24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
စာရေးဆရာ စာကူးဆရာ ဘ၀မှ စာကပ်ဆရာဘ၀သို့ရောက်လာသော ဦးတင်ဦး (ကျူရှင်)

ကျွန်တော်သည် အသက်အရွယ်ရလာချိန် ၁၉၉၈ ခုနှစ်တွင်မှစာ စရေးသည်ဖြစ်၍ ကျွန်တော်၏ စာ ရေးသက်တမ်းသည် ၁၈ နှစ်ကျော် ကျော်မျှသာရှိသေးသည်ဟု ဆိုရပါ မည်။ သို့ရာတွင် ကျွန်တော်သည် ဆောင်းပါးပုဒ်ရေ ၂၇ဝဝ ကျော်နှင့် လုံးချင်းစာအုပ် ၃၃ အုပ် ရေးသား ထုတ်ဝေပြီးဖြစ်ရာ ကျွန်တော်၏ စာ ရေးအားသည် မနည်းလှဟု ပြောနိုင် ၏။

ကျွန်တော်စာရေးစက မြားနတ်မောင် မဂ္ဂဇင်းတစ်အုပ်တည်းမှာသာ ရေးသားခဲ့၏။ အသက် ၆ဝ ပြည့်လုနီးအရွယ်ကျမှ စာရေးသူဖြစ်သဖြင့် ကျွန်တော့်အဖို့ ဟိုစာစောင်သည် မဂ္ဂဇင်း စသည်တို့သို့ စာမူကလေး တွေကိုင်၍ သွားပို့၊ ကိုယ့်စာမူပုံနှိပ် စာလုံးအသွင်နှင့် စာစောင်၊ မဂ္ဂဇင်းထဲမှာပါလာတော့ရန်ခုန်၊ နီးစပ်သူကို လက်တို့၍ ထုတ်ြ<ွကားဆိုတာမျိုး လုပ်နေရဦးမည့်အရွယ်မျိုးလည်း မဟုတ်တော့သဖြင့် ကျွန်တော်သည် မြားနတ်မောင် မဂ္ဂဇင်းမှတစ်ပါး မည်သည့် စာစောင်မဂ္ဂဇင်းသို့မှ စာမူပေး ပို့ပြီး စာမရေးခဲ့ပါ။

သို့ရာတွင် မြားနတ်မောင်မဂ္ဂဇင်းမှ ကျွန်တော့်ဆောင်းပါးများကိုဖတ်ပြီး သဘောကျကြသည့်အယ်ဒီတာများက လူချင်းတွေ့ပြီး သိကျွမ်းသွားသည့်အခါ ¤င်းတို့၏ စာ စောင်မဂ္ဂဇင်းတွင်လည်းရေးပါဟု ကမ်းလှမ်းဖိတ်ခေါ်ကြသည်။ ထိုအခါ ကျွန်တော်သည် ကမ်းလှမ်းသော စာစောင်၊ မဂ္ဂဇင်းများတွင် ကျွန်တော်ရေးခဲ့သည်။ နောက်တော့ ကြုံကြိုက်လို့ သူတို့စာစောင်၊ မဂ္ဂဇင်းမှာ ရေးရန်ကမ်းလှမ်းသည့် အနေမဟုတ်တော့ဘဲ အချို့သော စာစောင်၊ မဂ္ဂဇင်းတွေ က တကူးတက လူကိုယ်တိုင်ဖြစ်စေ စာရေး၍ဖြစ်စေ စာမူတောင်းလာကြ သည်။

ကျွန်တော်ကလည်း ကိုယ်ကစ၍ စာမူသွားပို့သူ မဟုတ်သော်လည်း သူက တောင်း၍ရေးဖြစ်သွားသည်ဆိုလျှင် ကျွန်တော့်ဘက်က ပျက်ကွက် သည်မျိုးမဖြစ်ရအောင် အားထုတ်၍ရေးပါသည်။ အနည်းအကျဉ်းမျှသော စာစောင် အချို့တို့မှအပ ထိုစာစောင်၊ မဂ္ဂဇင်းရပ်သွားချိန်အထိတိုင်အောင် အပျက်မခံဘဲရေးခဲ့ပါသည်။

အချို့သော စာစောင်အနည်းငယ်တို့တွင် (စာစောင်ရှိနေသေး လျက်) မရေးတော့သည်ကား အယ်ဒီတာလုပ်သူ၏ ဟိုလိုလို ဒီလိုလို သဘောမကျစရာ ဆက်ဆံရေးကြောင့်ဖြစ်ပါသည်။ (ထိုသို့သော အခြေအနေလည်း အလွန်နည်းပါ၏။)

ထို့ကြောင့် ကျွန်တော်သည် စာရေးသက်ကိုးနှစ်၊ ၁ဝ နှစ်ရှိလာသောအခါ ကျွန်တော်၏  စာမူများသည် စာစောင်၊ မဂ္ဂဇင်း ၈ဝ ကျော်တို့၌ ရေး သားခဲ့ပြီး၊ ပါခဲ့ပြီးဖြစ်နေလေသည်။ နောက်နှစ်အနည်းငယ်ကြာတော့ ကျွန်တော်ရေးဖူးသော စာစောင်၊ မဂ္ဂဇင်းတို့သည် ၁၂ဝ လောက်ဖြစ်လာသည်။ ယခုတော့ မှတ်မနေအား တော့သဖြင့် စာစောင်၊ မဂ္ဂဇင်းဘယ်မျှတွင် ရေးသားခဲ့ဖူးသည်ဟု အတိအကျ မပြောနိုင်တော့ပေ။ စာ စောင်၊ မဂ္ဂဇင်းများစွာတို့တွင် ဆောင်း ပါး ၂၇ဝဝ ကျော်ရေးပြီး ဖြစ်သည်ဟူ ၍သာ ပြောနိုင်ပေတော့၏။

ဤမျှဆိုလျှင် လွန်ခဲ့သော အနှစ် ၅ဝ၊ ၆ဝ က စာစရေးခဲ့ပြီး ကျွန်တော့် လောက် စာပေထုတ်လုပ်မှု အရေအ တွက်မရှိသော စာရေးဆရာများက တောင် ကျွန်တော့်အား စာတော် တော်ရေးနိုင်တာပဲဟု မှတ်ချက်ချမိ ကြမည်ထင်သည်။

ကျွန်တော်လွန်ခဲ့သော လေး၊ ငါးလတုန်းက အပတ်စဉ် ဂျာနယ်ငါး စောင်တွင် အပတ်စဉ်ရေးပြီး မဂ္ဂဇင်း တစ်ဒါဇင်တွင်လည်း လစဉ်ရေးပါ၏။ ထို့ကြောင့် တစ်လလျှင် ဂျာနယ်အ တွက်က ဆောင်းပါးအပုဒ် ၂ဝ၊ မဂ္ဂဇင်းအတွက်က ၁၂ ပုဒ် ဖြစ်နေ၍ တစ်ရက်တစ်ပုဒ်နှုန်းတောင် မကပါလားဟုတွေးမိကြမည်။ မှန်ပါသည်။ ကျွန်တော်လစဉ် ဆောင်းပါး အပုဒ် ၃ဝ ကျော်ရေးပါ၏။

၂ဝ၁၄ ခုနှစ်တုန်းက မဇ္ဈိမသတင်းစာတွင် လုပ်နေစဉ်ကဆိုလျှင် အယ်ဒီတာချုပ်၏ မေတ္တာရပ်ခံချက်အရ ကျွန်တော်၏ မူရင်းအလုပ်ဖြစ်သည့် သတင်းဘာသာပြန်ပေးခြင်းအပြင်  မူသေကော်လံတစ်ခုယူ၍ နေ့စဉ် ဆောင်းပါးတစ်ပုဒ်ရေးပေးရပါသည်။ နှစ်လကြာမျှဖြစ်သည်။သတင်းစာက တနင်္ဂနွေနေ့များတွင်နားသဖြင့်  တစ်လလျှင် သတင်းစာ အတွက် ၂၆ ပုဒ်နှင့် မဂ္ဂဇင်းနှင့် ဂျာနယ်များအတွက် အပုဒ် ၂ဝ ခန့် နှုန်းဖြင့် တစ်လလျှင် ၄၆ ပုဒ်အထိ  တောင် ရေးဖူးပါသည်။

စာရေးခြင်းအလုပ်သည် မလွယ်ကြောင်းကို စာရေးဆရာဖြစ်လို သူများ စမ်းကြည့်လျှင်လည်း သိနိုင်ပါသည်။ စာရေးဆရာသက်ရင့်သူ များကလည်း ရိုးရိုးသူများထက်ပင်သိပါသည်။

ထိုမလွယ်သော အလုပ်ကိုပင်ကျွန်တော် ဤအရွယ် (အသက် ၇၇ နှစ်)အထိ လုပ်နိုင်သည်မှာ (ကျွန် တော် တွေးမိသလောက် ပြောရသော်) ကျွန်တော်က ကျန်းမာနေ သေးသည့် အပြင် အခြားအကြောင်း နှစ်ချက်ကြောင့်ဖြစ်မည်။  အ ကြောင်းတစ်ချက်မှာ ကျွန်တော်သည် အရွယ်ကောင်းချိန်၌စာမရေးဘဲ အရက်သောက်လေးကောင်ဂျင်ထိုးနေခဲ့သော်လည်း စာရေးဝါသနာကို ဘယ်အခါတွင်မှ မစွန့်။ လက်ကချမ ရေးသော်တောင်မှ စိတ်နှင့်အမြဲတမ်း ရေးနေခဲ့သူဖြစ်သောကြောင့် ကျွန် တော့်အဖို့ စာရေးခြင်းသည် အစိမ်း သက်သက်ချည်းမဟုတ်ခြင်းကြောင့် ပင်။

နာက်တစ်ကြောင်းမှာ ကျွန်တော်က ကလေးဘဝကတည်းက စာဖတ်ဝါသနာပါလာပြီး ကျောင်းထွက်ချိန်မှစ၍ မြန်မာလိုရော အင်္ဂလိပ်လိုပါ စာစုံဖတ်လာသူ၊ ဖတ်နေ သူဖြစ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရေးချင်စိတ်ကရှိနေပြီးဖြစ်ရာ 'ဘာရေးမည်' ဟူသော ခေါင်းစဉ်ကိုသာ တွေးမိလိုက်လျှင်  ကလောင်ကိုင်၍ ချရေးသွားရင်းဖြင့် (ကောင်းတာ မကောင်းတာ အပထား) စာတစ်ပုဒ်ဖြစ်သွားတတ်သည်။ စာတွေဖတ်ရင်း စာရေးဆရာ ကောင်း အမျိုးမျိုးတို့၏ စာရေးနည်းတွေ စိမ့်ဝင်နေသောကြောင့် ကိုယ်ပြောလိုရာ အကြောင်းအရာကို အခက်အခဲမရှိဘဲ တင်ပြသွားနိုင်၍ ဖြစ်သည်။

ထို့ကြောင့် ယခုလည်း ကျွန်တော် အပတ်စဉ်ဂျာနယ်ခြောက် စောင်တွင်ရေးနေစဉ် နှစ်စောင် ရပ် သွား၍ လွန်ခဲ့သောလတွင် ဂျာနယ် လေးစောင်တွင် အပတ်စဉ်ရေးနေခဲ့ရာမှ ယခုသော်စာစောင်နှစ်ခုက အသစ်ပေါ်လာပြီး စာမူတောင်းလာ ကြသဖြင့် လောလောဆယ်မှာပင် အပတ်စဉ်ဂျာနယ်ခြောက်စောင်နှင့် မဂ္ဂဇင်းခုနစ်စောင် (တစ်ဒါဇင်မှ လျော့လျော့သွားခြင်းဖြစ်သည်။) တို့ တွင် ရေးနေပြန်၍ တစ်လလျှင် ဆောင်းပါးအပုဒ် ၃ဝ လောက်ပင် ရေးနေရပြန်သည်။

သို့ရာတွင် ကျွန်တော့်ထံ စာမူတောင်းကြသော စာစောင်တို့တွင် ဘာသာရေး စာစောင်များလည်း ပါ ဝင်နေသဖြင့် ကျွန်တော့်မှာ စာရေး ဆရာဘဝမှ တစ်ခါတစ်ရံ စာကူး ဆရာ ဘဝသို့ ရောက်သွားသည်။

ကျွန်တော်သည် စာရေးဆရာ သာဖြစ်ချင်၏။ စာကူးဆရာကား မဖြစ်လိုပါ။

ထို့ကြောင့် ကျွန်တော့် စာစရေးသည့် ၁၉၉၈ ကတည်းကပင်လျှင် ကျွန်တော်သည် မိမိအတွေ့အကြုံ သို့မဟုတ် မိမိတွေးမိသလို အကြောင်း အရာကို အများအားဖြင့် ရေးလေ့ရှိပါသည်။ ကိုယ့်ဆောင်းပါးအတွက် အထောက်အပံ့ပေးနိုင်သည့် အကိုးအကားမျိုးကို လိုအပ်သည့် အခါမျိုးမှ သာလျှင် ကျွန်တော်သည် ကျမ်းဂန် စာပေတို့မှ ကူးယူကိုးကားလေ့ရှိပါ သည်။

ကျွန်တော့်မှာ ထိုဆန္ဒမျိုးရှိသဖြင့် ၂ဝဝ၃ ခုနှစ်တုန်းက ချယ်ရီမဂ္ဂဇင်းတွင် 'ငါမှဘာသို့'ဟူသော ဆောင်းပါးကိုရေးဖူးပါသည်။ ထိုဆောင်းပါး၏ ဆိုလိုချက်အနှစ်ချုပ်မှာ ကျွန်တော်ကတော့ကိုယ့်အကြောင်းကိုပဲ 'ငါ'ကိုပဲ ရေးလေ့ရှိသည်။ သို့ရာတွင် ကိုယ်ပြောလိုရာ 'ဘာ'သို့ဆိုက်အောင်ကား ကြိုးစားရေးပါသည်ဟူ၍ဖြစ်ပါသည်။ ထိုဆောင်းပါးတွင် ပိဋကတ်သုံးပုံထဲမှ စာတွေသည် အသုံးဝင်သည်မှရန်သော်လည်း ကျွန်တော့်ကမူ သူတစ်ပါးရေးသည့်စာကိုဖတ်လျှင်လည်း 'ဘီရို' အားကိုးရေး သောစာမျိုးကို ခံတွင်းမတွေ့ကြောင်း ဦးဆန်းထွန်း (ဆန်းထွန်း၊ မန်း တက္ကသိုလ်)သည် တစ်သက်လုံး ပိဋ ကတ်သုံးပုံထဲကစာတွေပဲ ရေးသားခဲ့ပြီး သေခါနီး အချိန်ကျမှ ကိုယ်ပိုင်စာကို ရေးသွားကြောင်း သာဓကတင်၍ ထိုဆောင်းပါးတွင် ရေးခဲ့ပါသည်။

ထိုစာကို ဖတ်ရသော ဆရာအောင်သင်းသည် ၂ဝဝ၃ မတ်လ ထုတ် မိုးဂျာနယ်တွင် သူပင်တိုင်ရေး နေသော ဖတ်စရာ တွေးစရာဟူ သော ဖတ်ညွှန်းအခန်း၌ ကျွန်တော်၏ ထိုချယ်ရီ မဂ္ဂဇင်းထဲမှ 'ငါမှဘာသို့' ဆောင်းပါးကို ခေါင်းစဉ်မျှကိုသာ ညွှန်းပြီး ကျွန်တော့်စာတွေအားလုံးကို ထုတ်တစ်လတည်းနှင့် ခြုံငုံသုံးသပ် ပြဘိသကဲ့သို့ အောက်ပါအတိုင်းရေး ပါသည်။

ဦးတင်ဦးကျူရှင်သည် စာရေးကောင်းလှသော ကျူရှင်ဆရာတစ် ယောက်ဖြစ်သည်။ အလွန်စာဖတ်၍ အမှတ်အသားကောင်းလှသော လူ တစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။ သူရေးခဲ့သော ဆောင်းပါးများ ကို စုစည်းပြီး စာအုပ်ထုတ်သင့်သည်။ အခြားသူမထုတ်လျှင် အောင်သင်းကိုယ်တိုင်ပင်လျှင် ထုတ်လိုက်ချင် သည်။

ဆရာဦးအောင်သင်း၏ ထိုမှတ်ချက်မှာ ကျွန်တော်ဘာစာအုပ်မှ မထွက်သေးခင်က ရေးသော မှတ် ချက်ဖြစ်ပါသည်။ကျွန်တော်၏  ပထမဦးဆုံး ဆောင်းပါးပေါင်းချုပ် ''သမိန်ဗရမ်းတစ္ဆေအကိုက်ခံရခြင်း''ကို နောက်တစ်နှစ်တွင် ထုတ်ဝေ သောအခါ ကဗျာဆရာကိုအောင်ဝေးက ဆရာဦးအောင်သင်း၏ ထိုစာကို ကျောဖုံးမှာတင်ရိုက်ခဲ့ပါသည်။ ဆရာ ဦးအောင်သင်းသည် ထိုစာကို သူနှင့်ကျွန်တော် မတွေ့မသိခင်တုန်းကတည်းက ရေးခဲ့ခြင်းဖြစ်ပါ၏။ နောင်အခါ သူနှင့်ကျွန်တော် တွေ့သိခင် မင်တော့လည်း သူသည် ကျွန်တော်စာများကို အမှန်ပင်သဘောကျ၍ ထိုသို့ရေးခြင်းဖြစ်ကြောင်း သိရပါ သည်။

ဆရာကြီး ပီမိုးနင်းက စာသည် စိတ်ကိုရေးနိုင်မှ စာကောင်းဖြစ်သည့် အနေမျိုး ပြောဖူးပါသည်။ ကိုယ့်စာက စာကိုပဲ ပြန်ရေးနေသည့် စာဖြစ်နေလျှင် ထိုစာက အသုံးကျချင်ကျ မည်ဖြစ်သော်လည်းအသက်ကတော့ ဝင်မည်မဟုတ်ပေ။ စာဖတ်သူကို ဖမ်းစားနိုင်မည်မဟုတ်။

ကျွန်တော်သည် စိတ်ကိုရေးနိုင်သောစာမျိုးကိုသာ ခုံမင်နှစ်ခြိုက် တတ်သည်ဖြစ်၍ အချို့သော စာရေးဆရာများကို ကျွန်တော်က စာရေး ဆရာဟုမထင်၊ စာကူးဆရာဟုသာထင်၏။  အဘယ်ကြောင့်ဆိုသော် သူရေးတာဘာမျှမပါဘဲ ဟိုကျမ်းဒီ ကျမ်းတွေထဲမှ စာတွေကို ကူးရေး ထည့်နေသောကြောင့် ဖြစ်သည်။

ယခုသော် ဆရာအောင်သင်းများရှိသေးလျှင် ကျွန်တော့်ကို ဘယ်သို့ မှတ်ချက်ချမည်မသိ။ ကျွန်တော်သည် အထက်တွင်ပြောခဲ့သလို ဘာသာရေး စာစောင်တွေကလည်း စာမူ တောင်းကြ၍ မငြင်းချင်သည်နှင့် အပတ်စဉ်ရေးပေးနေရရာ ဘာသာ ရေးစာစောင်ဖြစ်နေ၍ လေးကောင် ဂျင်ဝိုင်းတွင် သူတစ်ပါးဖိနပ်ကို ခိုးပေး ရသည့်အဖြစ် ရောက်ပုံမျိုးကိုလည်းရေးရန်မသင့်။ ဘာသာရေးအ ကြောင်းအရာမျိုးတွင် အတိမ်းအ စောင်းဖြစ်သွားလျှင်လည်းမကောင်း၍ အချို့နေရာများတွင် ကျမ်းဂန်စာ ပေများမှသော်လည်းကောင်း၊ ရဟန်းပညာရှိကြီးများ၏ ၏စာများမှ အရေး အသားများကိုလည်းကောင်း  လိုအပ် ၏သလို ကူးထည့်၍ ရေးနေရလေ ၏သည်။

သို့ဖြင့် ကျွန်တော့်မှာ စာရေးဆရာဘဝမှ စာကူးဆရာအဖြစ်သို့ ရောက်လာခဲ့ရာမှ ယခုသော်မူ 'စာ ကူးဆရာ' ဘဝမှ တစ်ဆင့်လျှော၍ တောင် 'စာကပ်ဆရာ' အဖြစ်သို့ ရောက်သွားပါပြီတည်း။

အဘယ်ကြောင့်ဆိုသော် သန်ဘက်ခါ တနင်္လာနေ့ ၂၉-၅-၂ဝ၁၇ တွင် ဓမ္မသံတော်ဆင့်ကို ပေးရမည့်ဆောင်းပါး၌ ဆရာကြီးရွှေဥဒေါင်း၏ သဘာဝအယူအဆသည် ကျမ်းဂန်နှင့်အညီမဟုတ်ကြောင်း ဖြေပြထားသည့် စတုတ္ထစံကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလ၏ ဖြေဆိုချက်ကို အပြီးသတ်အထိ ကူးရေး နိုင်လောက်အောင် ကျွန်တော့် မျက်စိက ကြည့်မရတော့၍ ထိုအဖြေများကို မူရင်းစာအုပ်မှ မိတ္တူဆိုင်မှာ သွားကူးကာ ထိုကူးလာသော စာကိုပင် စာ မျက်နှာပေါ်မှာ ကော်နှင့်ကပ်၍ ပေး လိုက်ရသောကြောင့်ဖြစ်ပါသည်။

''ဇာလီရေ ဆရာ့မျက်စိက အ ကြာကြီးကြည့်ဖတ်ပြီး ကူးနိုင်လောက်အောင် မကောင်းတော့လို့ မိတ္တူကူး ပြီး ကပ်ပေးလိုက်တာကို သည်းခံပေရော့သမီးရယ်''ဟု ဤဆောင်းပါးအပြီးတွင် အယ်ဒီတာမလေးထံ  တယ်လီဖုန်းဆက်၍ တောင်းပန်ဦးမည် ဖြစ်ပါ၏။

ဦးတင်ဦး (ကျူရှင်)

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.