးရတော့သည်။

 နောက်တော့ ဗေဒင်ဆရာ ဦးလှမောင်ကို စစ်မေးသောအခါ ဤသို့ ပြောရှာသည်။

ပုလိပ်အရာရှိ  - ဦးလှမောင်က ဂဠုန်ဦးစောကို နိုင်ငံတော်လုပ်ကြံမှုအတွက် အခါပေးခဲ့တယ်ဆို၊ ဘယ်ပေး ခဲ့တာလဲ။

ဗေဒင်ဆရာဦးလှမောင် - ဒီလိုပါခင်ဗျာ။ တစ်နေ့တော့ ဂဠုန်ဦးစောက ကျွန်တော့်ကိုပြောတယ်။ လုပ်ငန်း အကြံအစည်တစ်ခု လုပ်ချင်ပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နှနာရီမှာလုပ်ရင် အောင်မြင်ပါမည်လဲတဲ့။

ပုလိပ်အရာရှိ - ဒီတော့ ဦးလှမောင် က ဘယ်လိုပြောလိုက်ပါသလဲ။

ဗေဒင်ဆရာဦးလှမောင် - ဒီနေ့၊ ဒီရက်၊ ဒီအချိန်မှာဆောင်ရွက်ရင် အောင်မြင်ဖို့ ရှိတယ်လို့ ကျွန်တော် က ဦးစောကို ပြောလိုက်မိတယ်။

 ဗေဒင်ဆရာဦးလှမောင်ကို ဂဠုန်ဦးစောက သူဘာလုပ်မည်ဟု အတိအကျဖွင့်ဟမပြော၊ အကြံအ စည် တစ်ခုရှိကြောင်းသာ ထုတ်ပြောခဲ့သည်ဟု ဆိုသည်။

ဗေဒင်ဆရာဦးလှမောင် - ကျွန်တော်က ဦးစောကိုပြောခဲ့ပါသေးတယ်။ အကြံအစည်အတွက် အခါကောင်း လို့ အခါပေးလိုက်ပြီ။ ဦးစောမကောင်းမှု အကုသိုလ်လုပ်ငန်းတော့မလုပ်ပါနဲ့။ လုပ်ရင်ကိုယ့်ကို အန္တရာယ် ဖြစ်လာမယ်။

 နောက်တော့ ဗေဒင်ဆရာဦးလှ မောင်ကိုထောင်ထဲ၌ ပုဒ်မ (၅)ဖြင့် အတန်ကြာ ဖမ်းဆီးထားပြီး ပြန်လွှတ် လိုက်ခဲ့ရလေသည်။

 သြော် ပုဒ်မ (၅) ပုဒ်မ (၅)၊ ဗေဒင်ဆရာလည်း အနေအထိုင်မတတ်လျှင် ငါးကိုက်ခံရပါ တကား။

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.