23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၁၀

ဝင်းတင်သည် ဟော်လန်၊ အမ်စတာဒမ်မှာရှိစဉ် ရွှေမန်းတင်မောင်နှင့် တွေ့ဆုံရ၏။

ရွှေမန်းတင်မောင်သည် မြန်မာ့ယဉ်ကျေးမှုဇာတ်အဖွဲ့နှင့်အတူ မော်စကိုသို့ လာရောက်ကပြချိန်ဖြစ်ပါ သည်။

 ရွှေမန်းတင်မောင်က ထူးခြားသည်။ မြန်မာ့ဇာတ်သဘင် ဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားသို့ ရောက်စဉ် ထိုနိုင်ငံ၏ ယဉ်ကျေးမှုအနုပညာကို ထိုးထိုးဖောက်ဖောက်လေ့လာ၏။ ကိုယ်ကိုယ်တိုင် အနုပညာဖွံ့ဖြိုးရန် ရည်သန်ပြီး တစ်ဖက်က အနုပညာကို အင်အားရှိသမျှ လေ့လာ၏။

ဝင်းတင်၏အမြင်တွင် ရွှေမန်းတင်မောင်မှာ အလွန်ထူးခြားနေသည်။

၁၉၅၆ တွင် ကဗျာဆရာ မင်းယုဝေနှင့် သူ၏ဇနီးငွေတာရီတို့ လန်ဒန်သို့ရောက်လာသည်။

ကဗျာဆရာ မင်းယုဝေသည် အဘိဓာန်လုပ်ငန်းနှင့်ပတ်သက်ပြီးလေ့လာရန် လန်ဒန်သို့ ရောက်လာ ခြင်းဖြစ်၏။ ငွေတာရီက ခင်ပွန်းနှင့် အတူ အဖော်လိုက်လာခြင်းဖြစ်သည်။

ဝင်းတင်သည် မင်းယုဝေနှင့် ငွေတာရီတို့ လက်ထပ်ပြီးခါစက နတ်မောက်လမ်းက သူတို့တိုက်သို့ အလည်သွားတတ်၏။

 ''ကိုဝင်းတင်ရယ် ကျွန်မတို့တိုက်ကြီးက အကျယ်ကြီးပဲ၊ ရှင် ဒီမှာ လာနေပါလား''

 ငွေတာရီက ဖိတ်ခေါ်သည်။

        ''ဟာ ခင်ဗျားတို့က ကြင်စဦးဇနီးမောင်နှံဗျာ။ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေကြစမ်းပါ''

        ''ရှင်လာနေတော့လည်း ကျွန်မ တို့ သုံးယောက် စကားတွေပြောရတာပေါ့ရှင်''

        ''ဟုတ်တယ် ကိုဝင်းတင်။ ခင်ဗျား ကျွန်တော်တို့တိုက်မှာ လာနေဗျာ''

        ''အေးဗျာ။ ဒါဆိုလည်းလာနေတာပေါ့။ မခင်ရီချက်တဲ့ထမင်းကို ကျွန်တော်လည်း စားရတာပေါ့''

        ''ဝင်းတင်သည် နတ်မောက်လမ်းက ငွေတာရီတို့၏တိုက်ကြီးတွင် ပျော်ပျော်ပါးပါး တက်နေလိုက်၏။

        ယခု သူတို့ ဇနီးမောင်နှံ လန်ဒန်သို့ ရောက်နေကြပြီ။

        ''ကိုဝင်းတင်၊ ကျွန်တော်တို့ ဥရောပကိုလျှောက်လည်ကြရအောင်လား''

        ''ဟာ ကောင်းတာပေါ့ဗျာ''

ဝင်းတင်၊ မင်းယုဝေ၊ ငွေတာရီတို့ သုံးယောက်သားသည် ဥရောပတစ်ခွင်သို့ ကားနှင့်တစ်မျိုး၊ ရထား နှင့်တစ်ဖုံ ပျော်ပျော်ပါးပါး လည်ပတ်လိုက်ကြ၏။

ဝင်းတင်သည် ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်မှာရှိနေစဉ် 'တို့ပြည်သတင်း' သတင်းစာ တစ်စောင်ကို ထုတ်ဝေခဲ့ဖူးသည်။

မန္တလေးမှာ ဒေါ်မြင့်မြင့်ကြီးရှိသည်။ ရန်ကုန်တွင် ဝင်းတင်၏မိတ်ဆွေကြီး ဦးသာညွန့်၏ဇနီး ဒေါ်စိုးမြင့် ရှိသည်။ ထိုအမျိုးသမီးနှစ်ယောက် သည် ဝင်းတင်ထံသို့ သတင်းများရေး ပို့ပေး၏။

 စာရေးဆရာ သိပံ္ပဘထွေးက

''ဝင်းတင်တစ်ယောက် အမ်စတာဒမ်မှာ သတင်းစာထုတ်နေတယ်။ တို့ပြည်သတင်း သတင်းစာဖြစ်တယ်။ ဗမာပြည်က ပုဂ္ဂိုလ်တွေ သတင်းရေးသားပေးပို့ကြရင် ကောင်းမယ်''ဟု ဆောင်းပါးရေးလိုက်သည်။

 ထိုမှစ၍ ဝင်းတင်သည် အမ်စတာဒမ်မှနေ၍ မြန်မာပြည်သတင်းများကို ရရှိလာခဲ့၏။

သတင်းထောက် ကိုရွှေမောင်၊ စာပေဗိမာန်မှ ကိုစံလွင်တို့ထံမှ မြန်မာပြည်သတင်းများ ဦးစွာရခဲ့သည်။

''ကိုရွှေမောင်နဲ့ ကိုစံလွင်ကတော့ လူရင်းတွေပေါ့ဗျာ။ သူတို့ နှစ်ယောက်ကလည်း မြန်မာနိုင်ငံမှာ အလုပ်များတယ်ဗျ။ ဒေါ်မြင့်မြင့်ကြီးနဲ့ ဒေါ်စိုးမြင့်တို့ဆီက ဗမာပြည် သတင်းတွေ အများဆုံး ရခဲ့တာပေါ့ ဗျာ'' ဝင်းတင်ကပြောသည်။

        ဝင်းတင်သည် ဂျာမဏီမှ လက်နှိပ်စက်တစ်လုံးမှာယူခဲ့၏။

        ဝင်းတင်ကိုယ်တိုင် လက်နှိပ်စက်ရိုက်၏။

        ဖယောင်းစက္ကူပေါ်တွင် သတင်းများကိုရိုက်သည်။

        မိတ္တူစက် အသေးကလေးတစ်လုံးဝယ်ထား၏။

        ''ကျွန်တော် ကိုယ်တိုင် လက်နှိပ်စက်ရိုက်။ ကျွန်တော်ကိုယ်တိုင် မိတ္တူကူးတာပေါ့ဗျာ''

        ထို့နောက် ဝင်းတင်၏ လက်ထဲတွင် သတင်းလွှာကလေး ရောက်လာသည်။

        တို့ပြည်သတင်း သတင်းစာ ဖြစ်၏။

        သြစတေးလျ၊ ကနေဒါ၊ ရုရှား၊ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကားတို့ တွင် ဝင်းတင်၏ မိတ်ဆွေ မြန်မာ များ ရှိသည်။

''နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာတွေဟာ မြန်မာပြည်ကသတင်းကိုသိချင်တယ်ဗျ။ ဗမာပြည်သတင်းကို မသိရရင် သူတို့တွေဟာ မြန်မာပြည်အပေါ်မှာ ခံစားမှုတွေ လျော့သွားနိုင်တယ်။ စာနာမှုတွေ လျော့သွားနိုင်တယ်။ လူက ဖွံ့ဖြိုးတဲ့တိုင်းပြည်မှာ ရောက်နေတယ်။ ဗမာပြည်ကတော့ ဒီလိုအနေအထားဖြစ်ပြီး ကျန်ရစ်ခဲ့တယ်။ အဲဒါကို ခံစားရမယ်။ စာနာရမယ်။ သူတို့က နှိုင်းယှဉ်ကြည့်ကြမယ်။ ကျွန်တော်က ဒါကို ကူညီရင်ကောင်းမယ်ဆိုပြီး 'တို့ပြည်သတင်း'ကို ထုတ်ဝေလိုက်တာဗျာ''

        ဝင်းတင်ကပြောသည်။

        ထိုအချိန်က ၁၉၅၆။

        မြန်မာနိုင်ငံတွင် ဖဆပလ အစိုးရက ရွေးကောက်ပွဲများ ပြုလုပ်သည်။

        လူထုသည် ဖဆပလအစိုးရကို မထောက်ခံပါ။

 ပြည်သူလူထုသည် အစိုးရတစ်ရပ်တက်လာလျှင် ထိုအစိုးရက တိုင်းပြည်အတွက် ပြည်သူလူထုအ တွက် အရည်အသွေးပြည့်ပြည့် အ လုပ်လုပ်ပေးသလားဟု ကြည့်သည်။

အစိုးရသည် စိတ်စေတနာလည်းကောင်း၊ လုပ်တတ်ကိုင်တတ်၊ လုပ်ရည်ကိုင်ရည် လည်းကောင်းမှ ပြည်သူလူထုက ကြည်ဖြူသည်။

        ထို့သို့မဟုတ်မူက ပြည်သူလူထုသည် ကိုယ့်ကိုအုပ်ချုပ်နေသော အစိုးရကို မကျေနပ်ချင်တော့။

        အတိုက်အခံပါတီဘက်ကို အား ပေးလာတတ်၏။ ၁၉၅၆ က မြန်မာနိုင်ငံ၏ အတိုက်အခံ ပါတီသည် ပမညတဖြစ်၏။

        ပမညတ၏ လှုပ်ရှားမှုများသည် မြင့်တက်လာသည်။

        ဖဆပလ အစိုးရကိုယ်တိုင်က ပမညတ၏ လှုပ်ရှားမှုများကို လက်မခံနိုင်အောင် ဖြစ်လာ၏။

အစိုးရကို မကြိုက်ပဲ၊ အတိုက်အခံပမညတကို ထောက်ခံအားပေး လာမည်ကို ဖဆပလ အစိုးရက မလို လားနိုင်ပါ။ ထိုအခါ ဖဆပလအစိုးရ၏ ဖိနှိပ်မှုများ၊ ကန့်သတ်မှုများ၊ ဖမ်း ဆီးမှုများ ရှိလာသည်။

 ''ဖဆပလ အစိုးရကပျူစောထီးဆိုတဲ့ အဖွဲ့တွေရှိလာတယ်။ အဲဒီ ပျူစောထီးအဖွဲ့က လူတွေကနေပြီးတော့ ပြန်ပေးဆွဲတာတွေ၊ လူသတ်တာတွေလုပ်လာတယ်။ နယ်တွေမှာဆို ပျူစောထီးတွေက အာဏာပြလာတယ်။ အဲ့ဒါမျိုးတွေကို ကျွန်တော့်သတင်းစာမှာ ကျွန်တော်က ဖော်ပြ တယ်။ မြန်မာအာဏာရ အသိုင်းအ၀န်းက ဒါကို မကျေနပ်ကြဘူးဗျာ။ အဓိကကတော့ ပြန်ကြားရေးဝန်ကြီး သခင်ချစ်မောင်ပေါ့ဗျာ''

        ဝင်းတင်က ပြောသည်။

''ဝင်းတင်ကို မြန်မာပြည်ပြန် ခေါ်မှဖြစ်မယ်။ ဒီလူ ဟိုဘက်မှာ ဒီ လိုလုပ်နေတာ မကောင်းဘူး။ ဒါမှမ ဟုတ် ဒီလူရဲ့ သတင်းစာကို ရပ်ခိုင်း ကြဗျာ''

အာဏာရ အစိုးရ ဖဆပလ၏ ပြန်ကြားရေးဝန်ကြီးက သူ့လူများကို အမိန့်ပေး၏။ ဝင်းတင်ထံသို့ ခြိမ်းခြောက်မှုများ ရောက်ရှိလာ၏။ ဝင်းတင်ကတော့ အမ်စတာဒမ်တွင် တို့ ပြည်သတင်းကို ဆက်ထုတ်ဝေနေ၏။

မန္တလေးက ဒေါ်မြင့်မြင့်ကြီးနှင့် ရန်ကုန်က ဒေါ်စိုးမြင့်တို့သည်  အမ်စတာဒမ်က ဝင်းတင်ထံသို့ မြန်မာပြည်သတင်းများကို ဆက်လက်ပေးပို့ နေပါသည်။

 

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.