20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၈

ဝင်းတင်သည် တက္ကသိုလ်မှာကဗျာဆရာနောင်၊ ကဗျာဆရာဂုဏ် ဝင်းတို့နှင့် ရင်းနှီးသွား၏။ စာရေးဆရာထဲတွင် ကျော်အောင်၊ ကြည်လင်၊ အောင်လင်း၊ ထင်လင်းထို့နှင့် ရင်းနှီး၏။

 မြသန်းတင့်၊ အောင်လင်း၊ ကျော်အောင်တို့သည် နိုင်ငံရေးဘက်တွင်  အတော် ထက်သန်၏။ သူတို့၏နိုင်ငံရေး တက်ကြွမှုသည် ဝင်းတင်ထံသို့ ရိုက်ခတ်၏။ သို့သော် ဝင်းတင်သည် နိုင်ငံရးအပေါ် သူတို့ကဲ့သို့ မပြင်းထန်ခဲ့ပါ။ သတင်းစာ၊ စာပေတို့ကို သာ ပိုမိုစိတ်ဝင်စား၏။

၁၉၄၉။ ရန်ကုန်မြို့တွင် ကရင်နှင့်ဗမာတိုက်ပွဲ။ ရန်ကုန်တစ်မြို့လုံးတွင် သေနတ်သံများ။ နိုင်ငံရေးသည် ရန်ကုန်မှာရှုပ်ထွေးနေ၏။ Student Volunteer Force ဟူသော ကျောင်းသားတပ်ဖွဲ့ကိုဖွဲ့လိုက်၏။ ပညာရေးတက္ကသိုလ် ပါမောက္ခဦးဘ၏အိမ်တောင်ဘက်က ကျောင်းဆောင်ကြီးမှာ ထိုတပ်ဖွဲ့ကိုထား သည်။ ကျောင်းသားတစ်ရာခန့်ပါဝင်လာ၏။ ဝင်းတင်သည် ထို SVF မှာ စစ်သင်တန်း တက်၏။ သုံးလတက်ရသည်။ ဝင်းတင်သည် စစ်သွေးအနည်းငယ်ကြွလာ၏။ အချို့ သည် ဗိုလ်သင်တန်းတက်သွားကြ၏။ တစ်ချိန်တည်းမှာပင် ကွန်မြူနစ်ဝါဒကို တိမ်းညွတ်သူများက တောခိုသွားကြ၏။

ဝင်းတင်သည် တောခိုသောကျောင်းသားများကိုလည်းအပြစ်မပြော။ ဗိုလ်သင်တန်း တက်သွားသူကိုလည်းမဝေဖန်လို။ ဝင်းတင်ကိုယ်တိုင်လည်း စစ်သွေးကလေးကြွနေ၏။ စစ်ထဲဝင်ရကောင်းမလား။ မေမြို့မှာ ဗိုလ်သင်တန်းတက်ရမလား။ ဝင်းတင်သည် စဉ်းစားမိသေး၏။

   ''ဟေ့ စစ်တိုက်မယ့်သူတွေရှိတယ်။ မင်းစာသင်နေတယ် မဟုတ်လား။ စာကိုပဲ ဆက်သင်''

   ဗိုလ်ချုပ်အောင်ဆန်း၏ အသံကို ပြန်လည်ကြားမိ၏။

   ဝင်းတင်သည် မေမြို့ ဗိုလ်သင်တန်းကျောင်းသို့ မတက်ရန် ဆုံးဖြတ် လိုက်သည်။

   ရန်ကုန်တက္ကသိုလ် ပရဝုဏ်မှ ပင် ဝင်းတင်သည်အထိုင်ချလိုက်၏။

   ရန်ကုန်တက္ကသိုလ်တွင် မြသန်းတင့်နှင့် ပြန်လည်တွဲဖက်မိသည်။

   ဝင်းတင်သည် ယခင်ကအတိုင်းပင် မြသန်းတင့်နှင့်အတူ အင်းလျားကန်စောင်း တွင် ထိုင်ကြသည်။

   မြန်မာကဗျာ၊ အင်္ဂလိပ်ကဗျာ။

   မြသန်းတင့်နှင့် ဝင်းတင်သည်  အင်းလျားကန်စောင်း၏ ညထဲမှာရွတ်ဆိုကြ၏။ ကဗျာသည် သေနတ်ထက်ပို၍ ချစ်ဖို့ကောင်း၏။

   တက္ကသိုလ်ကျောင်းအုပ်ကြီးမှာ ဒေါက်တာထင်အောင် ဖြစ်သည်။

 ဒေါက်တာထင်အောင်သည် အင်္ဂလိပ်စကား ပြောဆိုရာတွင် အလွန်ကောင်း၏။ အလွန်ရှင်း၏။ အင်္ဂလိပ်သံမဟုတ်။ ဗမာသံ။ ငပိသံ။ ဒေါက်တာထင်အောင်သည် ပါမောက္ခချုပ် ရာထူးကိုပိုင်ဆိုင်ထား၏။ သို့သော် ဥပစာတန်း(ခ)အထိ စာဆင်း သင်၏။ စာသင်ရာမှာလည်း အလွန်ပြတ်သားသည်။

 မြသန်းတင့်နှင့်ဝင်းတင်သည် ဒေါက်တာထင်အောင် ပို့ချသော အတန်းများသို့ လိုက်တက်၏။

ဝင်းတင်သည် ဘီအေတန်းတက်သောအခါ မူရင်းအင်္ဂလိပ်စာဘာသာရပ်ကို အဓိကသင်ရ၏။ ဘာသာတွဲများမှာ နိုင်ငံရေးပညာ၊ ဥရောပခေတ်သစ်သမိုင်း၊ အင်္ဂလိပ်စာပေတို့ဖြစ်ကြသည်။ အလွန်အထက်တန်းကျသော ဘာသာတွဲဖြစ်သည်။ ဘီအက်စ်စီက အရာရှိစာမေးပွဲဝင်ဖြေရာတွင် အဆင်ပြေ၏။ သို့သော် ဝင်းတင်သည် ဘီအေ ယူရသည်ကိုဂုဏ်ယူမိ၏။

 ဒေါက်တာထင်အောင်၏ ကဗျာကို ဖွင့်ဆိုချက်။ ဝင်းတင်က သိပ်ကြိုက်သည်။ အိုမာခရမ်ကဗျာ။ ရှိတ်စပီးယားပြဇာတ်များ။ ဒေါက်တာထင်အောင်က အကောင်းဆုံးဖွင့်ဆိုပြသည်။

ဝင်းတင်သည် ကျောင်းမှန်မှန်တက်ချင်သူမဟုတ်ပါ။ အချို့အတန်းများကို သူမတက်ဖြစ်ပါ။ လစ်ခဲ့သည်။

သို့သော် ဆရာဦးဘညွန့်၏ ပို့ချချက်။ ဒေါက်တာထင်အောင်၏ ပို့ချချက်။ ဝင်းတင်ကအလွတ်မခံခဲ့ပါ။ ဝင်းတင်သည် ရန်ကုန်တက္ကသိုလ်မှာ စာပေ၏ အရသာကို ထိထိမိမိတွေ့ခဲ့သည်။ ဆရာများ၏ ကျေးဇူးတရားကြောင့်ဟုလည်း ပြောနိုင်သည်။ မြသန်းတင့်တို့၊ မင်းယုဝေတို့၊ ကျော်အောင်တို့၊ ထင်လင်းတို့ကဲ့ သို့သော အပေါင်းအဖော်များကြောင့်ဟုလည်းပြောနိုင်သည်။ ဝင်းတင်၏စာပေ ဓာတ်ခံကို တက္ကသိုလ်ကဖြည့်ပေးလိုက်သည်။

စာပေဘဝသည် အပြင်လောကအထိပါ ဆက်လက်ရှင်သန်နေရန်လိုအပ်၏။ ကျောင်းထဲက စာပေဘဝ။ အပြင်ကစာပေဘဝ၊ နှစ်ခုထိဆက်နေလျှင် ပိုမကောင်း ဘူးလား။

အပြင်စာပေလောကတွင် ဆရာကြီးမဟာဆွေရှိသည်။ ဆရာ ဇဝန၊ ဆရာကြီး ရွှေဥဒေါင်းတို့သည်လည်းကျော်ကြားနေ၏။ မြသန်းတင့်သည် စာပေဘက်သို့ ရောက်သွား၏။ ဝင်းတင်ကသတင်းစာလောကထဲသို့ သွားမည်။

 မန္တလေးတွင် သတင်းစာဆရာကြီးလူထုဦးလှ၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာရှိသည်။ အလွန်ကျော်ကြားလှပါ၏။

ရန်ကုန်တွင် တိုးတက်ရေး ဦးစိန်၊ မြို့မမောင်၊ သတင်းစာဆရာကြီး ဦးယုမောင်၊ စာရေးဆရာကြီး ဓူဝံ(သတင်းစာဆရာကြီး ဦးသန်းတင်) ထို့နောက် ဂျာနယ်ကျော် ဦးချစ် မောင်။ သတင်းစာလောကမှာ ကျော်ကြားနေသော ပုဂ္ဂိုလ်တွေ။

 မည်သူတွေ မည်မျှကျော်ကြားပါစေ။ လူငယ်တစ်ယောက်မှာ လည်း သူ့အိပ်မက်ရှိရာသို့ သူသွားလိမ့်မည်။

ဂျာနယ်ကျော် ဦးချစ်မောင်ကို အလွန်ကြည်ညိုနေသော ဝင်းတင်သည် သတင်းစာလောကထဲသို့ ချာ လည် ချာလည်နှင့် ဝင်ရောက်သွား ၏။

 ဂလုပ်ရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင်လောက်တွင် သံတော်ဆင့်သတင်းစာတိုက်ရှိ သည်။ နှစ်ထပ် တိုက် နိမ့်နိမ့်လေးဖြစ်ပါသည်။ သံတော်ဆင့်သည် အဓိကသတင်းစာ ဖြစ်၏။ သံတော်ဆင့်ထုတ်ဝေသူကပင် အကျိုးဆောင်ဂျာနယ်ကို ထုတ်ဝေနေသည်။

ဝင်းတင်သည် အကျိုးဆောင်ဂျာနယ်တွင် စတင်လုပ်ကိုင်ခွင့်ရ၏။ သံတော်ဆင့်မှာ လည်း ဟိုဟာဝင် လုပ်၊ သည်ဟာ ဝင်လုပ်၊ လုပ်ခွင့်ရလာ၏။

သံတော်ဆင့်၏ အယ်ဒီတာမှာဦးမောင်မောင်ကြည်ဖြစ်သည်။ ဦးမောင်မောင်ကြည် သည် ပြင်သစ် ဝတ္ထုအချို့ကို  ဘာသာပြန်ဖူးသည်။

 ဝင်းတင်သည် အကျိုးဆောင်ဂျာနယ်မှာ လုပ်ကိုင်လျက်ကပင် ဦးမောင်မောင်ကြည် ထံတွင်    သတင်းစာပညာကို တို့တို့ထိထိ သင် ယူလေ့လာ၏။

ဝင်းတင်သည် အကျိုးဆောင်ဂျာနယ်မှာဝင်လုပ်သော်လည်း၊ စာရေးခြင်း၊ စာတည်းခြင်းမဟုတ်ပါ။ စာဖောင်သွင်းခြင်း၊ စာဖောင်ပိတ်ခြင်းမဟုတ်ပါ။ ဝင်းတင်သည် အကျိုးဆောင်ဂျာနယ်များကိုထုပ်ပိုးရ၏။ ပြီးသော် မြို့တော်ခန်းမက စာ တိုက်ဆီသို့ သွားရ၏။ ပို့ရ၏။

ဝင်းတင်သည် သူ့အိပ်မက်အတိုင်း သတင်းစာလောကထဲသို့တိုးဝင်၏။ သတင်းစာမှာပါဝင်သည့် အကြောင်းအရာ၊ သတင်းစာထုတ်လုပ်ပုံ၊ သူစိတ်ဝင်စားသည်။

ခဲစာလုံးများကို သူထိစမ်းကြည့်၏။ ရင်းနှီးကျွမ်းဝင်အောင် နေလိုက်သည်။ သတင်းစာ၏ စာမျက်နှာကို မည်သို့ဖွဲ့သနည်း။ သတင်းကို မည်သို့ရေးကြသနည်း။ လူစိတ်ဝင်စားမည့် ခေါင်းစဉ်ကိုမည်သို့ ပေးသနည်း။ ဘာသာပြန်များကို မည်သို့ ပြန်ကြ သနည်း။

ဝင်းတင်သည်တို့ထိ၍ ရသမျှတို့ထိ၏။ စမ်းသပ်၍ ရသမျှစမ်းသပ်၏။ လေ့လာ၍ ရသမျှ လေ့ လာ၏။ ဝါသနာပါသည်။ ပျော်၏။

ဝင်းတင်သည် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ယူနေဆဲမှာပင် အကျိုးဆောင်ဂျာနယ်တွင် ဝင်ရောက် အလုပ်လုပ်ခြင်းဖြစ်၏။

၁၉၅ဝ ။

အဆောင်ထမင်းလခ = ၄၈ ကျပ်

အဆောင်နေခ       = ၁ဝ ကျပ်

မဂ္ဂဇင်းကြေး  = ၂ ကျပ်

စုစုပေါင်း       = ၆ဝ ကျပ်

   ထို့ကြောင့် ငွေ ၆ဝ ကျပ်ရှိလျှင် တက္ကသိုလ်တက်၍ ရသည်။

   ကမာရွတ်ကနေ မြို့ထဲသို့သွားလျှင် တစ်ရက်မှတစ်မူးသာကုန်ကျ၏။

   ရှစ်ရက်ဆက်သွားမလား။

   လွန်ရောကျွံရော တစ်ကျပ်သာကုန်၏။

   ဝင်းတင်သည် ကျောင်းလည်းတက်ဂျာနယ်မှာလည်းလုပ်။ ဟုတ်နေ၏။

   ဘယ်သတင်းစာ အယ်ဒီတာက ဘာခိုင်းဦးမလဲ။ ဝင်းတင်ကလုပ်ပေးရန် အဆင်သင့်။ ခိုင်းလေ ကြိုက်လေ။ ပညာရလေ။

   ဝင်းတင်သည် အကျိုးဆောင် အလုပ်သမားလေးအဖြစ် ရှစ်လကြာသောအခါ ဂျာနယ်က ရပ်သွားပါလေရော။

   အကျိုးဆောင်ဂျာနယ်ပြုတ်ပြီး။

   သံတော်ဆင့် သတင်းစာသည် ပန်းပန်လျက်ပင်။

   သို့သော် သံတော်ဆင့်က ဝင်းတင်ကို အလုပ်မခန့်နိုင်ပါ။

   မကြာခင်မှာပင် သံတော်ဆင့်သတင်းစာသည်လည်း ရပ်နားသွား၏။

   ဝင်းတင်သည် ဆရာမကြီး ဒေါ်ခင်မျိုးချစ်အိမ်သို့ ဝင်ထွက်နေပြီ။

   ဝင်းတင်က အင်္ဂလိပ်စာကို သိပ်လုပ်ချင်နေပြီ မဟုတ်လား။

   ''ကျွန်တော် အင်္ဂလိပ်စာကောင်းချင်တယ်။ သတင်းစာအလုပ်လည်း သိပ်လုပ်ချင် တယ် အစ်မကြီးရာ။ အခု ကျွန်တော်လုပ်နေတဲ့ အကျိုးဆောင်ဂျာနယ်က ရပ်သွားပြီ အစ်မကြီး''

   ''ရန်ကုန်သတင်းစာက မြို့မမောင်ဆိုတာ အစ်မနဲ့ ခင်တယ် မောင်ဝင်းတင်ရဲ့''

   ''ဒါဆို စာလေးတစ်စောင် လောက်ရေးပေးပါလား အစ်မကြီးရယ်။ ကျွန်တော် ရန်ကုန်သတင်းစာ မှာ လုပ်ခွင့်ရချင်ပါတယ်''

   ''အေးကွယ် ရေးပေးမှာပေါ့''

   ''ဝင်းတင်သည် ဆရာမကြီးဒေါ်ခင်မျိုးချစ်၏မိတ်ဆက်စာကို ကိုင်လျက် ရန်ကုန်သတင်းစာတိုက်သို့ သွား၏။

   ဆရာမြို့မမောင်ခေါ် ဦးအောင်မြင်နှင့် အခန့်သင့်ပင်တွေ့ရသည်။

   ဝင်းတင်က ဒေါ်ခင်မျိုးချစ်စာကို ထုတ်ပေး၏။

   ''မင်း ဘာလုပ်သလဲ''

   ဆရာ မြို့မမောင်ကမေးသည်။

''ကျွန်တော် တက္ကသိုလ် တက်နေပါတယ်။ ကျောင်းတက်ရင်း သတင်းစာမှာ အလုပ်လုပ်ချင်ပါတယ်။ သတင်းစာအလုပ်ကို ဝါသနာပါလို့ပါ''

   ဝင်းတင်သည် စိတ်လှုပ်ရှားလျက်။

   ဆရာမြို့မမောင်က တည်တည်ငြိမ်ငြိမ်။

''ဒီလိုလုပ်ပါကွာ။ မင်းပညာပဲဆက်သင်ပါကွာ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝက ကောင်းပါတယ်။ တို့သတင်းစာမှာက နေရာ မရှိဘူး။ နေရာရှိလို့ ပိုက်ဆံပေးနိုင် ရင်လည်း နှစ်ပြားတစ်ပဲသာပေးနိုင်မှာ။ ငါပြောမယ်။ အကောင်းဆုံးက မင်းကျောင်းဆက်တက်။ တက္ကသိုလ် ပညာကို ပြီးဆုံးအောင်သင်ဟုတ်လား''

   ဝင်းတင်သည် စစ်ကိုင်းဆောင်သို့ တပ်ခေါက်ပြန်ခဲ့၏။

   ဝင်းတင်၏ အခန်းချင်းကပ်လျက် နေသူများမှာ စာသမားများဖြစ်သည်။

   ကိုကျော်တင့် ရှိသည်။

   (နောင်တွင် တရားရုံးချုပ်၏ တရားသူကြီးဖြစ်သွားသည်။)

   ကိုကျော်တင့်သည် သိပံ္ပဝေနှင်းအမည်နှင့် သတင်းစာတွင် ဆောင်းပါးများ ရေးတတ်၏။

   ပြီးတော့ နောက်တစ်ခန်းမှာ မီးပုံးပျံ ဦးကျော်ရင်၏သား ကိုကျော်ဆန်းရှိသည်။

   ကိုကျော်ဆန်းသည် ကဆဟူ သော နာမည်ဖြင့် သတင်းစာမှာ ကာတွန်းရေး၏။

   ဝင်းတင်သည် သတင်းစာများကိုဖတ်သည်။ မိတ်ဆွေတွေ၏ သတင်း စာဆောင်းပါး၊ သတင်းစာကာတွန်းများကိုဖတ်သည်။

   ဝင်းတင်၏ သွေးသားထဲမှာ သတင်းစာပိုးသည် တရွရွ။

 

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.