24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
နှလုံးသားထဲက သော်တာဆွေ - ၂

(၁)

နာမည်ကျော် စတီရီယိုခေတ် တေးသံရှင် အကျော်အမော် မေဆွိ သီဆိုခဲ့သော တေးစီးရီးတစ်ခွေ၏ နာမည်ကို မှတ်မိနေသည်။ 'နှလုံး သားထဲက စိုင်းထီးဆိုင်'

ထိုသီချင်းခွေ ထုတ်ဝေစဉ်က နာမည်ကြီး စတီရီယိုတေးသံရှင် စိုင်းထီးဆိုင် မကွယ်လွန်သေး။ စိုင်းထီးဆိုင်သီဆိုခဲ့သော စတီရီယိုသီချင်းများကို  တေးသံရှင် မေဆွိက ပြည့် ပြည့်စုံစုံ ပြန်လည်သီဆိုထားသော ကြောင့် မူရင်းဂီတစာဆို စိုင်းခမ်း လိတ်ကလည်း အရေးအဖွဲ့ကောင်း၊ မေဆွိသီဆိုဟန်ကလည်း ကောင်းလှ သောကြောင့် 'နှလုံးသားထဲက စိုင်းထီးဆိုင်' သီချင်းခွေမှာ ခေတ်စကားဖြင့်ဆိုရလျှင် 'ပေါက်' သွားသောကြောင့် ထိုသီချင်းခွေ အပြန်ပြန်ထုတ်ဝေ ရောင်းချရသည်ဟု ကောင်းသတင်း ကြားရ၏။

ယခု ဤစာရေးသူ တက္ကသိုလ် စိန်တင်ခေါင်းစဉ်တင်ထားသော 'နှလုံးသားထဲက သော်တာဆွေ' ဆောင်းပါးမှာ မိမိတွေ့သိကျွမ်းဝင်  ဖတ်ရှု ဆက်ဆံခဲ့ရသော နိုင်ငံကျော်စာရေးဆရာကြီး ဆရာသော်တာဆွေ၏အကြောင်း စိတ်ထဲတွင် သိမြင်ခံစား သတိရတာကလေးတွေ ရေးပြ ချင်သောကြောင့် တင်ပြရခြင်းပင်ဖြစ် ပေသည်။

(၂)

ဆရာသော်တာဆွေကို မြင်ဖူး တွေ့ဖူးသည်မှာ ခရစ် ၁၉၆၉ခုနှစ်က အိုးဝေဂျာနယ်တွင် တက္ကသိုလ်စိန်တင်နှင့် ဒေါင်းနွယ်ဆွေတို့ အတူပူးတွဲကာ ရက်သတ္တနှစ်ပတ်တစ်ကြိမ် တစ်ဦးစီ တာဝန်ခံအယ်ဒီတာအဖြစ် ထမ်းဆောင်လုပ်ကိုင်နေချိန်က ဖြစ် ပေသည်။ ထိုစဉ်က အိုးဝေဂျာနယ်တွင် ဆရာသော်တာဆွေက 'ပြောရ အုံးမယ် မမြရီရေ' ခေါင်းစဉ်ဖြင့် အပတ်စဉ် ဆောင်းပါးရေးပေးနေသည်။ နံနက်ခင်းကာလ ဈေးသွား ဖော်မမြရီနှင့် စကားပြောကြပုံကို ပြည့်စုံစွာ ဖွဲ့နွဲ့ရေးသားတင်ပြထား သည့် ဆောင်းပါးကောင်းတစ်ပုဒ်ပင်။

တက္ကသိုလ်စိန်တင် တာဝန်ခံအယ်ဒီတာအဖြစ် ထုတ်ဝေရသော ရက်သတ္တပတ်တွင် ဆရာသော်တာဆွေထံမှ စာမူမရောက်သေးသော ကြောင့် ဆရာ့အိမ်ရှိရာ ရန်ကုန်မြို့ လှိုင်မြို့နယ် ဓမ္မာရုံလမ်းသို့ စာမူ သွားတောင်းရန် တက္ကသိုလ်စိန်တင် ဂျာနယ်တိုက်မှ ထွက်လာခဲ့၏။

ဆရာ့အိမ်၌ ဆရာသော်တာ ဆွေကို မတွေ့သဖြင့် မေးမြန်းကြည့်ရာ အိမ်အောက်ထပ်က လူတစ်ဦးက ''ဒီလမ်းအတိုင်း ဝင်သွား၊ ရှေ့နားမှာ ကွက်လပ်ကြီးတွေ့မယ်။ လူတွေအများကြီးနဲ့အတူ ဆရာ့ကို တွေ့လိမ့် မယ်''

သို့ဖြင့် နတ်လမ်းညွှန်အတိုင်း လိုက်ဝင်သွားရာ လူအုပ်ကြီး ၁ဝဝခန့် အလယ်၌ ကြက်နှစ်ကောင် သဲ ကြီးမဲကြီး ခွပ်နေသော တကယ့် ကြက်ပွဲကြီးတစ်ပွဲတွေ့ရလေသည်။ ဆရာသော်တာဆွေမှာ ရှေ့ဆုံးထိုင်ကာ သူ့ကြက်ကို အော်ဟစ်အားပေး နေသည်တွေ့ရ၏။ တက္ကသိုလ်စိန်တင်မှာ မိမိထက်ပို၍ အရှိန်အဝါအလွန်ကြီးမားသော ဆရာသော်တာဆွေကို ဝင်ခေါ်ပြီး နှုတ်မဆက်ရဲပါ။ အရိပ်အကဲကို ကြည့်နေရသည်။ ကြက်ပွဲ ခေတ္တနားချိန်မှာလည်း ဆရာသော်တာဆွေကို နှုတ်မဆက်ဝံ့ပေ။ အကြောင်းမှာ ဆရာသော်တာဆွေက ကြက်ဝိုင်းထဲက သူ့ကြက်ကို ပွေ့ဖက်ကာ တိုက်ကြက်ကို ရေတိုက်ခြင်း၊ ခြေ ထောက်၊ ပေါင်၊ လက်၊ အတောင်ပံတို့ကို ရေဆွတ်နှိပ်နယ်ပေးနေခြင်း အစရှိသော ပြုစုမှုများ ကိုယ်တိုင်ပြု လုပ်ပေးနေပြီး နောက်တစ်ပွဲအတွက် ခွပ်လက်ကောင်းရန် ကြိုးပမ်းနေ၍ ဖြစ်သည်။

ထိုနေ့က ကြက်ပွဲတွင် ဘယ်သူ့ကြက်က နိုင်သည်လဲဆိုသည်ကို မမှတ်မိတော့ပါ။ သို့သော် မှတ်မိသည်ကား ကြက်ပွဲပြီးသွားတော့မှ ဆရာ့ထံ ဝင်ရောက်တွေ့ဆုံကာ စာမူတောင်းရခြင်းပင်။ ထိုအခါမှ ''စိန်တင် မင်းငါနဲ့လိုက်ခဲ့''ဟု ခေါ်ကာ ဓမ္မာရုံလမ်းအိမ်သို့ သွား၍ ရေးပြီးသား အသင့်ရှိနေသော ''ပြောရအုံး မယ် မမြရီရေ'' စာမူကို ယူပေးလိုက်သည်။ လက်စသတ်တော့ ကြက်ပွဲတွင် အလုပ်များနေ၍ ဆရာသော်တာဆွေ အိုးဝေဂျာနယ်တိုက်သို့ ကိုယ်တိုင် စာမူလာပို့နေကျ မပို့နိုင် ဘဲ ဖြစ်နေသည်ကိုး။

(၃)

ပြောရဦးမည်။ မြန်မာစာပေ လောကတွင် မြန်မာ့လွတ်လပ်ရေးရ ပြီးနောက် ပေါ်ပေါက်လာသော ဆရာသော်တာဆွေလို စာရေးဆရာမျိုးသည် လက်ချိုးရေတွက်ကြည့်လျှင် အရေအတွက် သိပ်မများလှပေ။  သော်တာဆွေကဲ့သို့ ဆေးစက်ကျရာ အရုပ်ဖြစ်သည်ဆိုသော စာရေးဆရာမျိုးကား ရှားပါဘိ၏။ တင့်တယ်၊ သန်းဆွေ၊ မင်းရှင်၊ သာဓု၊ ခင်နှင်းယု၊ ရန်ကုန်ဘဆွေ၊ တက္ကသိုလ်ဘုန်းနိုင်၊ အောင်လင်း၊ မင်းအောင်၊ တက်တိုး၊ ညိုဝင်း၊ စောဦး၊ ခင်ဆွေဦးစသော စာရေးဆရာတို့မှာ ယနေ့ခေတ်အခါ တွင် အစားထိုးရန် ရှာဖွေ၍ မရနိုင်တော့သော စာရေးဆရာများပင်ဖြစ် သည်။

သော်တာဆွေ၏ နာမည်ရင်းမှာ ဦးကြင်ဆွေဖြစ်၍ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ဇာတိဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင် ဆန်ကုန်သည်လုပ်ရင်း ကြွေးတင်ကုန်ရှုံး ဖြစ်နေခိုက် မန္တလေးမြို့ရှိ စာရေးဆရာကြီး ရွှေဥဒေါင်းထံ တပည့်ခံရာ မှ စာရေးဆရာ သော်တာဆွေအဖြစ် ရှုမဝမဂ္ဂဇင်း၏ စင်တင်ကလောင်ရှင် ဖြစ်လာခဲ့သည်။

 မြန်မာ့လွတ်လပ်ရေးရပြီးချိန် ရှုမဝမဂ္ဂဇင်းနာမည်တက်ချိန်တွင် သော်တာဆွေသည် စာဖတ်သူတို့ အသည်းစွဲဟာသဝတ္ထုစာရေးဆရာ ဖြစ်လေသည်။ ထိုစဉ်က မြန်မာနိုင်ငံ အရပ်ရပ်၌ ပေါင်ပေါ်၊ ဒူးပေါ် အလှမယ် ရွေးပွဲများခေတ်စားလာရာ မျက်စိစပါးမွှေးစူးသော သော်တာဆွေက 'မယ်တပ်ကုန်း' ဝတ္ထုတိုရေး၍ ဟာသဖြင့် သရော်ရေးသားရာ နာမည်ကြီးသွားပြန်သည်။

ထိုခေတ်က လကမ္ဘာသို့သွားရန် အမေရိကန်နှင့် ဆိုဗီယက်၊ ရုရှတို့ အပြိုင်ကြိုးစားနေချိန် 'ဖိုးသော်တာ စန္ဒလကိုကွယ်' အမည်ရှိ ဟာသ ဝတ္ထုတိုကိုသော်တာဆွေက ရှုမဝမဂ္ဂဇင်း၌ ရေးခဲ့သည်။ သော်တာဆွေ၊ ဒဂုန်တာရာ ဂျာနယ်ကျော်မမလေးနှင့် သန်းဆွေတို့ ပါဝင်သော လကမ္ဘာသွား ဒုံးပျံယာဉ်ကြီး ခရီးထွက်ခဲ့သည်။ ဒုံးပျံယာဉ်ကြီး အလေးချိန်များနေ၍  ခရီးသည်တစ်ဦးကို မဲချ၍ အာကာသထဲ ပစ်ချရန် စီမံ ရာ ဒဂုန်တာရာ ကံဆိုးကာ မဲကျသည်။ ဒဂုန်တာရာကို အာကာသထဲ မစွန့်ချမီ ဂျာနယ်ကျော် မမလေးက ဇာတ်ထဲက မင်းသမီးလို ငိုချင်းချသည်။ ထိုဝတ္ထု ရှုမဝမဂ္ဂဇင်းတွင် ဖော်ပြပြီးနောက် ဆရာမကြီး ဂျာနယ် ကျော်မမလေးနှင့် သော်တာဆွေတို့ အကြား နှစ်ပေါင်းများစွာ စကား မပြောဘဲနေခဲ့သည်။

 

ဆက်လက်ဖောင်ပြပါမည်။
တက္ကသိုလ်စိန်တင်

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.