24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
မည်သည့်အခါမှ မရိုးနိုင်သော ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ

(၁)

''မြန်မာပြည် လွတ်လပ်ရေးရပြီး ရင်တော့ကွာ ငါတော့ နိုင်ငံရေးနယ် က ထွက်ပြီး စာရေးဆရာ သက်သက် ပဲ လုပ်တော့မယ်။ အဲဒီအခါမှာ နိုင်ငံ ရေးနယ်က လူတွေ အချင်းချင်း အာဏာလုနေကြမှာကို ဘေးက ကြည့်ပြီး ရယ်နေချင်သေးတယ်''

 မြန်မာလွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီက သူ၏ အပါးတော်မြဲဖြစ်သော ဗိုလ် ထွန်းလှ (စာရေးဆရာ တက္ကသိုလ် နေဝင်း) ကို ပြောကြားခဲ့ဖူးသော စကားဖြစ်သည်။ သို့သော်လည်း ဗိုလ် ချုပ်အောင်ဆန်းသည် သူမျှော်မှန်းခဲ့ သော စာရေးဆရာ ဘဝကို မခံယူ သွားနိုင်ခဲ့ရှာမီ ဂဠုန်ဦးစော၏ တပည့် အကြမ်းဖက်သမား လူရမ်း ကားတို့၏ လုပ်ကြံမှုကို ခံရပြီး ကျဆုံး သွားခဲ့ သဖြင့် မြန်မာနိုင်ငံအဖို့ အားကိုးအား ထားပြုရသော လွတ်လပ်ရေး ဗိသု ကာကြီးကို လက်လွတ် ဆုံးရှုံးရသည့် နည်းတူ တိုင်းပြည်၏ နိုင်ငံရေး၊ လူမှု ရေး၊ အိမ်ထောင်ရေး၊ ဘာသာရေး၊ ကျန်းမာရေးကဏ္ဍတို့တွင် ဦးဆောင် သွန်သင် အားပေးရေး သားနိုင်မည့် စာပေပညာရှင် စာရေးဆရာကောင်း တစ်ဦးကိုပါ လက်လွတ်ဆုံးရှုံးခဲ့ရ သည်ဟု ဆိုရပေမည်။

(၂)

ဗိုလ်ချုပ်အောင်ဆန်းသည် ရန် ကုန်တက္ကသိုလ်ကျောင်းသား ဘဝက ပင် ထိုစဉ်က ထုတ်ဝေလျက်ရှိသော  ဒဂုန်မဂ္ဂဇင်းနှင့် ဂန္ထလောက မဂ္ဂဇင်းအပါအဝင် မဂ္ဂဇင်းဂျာနယ်တို့တွင် 'အညာသားကလေး' အစရှိသော ကလောင်နာမည် အမျိုးမျိုးဖြင့် ဆောင်းပါး များရေး သားခဲ့ဖူးသော မှတ်တမ်းများ ကျန်ရှိခဲ့၏။

ကွယ်လွန်ရှာခဲ့ပြီဖြစ်သည့် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဦးသန့်သည် ဗိုလ်ချုပ်အောင် ဆန်းထက် အသက် ရှစ်နှစ်ကြီးသည်။ ဦးသန့်ကို ခရစ် ၁၉ဝ၇ ခုနှစ်တွင် ပန်းတနော်မြို့၌ မွေးဖွား၍ ဗိုလ် ချုပ်အောင်ဆန်းကို ခရစ်နှစ် ၁၉၁၅ ခုနှစ်တွင် နတ်မောက်မြို့၌ မွေးဖွား ခဲ့သည်။ ဦးသန့်သည် ပန်းတနော်မြို့ အမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်း ဆောင်စဉ်ကာလ ဗိုလ်ချုပ်အောင် ဆန်းသည် ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားနေချိန်ဖြစ်သည်။ ထို အချိန်က ဦးသန့်နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းတို့သည် ''ကျောင်းသားများ ဝတ်စုံဆင်တူ ဝတ်သင့် မဝတ်သင့်'' ခေါင်း စဉ်ဖြင့် တစ်ဦးနှင့် တစ်ဦး ကလောင်ဖြင့် အချေအတင် ဆောင်း ပါးရေးသားကာ ထိပ်တိုက်တွေ့ခဲ့ကြ ဖူးသည်။

(၃)

ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ စာပေရေးဟန်မှာ ရန်ကုန်တက္ကသိုလ် တွင် ထိုစဉ်ကာလ ခရစ် ၁၉၃ဝ ပြည့် လွန်နှစ်များ ဆီက ခေတ် စားနေခဲ့ သော စာပေအရေးအသားသစ် ဂန္ထ လောကမဂ္ဂဇင်းခေတ်အတိုင်း ဝါကျ တိုရေးဟန်ကို အသုံးများ၏။ သို့ သော် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ စာပေရေးဟန်မှာ အစဉ်အမြဲ ဝါကျ တိုရေးမည်ဟု ဘောင်ခတ်ထားဟန် မရှိ။ လိုအပ်သော နေရာတွင် ဝါကျ ရှည်ရေးနည်းကို လွတ်လပ်စွာ ပိုင်နိုင် စွာ ရေးသားခဲ့သော သာဓကများ ကျန်ရှိမှတ်သားရပေ၏။

ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ စာ အရေးအသား ချောမောပြေပြစ် ပြီး စာဖတ်သူအား မိမိပေးလိုသော သဘောတရားကို ထင်ရှား စွာ လေ့ လာနိုင်သည်မှာ ၁၉၄၃ ခုနှစ် မြန်မာ နိုင်ငံကို ဂျပန်စစ်တပ်ကြီး အုပ်စိုးနေ စဉ် ကာလ၌ ရေးသားခဲ့သော ကိုယ် တိုင်ရေး အတ္ထုပ္ပတ္တိ အကျဉ်း၌ ထင် ရှားပေသည်။

 ဗိုလ်ချုပ်အောင်ဆန်းက သူ့မွေး ရပ်မြေကို ညွှန်းဆိုဖော်ပြသည့် စာစု မှာ ရိုးရှင်းပြီး ပွင့်လင်းလှပေသည်။

(၄)

အချိန်ကား ၁၉၁၅ ခု၊ ဖေဖော် ဝါရီလဖြစ်၍ ပထမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲပင် ဖြစ်ပေသည်။ ထို အချိန် ထိုအခါကား ဂျာမနီ သည် ရေငုပ် သင်္ဘောများဖြင့် ဗြိတိသျှရေ တပ်တို့ကို အကြီးအကျယ် ဒုက္ခပေး နေသည့်အခါ ဖြစ်လေသည်။ အ နောက် စစ်မျက်နှာပြင် ဟုခေါ်သော ပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ စစ်မျက်နှာ၌ကား ပထမအကြိမ် ရပ် Ypres တိုက်ပွဲကြီးမှာ မပြီးဆုံးသေး ဘဲ သောင်မတင်ရေမကျ ရှေ့မတိုး၊ နောက်မဆုတ် အခြေအနေတွင်ရှိပေသည်။ အရှေ့စစ်မျက်နှာပြင်ဟုခေါ် သော ရုရှ- ဂျာမနီ စစ်ခင်းရာ မျက်နှာ ၌ကား မစူးရိရာနှင့် ပါဇနစ်ဇစစ်ပွဲ ကြီးများ ဖြစ်ပွားလျက်ရှိပေသည်။ ထို နှစ် ဖေဖော်ဝါရီ ၁၃ ရက် (၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက်၊ စနေ နေ့) လင်းအားအချိန်တွင် ကျွန်တော် သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိ လာပေသည်။

 ဖေဖော်ဝါရီ ၁၃ ရက် ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာ ကြီးကီရို၏ ဟောပြောချက်အရ ဆိုလျှင် တိုင်းပြည်တစ်ပြည်၏ အစိုးရ နန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ဟောထားလေ သည်။ ထိုနေ့တွင်မွေးသော ကျွန် တော်မှာ သူပုန်လောင်းကလေးဖြစ် သည်ကို ထိုအခါက မည်သူမျှ ထူးထူး ခြားခြား မထင်ခဲ့ကြချေ။ ကျွန်တော် ၏ ဇာတာနာမည်မှာ ထိန်လင်းဖြစ် လေသည်။ သို့သော် ကျွန်တော့် အ ထက် အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် အောင်ဆန်းဟု နာမည်တွင်လေသည်။

 မွေးစဉ်က ကျွန်တော် မထူးဆန်း လှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘဝမှစ၍ ကျွန်တော်သည် အတော်ထူးခြားခဲ့သူ ဂွကျခဲ့သူဖြစ် လေသည်။ ကျွန်တော်ငယ်ငယ်တုန်း က တော်တော်နှင့် စကားမပြော တတ်။ လူကြီးမိဘများမှာ အများပင် (အ)နေပလားဟု စိုးရိမ်ခဲ့ရသည်ဟု သိရလေသည်။ အနာအဖျားထူ သည်၊ အစားကြူးသည်၊ အမဲသားငါး ကို အလွန်ကြိုက်သည်။ ကျွန်တော် ၏ မိခင် ဈေးသွားဝယ်ရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍ သွားလေသည်။တစ်ခါသော် အမဲသားစိမ်းကို အ တင်းလု၍ စားမည်ပြုသည်ဟု ကျွန် တော် ကြားသိရပေသည်။ လူရိုင်းဘဝ က ကျွန်တော်လာသလားမသိ။ ယနေ့အထိ လူရိုင်းသဘောမျိုးနေ ချင်သည့် စိတ်ထားများရှိသည်။ ရံဖန် ရံခါ လူယဉ်ကျေးများနှင့် အသားမ ကျတတ်၍ မျက်စိ၊ ဦးနှောက် မြင် ပြင်းကပ်လာသည့်အခါ လူယဉ်ကျေး များနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင် သည့် စိတ်များရှိသည်။ လူရိုင်းကား ကြမ်း၏ ခက်ထန်၏။

သို့သော် ဖြူ၏ ဖြောင့်၏၊ တည်ကြည်၏၊ လွတ်လပ်၏၊ ကျန်း မာ၏၊ သန်စွမ်း၏၊ ကျွန်တော်ကြိုက် ၏။ ကျွန်တော့် စိတ်တွင် အင်မတန် စိုပြေလတ်ဆတ်သော ဘဝဟု ယူဆ သည်။ ဗမာပြည်ရှိသမျှ လူများသည် လူရိုင်းဘဝရောက်ချင်လျှင် ရောက် သွားပစေ။

လွတ်လပ် ချမ်းသာစွာ ခေါင်းထောင် နေနိုင်က မလွတ်လပ်သော လူယဉ် ကျေးဘဝထက် ကျွန်တော် အဆတစ် ရာကြိုက် သည် နှစ်သက် သည်။

စိမ်းလန်းစို ပြည်ကျယ်ပြန့်သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက် ခတ်၍လွတ်လွတ်လပ်လပ်မြူးထူး အော်ဟစ်နေလိုသည်။

ငယ်ငယ်တုန်းက ကျွန်တော်  အတီးအမှုတ် အကအခုန် ဝါသနာ အတော်ပါ၏။ အထူးသဖြင့် ဆိုင်းတီး ဝါသနာပါသည်။ စားပွဲဖြစ်စေ၊ ခေါက်စရာတွေ့လျှင် လက်နှင့်အမြဲ ခေါက်လေ့ရှိရာ ကျွန်တော်၏ လက် မှာ ယနေ့တိုင် အချိန်မှန်မှန် လက် ရေကွာကျလေသည်။ သို့သော် ကျွန် တော် အနည်းငယ်ကြီးပြင်းလာသည် နှင့် လူကြီးမိဘများက အတီးအမှုတ် ဝါသနာကို ခွင့်မပြု။ နဂိုရ်မဟုတ်၍ လားမသိ၊ ယခု ဤစိတ်မျိုး ပျောက် ပျက်သလောက်ရှိခဲ့ပြီ။

ဗိုလ်ချုပ်အောင်ဆန်းသည် ငယ် စဉ်ကာလကပင် မြန်မာပြည်လွတ် လပ်ရေးအတွက် ရတက်မအေးနိုင် ဖြစ်ရပုံ၊ မိမိကိုယ်မိမိ စိတ်ကြမ်း လူ ကြမ်းဖြစ်ကာ အမဲသားငါးကို အစိမ်း လိုက်စားလိုပုံ၊ မိမိကိုယ်ကို မိမိ သူ ပုန်လောင်းကလေးအဖြစ် သဘော ထားပုံ၊ မြန်မာပြည် လွတ်လပ်ရေး ရရှိရန် ပြဒါးရှင်လုံးကဲ့သို့သော တန်ခိုး ရှင် ဖန်လုံးကိုပင် လိုချင်မိပုံ စသည် တို့ကို အထက်ပါအတိုင်း ဖော်ပြ ရေး သားခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း သည် ဟာသအရေးအသားကိုလည်း နိုင်နင်းကျွမ်းကျင်ပုံရသည်။ ငယ်စဉ် ဘဝ ရေနံချောင်းမြို့သို့ ကျောင်း တက် ရန်သွားစဉ်က အတွေ့အကြုံကို ရေး သားရာ၌ ရှက်တတ်လွန်းသဖြင့် ဧည့် သည်လုပ်ရစဉ် ထမင်းဝဝ မစားရပုံ၊ ညဥ့်အခါ အိပ်ရာထဲ အပေါ့သွားမိပုံ များကို ဖတ်ရှုသူ စိတ်ဝင်စားဖွယ် ကောင်းအောင် ဤသို့ ကျွမ်းကျင်စွာ ရေးတတ်၏။

(၅)

ကျွန်တော်ကား စကားအပြော အဆို မဖွယ်မယဉ်ကျေး၊ အသက် ရှစ်  နှစ်ထဲရောက်၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီး စကားဖြင့် မလျှောက်တတ်၊ အမူအ ရာလည်း ကြမ်း၏။ အလိုက်လည်း မသိ၊ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်း ဟူ၍လည်း တစ်ခုမျှ မရှိ၊ အသက် လေး၊ ငါး၊ ခြောက်နှစ် တိုင်အောင် ညအိပ်ရာတွင် သေးပါ ၏။ မီးဖိုကို ညည ရှိခိုး၍ 'အရှင် စဖို ည၊ ကျွန်တော်နေ့'ဆိုခဲ့ရသည်ကို အမှတ်ရသေးသည်။ အသက် ၁၅ နှစ်ထဲ ရောက်သည့်အခါ၌ပင် အခြား အရပ်အိမ်တစ်အိမ်၌ တစ်ညသေးပါ ဖူးသည်။ ထိုအခါကား ကျွန်တော် သည် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းမှ ခြောက်တန်း အောင်၍ ခုနစ်တန်းအဝင် ကျောင်း အပြန်ဖြစ်သည်။ ကျွန်တော်၏ အစ် ကိုအကြီးဆုံးမှာလည်း ¤င်းနှစ်တွင် ဘီ-အက်-စီသင်္ချာ ဂုဏ်ထူးတန်း ကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော် တို့ကျောင်းတွင် မိမိကျောင်းဟောင်း ဖြစ်သည့်အတိုင်း ကျောင်းဆရာ ဝင်ရောက်လုပ်ကိုင်ရန် ကျွန်တော်နှင့် အတူပင် လိုက်ပါလာလေသည်။ ထို အခါ ရေနံချောင်းမြို့သို့ နတ်မောက် မှ သွားသည့်နည်းမှာ တောင်တွင်းကြီး သို့ ရထားစီး၊ တောင်တွင်းကြီးမှ မီး ကျောင်းရဲသို့ ကားစီး၊ မီးကျောင်းရဲမှ  ရေနံချောင်းသို့ သင်္ဘောစီး သို့မဟုတ် လျှင် မကွေးသို့ ဘတ်စ်ကားစီး၊ မကွေး မှ သင်္ဘောစီးရလေသည်။ နှစ်ရက် ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်းမှတစ်ဆင့် မီး ရထား တစ်တန်၊ မော်တော်ကားတစ် တန်သွား၍  ရေနံချောင်းသို့ နေ့ချင်း ပေါက်လေသည်။ ထိုနှစ်တွင် ကျွန် တော်တို့ မကွေးမှတစ်ဆင့် သွားကြ သည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အသိအိမ်တွင် တည်းခိုကြသည်။ လူ ပျိုပေါက်စဖြစ်သော ကျွန်တော်မှာ သူစိမ်းတစ်ရံဆံအိမ်တွင် မနေတတ်၊ အထူးရှက်တတ်သည်။ မိန်းကလေး နှင့်ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ထိုညအိပ်ခါနီး ရှက်လွန်း ၍ သေးမပေါက်မိ၊ ညအိပ်သည့်အခါ မအောင့်နိုင်ဘဲ သေးပါလေသည်။ ကျွန်တော်လည်းပါပြီးမှ သိလေသည်။ ဤမျှ ကျွန်တော်သည် မသိမ်မွေ့။

ညီအစ်ကို မောင်နှမများထဲတွင် ကျွန်တော် အငယ်ဆုံးဖြစ်၏။ ထို့ ကြောင့် ကျွန်တော်တို့အိမ် စံချိန်နှင့် ကြည့်လျှင် ကျွန်တော် အလိုလိုက်ခံ ရဆုံးဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ် နီးနားချင်းပါမက ရွာနီးနားချင်းပါ အသိအမှတ်အပြုခံရ၏။ ကျွန်တော် ၏အထက် အစ်ကို ကိုအောင်သန်း နှင့်  ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှ ကွာ၏။ သူနှင့် ကျွန်တော် ကား ငယ်ငယ်က ရန်ဖြစ်ဖက်ဖြစ်၏။ သူကား လက်မြန်၏။ ကျွန်တော်ကား အားကြီး၏။ မချိန်မဆ လက်လွတ် စပယ် လုပ်တတ်၏။ သူကားနု၏။ မင်းသားကျချင်၏။ ကျွန်တော်ကား ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏။ အ စားဆိုလည်း အစားတိုင်းမစား၊ စား သောက်နေသည့်အခါ အစာမြေကြီး ပေါ်သို့ ကျသွားလျှင် သူသည် မစား တော့၊ ကျွန်တော်ကား ဖုတ်ဘက်ခါ ၍ စားနိုင်လျှင် စား၏။ သူကား အ ဝတ်များကို သပ်သပ်ရပ်ရပ် ဝတ် တတ်၏။ ကျွန်တော်ကား မဝတ် တတ်။ မြန်မြန်ညစ်အောင် ဝတ် တတ်၏။ သူသည် မြေကြီးကြမ်းများ ပေါ်တွင် မည်သည့်အခါမှ တုံးလုံးမ လှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကားပါး၏။ လျင်၏။ ကျွန်တော်ကား ထူ၏ အေး၏။ ကျွန် တော်၏ မြို့ကား ရွာသာသာ တော အရပ်ပင်ဖြစ်သည်။ ကျွန်တော်ငယ် စဉ်က ယခုထက်ပင် ကျွန်တော်တို့ အရပ်မှာ တောကျ၏။ ထိုအခါက ကလီဖားခေါ် ဆံပင်ညှပ်ကုလားတစ် ယောက်တလေသာရှိ၏။ သို့ဖြစ်ရာ ¤င်းကလီဖားမှာ လက်မလည်။ ကျွန် တော်တို့အား ခေါင်းတုံးရိတ်ရန် တစ်ခါတစ်ခါ ရိတ်တတ်သည့် အိမ် နီးနားချင်းတို့ကို ခိုင်းရလေသည်။ တစ်ခါ တစ်ခါ ကျွန်တော်တို့ ဖခင် ကိုယ်တိုင် ရိတ်ပေးလေသည်။

ကျွန်တော်၏ ဖခင်ကား ယခု ကွယ်လွန်သည်မှာ ၁၅ နှစ်ကျော်လေ ပြီ။ ကျွန်တော်၏ ဖခင်သည် ကျွန် တော်နှင့် အမူအရာမှာ အတော် ဆင်သည်။ တစ်နေ့နေ၍ စကားတစ်ခွန်း မပြော။ မျက်နှာထားဆိုး၏။ ဆိုးသည့် အထဲ ကျောက်ပေါက်မများလည်း ရှိ ၏။ လောကွတ် မရှိ၊ ဟန်မရှိ၊ ဘာသိ ဘာသာ နေတတ်၏။ အကိုင်အ တွယ် အသွားအလာ အမူအရာကြမ်း ၏။ ငြင်းမိလျှင် လျှော့မပေးတတ်။သို့သော် စိတ်နှလုံးကား အထူးဖြောင့် စင်း၏။

အထက်တွင် ဖော်ပြချက်တို့ မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဆန်းဆန်း ပြားပြား ရေးသားဖွဲ့နွဲ့ခြင်းမရှိဘဲ ရိုး သားသည့် ဝါကျဖွဲ့နည်းဖြင့် ရေးသား ခဲ့သော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှ သိမီသမျှ ကောက်နုတ်ဖော်ပြရခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက သားသမီးများအား မိဘတို့က စနစ် တကျ ထိန်းသိမ်းစောင့်ရှောက်နည်း၊ အိမ်ထောင်ရေး အတွ့အကြံဗဟု သုတများဖြန့်ဝေရေးသားနည်းတို့ကို မိမိစာရေးဆရာဘဝတွင် ကျနစွာ ရေးသားမည်ဟု စာရေးဆရာ တက္ကသိုလ်နေဝင်းကို ပြောခဲ့ သည် ဟု သိရသည်။

 မြန်မာဝါကျဖွဲ့နည်းကို ရိုးရိုး ကလေး ပိုင်နိုင်စွာရေးသားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ အရေးအ သားမျိုးမှာ မှတ်သားရသမျှ ဖော်ပြရ လျှင် စာရေးဆရာ သတင်းစာ ဆရာ ကြီး ရွှေဥဒေါင်း၏ ရေးသားနည်းမျိုး နှင့် ဆင်တူလှသည်ဟု ပြောလျှင် လွန်မည်မထင်ပေ။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.