16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ဖဆပလ အဖွဲ့ချုပ်ကြီး မပြိုကွဲခဲ့လျှင် စစ်အာဏာရှင်ခေတ် နှစ် ၅၀ ပေါ်လာနိုင်ပါ့မလား

(၁)

ဤစာရေးသူ တက္ကသိုလ်စိန်တင်တို့ ငယ်စဉ်ဘဝ မူလတန်းကျောင်း မြန်မာဖတ်စာတွင်  ''ဤပုံကိုကြည့်ပါ ဝေးကပင် မြင်နိုင်ပါသည်''ဟု ပါရှိခဲ့သည်။ ယခုလည်း ပြောချင်ပါသည်။ မြန်မာပြည်နိုင်ငံရေးလောက၌  ဖော်ပြပါ ဓာတ်ပုံတွင်ပါရှိသော မြန်မာ့နိုင်ငံရေးလောက ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်တို့၏ ပုံကိုကြည့်ပါ။ အဝေးကပင် မြင်နိုင်ပါသည်။ ထို နိုင်ငံရေးခေါင်းဆောင်ကြီးများ ပါဝင် ခဲ့သော ဖဆပလအဖွဲ့ချုပ်ကြီးသည် ခရစ် ၁၉၅၈ ခုနှစ်တွင် ပြိုကွဲခဲ့၏။ သူတို့ပြိုကွဲ၊ တစ်ဦးကိုတစ်ဦးတိုင်း သိပြည်သိ ကျိန်ဆဲရှုတ်ချခဲ့ကြပြီး နောက် ၈-၇-၁၉၆ဝ ပြည့်နေ့တွင် အထက်ပါအတိုင်း ညီညွတ်ပေါင်း စည်းရေး တံတွေးဆွတ်၊ ကော်ကပ်၊ ကြိုးစားခဲ့ကြဖူးသည်။ သို့သော် ထိုအချိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းသည် နိုင်ငံရေးခေါင်းဆောင်ကြီးတို့၏ ပရိယာယ်သုံး ဟန်ဆောင်ညီညွတ် ရေးကို မယုံကြည်။ အကွဲကို အကွဲဟုသာမြင်၍ ၂-၃-၁၉၆၂ နေ့တွင် နိုင်ငံတော်အာဏာကို စစ်တပ်ဖြင့် အကြမ်းဖက်သိမ်းယူခဲ့သည်။

 ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာ ရှင်စနစ်သည် ၂၆ နှစ်ကြာသော် သူ့ တပည့် ဗိုလ်ချုပ်ကြီးစောမောင်က ၁၈-၉-၁၉၈၈ နေ့တွင် အကြမ်းဖက် ၍ နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ ရာ သူ့ရာထူးကို ဆက်ခံသော ဗိုလ်ချုပ်ကြီးများက ၂ဝ၁၆ ခုနှစ် မတ်လ ကုန်အထိ ၂၈ နှစ် ဆက်လက်အုပ်စိုးခဲ့ကြသည်။ နှစ်ပေါင်း ၅ဝ ကျော် အာဏာရှင်ခေတ်ဆိုးကြီးထဲတွင် ပြည်သူ ကျောင်းသား၊ ရဟန်း၊ ရှင်လူများစွာတို့မှာ စစ်တပ်က ပစ်ခတ်သော မောင်းပြန်သေနတ် ကျည်ဆံဒဏ်ဖြင့် ရာချီ၊ ထောင်ချီ၊ သောင်းချီ ကျဆုံးခဲ့ ကြရရှာသည်။

ဤတွင် မေးခွန်းတစ်ပုဒ်ပေါ် ထွက်လာခဲ့ပြီ။ အကယ်၍သာ ၁၉၅၈ ခုနှစ်တွင် ဖဆပလ အဖွဲ့ချုပ်ကြီးသည် ဘာမဟုတ်သော ပုဂ္ဂိုလ်ရေး အငြင်းအခုန် စကားများကြောင့် မပြိုကွဲခဲ့ပါလျှင် စစ်အာဏာရှင် အစိုးရအဆက်ဆက်သည် မြန်မာ ပြည်ကို ဤမျှ ဆိုးရွားပြိုကွဲ ကြေမွ ပျက်စီးအောင် လုပ်ဆောင်ခွင့်ရကြ ပါမည်လား။

(၂)

ဖဆပလအဖွဲ့ချုပ်အတွင်းက ဒုတိယတန်းခေါင်းဆောင်တစ်ဦးဖြစ်သော ပြည်ထဲရေး ဝန်ကြီးဟောင်း ဗိုလ်ခင်မောင်ကလေး  (ယခုကွယ်လွန်) က ဤစာရေးသူ တက္ကသိုလ် စိန်တင်ကို ပြောဖူးသည်။

''နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ သုံးဦး စကားဝိုင်းဖွဲ့နေတုန်း ဗိုလ်နေဝင်းကား ဝင်လာတာတွေ့ရင် ဦးဗဆွေက ဗိုလ်နေဝင်းကို ပြောလိုက် စောင့်နေဦး ခဏကြာမှ ခေါ်မယ်''လို့ ပြောတာ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ကာကွယ်ရေးဝန်ကြီး ဦးဗဆွေက မည်မျှသြဇာ ညောင်းပုံကို ဗိုလ်ခင်မောင်ကလေးက ပြောလိုခြင်းဖြစ်ပေသည်။

သို့သော် ဖဆပလအဖွဲ့ကြီး ပြိုကွဲ ခဲ့ပြီး ဗိုလ်နေဝင်းက စစ်တပ်ဖြင့် နိုင်ငံတော် အာဏာသိမ်းပြီးသောအခါ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းစသော ဆရာသမားသုံးဦးကို အင်းစိန် အ ကျဉ်းထောင်ထဲသို့ ဖမ်းဆီးပို့ဆောင် ထားလိုက်တော့၏။

   ''နွားကွဲလျှင် ကျားဆွဲ''ဟု စကားပုံရှိပေသားပဲ။

(၃)

 ယခုအခါ ကွယ်လွန်ရှာပြီဖြစ်သော စာရေးဆရာကြီး နန်းညွန့်ဆွေ (လူရွှင်တော် ဇာဂနာ၏ဖခင်)က တစ်ကြိမ်တွင် ဤစာရေးသူ တက္ကသိုလ်စိန်တင်ကို ဤသို့ပြောပြဖူးသည်။

''တစ်ကြိမ်မှာ ဗိုလ်နေဝင်းရဲ့ အမှုကိစ္စတစ်ခုကြောင့် ကြီးသုံးကြီး ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း အစည်းအဝေးထိုင်ပြီး ဗိုလ်နေဝင်းကိုခေါ်၊ စစ်ဆေးမေးမြန်း၊ သံအမတ်ခန့်ဖို့ အမိန့်ချတယ်။ ဗိုလ်နေဝင်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေးထံ ပြေးသွားပြီး ကယ်ပါအုံးပြောတော့ ဗိုလ်ခင်မောင်ကလေးက ကြီးသုံးကြီး လူစုမကွဲသေးမီ သွား ရောက်တောင်းပန်ခဲ့ရတယ်။ နိုင်ငံမှာ ပြည်တွင်းသောင်းကျန်းမှု မီးကြီး လောင်ကျွမ်းစဉ် က ဒီကောင်လေးကို ခင်ဗျားတို့ပဲခိုင်းခဲ့တာ၊ ဒီအမှုမှာခွင့် လွှတ်ပေးကြဗျာ''လို့ အကြိမ်ကြိမ် တောင်းပန်တော့မှ ဗိုလ်ခင်မောင် ကလေးမျက်နှာနဲ့ ဗိုလ်နေဝင်းကို သံအမတ်အဖြစ် နိုင်ငံခြားပို့မယ့် အစီအစဉ်ပျက်သွားတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို စစ်တပ်က အာဏာ သိမ်းပြီး တိုင်းပြည်ကြီး ဖရိုဖရဲဖြစ် လူတွေအများကြီး သေဆုံးတော့မှ ပြည်ထဲရေးဝန်ကြီးဟောင်း၊ ဗိုလ်ခင် မောင်ကလေး နောင်တရနေတယ်။ ခြေနှစ်ချောင်းကယ်မိတာ အမှား ကြီးမှားခဲ့ပြီလို့ တဖွဖွပြောနေတယ်''

စာရေးဆရာကြီး နန်းညွန့်ဆွေ က ထိုစကားကို ရင်ထုမနာပြောပြရှာ ဖူးသည်။

(၄)

   ယခု ဤဆောင်းပါး၏ ထိပ်စီး ခေါင်းစဉ်အကြောင်းအရာကို ဆွေးနွေးပါတော့မည်။

 အထက်ဖော်ပြပါအတိုင်း ဖဆ ပလ အဖွဲ့ချုပ်ကြီးကို ခေါင်းဆောင်မှု ပေးနေသော ဦးနု၊ ဦးဗဆွေ၊ ဦးကျော် ငြိမ်းတို့ ကြီးသုံးကြီးသာ မပြိုကွဲ ထင်း စည်းမပြေခဲ့လျှင် ၁၉၆၂-၂ဝ၁၆ အာဏာရှင်ခေတ် အနှစ် ၅ဝ ကျော် မျှ မြန်မာနိုင်ငံတွင် ထင်တိုင်းကြဲပြီး အုပ်စိုးနိုင်ခဲ့ပါမည်လား စဉ်းစားစရာပင်။

ဖဆပလအဖွဲ့ချုပ်ကြီးသည်  ၁၉၅၈ ခုနှစ်တွင် ထင်းစည်းပြေသလို၊ ပြိုကွဲယိုင်လဲခဲ့ သည်။ ဖဆပလအဖွဲ့ချုပ်ကြီး ပြိုကွဲချိန်၌ ထိုနှစ်တွင်ပင် ပထမစစ်အစိုးရအဖွဲ့ကို အိမ်စောင့် အစိုးရဝန်ကြီးချုပ်အဖြစ်နှင့် တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်ကြီးနေဝင်း တာဝန်ယူသည်။ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဖဆပလအဖွဲ့ချုပ် တစ်ခြမ်းပဲ့ သန့်ရှင်း ဖဆပလ အဖွဲ့ချုပ် ခေါင်းဆောင် ဦးနုအောင်ပွဲခံသည်။ ဦးနုသည် ပြို ကွဲခဲ့ပြီးဖြစ်သော ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းများဖြစ်သည့်  ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၊ ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းတို့ ကို ဖိတ်ခေါ်၍ ကော်ကပ်ပေါင်းစည်း ညီညွတ်ရေး ကြိုးပမ်းပါသေးသည်။ သို့သော် ဦးနုမအောင်မြင်ရှာ။ နောက် တစ်နှစ်အကျော်ကာလ ၂-၃-၁၉၆၂ နေ့တွင် အာဏာရှင် ဗိုလ်ချုပ်ကြီးနေ ဝင်း ခေါင်းဆောင်သော တော်လှန် ရေး ကောင်စီက မြန်မာပြည်ကြီးကို အာဏာရှင်မျိုးစေ့ပျိုး၊ နှစ်ပေါင်း ၅ဝ ကျော်မျှ တိုင်းပြည်မွမွကြေ၊ လူတွေ ထောင်သောင်းသေဆုံး၊ လူလုံးကြီးမ လှ ဘဝတွေပျက်ခဲ့ရသည်မှာ ကြာခဲ့ပြီ။

အို ပြည်ထောင်စုမြန်မာနိုင်ငံ တော်၏ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့။ တိုင်းပြည်မညီညွတ်ခြင်း ၏ ဒဏ်ကို နှစ်ပေါင်း ၅ဝ ကျော် ခါး စည်းခံခဲ့ကြပြီးပြီ။ ဤအခြေအနေဆိုး သို့ ပြန်မရောက်ရအောင် စွမ်းဆောင်ကြ၊ ညီညွတ်ကြ၊ ပေါင်းစည်းကြ၊ သည်းခံကြ၊ စိတ်ရှည်ကြ၊ ရဲရင့်စွာ ရပ်တည်ကြ။

တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.