22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ယိုးဒယားရာဇ၀င်ထဲက အနော်ရထာမင်းနှင့် နတ်မြင်းပျံ

(၁)

''ပုဂံနိုင်ငံတော်ကြီးကို ထီးထီးမားမားတည်ပြုသွားခဲ့သော အနော်ရထာမင်းကြီးသည် နတ်မြင်းပျံစီးပြီး ယိုးဒယားနိုင်ငံကို ကြွရောက်ခဲ့သည်ဆိုခြင်းမှာ ဟုတ်ပါသလား''

တက္ကသိုလ်စိန်တင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ် စာပေဟောပြောပွဲများသို့ ရောက်ခဲ့စဉ်က တက္ကသိုလ်စိန်တင်ရေးသော 'အို ဘယ့် အနော်ရထာ' စာအုပ်ဖတ်ရှု သူတို့ထံက မေးခွန်းဖြစ်သည်။

ယခုကဲ့သို့ သိပံ္ပနည်း ခေတ်ပညာများထွန်းကားနေချိန် ဂျက်လေ ယာဉ်ခေတ်၊ ဒုံးပျံ၊ ဂြိုဟ်တုခေတ်၊ ဖေ့စ်ဘုတ်၊ အင်တာနက်ခေတ်တွင် အနော်ရထာဘုရင် နတ်မြင်းပျံယာဉ်စီးသည်ဆိုသောကိစ္စမှာ မယုံကြည်နိုင်စရာပင် ဖြစ်နေပေတော့သည်။ ထား ပါ။

တက္ကသိုလ်စိန်တင်သည် စာအုပ်တစ်အုပ်ရေးသားပြုစုရန် ကြံစည်ကြိုးစားမည် ဟုဆိုလျှင် ကူညီမည့်ပုဂ္ဂိုလ်များ အလွန်ပေါ်လာတတ်၏၊ ကြည့်ပါ။ ၁၉၇၆ ခုနှစ်တွင် 'အိုဘယ့် အနော်ရထာ' စာအုပ်ကိုရေးသားပြုစုတော့မည်ဟု မိတ်ဆွေသင်္ဂဟများကို ပြောကြားစဉ် ကူညီ မည့် ပုဂ္ဂိုလ်နှစ်ဦးပေါ်လာသည်။ ပထမပုဂ္ဂိုလ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ သုတေသနဌာနမှ သုတေသနလက်ထောက် ဒေါ်ဖြူဖြူဖြစ်သည်။ ဒေါ်ဖြူဖြူက ပါတီသုတေသနစာကြည့်တိုက်မှ 'သစ္စာအစွမ်း' ဆိုသော စာအုပ်တစ်အုပ် ခေတ္တ ငှား ယူပေးသည်။

ပုဂံနိုင်ငံတော်တွင် ဘုရင်စုက္ကတေးနှင့် အနော်ရထာမင်းသားတို့ မြင်းကိုယ်စီ၊ လှံကိုယ်စီနှင့် စီးချင်းထိုးတိုက်ပွဲ ဆင်နွှဲစဉ်က အနော်ရထာမင်းသား သစ္စာဆိုသော မော်ကွန်းမှတ်တမ်းဖြစ်သည်။ ထိုသစ္စာဆို စကားမှန်ကန်တိကျသောကြောင့် အနော်ရထာမင်းပစ်လွှတ်သော် အရိန္ဒမာလှံသည် ဘုရင်စုက္ကတေးကို ထိမှန်ကျဆုံး၊ အနော်ရထာ မင်းသားသည် အောင်ပွဲကြီးလုံးလုံး ပိုင်ဆိုင်သွားခဲ့၍ ပထမမြန်မာ နိုင်ငံတော်ကြီးကို အောင်မြင်ပြီးမြောက်စွာ တည်ဆောက်အောင်မြင်ခဲ့ကြောင်း ရေး သားဖော်ပြထားသည့် စာအုပ်ပင်ဖြစ်သည်။

(၂)

အိုဘယ့် အနော်ရထာစာအုပ်ကိုရေးသားရန် ကြံစည်ကြိုးစားနေစဉ် ဒုတိယ ကူညီပံ့ပိုးမှုပြုလာသူမှာ ၁၉၇၇ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှုကြီး ကျူးလွန်ရန် ကြံစည်ခဲ့သူ ဗိုလ် ကြီးအုန်းကျော်မြင့်၏အမှုတွင် ပါဝင်နေသူ ဗိုလ်ကြီးထွန်းကျော်ဖြစ်၏။ ဗိုလ်ကြီးထွန်းကျော်နှင့် အဆက်အ သွယ်ရသည်မှာဤသို့တည်း။

စာရေးဆရာ မိတ်ဆွေ(ဇင်ဟိန်း) ဗိုလ်ကြီးကြည်မြင့်နှင့် တက္ကသိုလ်စိန်တင် တို့သည် ရန်ကုန်မြို့၊ ပန်းဆိုးတန်း၊ လှမော်စာပေတိုက် ဦးခင်ကျော်ထံ၌ တွေ့ဆုံခင်မင် ခဲ့ကြသည်။ ဗိုလ်ကြီးကြည်မြင့်က မေး၏။ ''ဆရာစိန်တင်၊ ဘာစာအုပ်ရေး နေသလဲ''

ဤတွင် တက္ကသိုလ်စိန်တင်က ယခု'အိုဘယ့် အနော်ရထာစာအုပ်'ရေးနေကြောင်း ပြန်ဖြေရသည်။ နောက် နှစ်ရက်ခန့်အကြာတွင် တက္ကသိုလ်စိန်တင်ထံသို့ တပ်မတော် စစ်ရုံးချုပ်က ဗိုလ်ကြီးထွန်းကျော်က ဖုန်းဆက်သည်။

''ဆရာတက္ကသိုလ်စိန်တင်၊ ကျွန်တော် ဗိုလ်ကြီးထွန်းကျော်ပါ၊ အိုဘယ့် အနော်ရထာ စာအုပ်ရေးနေတယ်ကြားလို့ အကြံပေးချင်ပါတယ်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ သမိုင်းဆရာကြီး  W.A.R Wood ရေးတဲ့  History of Siam (ယိုးဒယား ရာဇဝင်) စာအုပ်ရှိပါတယ်။ အဲဒီ ယိုးဒယားရာဇဝင် စာအုပ်ထဲမှာ ပုဂံပြည်က အနော်ရထာမင်း နတ်မြင်းပျံစီးပြီး ယိုးဒယားနိုင်ငံမြို့တော်ကို ရောက်လာခဲ့ကြောင်းပါ တယ်။ ဆရာ တက္ကသိုလ်စိန်တင်ရှာကြည့်ပါ''

ဤသို့ဖြင့် ဗိုလ်ကြီးထွန်းကျော်၏ အကြံပေးချက်အတိုင်း ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်သို့ သွားရောက်ရှာဖွေခဲ့ရာ ဗိုလ်ကြီးထွန်းကျော်အကြံပေးသည့် History of Siam စာအုပ်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် 'အိုဘယ့် အနော်ရထာ' စာအုပ်တွင် အနော်ရထာဘုရင် နတ်မြင်းပျံစီး၍ ယိုးဒယားနိုင်ငံသို့ ရောက်ရှိခဲ့ပုံ (အိပ်ရာဝင်ပုံပြင်တစ် ပုဒ်) ကို ဖော်ပြနိုင်ခဲ့ပေသည်။

သို့သော် ၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့၊ အမှတ် ၁၈ဝ၊ ၄၇ လမ်း၊ ချင်းတွင်း စာအုပ်တိုက်မှ ထုတ်ဝေသော တက္ကသိုလ်စိန်တင် ရေးသားပြုစုသည့် 'အိုဘယ့် အနော်ရထာ' စာအုပ်တွင် တပ်မတော်ကာကွယ်ရေးဝန်ကြီးရုံးမှ ဗိုလ်ကြီးထွန်းကျော်၏ ကူ ညီမှုကို မဖော်ပြနိုင်ခဲ့ပေ။ အကြောင်းမှာ ထိုစဉ်ကဗိုလ်ကြီးထွန်းကျော်သည် နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သူ ဗိုလ်ကြီး အုန်းကျော်မြင့်၏ အမှုကြီးတွင်အထင်ကရ ပတ်သက်ပါဝင်နေပြီး ထောင်ဒဏ်အပြစ်ပေး ခံနေရသောကြောင့်တည်း။

တက္ကသိုလ်စိန်တင်ထံ ဖုန်းဆက်ပြော၍ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်တွင်ရှိ သော History of Siam  စာအုပ်သတင်းပေးသူ ဗိုလ်ကြီးထွန်းကျော်မှာ စာဖတ်နာသူ၊ စာများများဖတ်သူ တကယ့်စာပေဝါသနာရှင်ဖြစ်ဟန်တူပါသည်။ ယနေ့အထိ ကျေးဇူးရှင် ဗိုလ်ကြီးထွန်းကျော်နှင့် တက္ကသိုလ်စိန်တင် မတွေ့မမြင်ဖူးသေးပါ။

ဤဆောင်းပါးကို ဖတ်ရှုရ သူတို့က ဗိုလ်ကြီးထွန်းကျော်အား တက္ကသိုလ်စိန်တင်၏ လက်ကိုင်ဖုန်း ဝ၉-၅ဝဝ-၈၈၆၄ သို့ ဆက်သွယ်ပါရန်ပြောပေးစေချင်ပါသည်။ ကျေးဇူး ရှင်ကို ကန်တော့ကျေးဇူးဆပ်လို၍ ဖြစ်ပါသည်။

(၃)

ယိုးဒယားရာဇဝင် History of Siam (ရေးသူ W.A.R Wood) စာအုပ်တွင် ဖော်ပြပါရှိသော မြန်မာနိုင်ငံ ပုဂံဘုရင်အနော်ရထာနှင့် နတ်မြင်းပျံစီးသည်ဆိုသည့် အ ကြောင်း ဇာတ်လမ်းမှာ ဤသို့ဖြစ်သည်။

အနော်ရထာမင်းတရားသည် ဝိဇယဗာဟု ဘုရင်လှူဒါန်းသော ဗုဒ္ဓစွယ်တော်မြတ် ကို ပိုက်၍ သီဟိုဠ်နိုင်ငံမှ ပြန်လာခဲ့၏။

သည်တွင် ဗုဒ္ဓစွယ်တော်မြတ်နှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ် ဇာတ်လမ်းပုံပြင် ကလေးကိုဖော်ပြရန် အကြောင်းဆိုက်လာသည်။ သည်ပုံပြင်ကလေးကို ရေးမပြမီ အနော်ရထာမင်းနှင့်ပတ်သက်ပြီး နိုင်ငံခြားရှေးဟောင်းကျမ်းတို့က မှတ်တမ်းတင် ရေးသားထားသည်တို့ကို ကောက်နုတ်ဖော်ပြမှဖြစ်လိမ့်မည်။

အနော်ရထာမင်းတရားသည် သီဟိုဠ်အပြန်တွင် အရှေ့တောင်အာရှနိုင်ငံ အတော်များများသို့ ခြေဦးလှည့်ခဲ့သည်ဟုယူဆနိုင်သည်။ အကြောင်းမှာ သည်နိုင်ငံများ တွင် ပုဂံဘုရင်အနော်ရထာနှင့်ပတ်သက်၍ မော်ကွန်းသမိုင်း ရေးထိုးထားသည်များကို အထင်အရှား တွေ့မြင်နေရ၍ဖြစ်သည်။ ဇင်းမယ်ပြည်နယ်ရဟန်းတော် ဗောဓိရံသီရေးသားသော စာမဒေဝိဝံသကျမ်းနှင့် ရဟန်းတော်ရတနာပညာရေး သားသော ဇိနကာလမာလိကျမ်းတို့တွင် အနော်ရထာမင်းတရားနှင့်ပတ်သက်၍ အံ့ ဖွယ်သူရဲထူးကဲစွာ ချီးကျူးမော်ကွန်းတင်ထားသည်။ ဆရာတော် ဗောဓိရံသီ၏ကျမ်းမှာ ၁၅ ရာစုအစတွင်လည်းကောင်း၊ ဆရာတော်ရတနာပညာ၏ကျမ်းမှာ ခရစ်နှစ် ၁၅၁၆ ခုနစ်တွင်လည်းကောင်း ရေးသားပြုစု ခြင်းဖြစ်သည်ဟုဆိုသည်။

၁၃ ရာစုနှစ်အကုန်တွင် ပြုစုသော သီဟိုဠ်ရာဇဝင် စူဠဝံသကျမ်းနှင့်ခရစ်နှစ် ၁၄၇၉ ခုနှစ်တွင် ဓမ္မစေတီခေါ် ရာမာဓိပတိရေးထိုးသော ကလျာဏီကျောက်စာများတွင်လည်း အနော်ရထာမင်းနှင့်ပတ်သက်၍ ထူးထူးခြားခြားမှတ်တမ်းတင်ခဲ့သည်။

 ဇင်းမယ်ရဟန်းတော် ရတနာပညာ ရေးသားပြုစုသော ဇိနကာလမာလိကျမ်းတွင် ဤသို့ ဖော်ပြသည်။

''ဗုဒ္ဓဂေါတမြတ်စွာဘုရားသည် အယုဒ္ဓယမြို့အနီးသို့ဒေသစာရီကြွလာခဲ့သည်။ ထိုသို့ကြွလာစဉ် ကျောက်တုံးနက်ကြီးတစ်တုံးပေါ်တွင် ထိုင်နေတော်မူခဲ့၏။ ထိုကျောက် တုံးနက်ကြီးကို ဗုဒ္ဓရုပ်ပွားတော်ငါးဆူထုလုပ်ခဲ့သည်။ ယင်းတို့မှတစ်ဆူကို ထိုစဉ်က ခမာနိုင်ငံ၏ မြို့တော် အမ်ကော (မဟာနာဂရမြို့)သို့ ပင့်ဆောင်ကိုးကွယ်ကြသည်။ တစ်ဆူကို သထုံပြည့်ရှင်ဘုရင် မနူဟာမင်းလက်ထက်အထိ ကိုးကွယ်လာခဲ့သည်။  သည်ရုပ်ပွားတော်ကို အနော်ရထာဘုရင်က စစ်အင်္ဂါလေးပါးနှင့် ချီတက်တိုက်ခိုက်၍ ပင့်ဆောင်သွား ခဲ့သည်''ဟုပါရှိသည်။

ဒဗလျူ၊ အေ၊ အာရ်၊ ဝုဒ်ရေးသားသော ထိုင်းရာဇဝင်၌ အနော်ရထာဘုရင်နှင့် ပတ်သက်၍ အံ့ဖွယ်သူရဲထူးထူးကဲကဲဖော်ပြထားသော ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ပင်ပါရှိခဲ့ သေးသည်။

သည်ပုံပြင်ကို ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံများ၌ ကလေးငယ်များ၏ အိပ်ရာဝင်ပုံပြင်အဖြစ် ပြောခဲ့ကြသည်ဟုဆိုသည်။

ယင်း ထိုင်းရာဇဝင်ကဲ့သို့ပင် အနော်ရထာဘုရင်နှင့်ပတ်သက်၍ အရှေ့တောင် အာရှနိုင်ငံများ၌ ပြောဆိုနေကြသော ဒဏ္ဍာရီပုံပြင်များရှိနေခဲ့သည်။ သည်ဒဏ္ဍာရီများက ဘာကိုဖော်ပြနေသလဲ။ ဘာကိုပြောချင်နေသလဲ။ ဘာကို အထောက်အထား ပြလိုသလဲ။

သူတို့ ပြောလိုကြသည်မှာ အနော်ရထာမင်းသည် ထူးခြားပြောင်မြောက်သော စစ်ဘုရင်ဖြစ်သည်။ သည်စစ်ဘုရင်သည် သီဟိုဠ်၊ ခမာ၊ ထိုင်း၊ ဂျားဗား၊ မာလာယု ကျွန်းစုများအထိ မိမိစစ်တပ်ကြီးနှင့် ခရီးလွှင့်ခဲ့သော ဧကရာဇ်တစ်ပါးလည်းဖြစ်သည်။ သည်ရာဇဝင်ကျမ်းများက သည့်နှယ် ဖော်ပြလိုဟန်ရှိ၏။

ဒဏ္ဍာရီပုံပြင်ဆိုပေမယ့် အနော် ရထာမင်းတရားနှင့် ပတ်သက်သော သည်ပုံပြင်က ဘယ်လောက်များ အံ့ ဖွယ်သူရဲ ထူးထူးကဲကဲ ရှိလိုက်ပါသလဲ။ ကြည့်ပါဦး။

ပုဂံနိုင်ငံတော်ပြည့်ရှင် အနော်ရထာသည် ဗုဒ္ဓသာသာနကို အလွန်လေးစား ကြည်ညိုသော မင်းတစ်ပါးဖြစ်သည်။ သည်ဘုရင်ထံတွင် နတ်မြင်းပျံများရှိသည်။ အနော်ရထာမင်းသည် ပိဋကတ်တော် အစစ်အမှန်ကိုအလိုရှိသဖြင့် သီဟိုဠ်ကျွန်းသို့ နတ် မြင်းပျံကို စီး၍သွားရောက်ခဲ့သည်။

အနော်ရထာမင်းတရားသည် ပိဋကတ်တော်နှစ်ဆူကို သင်္ဘောတစ်စင်းတွင် လည်းကောင်း၊ မြဘုရားဆင်းတုတော်နှင့် အခြားပိဋကတ်တော်နှစ်ဆူကို သင်္ဘော တစ်စင်းတွင်လည်းကောင်း တင်ဆောင်၍ ပြန်လာခဲ့လေသည်။ ပထမသင်္ဘောသည် ပုဂံနိုင်ငံတော်သို့ ချောချောမောမော ပြန်ရောက်ခဲ့ပါ၏။ မြဘုရားဆင်းတုနှင့် ပိဋကတ်တော်နှစ်ဆူပါဝင်သောသင်္ဘောမှာ ပင်လယ်ပြင်၌ လေမုန်တိုင်းဒဏ်ခံရပြီး လမ်းလွဲကာ ထိုစဉ်က ခမာမြို့တော် အမ်ကောထုမ်သို့ ရောက်ရှိခဲ့သည်။

မိမိသင်္ဘောကြီး လေမုန်တိုင်းမိ၍ အမ်ကောထုမ်သို့ရောက်ရှိသွား ကြောင်းကို သိရသောအခါ အနော်ရထာဘုရင်သည် နတ်မြင်းပျံကိုစီး၍ အမ်ကောထုမ်သို့ လိုက်သွားခဲ့၏။

အနော်ရထာဘုရင်သည် အမ်ကောထုမ်မြို့တော်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း အနီးတွင် နတ်မြင်းနှင့်မြေသို့ဆင်းသည်။ နတ်မြင်းသည် ကျောက်တုံးကြီးတစ်တုံးပေါ်ရှိ ကျင်ငယ်စွန့်ရာကြီးမားသော ကျောက်တုံးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်။ နတ်မြင်းကြီး၏ ကျင်ငယ်ရေထိသည်နှင့် ကျောက်တုံးကြီးကွဲသွားပုံကို ဘုန်းကြီး ကျောင်းမှရဟန်းတစ်ပါးကမြင်၏။ သည်တွင် မြင်းစီးလာသူမှာ ဘုန်းကြီးသူ လူတစ်ယောက်ဖြစ်မည်ဟု ရဟန်းတော်က ဆုံးဖြတ်၏။ ဘယ်ကလာသလဲ ဘယ်သူလဲ ဟု စုံစမ်းမေးမြန်းခဲ့သည်။

အနော်ရထာဘုရင်က မိမိမည်သူဖြစ်ကြောင်း အမှန်ကိုမပြော။ မိမိမှာ အနော်ရထာဘုရင်က စေလွှတ်လိုက်သော တပ်သားတစ်ဦးဖြစ်သည်။ မြဘုရားဆင်းတုတော်နှင့် ပိဋကတ်တော် ပြန်ယူရန်လာခဲ့သည်ဟုပြောပြသည်။ ထို့နောက် အနော်ရထာဘုရင်က အမ်ကောထုမ်နန်း တော်သို့ဝင်၍ မိမိ၏ မြဘုရားဆင်း တုနှင့် ပိဋကတ်တော်များပြန်ပေးရန် တောင်းဆိုလေသည်။ သို့သော် ခမာ မင်းနှင့် မှူးမတ်များကငြင်းကြပြီ။ ဗုဒ္ဓဂေါတမ အမွေအနှစ်ပစ္စည်းရတနာများကို မည်သည့်နည်း နှင့်မျှ  ပြန်မပေးနိုင်ကြောင်းပြောကြသည်။ သည်တွင် အနော်ရထာဘုရင်က မိမိ အစွမ်းကိုပြန်ရန် အားထုတ်လေသည်။

အနော်ရထာဘုရင်က သစ်သားဖြင့် ပြုလုပ်သော ဓားတစ်စင်းကို ကွမ်းတံတွေးဖြင့် ပက်ဖျန်းသည်။ ထို့နောက် သည်ဓားကို ကိုင်၍ အမ်ကောထုမ်မြို့ရိုးကိုပတ်ကာ ကောင်းကင်တွင် နတ်မြင်းပျံစီးပြသည်။ အနော်ရထာဘုရင်၏ နတ်မြင်းပျံမှာ ဘယ်  လောက် လျင်မြန်သလဲဆိုလျှင် မြို့တော်ကို မြင်းတပ်သားတွေ ထောင်သောင်းချီ၍ ဝန်းပတ်နေသည့်နှယ် မြင်းတစ်စီးနှင့်တစ်စီး ဆက်နေသည်ဟုဆိုသည်။

 ကောင်းကင်မှာ နတ်မြင်းပျံစီးနေသော အနော်ရထာမင်းတရားကို ဘုရင်နှင့် မှူးကြီးမတ်ကြီးတွေ၊ ပြည်သူပြည်သားတွေက မော့ကြည့်ကြသည်။ သည်တွင် အနော်ရထာမင်း၏ညာလက်ရှိ သစ်သားဓားမှ ကွမ်းတံတွေးများသည် သွေးများဖြစ်ကာ မြေပြင်မှ လူထုပေါ်သို့မိုးရွာသည့်နှယ်ကျခဲ့ပြီး ဘုရင်နှင့်မှူးမတ်များ၊ ပြည်သူပြည်သား များ၏ အင်္ကျီတို့မှာ အနော်ရထာ၏ သစ်သားဓားမှ သွေးများဖြင့်စွန်းထင်းပေကျံကုန် သည်ဟု ဆို၏။

ခဏကြာသော် အနော်ရထာမင်းတရားသည် မြေပြင်သို့ ပြန်ဆင်းလာ၏။ မြဘုရားနှင့် ပိဋကတ်တော်များကိုပြန်မပေးလျှင် ဘုရင်နှင့်မှူးမတ်များ၏ ခေါင်းကိုဖြတ် မည်ဟု မင်းတရားကခြိမ်းခြောက်သည်။ သည်တွင် ခမာဘုရင်နှင့်မှူးမတ်တို့က ပိဋကတ်တော်များကို အနော်ရထာမင်းတရားထံ ပြန်လည်ပေးအပ်လိုက်၏။ မြဘုရား ဆင်းတုတော်ကို မိမိအားပေးလှူခဲ့ပါရန် အတန်တန်တောင်းပန်သဖြင့် အနော်ရထာမင်း တရားကပေးထားခဲ့သည်။ ယခု ထိုင်းနိုင်ငံရှိ မြဘုရားဆင်းတုတော်မှာ အနော်ရထာ မင်းလက်ထဲမှခမာတို့ ရယူထားလိုက်သော ဆင်းတုဖြစ်သည်ဟု ဆိုလေသည်။

(၄)

ယနေ့ထက်တိုင် မမေ့ရက်နိုင်အောင် ခမာအမျိုးသားတို့ ပြောနေဆိုနေကြသော  ပုံပြင်ကလေးတစ်ပုဒ်ဖြစ်သည်။ အနော်ရထာမင်းတရား နတ်မြင်းပျံစီးသည်ဆိုတာ ခုခေတ် အမြင်နှင့်ဆိုလျှင် မယုံချင်စရာ ပုံပြင်ဒဏ္ဍာရီမျှသာ ဖြစ်နေသည်။ သို့သော် စဉ်းစားစရာတော့ရှိပါ၏။ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသော ထိုင်းနှင့်  ခမာတို့တွင် အနော် ရထာမင်းတရားနှင့်ပတ်သက်၍ အဘယ်ကြောင့် သည်မျှအမွှမ်းတင်ကာ သူရဲကောင်းကြီးအဖြစ် ဖော်ထုတ်ခဲ့ကြသလဲ။

ဒါကတော့ အရှင်းကလေးပါ။ လူတစ်ယောက်အစွမ်းအစနှင့် ထင်ပေါ်ကျော်ကြား လာပြီဆိုလျှင် သူ့ကို ပြည်သူတွေတလေးတမြတ် ကြည်ညိုလာသည်နှင့်အမျှ သည်လူ နှင့် ပတ်သက်၍ အရှိထက်ပိုကာ ချဲ့ကြ၊ ကားကြ ပိုပိုမိုမိုကလေး ပြောကြဆိုကြနှင့်။ သည်လူ အသက်ရှိချိန်ထက် သေသွားသည့်အခါတွင် ပို၍ချဲ့ထွင်ချီးကျူးမှုများ ပေါ်လာ တတ်သည်။ သို့နှင့် သမိုင်းဖြစ်ရပ်တို့မှာ ဒဏ္ဍာရီပုံပြင်များနှင့် အုတ်အရောရော ကျောက်အရောရောဖြစ်ရမြဲ။

ဘယ်လိုပဲဖြစ်ဖြစ် စဉ်းစားတွေးခေါ်လို့ကြည့်။ အနော်ရထာမင်းတရားကို  သီဟိုဠ်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် လေးစားဖွယ် ခေါင်းဆောင်တစ်ဦးအဖြစ် မော်ကွန်းတင်ခဲ့ကြပြီ။ ပြီးတော့ တကယ်ဖြစ် သည်ထက်ချဲ့ကားအမွှမ်းတင်ကာ ဒဏ္ဍာရီ သူရဲကောင်းတစ်ဦးအဖြစ်လည်း မှတ်တမ်းအသွယ်သွယ်ရေး ခြယ်ခဲ့ကြပြီ။ သည်တော့ အနော်ရထာမင်းတရား၏ ပြည်သူပြည်သားဖြစ်ခဲ့ကြရခြင်းအတွက် တို့မြန်မာတွေ ကျေနပ်အားရဖွယ်မကောင်းပေဘူးလား။

တက္ကသိုလ်စိန်တင်

မှီးငြမ်း (၁)  စာရေးဆရာ W.A.R Wood ရေး History of Siam.

         (၂) တက္ကသိုလ်စိန်တင်၊ စိမ့် (ပညာရေး) တစ်နေ့တစ်လံပုဂံဘယ်ရွေ့မလဲ (အားမာန်သစ်စာပေ)။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.