14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
စိတ်ထားဖြူစင်သူတစ်ဦး သို့မဟုတ် ဝါမိုးအောင် ဦးကြိုင်မြင့်

(၁)

''ဆရာတက္ကသိုလ်စိန်တင် ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာဦးသန့် စာအုပ် အတွက် ကျွန်တော် စာမူခဘယ်လို ရှင်းရမလဲ''

''ကျွန်တော့် စာမူခကတော့ ၂ဝ ရာခိုင်နှုန်းပါပဲ ဆရာကြိုင်၊ စာအုပ်က မထွက်တာကြာပြီဆိုတော့ ရောင်း ကောင်းပါလိမ့်မယ်''

''၁၉၉၇ ခုနှစ်က ဖြစ်၏။ ပြည်ထဲရေးဝန်ကြီးဌာန စာပေစိစစ်ရေး ဌာနက နှစ်ပေါင်း ၂ဝ ကျော် ပိတ်ပင်ထားသော တက္ကသိုလ်စိန်တင်ရေး သားပြုစုသည့် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်စာအုပ်ကို ဝါမိုး အောင် စာပေပိုင်ရှင် ဦးကြိုင်မြင့် (စာရေးဆရာ မောင်ရန်ရှင်း) က ပုံနှိပ်ထုတ်ဝေပေးခဲ့သည်။ ထိုစဉ်က စာပေစိစစ်ရေးမှပင် နှစ်ပေါင်း ၂ဝ ကျော် ပိတ်ပင်ထားခဲ့သော မြင်ကွန်း သူပုန် (ရတနာပုံနန်းတွင်း လျှို့ဝှက် ဇာတ်လမ်းများ) စာအုပ်ကို ဝါမိုး အောင် စာပေတိုက်ကပင် ဆရာဦး ကြိုင်မြင့်က ပုံနှိပ်ထုတ်ဝေပေးခဲ့ သည်။ စာပေစိစစ်ရေးက တောင်းဆို သောကြောင့် 'မြင်ကွန်းသူပုန်' စာ အုပ်ကို 'မြင်ကွန်းနှင့် ကနောင်'နာ မည်သို့ ပြောင်း၍ ဝါမိုးအောင်စာပေ တိုက်မှပင် ဆရာဦးကြိုင်မြင့်က ထုတ် ဝေပေးခဲ့ခြင်းဖြစ်သည်။

ထိုအချိန်ကစ၍ ဝါမိုးအောင် စာပေပိုင်ရှင် ဦးကြိုင်မြင့်နှင့် စတင် သိကျွမ်းအလုပ်လုပ်ခဲ့ဖူးသည်။ ဦးကြိုင်မြင့်သည် စကားအလွန်နည်း ၏။ တစ်ခွန်းမေးမှ တစ်ခွန်း ပြန်ဖြေသည်။ ဒေါသထွက်နေသည့် ပုံစံလုံးဝ မတွေ့မြင်ဖူးပါ။ စာရေးဆရာအတွက် ငွေကြေးထုတ်ပေးရာတွင်လည်း ''နောက်တစ်ခေါက်မှလာပါ''ဟု ချိန်း ဆိုတတ်သော အမူအကျင့်မရှိ။ ပေး ရန်ရှိသောငွေကို ပြတ်ပြတ်ကင်းကင်း လက်ငင်းပေးချေသည်မှာ ဦးကြိုင်မြင့် ၏ ထုတ်ဝေသူ အမူအကျင့်ပင်။

တစ်ကြိမ်သောအခါတွင် တက္ကသိုလ်စိန်တင်၏ ဆရာသမား ဖြစ်သော ဆရာချောင်းဆုံအုန်းသွင်က စကားကမ်းလှမ်း လာသောကြောင့် ဝါမိုးအောင် စာပေမှထုတ်ဝေရန် တက္ကသိုလ်စိန်တင်ရေးသားနေသည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာမူ ကို ပေးအပ်လိုက်သည်။ ဆရာ ဦးကြိုင်မြင့်က တက္ကသိုလ်စိန်တင်အား ၁၉၉၈ ခုနှစ်တွင် စာမူခကြို တင်ငွေကျပ်တစ်သိန်းထုတ်ပေးခဲ့၏။

ဗိုလ်ချုပ်အောင်ဆန်း စာအုပ်ကို စာပေစိစစ်ရေးသို့ တင်ပြသောအခါ ထုတ်ဝေခွင့်မပြုဘဲ ပယ်ချခြင်းကို ခံရသည်။ ထပ်မံ၍ အယူခံတင်သော်လည်း ခွင့်မပြုကြောင်း စာပေစိစစ် ရေးက အမိန့်ချသည်။ ၂ဝဝ၁ ခုနှစ် သို့ ရောက်သောအခါ တက္ကသိုလ်စိန် တင်က ဦးကြိုင်မြင့်ထံမှ ကြိုတင် ထုတ်ယူထားသော ငွေကျပ်တစ်သိန်း ကို ရန်ကုန်မြို့ စာပေဗိမာန်ရှေ့စား စားသောက်ဆိုင်တစ်ဆိုင်၌ ဆရာ ချောင်းဆုံ အုန်းသွင်ပါ ခေါ်ပြီး နံနက် စာ ထမင်းဧည့်ခံ၍ ပြန်လည်ပေးအပ် ခဲ့သည်။

''ဆရာဦးကြိုင်မြင့်ရေ၊ ဆရာပေး ထားတဲ့ ငွေကျပ် တစ်သိန်းဟာ ငွေတိုးနဲ့ တွက်ရင်တောင် ရှုံးနေ လောက်ပြီ။ စစ်အစိုးရက ဗိုလ်ချုပ် အောင်ဆန်းသမီးကို သိပ်ကြောက်နေ တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားသလိုပဲ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် စာပေ စိစစ်ရေးမှာ အကျဉ်းချခံထားလိုက်ရ ပြီဗျ''ဟု ပြောလိုက်ရ၏။

(၂)

''ဆရာ တက္ကသိုလ်စိန်တင်ရေး တဲ့ ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်းစာအုပ်ကို ကျွန်တော်ရေးဖို့ ကြိုးစားခဲ့သေးတယ်ဗျ။ အဲ့ဒီတုန်းက ဗိုလ်ကြီးတိုက်ချွန်းက ဗဟိုနိုင်ငံရေး တက္ကသိုလ်မှာ ကျောင်းတက်နေဆဲ လေ။ ကျွန်တော် အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းကို တွေ့ဆုံပြီး ဗိုလ် ကြီးတိုက်ချွန်းအကြောင်းရေးပါရစေ ဆိုတာ ဗိုလ်ကြီးတိုက်ချွန်းက ပြုံးပြီး ခေါင်းခါပြတယ်။ စာရေးဆရာစိန် တင်က လက်ဦးသွားပြီဗျာ။ ဒီမှာ ကျွန်တော်နဲ့ သူနဲ့သဘောတူစာချုပ် ဆိုပြီး စာချုပ်ကို ထုတ်ပြတယ်''

စာရေး ဆရာမောင်ရန်ရှင်းခေါ် ဗိုလ်တထောင်မြို့နယ် စာပေလုပ် သားအဖွဲ့ ဥက္ကဋ္ဌ ဆရာဦးကြိုင်မြင့်က တစ်ကြိမ်တွင် ဤသို့ပြုံးပြုံးရယ်ရယ် ပြောနေရှာသည်။ နောက်တစ်ဖန် ဆရာဦးကြိုင်မြင့်ကပင် ဤသို့ပြော၏။

''စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းမှာ ငါးလွှာ တိုက်ခန်းတစ်ခု ရောင်းချင်တယ် ဆရာစိန်တင်။ ကျပ်သုံးသိန်းရရင် ရောင်းမယ်ဗျာ''

စိမ့်၏ ညီမတော်သူ မန္တလေးရှိ ကျောင်းဆရာမ ဒေါ်မြညွန့် ဦးစံရွှေ တို့က တိုက်ခန်းတစ်ခန်းဝယ်ချင် သည်ဆိုသောကြောင့် ဝါမိုးအောင် စာပေပိုင်ရှင် ဦးကြိုင်မြင့်ပြောသော တိုက်ခန်းကို ကိုစိန်တင်နှင့် စိမ့်တို့ သွားကြည့်ကြသည်။ ၁၉၉၈ ခုနှစ်က သုံးသိန်းကျပ်တန် ထိုတိုက်ခန်းကို မဝယ်ဖြစ်ခဲ့ပါ။ ယခုအခါ၌ မကြီးကြီး လမ်းရှိ ထိုတိုက်ခန်းမှာ ကျပ်သိန်းသုံး၊ လေးရာ အသာကလေးရပေလိမ့် မည်။

ဆရာဦးကြိုင်မြင့်ပြောသော ထိုတိုက်ခန်းကို မဝယ်ဖြစ်ခဲ့သည်မှာ အကြောင်းရှိပါသည်။ နိုင်ငံကျော်စာရေးဆရာ တစ်ဦးပိုင် ထိုတိုက်ခန်းကို ဆရာဦးကြိုင်မြင့်ထံသို့ စာရေး ဆရာကြီးက စာချုပ်စာတမ်းနှင့် လွှဲပြောင်းပေးခဲ့ပြီး ကြိုတင်ရယူထား သည့် စာမူခငွေ အစားထိုးပေးခဲ့သည် ဆို၏။ စာရေးဆရာ အချင်းချင်း၊ သစ္စာစောင့်သိခြင်းအားဖြင့် ဦးကြိုင် မြင့်ထံမှ တိုက်ခန်းကို တက္ကသိုလ်စိန် တင်တို့က မန္တလေးမြို့မှ ညီမလေး မမြညွန့်တို့အား ဝယ်မပေးဖြစ်ခဲ့ပေ။

(၃)

ဆရာဦးကြိုင်မြင့်သည် ဘာသာရေး၊ လူမှုရေးလုပ်ငန်းများကို အလွန် ပင်ဆောင်ရွက်လိုသည့် တစ်ဦးဖြစ် ကြောင်း သိရှိခဲ့ရသည်။ ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး၏ ဥက္ကဋ္ဌဗိုလ်မှူး ကြီး ကျော်ရှိန် (ငြိမ်း) နှင့် ဗိုလ်မှူး အောင်သန်း (ငြိမ်း) တို့သည် နှင်းဆီ ကုန်း ဘိုးဘွားရိပ်သာကြီးနှင့် ပတ် သက်သော ပုံနှိပ်လုပ်ငန်းဆိုင်ရာ ကိစ္စ များကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကြိုင် မြင့်အား အမြဲတမ်းလွှဲအပ်ပေးသည်။ ဆရာ ဦးကြိုင်မြင့်သည် ရန်ကုန်မြို့၊ ဆူးလေ စေတီတော်မြတ်ကြီးတွင် လည်း ဂေါပက အမှုဆောင်အဖြစ် ထမ်းဆောင်လျက်ရှိသည်။

နှင်းဆီကုန်း ဘိုးဘွားရိပ်သာ တွင် နေ့စဉ်နှင့်အမျှ အမှုဆောင် လူကြီး ဦးကြိုင်မြင့်ရောက်ရှိလာသောအခါ စတစ်ကော်လံအင်္ကျီအဖြူ၊ တိုက်ပုံအင်္ကျီအဖြူ၊ ပိတ်ဖြူပုဆိုးနှင့် တွေ့ရတတ်သည်။ ဆရာဦးကြိုင်မြင့် သည် ဆံပင်ရှည်မထား ကတုံးတုံး ထားပြီး ရာသက်ပန် သက်သတ်လွတ် အစားအစာများကို သုံးဆောင်နေသူ ဖြစ်သည်။ ထို့အပြင် နေ့စဉ်နေ့တိုင်း ကိုးပါးသီလကိုလည်း ရာသက်ပန် စောင့်ထိန်းထားသည်ဟု သိရသည်။

(၄)

၂ဝ၁၆ ခုနှစ်တွင် ဤစာရေး သူ တက္ကသိုလ်စိန်တင်နှင့် စိမ့်(ပညာ ရေး) တို့ မိသားစုတို့က နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးသို့ ဥာဏ်ပူဇော်ခ လုံးဝမယူဘဲ အပြီးတိုင် လှူဒါန်းထား သည့် 'ဘွားဦးဇွန်း' စာအုပ်ကို ဆရာ ဦးကြိုင်မြင့်၏ ဦးဆောင်ကြီးကြပ်မှု ဖြင့် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည်။ 'ဘွားဦးဇွန်း' စာအုပ် ဒုတိယ ထုတ် ဝေခြင်းမှာ သပ်ရပ်သန့်ရှင်းပြီးခန့် ထည်လှ၏။ စာအုပ်မျက်နှာဖုံးတွင် ၂ဝဝ၇ ခုနှစ် အမျိုးသား စာပေ ဆုရဆိုသော စာတမ်းလည်း ထင်ရှား စွာ ဖော်ပြထားသည်။ အထူးကျေးဇူး တင်ပါသည် ဆရာဦးကြိုင်မြင့်ခင်ဗျား။

၂၁-၄-၂ဝ၁၇  နေ့က စာရေးဆရာမောင်ရန်ရှင်း ကလောင်အမည်ခံ ဦးကြိုင်မြင့်သည် အသက် ၇ဝ အရွယ်တွင် ရောဂါဖြင့် ကွယ်လွန် သွားရှာခဲ့၏။ ဦးကြိုင်မြင့်ကွယ်လွန် သွားသည့်အချိန်၌ မြန်မာနိုင်ငံ စာရေးဆရာ အသင်းတွင် ဘဏ္ဍာရေးမှူး တာဝန်ကို ထမ်းဆောင်နေဆဲဖြစ် သည်ဟုသိရ၏။

၂၃-၄-၂ဝ၁၇ နေ့က ရန်ကုန် မြို့ ရေဝေးသုသာန်တွင် စိတ်ထားဖြူ စင် မွန်မြတ်လှသော ဦးကြိုင်မြင့်၏ ဈာပနသို့ တက္ကသိုလ်စိန်တင်ရောက် ရှိသွားသည်။ မြန်မာနိုင်ငံ စာရေး ဆရာ အသင်းနာယကကြီး ဆရာ လယ်တွင်းသားစောချစ်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ မနုဿ ကျော်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စာရေးဆရာမ မစန္ဒာ၊ အမှုဆောင်စာရေးဆရာ မြတ်စိုးလှိုင်၊ သတင်းစာဆရာ ဦးအုန်းဖေလေး၊ စာရေးဆရာဇင်ယော် (မာန်) တို့ အပါအဝင် နိုင်ငံကျော် စာရေးဆရာကြီး များ လာရောက်၍ စာရေးဆရာ မောင်ရန်ရှင်း (ဦးကြိုင်မြင့်)၏ ဈာပန ကို အသုဘရှုကြ၏။

စိတ်ထားဖြူစင် မွန်မြတ်သူတစ်ဦး သို့မဟုတ် မိမိဘဝသမိုင်းကိုမိမိ ကိုယ်တိုင် လှပစွာ ရေးသွားသည့် ချစ်သော စာပေမိတ်ဆွေကြီး ဦးကြိုင်မြင့် ကောင်းမြတ်သည့် ဘုံတွင် ပြည့်စုံစွာ စံစားနေပါလိမ့်မည်။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.