27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
မုန်းချောင်းဘေးမှာ ဈေးနေ့စနေ

'ခရီးသွားခြင်းသည် အနုပညာဖြစ်သည်'ဟု ပြင်သစ်ကဗျာဆရာ တစ်ဦးပြောဖူး သည့်စကားအတိုင်း ကျွန်တော်သည် ခရီးသွားခြင်းအနုပညာကို ဖန်တီးနေရသူဖြစ်ပါ သည်။ ကျွန်တော်သည် မည့်သည်နက္ခတ်နှင့် မွေးလာသည်မသိ။  တောင်ပေါ်၊ မြေပြန့်၊ မြစ်ဝကျွန်းပေါ်မှ ပင်လယ်ပိုင်းအထိ တစ်နည်းမဟုတ်တစ်နည်း မပြတ်တမ်း ခရီး သွားနေရသည်။ ကျွန်တော်က ခရီးကို ခေါ်ဆောင်တာလား (သို့မဟုတ်) ခရီးက ကျွန်တော့်ကို ဦးဆောင်တာလားဆိုတာမသိ။ ခရီးတစ်ခုရဲ့ ခေါ်သံကတော့ ကျွန်တော့်ဘဝနံရံတစ်ခုလုံး ပဲ့တင်သံထပ်၍ တံခါးခေါက်နေ ပါသည်။

ခရီးသွားခြင်း အတွေ့အကြုံကို ရသဝတ္ထုစာအုပ် နှစ်အုပ်ဖတ်ရသလို ကျွန်တော်ခံစားမိသည်။ ပထမခံစားမှုမှာ မြို့ပြတွေကိုရောက်လျှင် မြို့ပြ၏ ခေတ်အလွန် ရေစီးစရိုက်အတိုင်း စည်ကားဆူညံပူလောင်မှုများဖြင့် ဗီသိုဗင်၏ အပြင်းစားရင်ခုန်သံ ရိုက်ချက်လိုလို၊ ဒက်ဒက်လန်အောင်ဒန်သော မော်ဒန်ရသတစ်ခုလို ခံစား မိရခြင်းပင်ဖြစ်သည်။ ဒုတိယခံစားမှုမှာ မြို့ပြစရိုက်နှင့် ဆန့်ကျင်ဘတ်ဖြစ်သော တောရွာဒေသကျေးလက်တွေကို ရောက်လျှင် အသံတိတ်ကိရိယာများ တပ်ဆင်ထားသလို အေးချမ်းဆိတ်ငြိမ်သော စာမျက်နှာသစ်များကို ရေစစ်သလို အေးစက် စက်နှင့် ဖတ်ရှုလေ့လာရသည့် ခံစား မှုဖြစ်သည်။

မြို့ပြကို မွန်းကျပ်သော စာရေးဆရာကြီးတစ်ဦး 'တဟီတီကျွန်း' သို့ ထွက်ပြေး၍ လွတ်လပ်မှုရှာသလို ကျွန်တော်လည်း မြို့ပြနှင့်ဝေးလံသော ကျေးရွာလေးများသို့ ထွက်ပေါက်ရှာ လေ့ရှိပါသည်။ သည်ရက်ပိုင်းမှာပင် ကျွန်တော်သည် ပွင့်ဖြူမြို့နယ် မုန်း ချောင်းဒေသမှ အမေ့ရွာ 'ကနီ၊ ရွာသစ်' နှင့် အဖေ့ရွာ 'ဖလံကျင်းနဲ့ လေးအိမ်စု' ရွာကလေးများဘက်သို့ ထွက်ပြေးမှုဝါဒပြုလုပ်နေစဉ် ကျွဲခြံရွာမှ တောကျောင်းဆရာလေး ကဗျာ ဆရာမျိုးမင်းဌေး (ပထဝီဝင်)၏ ခေါ်ဆောင်မှုဖြင့် ပွင့်ဖြူမြို့နယ် မုန်း ချောင်းဘေးအနီးရှိ 'မဲဇလီ'ရွာတွင် ခုနစ်ရက်တစ်ကြိမ် စနေနေ့တိုင်း ဖွင့်လှစ်ရောင်းချ သော 'စနေဈေး' သို့ ရောက်ရှိခဲ့ရပါသည်။

 တောဈေးမို့ တောအရိပ် တောင်အရောင်များဖြင့် ဖုံးလွှမ်းလျက်ရှိ သည်။ ဒေသန္တရ ကဗျာတစ်ပုဒ် ဖွဲ့စည်းထားသလို လှပလွန်းလှသည်။ ပုသိမ်-မုံရွာ ကားလမ်းဘေးမှာရှိသော 'မြကြိုင်းတောင်' နှင့် 'သံဆည် တောင်'ကို နောက်ခံထားသည်။ မဲဇလီကြိုးတံတားနှင့် မဲဇလီဆည်ကြီးက အလှဆင်ထားသည်။ ယခင်ကဆိုလျှင် စနေနေ့တွင် 'မဲဇလီ' ဆည်ရေတံခါးဖွင့်၍ ထိုဖွင့်ထားသည့် ရေတံခါးမှတစ်ဆင့် မုန်းချောင်း အထက်မှ စုန်ဆင်းလာကြသော ဝါး ဖောင်သမားများ၏ ဝါးဖောင်များ မျှောထုတ်ကြရသည့် စွန့်စားခန်းများ ကို သူရဲ့ကောင်းဦးကျော်ရင် မီးပုံပျံ စီးသလို ရင်တထိတ်ထိတ်ဖြင့် အံ့သြစွာ ကြည့်ရှု၍ ဂုဏ်ယူကြရသည်မှာလည်း ယခင်စနေဈေး၏ ဓလေ့တစ်ခုဖြစ်ပါသည်။

စနေနေ့မှာ ကျင်းပသော ဈေးဖြစ်၍ ဈေးစတည်ကတည်းကပင် 'စနေဈေး' ဟု ခေါ်ဆိုလာခဲ့ကြသည်။ စနေဈေး၏ သက်တမ်းသည် နှစ်ပေါင်းအတော်ကြာခဲ့ပြီး ဈေးသဘာဝ နှင့် ဈေးအလှကို တမာပင်တန်းများ ဖြင့် အုပ်ဆိုင်းထားသည်။ စနေဈေး ၏ စုဝေးရာ အရပ်သည် 'မဲဇလီရွာ' မှာဖြစ်၍ စနေဈေးသို့ လာရောက် ရောင်းချရန်အတွက် မြို့ရွာများစွာတို့မှ ဈေးသည်တို့သည် ကြာသပတေး နေ့နှင့် သောကြာနေ့များမှပင် ကြို တင် ရောက်ရှိလာကြသည်။

အချို့က ပုသိမ်-မုံရွာလမ်းမဘက်မှ 'မဲဇလီ' ကြိုးတံတားကိုဖြတ် ကျော်ပြီးလာကြသည်။ အချို့က 'မဲ ဇလီဆည်' မှ ဘေးပတ်ဝန်းကျင်ရှိ သော ရွာငယ်လေးများကို ရေပေးဝေ ရန်အတွက် အင်္ဂလိပ်လက်ထက်မှ ဖောက်လုပ်ထားသည့် သရက်ပင်များ တန်းစီစိုက်ထားသော မြောင်းဘောင် လမ်းအတိုင်း ကားကြီး၊ ကားငယ်၊ ဆိုင်ကယ်များဖြင့် အရောက်လာကြသည်။ စလင်းနှင့် ပွင့်ဖြူဘက်မှလည်း လာကြသည်။ ယခင်ကဆိုလျှင် စနေဈေးသို့လာသည့် ဈေးသည် အချို့သည် ကြာသပတေးနေ့ကပင် ကြိုတင်လာကြပြီး 'မဲဇလီ' မရောက်မီ လေးမိုင်ခန့်ဝေးသော 'ကနီ' ရွာသို့ ဝင်၍ တထောက်နား ဈေးရောင်းကြသောကြောင့် 'ကနီရွာ ကြာသပတေးဈေး' ဟု ခေါ်ဆိုခဲ့ကြပါသေးသည်။ သို့သော် ယခုအခါမှာ ခေတ်မီဖွံ့ဖြိုးလွန်းသော ရေစီးကြောင်းအရ မြို့ဖြစ်စေ၊ ရွာဖြစ်စေ လိုချင်သော ပစ္စည်းများ အကုန်ရနေကြပြီဖြစ်၍ 'ကြာသပတေးဈေး' ပင် ပျောက်ကွယ် ခဲ့ရပေပြီ။

သို့သော် 'မဲဇလီ' ရွာမှ 'စနေ ဈေး' ကဖြင့် ယနေ့တိုင် တည်ရှိနေ မြဲမို့ စနေနေ့ နံနက်ဈေး အကြိုအဖြစ် သောကြာနေ့ညနေတွင် ခင်းကျင်း ရောင်းချသော 'သောကြာဈေး' သည်လည်း တည်ရှိနေမြဲပင်ဖြစ်သည်။ ဈေးရောင်းလာသူများသည် 'စနေဈေး' သို့လာရင်း 'သောကြာဈေး' ပါ ရောင်းချကြရ၍ အပိုဆုရကာ နှစ်သီး စားကြရပေသည်။

ထို 'သောကြာဈေး' ကို ရောင်းချနိုင်ရန်အတွက် သောကြာနေ့အမီ 'မဲဇလီ' ရောက်ရန်ကြိုတင်လာခဲ့ကြရသည်။ ယခင်ကဆိုလျှင် 'မုန်း ချောင်း' အထက်မှာရှိသော ဝင်လို၊ ခိုနမ်း၊ ရေယဉ်၊ ပေပင်၊ ချောင်းဆုံ၊ မအူပင်ရွာ စသည့်ရွာငယ်လေးများမှ ဈေးသည် ဈေးဝယ်တို့သည် မုန်းချောင်းအတိုင်းလှေများဖြင့် စုန်ဆင်း လာခဲ့ကြရသော်လည်း ယခုခေတ်မှာတော့ ဆိုင်ကယ်၊ ကားများနှင့် လာကြတော့သည်။ ထိုနည်းတူပင် ကနီ၊ ရွာသစ်၊ ချင်းကုန်း၊ အင်းကုန်း၊ ထူးပေါက်၊ ညောင်ပင်ဝိုင်း၊ ထန်းတော၊ ကျွဲခြံ၊ လယ်မစသည့် ရွာများမှလည်း ထော်လာဂျီ၊ ဆိုင်ကယ်၊ ကားကြီး၊ ကားငယ်တို့ဖြင့် လာကြသည်။

ထိုသို့ မြို့ပေါင်းစုံ၊ ရွာပေါင်းစုံမှ ရောက်ရှိလာကြသော ဈေးသည်တို့သည် 'မဲဇလီ' ရွာရောက်သည်နှင့် သူ့ထက်ငါ အပြိုင်အဆိုင် ဆိုင်ခင်းကြ၍ ဖဲကြိုးဖြတ်ပေးစရာမလိုဘဲ ကိုယ်ပိုင် လွတ်လပ်မှုအလံကို ကိုယ်ပိုင်လွတ်လပ်စွာ လွှင့်ထူပြီး 'သောကြာနေ့ ည နေဈေး' ကို စတင်ဖွင့်လှစ်ရောင်းချ ကြပါတော့သည်။

ညနေပိုင်း ဈေးကွဲသွားလျှင် ပင်ပန်းသမျှတွေကို လွတ်လပ်စွာ အနားယူရင်း မုန်းချောင်းထဲသို့ ရေဆင်းချိုးကြ၊ ဥရောပကမ်းခြေတစ်ခုလို ရေကစား အပန်းဖြေကြ၊ သီချင်းများ ဟစ်အော်သီဆိုကြ၊ မဲဇလီဆည်ပေါ်တက်ကာ အနားယူကြ၊ 'စနေနေ့ မနက်ဈေး'အတွက် ပြင်ဆင်နေကြသည်မှာ ဆည်းဆာရင့်လာသော ညနေရီရီ ပန်းချီကားတစ်ချပ်ကို ဆေး ရောင်စပ်နေကြသလိုပင်။

 သောကြာနေ့ညကို ဖြတ်သန်းရင်း စနေနေ့ နံနက်ရောက်သည်နှင့် နာမည်ကျော် 'စနေဈေး' ပန်းချီကားတစ်ချပ်သည် ဈေးသရုပ်ဖော်ပုံများဖြင့် စတင်လှုပ်ရှား၍ အရယ်အပြုံး နှလုံးသားအသစ်ဖြင့် ဘဝဇာတ်ခုံ ပြည်ဖုံးကားဖွင့်လိုက်ကြပါသည်။ ရိုး သား ချစ်ခင်စရာကောင်းသော ကျေးရွာသူ၊ ကျေးရွာသားတို့သည် ကျေးရွာ စရိုက်များဖြင့် အလှဆင်ထား၍ ရောင်းဝယ်ဆက်ဆံပြောဆိုနေကြ သည်မှာ ကဗျာဆရာ 'မောင်ချောနွယ်' ၏ စကားကို အငှားယူ ပြောရလျှင် 'မေတ္တာပေါင်းကူးတံတားဖြင့် ရင်ဘတ်ချင်း ဂျက်ပင်ထိုးနေကြ သည်'ဟုဆိုလျှင် မမှားနိုင်ပေ။

 တောအရိပ် တောအရောင်များဖြင့် တောဈေးမှ တောဓလေ့ထွက် ကုန်တို့သည် စုံလင်လွန်းပေစွ။ ရေယဉ်၊ ပေပင်ရွာများမှ ထွက်ရှိသည့် အိမ်ခေါင်မိုး မိုးသည့် သက်ငယ်များ၊ ဝါးများ၊ ရုံးပင်ရွာမှ ရိုင်ဖျာများ၊ ထန်း ပင်တွေပေါ၍ ထန်းတောကြီးတွေ ညို့ညို့မှိုင်းနေသော ကနီ၊ ရွာသစ်မှ ပေါက်ပေါက်ဆုပ်နှင့် ထန်းလျက်ခဲများ၊ အင်းကုန်းရွာမှ ပဲလှော်၊ ပဲကြော် နှင့် နာမည်ကျော် မုန့်လုံးများ၊ ထူးပေါက်ရွာမှ ကွမ်းနုဝါ၊ ညောင်ပင်ဝိုင်း ရွာမှ မချစ်စု သရက်သီး၊ ဆည်တော် ရွာထွက် ကြက်သွန်ဥနှင့် မွန်ပြည် နယ်တွင် ရာဘာပင်များမှ ရာဘာစေးများ ထုတ်ယူကြသလို တောင်းများ၊ ဆန်ကောဆန်ခါများတွင် သစ်စေးသုတ်ရန်အတွက် သစ်စေးပင်မှ သစ်စေးများကို ထုတ်ယူရောင်းချကြသည့် ကုန်းစု၊ မန်ကျည်းစုတို့မှ သစ်စေး သည်များ၊ ဖလံကျင်းရွာမှ ရိုင်ဖျာများ၊ လေးအိမ်စုရွာမှ ငှက်ပျောသီး ချိုချို လေးများ စသည်တို့က အလှဆင် ထားပေရာ 'ဆရာသိပံ္ပမောင်ဝ' ရေးသားသော ကျွန်တော်တို့ စလင်းမြို့မှ 'အညာဘုရားပွဲတော်'လိုလို၊ ရှမ်းပြည်ဘက်များတွင် ငါးရက်တစ်ခါ၊ ခုနစ်ရက်တစ်ခါ ကျင်းပသော ဈေးနေ့တွေလို စည်ကားနေသည့် စနေဈေးကို ရောက်ဖူးသူတိုင်း ပျော်ကြသည်။

 ဈေးသည် ဈေးဝယ်တို့၏ ဒီဇိုင်းများသည် အချို့က ကျေးရွာစစ်စစ်ဟန်ပန်ဖြင့် ရိုးသားကြသလို မြို့ယောင်ဆောင်ထားသော မော်ဒန်လွန်၊ ရာစုလွန်၊ ခေတ်လွန်များရှိပြန်ရာ ဆုပ်ကပ်၏ ကူးစက်ရောဂါဆိုတာ ဒါပဲဟု သိရှိရပြန်ပါသည်။

စနေဈေးကို ဖြတ်သန်းလျှင် ဇာတ်လမ်း ဇာတ်ဆောင်တွေ စုံလင်ပေစွ။ အချို့က ကျေးရွာဓလေ့ဆန် ဆန်ပြောင်းဖူးဖက်ဖြင့် ပြုလုပ်ထားသော ဖက်ဆေးပေါ့ လိပ်ကြီးတွေကို ပါးဆောင်မှာခဲ၍ သားသမီးတိုးလိုး တွဲလောင်းဖြင့် ဈေးဝယ်နေကြသလို၊ အချို့မှာ ဈေးထိပ်အကြော်ဆိုင်တွင်ထိုင် မုန့်ပြားသလက်နှင့် အကြော်တစ်ပွဲ ခဲနေပြန်ပေသည်။ အချို့က ကျေးရွာလက်ဖက်ရည်ဆိုင်တွင် စီးကရက် ကိုယ်စီဖြင့် ထိုင်နေကြသလို၊ ခေတ်မီမီ ဖုန်းပွတ်နေကြသော ကျေးရွာထွက် ပွတ်သဘင်မောင်မယ်များလည်း ခေတ်ရဲ့ ရေစီးအတိုင်းလိုက်ပါ စီးမျောလျက်ရှိပါသည်။

အချို့မှာ ဆံပင်နီကြောင်ကျား၊ ရှော့ပင်ကိုးရိုးကားရား၊ အချို့ရွာသူ လေးများမှာ စကပ်တိုတို ဘိုလိုဝတ်၍ ခေတ်နှင့်အတူ တခစ်ခစ်ရယ်မောနေကြပါသည်။ အချို့က ချွေးခံအိတ်ထဲ မှာ အပ်ချိတ်တွယ်ထားသော ပိုက်ဆံ ထုပ်လေးများကို ထုတ်၍ မသုံးရက် သုံးရက်ဖြင့် ဈေးဝယ်လျက်၊ အချို့လူငယ်လေးများမှာ မြို့သားစတိုင် ဆိုင်ကယ် သုံးယောက်စီး၍ အိတ်ဇောအသံကုန်ဖွင့်ပြီး ဈေးထဲတိုးဝင်ရင်း လူကြည့်ခံရအောင် လုပ်ဇာတ်ခင်းနေကြသလို၊ အချို့မှာ ဖုန်းပြောရင်း ဆူညံပေါက်ကွဲကြ၊ အချို့မှာ စစ်ပြီး ခေတ်ရေဒီယိုလေးကို ကိုင်ဖွင့်ရင်း ဈေးတန်းထဲ လမ်းလျှောက်နေကြသလို 'ကနီ၊ ရွာသစ်' သူတွေစုဝေး တတ်သော ဆန်တန်းထဲတွင်လည်း ဆန်ကုန်သူတွေက ပျော်၊ ဆန်ကျန် နေသေးသူတွေက ဖောက်သည်မျှော်ရင်း မျှော်တော်ယောင် ပတ်ပျိုးသီချင်း ဆိုနေကြစဉ် အရေးထဲ ဆေးကြော်ငြာသမား 'မောင်မိုက်ခဲ' ခမျာ ဈေးမသိမ်းမီ ဆေးလိမ်းဖို့ အော်ခေါ်ရနှင့် စနေရောင်ဆေးစက်များသည် အော်သံ၊ ခေါ်သံ၊ မျှော်သံ၊ ညှော်သံ၊ ပျော် သံတို့ဖြင့် အရောင်စုံပေစွ။ 

 ဈေးအလယ် တမာရိပ်ဘက်မှ တောသပြေတန်း၊ ပဲလှော်တန်း၊ ဆူးပုပ်နှင့် ကင်းပုံရွက်ဈေးတန်းသို့ ရောက် သည့်အခါ 'ချယ်ရီမဂ္ဂဇင်း'တွင် ကဗျာဆရာ 'အောင်ဝေး' အယ် ဒီတာလုပ်ခဲ့စဉ်က ကျွန်တော်ရေးခဲ့ဖူးသော ကဗျာလေးတစ်ပုဒ်ကို သတိရ မိပါသည်။

ကဗျာအမည်က -

 တောဈေး

ထမင်းတစ်အိုးအတွက်

ထင်းချိုးထွက်ရင်း

ဆူးပုပ်နဲ့ကင်းပုံ

လမ်းကြုံလို့ ခူးခဲ့တယ်...တဲ့။

 

ဒီကဗျာလေးလိုပဲ ဆူးပုပ်နဲ့ ကင်းပုံ လမ်းကြုံလို့ ခူးခဲ့ကြသော တောဈေး သည်မလေးတွေသည်လည်း စနေ ရောင်ဆေးစက်များပင်။

မိုးမလင်းခင်ကစတင်ခဲ့သော စနေဈေးသည် တဖြည်းဖြည်း မွန်းတည့်လာ သည်နှင့် ဈေးကွဲစပြု၍ ဈေးဝယ်ဈေးသည်တို့လည်း ကိုယ့်ဌာနေသို့ပြန်ဖို့ ပြင်ဆင်ကြပါတော့သည်။ ယခင်ကဆိုလျှင် ဈေးကွဲသည်နှင့် မုန်းချောင်းဆန် ဈေးလှေများ ဆန်တက်သွားရပေမယ့် အခုခေတ်မှာတော့ ကား၊ ဆိုင်ကယ်များဖြင့် သွားကြ ပြန်ကြပါတော့သည်။

 ရေခဲတုံးတစ်တုံးလို တဖြည်းဖြည်း အရည်ပျော်သွားသည့် ဈေး ကွဲချိန်သည်ပင် လွမ်းစရာကဗျာတစ် ပုဒ်လိုဖြစ်နေပါတော့သည်။ စနေဈေးသည် မောင်ချောနွယ်ရဲ့ ဆတ် သွားလို ဖြတ်သွားတာနဲ့ တောနံ့ရ သည်။ အလယ်ရိုးမလိုပဲ မိုးဦးကျတာနဲ့ မျှစ်စို့လေးတွေ ပြန်ပေါက်သည်။

ခုနစ်ရက်တစ်ခါ ဖွင့်တဲ့ ကံစမ်းမဲဖြစ်သည်။ ခုနစ်ရက်တစ်ခါ ထထအော်တတ်သည့် ထရမ်းပက်တစ်ခုဖြစ်သလို မြို့ယောင်ဆောင်ထားတဲ့ တော၊ တောယောင်ဆောင်ထားတဲ့ မြို့ဖြစ်သည်။

စနေဈေးကို တစ်လလေးကြိမ် ရင်ခုန်ရသည်။ အခါကြီးရက်ကြီးနီးလျှင် ပို၍ စည်ကားပေမယ့် မိုးရာသီဆိုလျှင်တော့ လူနည်းပါးသွားတတ်သည်။ လူနည်းပါးသည်ဖြစ်စေ၊ များသည်ဖြစ်စေ စနေဈေးကတော့ သူ့ ပန်းကိုသူပန် သူ့အလံကို ဘယ်တော့မှ မလှဲသော မာန်ဇွဲရှိတာမို့ လောကဓံကို ရင်ဆိုင်ရဲသော မြစ်တစ်ခုပမာ ထား၍ 'ပန်းပန်မည့် မာန်သီချင်း'ဆိုသည့် ကဗျာလေးတစ်ပုဒ် ဖွဲ့ဆိုလိုက် မိပါတော့သည်။

ပန်းပန်မည့် မာန်သီချင်း

မနေ့ညက

မုန်တိုင်းကျ၍

မြစ်မရေပြင် လှိုင်းထန်ခဲ့။

 

သည်မနက်လင်း

အရုဏ်ကျင်းတော့

မြစ်ရေသင်ဖြူးခင်းပြန်ရော။

 

လာမည့်သဏ္ဌာန်

မနက်ဖြန်တွင်

ဆက်ရန်မည်သို့ရှိမည်နည်း။

 

မည်သို့ဖြစ်စေ

လှော်ခတ်နေမည်

ကမ်းခြေရောက်ဖို့ အဓိက။

ဌေးကြည် (စလင်း)

ဌေးကြည်(စလင်း)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.